အပိုင်း (၂၉၃)
Vol. 22 Ch. 293
လွန်ခဲ့သည့်ရက်နှစ်ဆယ်တုန်းက ချင်စစ်သည်တော်များ ရွှဲ့ပြည်နယ်၏ ဘုံကျောင်းကြီးကို မီးရှို့ခဲ့သည် ဆိုသော သတင်းသည် ချင်ဘုရင်၏ နားထဲသို့ ရောက်ရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူသည် တုန့်ဆိုင်းခြင်း တစ်ချက်မရှိဘဲ သံတမန်သစ် တစ်ယောက်ကို စေလွှတ်ကာဖြင့် ရွှဲ့ပြည်နယ်ဆီသို့ အကြောင်းအရာတစ်ခုကို သတင်းပေးပို့စေခဲ့၏။
သူတို့၏လူများကို မြန်မြန်လွှတ်ရန်နှင့် မဟုတ်ပါက စစ်ပွဲဖြစ်ပွားလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းပင်။ ထိုတင်သာ မကသေးချေ။ ယခင်တုန်းက တောင်းဆိုမှုကလည်း အရင်အတိုင်းပင် ဖြစ်သည်။
ဘာတောင်းဆိုမှုဖြစ်သနည်း။ ရွှဲ့ပြည်နယ်ဆီမှ ရွှေဒင်္ဂါး သုံးသိန်းကျော်ကို တောင်းဆိုထားခဲ့ခြင်း၏။ ထို့အပြင် ပိုးထည်နှင့် လက်ဖက်ရွက်များလည်း ပေးပို့ရန် တောင်းဆိုထား၏။
ချင်ဘုရင်သည် တကယ့်ကို မောက်မာလွန်းသည့် လူတစ်ယောက် ဖြစ်၏။ တခြားနည်းလမ်းလည်း မရှိချေ။ သူက တော်လွန်းသူတစ်ယောက် ဖြစ်သောကြောင့်ပင်။ ချင်ဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ ဖော်ညွှန်းရမည်နည်း။ မျိုးဆက် အဆက်ဆက်၏ စစ်နတ်ဘုရားတစ်ပါးဟုပင် ဖော်ညွှန်းရပေမည်။ စစ်ပွဲ အတတ်ပညာတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကျွမ်းကျင်သည့်လူတစ်ယောက် ဖြစ်သည်။
သူ၏ စစ်မြေပြင်၌ ကွပ်ကဲသည့်ပါရမီသည် အမှန်ပင် ထူးချွန်လွန်းလှချေ၏။ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ကာ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ သူသည် တိုက်ခိုက်ရန်အတွက် မွေးဖွားလာခဲ့သည့် လူတစ်ယောက် ကဲ့သို့ပင်။ တိုက်ခိုက်ရေး မြေပြင်ထဲတွင် သူ မည်မျှ အားကောင်းသနည်း။
ချောင်ယောင်းအာ နီးပါးပင် အားကောင်း၏။
ဟုတ်ပေ၏။ ချောင်ယောင်းအာသည် အလွန်အားကောင်းလွန်းသည့် လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် အသက် နှစ်ဆယ့်ကိုးနှစ်သာလျှင် ရှိနေသေး၏။ သူမသည် ထိုကဲ့သို့သော အသက်အရွယ်မျိုးတွင်ပင်လျှင် လူပေါင်း များစွာကို သတ်ဖြတ်နိုင်သည့် လူတစ်ယောက်ဖြစ်ခဲ့၏။ ချင်ဘုရင်သည် အသက် လေးဆယ့်ကိုးနှစ်ရှိပြီ ဖြစ်ပြီ။ နောက်ထပ် လေးနှစ်၊ ငါးနှစ်သာ ဆိုပါက ချောင်ယောင်းအာသည် ထိုသူထက် အဆမတန် ပိုမိုသန်မာ အားကောင်းလာမှာ သေချာသည်။
