အပိုင်း (၂၉၄)
Vol. 22 Ch. 294
စောနကမှစတင်ခဲ့သည့် မိတ်ဆက်အခမ်းအနားက ပြီးဆုံးသွားပြီ ဖြစ်၏။ အလွန်မြန်ဆန်လွန်းလှချေ၏။ ခေတ်သစ် လူမှုအသိုင်းအဝိုင်းတွင် ယောက်ျားနှင့် မိန်းမတို့သည် မိမိကိုယ်ကိုယ် မိတ်ဆက်ရ၏။ ပြီးနောက် အိမ်ပိုင်သည်၊ ကားပိုင်သည်၊ တစ်နှစ်စာ လစာ ဘယ်လောက်ရသည်၊ စုဆောင်းထားသည့်ငွေ မည်မျှရှိသည် စသည်များကို အချင်းချင်း မေးမြန်းပြောဆိုကြ၏။
သို့ပေမည့် အရူးကြီးသည် ဘာတစ်ခုမှ လုံလုံလောက်လောက် အမေးမခံရသေးချေ။ အငြင်းခံလိုက်ရပြီ ဖြစ်၏။ ပထမအချီမှာပင် အဆုံးသတ် ရှုံးနိမ့်သွားခဲ့ခြင်းပင်။
အာယုနာနာသည် သူမ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ “ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တွေက ငါတို့ရဲ့စစ်သည်တွေကို သတ်ပစ်ရဲတယ်ပေါ့။ ဒီတော့ ရွှဲ့ပြည်နယ်ရဲ့သံတမန်ကို သတ်ကြမယ်”
“ရှမ့်လန် သေစမ်း”
ပြီးနောက် သူမသည် ရှမ့်လန်ကို ဓားနှင့် ခုတ်ပိုင်းလိုက်၏။
ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ ဤကဲ့သို့သော မိန်းမမျိုး လောက၌ ရှိနေသေးသည်လား။
ရှမ့်လန်က ကျယ်လောင်စွာ အော်လိုက်သည်။ “အရှင်မင်းသမီး... ခင်ဗျားတို့ဆီက ကျောက်ရောဂါကို ကုသနိုင်တဲ့လူက ကျုပ်ပဲ။ ခင်ဗျားတို့နိုင်ငံမှာရှိနေတဲ့ ကျောက်ရောဂါရှင်အားလုံးကို ကျုပ် ကယ်တင်ပြီး ကျောက်ရောဂါကပ်ဘေးကြီးကို ဖယ်ရှားပေးမယ်”
မင်းသမီးအာယုနာနာသည် ကြောင်အသွားခဲ့၏။ ချင်နိုင်ငံတော်၌ ကျောက်ရောဂါများ ဖြစ်ပွားနေသောကြောင့် သူမ၏အဖေ စိုးရွံ့လျက်ရှိနေ၏။ မည်မျှကောင်းမွန်သည့် သိုင်းပညာအရည်အချင်းကို ပိုင်ဆိုင်ပါစေ ကိစ္စမရှိချေ။ ကျောက်ရောဂါ ကူးစက်ခံရပါက ကျိန်းသေပေါက် သေနိုင်၏။
ထို့ပြင် ချင်နိုင်ငံတွင် လူတော်တော်များများ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အနည်းဆုံး လူပေါင်းနှစ်သောင်းလောက် သေဆုံးသွားခဲ့သည်။
ရောဂါသည် လူများအား ပိုမိုကူးစက်စေခဲ့၏။ ယခုထက် ပိုမိုကာ သေဆုံးသူ များနိုင်၏။ သေချာ၏။ သူမ၏ အဖေပင်လျှင် ရောဂါ ထပ်မံကူးစက်သူများကို မသတ်ဖြတ်နိုင်တော့သည်အထိ ရောဂါ ပြန့်နှံ့နေခဲ့၏။ ဤအတိုင်းသာ ဆက်လက်ကာ သတ်ဖြတ်သွားမည်ဆိုပါက ချင်နိုင်ငံတော်တွင် လူ မည်မျှ ကျန်မည်ဖြစ်ကြောင်း ကိုပင် တွက်ချက်နိုင်လိမ့်မည် မဟုတ်ပေ။ သူမအဖေ၏ သားငယ်သုံးယောက်ပင်လျှင် ရောဂါကူးစက်ခြင်း ခံထားရ၏။ ဤကျောက်ရောဂါသည် သေမင်း၏လက်နက်တစ်ခုကဲ့သို့ပင် ရူးရူးမူးမူးနှင့် ရှိသမျှအားလုံးသော သူတို့၏ အသက်ကို နှုတ်ယူလျက်ရှိနေ၏။
ချင်နိုင်ငံ၌ ကျောက်ရောဂါကို ကုသနိုင်သည့် မည်သူမဆိုသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံခံရမှာ သေချာ၏။ သို့ပေမည့် သူ၏ရှေ့တွင် ရှိနေသည့် ချောမောသော လူငယ်လေးသည် ကျောက်ရောဂါ ကုသနိုင်လိမ့်မည်ဟု သူမ မယုံကြည်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျောက်ရောဂါကို ကုသနိုင်သည်ဟု လာရောက်ပြောဆိုခဲ့သည့် လူပေါင်းများစွာ ရှိခဲ့ပြီး ထိုသူတို့သည် မကုနိုင်သောကြောင့် အသတ်ခံခဲ့ရပြီးဖြစ်သည်။
“ကျွန်မ ရှင့်ကို မယုံဘူး။ သေစမ်း။ ရုပ်ချောချောနဲ့ ကောင်လေး” အာယုနာနာက အော်ဟစ်လိုက်၏။ ပြီးနောက် ဓားကြီးနှင့် ခုတ်ပိုင်းလိုက်၏။
အရူးကြီးက ထိုအရာကို တားဆီးလိုက်သည်။
ဒုံး ဒုံး ဒုံး...