သို့ပေမည့် လက်ရှိအခြေအနေအရ ပြောရမည်ဆိုလျှင် ချင်ဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထိပ်ဆုံး အဆင့်တွင် ရှိ၏။ မဟုတ်ပါက ချင်နိုင်ငံကဲ့သို့ သေးငယ်သည့် နိုင်ငံလေးတစ်ခုသည် လောကကြီး တစ်ခုလုံးကို ရန်ရှာရန် အဘယ်သို့ အားအင်ရှိမည်နည်း။
ရွှဲ့ပြည်နယ်ကဲ့သို့ အားကောင်းသည့် နိုင်ငံတစ်ခုကပင်လျှင် သူတို့ကို ငြိမ်းချမ်းရေးအတွက် ပိုက်ဆံများ ပေးနေရ၏။ ထို့အပြင် ချောင်နိုင်ငံကလည်း ငြိမ်းချမ်းရေး ရရှိရန်အတွက် သူတို့ကို ပိုက်ဆံများ ပေးနေရ၏။
ချင်ဘုရင်သည် သူ စေလွှတ်ခဲ့သည့် သံတမန်သစ် မရောက်ရှိခင်မှာဘဲ သူတို့၏ ချင်စစ်သားများ သတ်ဖြတ် ခံလိုက်ရသည်ဖြစ်ကြောင်းကို သိရှိခဲ့လိုက်၏။
ရွှဲ့ပြည်နယ်သည် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်သည်တစ်ဒါဇင်ကျော်တို့ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့၏။ ချက်ချင်းဆိုသလိုပင် ချင်ဘုရင်က ဒေါသထွက်သွားခဲ့၏။ သူ အာယုခန့် သည် စော်ကား၍ ရသည့်လူတစ်ယောက် မဟုတ်ချေ။ သူသည်သာလျှင် တခြားသောလူများ၏ သံတမန်ကို သတ်ဖြတ်ပေလိမ့်မည်။ သူ၏သံတမန်ကို သတ်ဖြတ်ဖို့ ဆိုသည်မှာ မည်သူမှ ပြုလုပ်ရဲသည့် အရာမျိုး မဟုတ်ချေ။
စစ်ပွဲဖြစ်နေသည့် အတောအတွင်းတွင်ပင်လျှင် သံတမန်များကို သတ်ဖြတ်ခြင်းမပြုရဟု နားလည်မှု တည်ရှိကြ၏။ သို့ပေမည့် ချင်နိုင်ငံသည် ထိုအရာကို စိတ်ဝင်စားသည် မဟုတ်ချေ။ တခြားသော နိုင်ငံများမှ သံတမန်များကို သတ်ဖြတ်ရာမျိုး၌ သူတို့သည် ငှက်ပျောသီးအခွံခွာစား သကဲ့သို့ပင် ပြုမူလျက် ရှိနေ၏။ ပြီးနောက် သူတို့သည် တခြားသောနိုင်ငံများဆီသို့ သံတမန်များ စေလွှတ်ခြင်းကိုလည်း ရပ်တန့်လိုက်ကြ၏။ ထိုသို့ပြုမှုကြခြင်းပင်။ မည်မျှ ဆိုးယုတ် လိုက်သနည်း။
ချင်နိုင်ငံကြောင့် စုမိသားစုသည် ရွှဲ့ပြည်နယ်၏ နန်းတွင်းရေးရာ ကိစ္စရပ်အားလုံးကို မောင်ပိုင်စီး ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်၏။ သူ၏ သံတမန် သတ်ဖြတ်ခံရမှုကို သိရှိပြီးနောက် ချင်ဘုရင်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ သူကသာလျှင် တခြားသောသူများကို သတ်ဖြတ်ပစ်ပေလိမ့်မည်။ သူ၏ သံတမန်ကို မည်သူမှ သတ်ဖြတ်၍ မရနိုင်ချေ။
အာယုခန့်သည် ချက်ချင်းပင် အမိန့်ပေးလိုက်၏။ အိမ်ရှေ့စံမင်းသား အာယုထိုင်အား လူပေါင်းငါးထောင်ကျော်ကို ဦးဆောင်ကာဖြင့် ရွှဲ့ပြည်နယ်သို့ သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်စေခြင်းပင် ဖြစ်၏။
ချင်နိုင်ငံသည် လက်ရှိအချိန်တွင် ကျောက်ရောဂါကို ခံစားနေကြရ၏။ ထို့ကြောင့် တိုက်ခိုက်ဖို့ စဉ်းစားရမည့် အခြေအနေမျိုးပင်။ သို့ပေမည့် တိုက်ခိုက်ရမည်ဆိုလျှင် ကျိန်းသေပေါက် တိုက်ခိုက်ရန် အဆင်သင့်ရှိ၏။ မြင်းသည်တော်ငါးထောင်ကျော်ကို ခေါ်ဆောင်သွားလျှင်ပင် ဘေးကျပ်နံကျပ်ဖြင့် အားနည်းနေသည့် ရွှဲ့ပြည်နယ်ကို အနိုင်ယူနိုင်ဖို့ဆိုသည်မှာ လုံလောက်သည့်အရာမျိုးပင် ဖြစ်၏။ တစ်ဖက်နိုင်ငံထဲသို့ဝင်၍ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း အရာအားလုံးကို ပြုလုပ်နိုင်စွမ်း ရှိသည်။
ထိုအချိန်မှာပဲ စုကလန်၏ သံတမန်သည် ချင်နိုင်ငံဆီသို့ ရောက်ရှိလာခဲ့ပြီး နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ရွှေဒင်္ဂါးတစ်သိန်းကို ပေးအပ်ခဲ့၏။ ကျေးဇူးပြုပြီး အရှင်မင်းကြီးအနေနှင့် ဒေါသတရားများကို ခဏထိန်းချုပ်ထားရန်နှင့် လူတစ်ယောက်ကို အရင်ဆုံး သတ်ဖြတ်ရန် လိုအပ်ကြောင်း တောင်းပန်ခဲ့ခြင်းပင် ဖြစ်၏။
မည်သူကို သတ်ဖြတ်ရမည်နည်း။ ရွှဲ့ပြည်နယ်၏ သံတမန် ရှမ့်လန်ပင်လျှင် ဖြစ်သည် ။
ဟုတ်ပေ၏။ ထိုအချိန်မှာပဲ ရှမ့်လန် ချင်နိုင်ငံဆီသို့ သွားရောက်ရမည်ဆိုသောအမိန့်က ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ချင်ဘုရင်သည် ရွှေဒင်္ဂါးများကို လက်ခံရယူခဲ့၏။ သို့ပေမည့် သူသည် ရွှဲ့ပြည်နယ်ကို သင်ခန်းစာပေးရန် စစ်သည်များကို စေလွှတ်လျက်တော့ ရှိနေတုန်းပင်။
စုကလန်သည် ရွှဲ့ပြည်နယ်၏ သံတမန်ကို အရင်ဆုံး သတ်ဖြတ်ပစ်ရန်လိုကြောင်း ချင်ဘုရင်အား ဖော်ကျူးပြသခဲ့၏။ ရှမ့်လန်ကိုသတ်ဖြတ်ပစ်ရန်အတွက် ရွှေဒင်္ဂါး နောက်ထပ်တစ်သိန်းကိုပင် ထပ်မံကာ ပေးအပ်ခဲ့၏။ ချင်ဘုရင်သည် သူ၏ဒေါသတရားများကို ဖိနှိပ်ပြီး ရှမ့်လန်ရောက်ရှိလာမည်ကို စောင့်မျှော်လျက် ရှိနေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ရွှဲ့ပြည်နယ်၏ သံတမန်သစ်အဖြစ် ရှမ့်လန်အား ခန့်အပ်ခဲ့ကြောင်း သူ သိရှိခဲ့ပြီးပြီဖြစ်ပြီး မကြာခင်တွင် ချင်နိုင်ငံဆီသို့ ရောက်ရှိလာပေတော့မည်။ ထိုတင်သာ မကသေးချေ။ ချင်နိုင်ငံမှ စစ်သည်များ၏ ဦးခေါင်းများကိုလည်း ယူဆောင်လာခဲ့သေး၏။ ဤအရာက ရန်စခြင်းဖြစ်သည်။ ကျိန်းသေပေါက် ခန့်မှန်း၍မရအောင် အားကောင်းသည့် ရန်စခြင်းပင်။
ချင်ဘုရင်၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကောင်းကင်ယံဆီသို့ လွင့်တက်သွားခဲ့၏။ သူသည် အလွန်အမင်း ဒေါသထွက်လျက်ရှိနေ၏။ သူသည် ရွှဲ့ပြည်နယ်၏ သံတမန်ကို အားလုံးသောသူတို့၏ ရှေ့တွင် အစိတ်စိတ် အပိုင်းပိုင်း ခုတ်ပိုင်းချင်စိတ်များ ပေါက်နေ၏။ ဖြစ်နိုင်မည်ဆိုပါက စွပ်ပြုတ်လုပ်၍ သောက်ရန်ပင် စဉ်းစားထား၏။
ထိုအချိန်မှာပဲ ငရဲမင်းသမီး အာယုနာနာသည် ချင်နိုင်ငံဆီသို့ ပြန်ရောက်လာခဲ့၏။ သူမသည် ရွှဲ့ပြည်နယ်၏ သံတမန်များကို သတ်ဖြတ်ပစ်ရန် တပ်ဖွဲ့တစ်ခုကို ဦးဆောင်ကာဖြင့် ရောက်ရှိလာခဲ့၏။ သူမကလည်း ရှမ့်လန်ကို အစိတ်စိတ် အပိုင်းပိုင်း ခုတ်ပိုင်းပြီး ထိုအသားစများကို ခွေးစာကျွေးချင်စိတ် ရှိသည်။
ချင်ဘုရင်က သဘောတူညီလိုက်၏။ ထို့ကြောင့် ရှမ့်လန်တစ်ယောက် ချင်နိုင်ငံဆီသို့ ဝင်ရောက်လာချင်းမှာပဲ ငရဲမင်းသမီး ဦးဆောင်သော စစ်သည်များ၏ ဝိုင်းရံခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။
.................
ချင်နိုင်ငံ၏ မင်းသမီးအာယုနာနာသည် ရှမ့်လန်ကို တိုက်ရိုက်ဆိုသလိုပဲ သတ်ဖြတ်ချင်စိတ် ရှိ၏။ သူမကလည်း သူမ၏ အဖေကဲ့သို့ပင် တူညီသည့် စိတ်ခံစားချက်ကို ပိုင်ဆိုင်သူ ဖြစ်၏။ ရွှဲ့ပြည်နယ်၌ လူကြောက်များသာရှိ၏။ အဘယ့်ကြောင့် သူတို့၏ စစ်သည်များကို သတ်ဖြတ်ပစ်ရဲနေသနည်း။ ထို့ပြင် သံတမန်တစ်ယောက်ကိုပင် စေလွှတ် ရဲနေသေး၏။ ရဲရင့်သည့် စစ်သည်များ၏ ဦးခေါင်းကိုပင် ဖြတ်၍ ယူဆောင်လာခဲ့သေးသည်လား။ ထိုအရာက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
သူမသည် ရှမ့်လန်ကို ခုတ်ဖြတ်ပြီး ခွေးစာကျွေးရန် စဉ်းစားထား၏။ ထိုအချိန်မှာပဲ သူမက ရုတ်တရက် အော်ဟစ်လိုက်၏။ “အရူးကြီး... အရူးကြီး ဟုတ်လား။ ဆရာပြောတဲ့ ငါနဲ့ မိတ်ဆက်ပွဲ သွားရမယ်ဆိုတဲ့ လူလား”
ချက်ချင်းပင် အာယုနာနာသည် အရူးကြီးကို လှမ်းကာကြည့်လိုက်သည်။ ‘ကောင်းကင်ဘုံ။ အရပ်က မြင့်လှချည်လား’
သူမထက် ပိုမိုကာ အရပ်ရှည်သည့် ယောက်ျားတစ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ နောက်ဆုံးမှာတော့ တစ်ယောက်ကို တွေ့ရပြီဖြစ်၏။
................
ရှမ့်လန်၏ စကားကို ကြားရသည့်အချိန်မှာတော့ အရူးကြီးသည် မည်သို့မှ မနေနိုင်ဘဲ အာယုနာနာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ချက်ချင်းပင် အရူးကြီးသည် မြင်မြင်ချင်း ချစ်သွားခဲ့၏။ ဟုတ်ပေ၏။ မြင်မြင်ချင်း ချစ်ခင်မှုသည် ရှုပ်ထွေးသည့် အကြောင်းအရာမျိုး မဟုတ်ပေ။
ပထမဦးဆုံးအနေနှင့် သူ၏ဆရာ ကျုံးချူးကဲ့သည် ဤအမျိုးသမီးမှာ သူ၏မိန်းမဖြစ်လာလိမ့်မည်ဟု ထပ်တလဲလဲ ပြောဆိုခဲ့၏။ လမ်းတစ်လျှောက်မှာလည်း ရှမ့်လန်သည် သူ့မိန်းမအကြောင်းကို ထပ်တလဲလဲ ပြောဆိုခဲ့၏။ ထို့ကြောင့် အရူးကြီးစိတ်ထဲတွင် ထိုအကြောင်းအရာတစ်ခုတည်းသာလျှင် တည်ရှိနေ၏။ သူ့နှလုံးသားထဲတွင် ဤမိန်းမကို သူ၏မိန်းမအဖြစ် အသိအမှတ်ပြုထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
သူသည် ရူးကြောင်ကြောင်နိုင်သလို သန့်စင်လွန်းသည့်လူတစ်ယောက် ဖြစ်၏။ အရူးကြီးသည် တကယ့်ကို သန့်စင်လွန်းလှချေ၏။ သူ၏မိန်းမ မည်သည့်ပုံစံရှိနေမှန်းပင် သေချာမသိရှိချေ။ သို့ပေမည့် အစောကြီးတည်းက စိတ်ဝင်စာခဲ့ပြီး ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ဘဝတွင် မိန်းကလေး အနည်းငယ်နှင့် သာလျှင် ထိတွေ့ဆက်ဆံခဲ့ရ၏။ သူ၏မိထွေး၊ ကျင်းမူလန်၊ ရှောင်ပင်း၊ မင်းသမီးနင်ယန် .. ထိုသူတို့သာလျှင် သူ၏ အသိအကျွမ်း မိန်းကလေးများဖြစ်၏။ ထို့ပြင် ဤမိန်းကလေးများသည် သူ့အတွက် ရိုးရှင်းလွန်းသည့် မိန်းကလေးများ၏။ တခြားသော စိတ်ကူးစိတ်သန်းများ တွေးတော၍မရချေ။
သို့ပေမည့် ယခု အာယုနာနာကို မြင်သည့်ချိန်မှာတော့ အရူးကြီး၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ သူ၏နှလုံးခုန်သံများက ခပ်ကြမ်းကြမ်း ခုန်လာခဲ့၏။ ‘ကောင်းကင်ဘုံ... ဒီမိန်းမက အရပ်လည်း ရှည်တယ်။ ပြီးတော့ အားကောင်းပြီး လှလည်းလှတယ်။ ငါ သူမကို ကြိုက်တယ်။ ဒါ ငါ လိုချင်နေတဲ့ မိန်းမမျိုးပဲ။ ဒါ ငါ့မိန်းမပဲ။ ငါ အရူးကြီးရဲ့ လက်ကျန်ဘဝတစ်ခုလုံးအတွက် မင်းကို လက်ထပ်မယ်’
သူသည် ရုတ်တရက် တွေဝေငေးငိုင်စွာဖြင့် ပြောလိုက်၏။ “မိန်းမ... ငါက အရူးကြီးပါပဲ”
အာယုနာနာသည် ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် အရူးကြီးကို လှမ်းကာ ကြည့်ရှု၏။ အရူးကြီးကို ခေါင်းအစခြေအဆုံး သေသေချာချာ ကြည့်ရှုလိုက်သည်။ “ရှင်က ကျုံးချူးကဲ့ရဲ့တပည့်လား”
အရူးကြီးက ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်က ဆရာရဲ့နောက်ဆုံးတပည့်ပဲ။ ဒါနဲ့ ခင်ဗျားရဲ့ဆရာက တံခါးပိတ် ကျင့်ကြံနေတုန်းလား”
အာယုနာနာသည် အရူးတစ်ယောက်ကို မြင်နေရသကဲ့သို့ပင် ကြည့်ရှုနေမိ၏။ “ဒါဆိုရင် ရှင်က ကျွန်မနဲ့အတူ မိတ်ဆက်ပွဲ လုပ်ချင်တာလား”
အရူးကြီးက ပြောလိုက်သည်။ “ဒါနဲ့ မိတ်ဆက်ပွဲဆိုတာ ဘာလဲ”
ရှမ့်လန်သည် ဘေးတစ်ဖက်မှ ပြောလိုက်၏။ “သူနဲ့ လက်ထပ်ဖို့၊ ပြီးရင် သူနဲ့အိပ်မယ်။ ပြီးတော့ သူနဲ့ ကလေးတွေ မွေးမယ်”
အရူးကြီးသည် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။ “အင်း... ငါ သူနဲ့ လက်ထပ်ချင်တယ်။ ပြီးတော့ သူ နဲ့ အိပ်ချင်တယ်။ ပြီးတော့ ကလေးတွေ ယူချင်တယ်”
ထိုစကားစုထွက်ပေါ်လာချိန်မှာတော့ အားလုံးသောသူတို့၏မျက်နှာများက ရုတ်တရက် တည်တန့်သွားခဲ့ကြ၏။ မည်သူမှ မရယ်မောရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် မင်းသမီးအာယုနာနာ၏ မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွားသောကြောင့်ပင်။ လက်ရှိအခြေအနေ၌ အီးပေါက်ချင်သည်ဆိုလျှင်တောင် သူတို့ တောင့်ခံထားရပေမည်။
မင်းသမီး အာယုနာနာသည် အေးစက်စက် ပြောလိုက်၏။ “အရူးကြီး... ရှင် ကျွန်မနဲ့ မိတ်ဆက်ပွဲ လုပ်ချင်တယ်ပေါ့။ ဒီတော့ အရည်အချင်း ပြည့်မီလား စမ်းသပ်ဖို့ ကျွန်မရဲ့ တိုက်ကွက်သုံးကွက်ကို ခံယူလိုက်”
ရှမ့်လန်က ပျော်ရွှင်သွားမိ၏။ အရူးကြီးသည် တခြားသော မည်သည့် စွမ်းရည်မှ မရှိချေ။ သို့သော်ငြား တိုက်ခိုက်မှုကို တားဆီးသည့်နေရာတွင်တော့ ထိပ်တန်းအဆင့်ပင်ဖြစ်သည်။
“ပထမဆုံး တိုက်ခိုက်ချက်”
ချက်ချင်းပဲ အာယုနာနာသည် ရှေ့ဆီသို့ လှမ်းတတ်ပြီး သူမ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ကာဖြင့် ခုတ်ပိုင်းလိုက်၏။ တကယ့်ပင် အားကောင်းလွန်းလှချေသည်။ တုန်လှုပ်ဖွယ်ရာကောင်းသည့် အားအင်များ ပါဝင်လျက်ရှိ၏။
အရူးကြီးသည် သူ၏ သံမဏိတုတ်ကြီးကို ထုတ်ယူကာ ကာလိုက်သည်။
“ဖြောင်း”
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ပြီးနောက် မီးပွင့်များသည် တည်နေရာအနှံ့ဆီသို့ပင် ပျံ့နှံ့သွားခဲ့၏။ အရူးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူ၏ ခြေထောက်အောက်ရှိ မြေပြင်တစ်ခုလုံးသည်ပင် ကွဲအက် သွားခဲ့၏။
“ဒုတိယ တိုက်ခိုက်ချက်”
မင်းသမီး အာယုနာနာသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မျဉ်းဖြောင့်အတိုင်း ခုတ်ပိုင်းလိုက်ပြန်သည်။
အရူးကြီးသည် လျင်လျင်မြန်မြန်ပဲ တားဆီးလိုက်ပြန်၏။
“ဒုန်း”
အရူးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူသည် ဒုတိယ တိုက်ခိုက်ချက်ကို ခံယူပြီးပြီ ဖြစ်သည်။
အာယုနာနာသည် အံ့အားသင့်သွားမိ၏။ အိမ်ရှေ့စံမင်းသား အာယုထိုင် မှလွဲလျှင် သူမ၏ တိုက်ခိုက်ချက် တစ်ခုကို တားဆီးနိုင်သည့်လူ ဟူ၍ မည်သူမှ မရှိချေ။ သူမ၏ရှေ့တွင်ရှိနေသည့် အရူးကြီးသည် သူမထက် ငါးနှစ်ခန့် ငယ်၏။ သို့ပေမည့် အဘယ်ကြောင့် ဤမျှ အားကောင်းနေရသနည်း။
“ဒါဆိုရင် တတိယ တိုက်ကွက်ကို ခံယူလိုက်။ ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်”
ပြီးနောက် မင်းသမီး အာယုနာနာသည် သူမ၏ တိုက်ကွက်ကို စတင်ကာ ထုတ်ဖော်တော့၏။ “ဓားဆွဲယူခြင်း နည်းစနစ်”
တိုက်ခိုက်ခြင်း၊ ခုတ်ပိုင်းခြင်း အရာအားလုံးသည် ဘာမှန်း သေသေချာချာ ခွဲခြားမသိနိုင်လောက်အောင်ပင် မြန်ဆန် လွန်း၏။ ဓားဆွဲယူခြင်း နည်းစနစ်သည် ဆက်တိုက် တိုက်ခိုက်ခြင်းပင် ဖြစ်၏။ ဓားကို သိမ်းဆည်းသည်လား၊ တိုက်ခိုက်သည်လားပင် ခွဲခြား၍မရချေ။
ဆွစ်
အရူးကြီးသည် ထိုအရာကို ထပ်မံကာ တားဆီးခဲ့ပြန်၏။ သို့ပေမည့် သူ၏လက်ထဲတွင် ရှိနေသည့် သံမဏိ တုတ်ကြီးသည် ဓားရာတစ်ခုအဖြစ် ပဲ့ထွက်သွားသည်။ နေအလင်းရောင်အောက်တွင် မီးပွင့်မီးလျှံများသည် အဆမတန် ထွက်ပေါ်လာခဲ့၏။ အရူးကြီး ကိုင်ဆောင်ထားသည့် သံမဏိတုတ်ကြီးသည်ပင် နီရဲပြီး ပူလောင်လာခဲ့၏။ အတွင်းအား စွမ်းအင်များ ပြင်းပြင်းထန်ထန် ထုတ်ဖော်လာခဲ့သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ချက်မျိုး ဖြစ်လာခဲ့သည်။ သို့ပေမည့် အရူးကြီးသည် ထိုအရာကို တားဆီးလိုက်သည်။
သို့ပေမည့် အရူးကြီးသည် လှုပ်ပင် မလှုပ်ခဲ့ချေ။ ငရဲမင်းသမီး၏ တိုက်ခိုက်ချက် သုံးကွက်ကို သူ ခံယူပြီးပြီ ဖြစ်၏။ သူ၏ လက်ညှိုးနှင့် လက်မကြားတွင် ဒဏ်ရာတစ်ခု ဖြစ်လာခဲ့ပြီး ထိုဒဏ်ရာမှ သွေးများပင် ထွက်ပေါ်လျက် ရှိနေ၏။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်ဆီမှ သွေးများ စီးကျလာခဲ့၏။
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ထကာ အော်လိုက်မိ၏။
ချင်နိုင်ငံ၏ မင်းသမီးသည် တကယ့်ကို အားကောင်းလွန်းလှ၏။ အရူးကြီးကိုပင် သွေးထွက်ပြီး အတွင်းဒဏ်ရာ ဖြစ်အောင်ပင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ အရူးကြီး မည်မျှအားကောင်းကြောင်းကို ရှမ့်လန် အသိဆုံးဖြစ်၏။ ဤတိုက်ပွဲသည် အရူးကြီးအတွက် မမျှတချေ။
မင်းသမီး အာယုနာနာသည် အရူးကြီးထက် ငါးနှစ်ကြီးပြီး သိုင်းပညာကို အနှစ် နှစ်ဆယ်နီးပါးလောက် လေ့ကျင့်ခဲ့သူ တစ်ယောက်ဖြစ်၏။ သွေးမျိုးဆက်ပါရမီအရ နှိုင်းယှဉ်မည်ဆိုလျှင် အရူးကြီးသည် ကျိန်းသေပေါက် အားကောင်း၏။ သို့ပေမည့် အဆုံးသတ်မှာတော့ အရူးကြီးသည် တိုက်ကွက် သုံးကွက်ကိုသာ ခံယူနိုင်ခဲ့၏။
ယခု နှစ်ယောက်သားအနေနှင့် မိတ်ဆက်ပွဲကို ပြုလုပ်ရန်သာ ရှိတော့၏။ သို့ပေမည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် မိတ်ဆက်ပွဲကို မည်သို့လုပ်မည်နည်း။
မင်းသမီး အာယုနာနာက ပြောလိုက်၏။ “အရူးကြီး... ရှင် ကျွန်မဆီကနေပြီး တိုက်ကွက်သုံးကွက်ကို ခံယူခဲ့တယ်။ ဒီတော့ ကျွန်မတို့ မိတ်ဆက်ပွဲကို စလုပ်လို့ရပြီ”
အရူးကြီးသည် တကယ်ပင် ပျော်ရွှင်သွားခဲ့မိ၏။ အခု ဤမိန်းကလေးနှင့်အတူ မိတ်ဆက်အခမ်းအနားတစ်ခုကို သေသေချာချာ ပြုလုပ်ရတော့မည်လား။ တစ်နေရာရာသို့ သွားရောက်ပြီး တစ်စုံတစ်ခုကို အတူတူ စားသုံးရတော့မည်လား။ ထို့ပြင် အရူးလေး ပြောဆိုထားသည်မှာ မိတ်ဆက်ပွဲဆိုသည်မှာ လက်ထပ်ခြင်း၊ အိပ်ခြင်း နှင့် ကလေးမွေးခြင်းပင် ဖြစ်သည်။
အာယုနာနာက ပြောလိုက်၏။ “ကျွန်မနာမည်က အာယုနာနာ ပဲ။ ချင်နိုင်ငံရဲ့ မင်းသမီး၊ ပြီးတော့ မဟာပညာရှင် ရွှယ်ရင်ရဲ့တပည့်တစ်ယောက်”
အရူးကြီးက ပြောလိုက်သည်။ “ကျုပ်က အရူးကြီးပါ။ ဆရာကြီးကျုံးချူးကဲ့ရဲ့နောက်ဆုံးတပည့်ပါ”
မူလအားဖြင့် သူသည် ညစဉ်ညတိုင်း တံခါးပိတ်ပေးရသည့်လူဖြစ်ကြောင်း ထပ်ခါပြောချင်၏။ သို့ပေမည့် သူ၏ အသိဉာဏ်ပညာသည် အကန့်အသတ် တည်ရှိနေသော်လည်း ထိုအရာကို ထုတ်ဖော် မပြောကြားခြင်းက ပို၍ ကောင်းမည်ဖြစ်ကြောင်းကိုတော့ ခံစားမိ၏။ သာမန်မိတ်ဆက်ပွဲ အခမ်းအနား တစ်ခုကဲ့သို့ပင် နှစ်ဖက်သားသည် တစ်ဖက်နှင့်တစ်ဖက် မိတ်ဆက်လျက်ရှိနေ၏။ ကောင်းမွန်သည့်စကားများကို ပြောဆိုနေခြင်းပင် ဖြစ်၏။
ရှမ့်လန်ကလည်း တကယ့်ကို သဘောကျလျက်ရှိ၏။ ကောင်းကင်ဘုံမှ ချမှတ်ပေးထားသည့် လိုက်ဖက်ညီသည့် စုံတွဲတစ်ခုကဲ့သို့ပင်။
သို့ပေမည့် အာယုနာနာသည် ရုတ်တရက် ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် မိတ်ဆက်ပွဲ ပြီးသွားပြီ။ ကျွန်မ ရှင့်ကို မကြိုက်ဘူး။”
အရူးကြီး “ဟမ်”
ရှမ့်လန် “ဟမ်”