ဒါဇင်နှင့်ချီ ခုတ်ပိုင်းပြီးနောက်မှာတော့ မင်းသမီးအာယုနာနာသည် မောပန်းနွမ်းနယ်လျက် ရှိနေ၏။ အရူးကြီး၏ ခြေထောက်တစ်ခုလုံးသည် မြေထဲသို့ လက်မအနည်းငယ်လောက် နစ်ဝင်လျက်ရှိ၏။ သူ့ကို ကြည့်ရှုရသည်မှာ အရပ်ပုသွားသကဲ့သို့ပင်။ လက်များ၌ သွေးများ နီရဲလျက် ရှိနေပြီး နှုတ်ခမ်းထောင့်မှ သွေးများလည်း စီးကျနေ၏။
အရူးကြီးသည် သူ၏အကန့်အသတ်ဆီသို့ ရောက်ရှိလုနီးပါး ဖြစ်၏။ မင်းသမီးအာယုနာနာသည် တကယ့်ကို အားကောင်းလွန်း၏။ သို့ပေမည့် အရူးလေးကို ထိခိုက်အောင် ပြုလုပ်ခွင့်မပေးနိုင်ပေ။ သူ၏မိန်းမဆိုလျှင်ပင် ခြွင်းချက် မရှိချေ။
မင်းသမီးအာယုနာနာသည် မယုံကြည်နိုင်စွာဖြင့် အရူးကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအရူးကြီးသည် ဤမျှ အားကောင်းနေသည်လား။ သူမ၏တိုက်ခိုက်ချက် တစ်ဒါဇင်ကျော်ကို တားဆီးနိုင်ခဲ့လေသည်လား။ သူမ၏ လက်များပင်လျှင် တုန်ယင်လျက်ရှိနေ၏။
သူမသည် အံ့အားသင့်လျက်ရှိနေတုန်းမှာပဲ ဒေါသတကြီးဖြင့် ပြောဆိုလိုက်မိသည်။ “ဘာတွေစောင့်နေတာလဲ။ ဝင်ကြ။ ရွှဲ့ပြည်နယ်ရဲ့သံတမန်တွေ အားလုံးကို သတ်ပစ်။”
“သတ်ကြဟေ့”
အမိန့်ပေးမှုအောက်မှာတော့ မြင်းသည်တော်တစ်ထောင်ကျော်တို့သည် သူတို့၏ဓားကြီးများကို မြှောက်ကာဖြင့် ရှမ့်လန်၏ စစ်သည်တော်များကို ခုတ်ပိုင်းသတ်ဖြတ်ရန် ပြင်းဝင်လာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်၏ အနီးနားတွင် ရှိနေသော စစ်သည်တစ်ဝက်ကျော်တို့သည် ရွှဲ့ပြည်နယ်မှ စစ်သည်များ ဖြစ်၏။ အခြားသော တစ်ဝက်မှာတော့ ကောင်းကင်တာအိုအဖွဲ့အစည်းနှင့် ကျင်းမိသားစုမှ စေလွှတ်လိုက်သည့် သီးသန့် လက်ရွေးစင် စစ်သည်များပင် ဖြစ်၏။
သူတို့သည် လက်ရွေးစင်စစ်သည်များ ဖြစ်သော်လည်း ချင်နိုင်ငံဆီမှ မြင်းသည်တော်တစ်ထောင်ကျော်တို့နှင့် နှိုင်းယှဉ်၍ ရနိုင်လောက်သည် မဟုတ်ချေ။ ချင်နိုင်ငံဆီမှ စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ဩချလောက်စရာ ကောင်း၏။ တစ်ခါတည်း လှမ်းဝင်လိုက်သည်နှင့် ရှမ့်လန်၏ အနီးနားတွင် ရှိနေသည့် စစ်သည်တော် တစ်ရာကျော်တို့သည် ထိခိုက်ဒဏ်ရာများ ရရှိကုန်ကြ၏။ အခြေအနေသည် တကယ့်ကို အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိလာသည်။
ရှမ့်လန်က အော်ဟစ်လိုက်၏။ “မဟာပညာရှင်ကြီး... အချိန်ရောက်လာပြီ။ အပြင်ကို ထွက်လာခဲ့ပါအုံး။ ခင်ဗျား အပြင်ဘက်ကို ထွက်မလာရင် ကျုပ် သေလိမ့်မယ်။ လမ်းတစ်လျှောက်လုံး ခင်ဗျား ကျုပ်နောက်လိုက်နေတာ ကျုပ်သိတယ်”
သို့ပေမည့် သူ ပြောနေသည်မှာ မဟာပညာရှင် ကျုံးချူးကဲ့ မဟုတ်ချေ။ ထိုအစား အလွန်မွှေးကြိုင်သည့် ရနံ့များသည် လေထဲတွင် ပျံ့နှံ့လာခဲ့၏။
မင်းသမီးအာယုနာနာ၏ လည်ကုပ်က ချက်ချင်းပဲ ပုဝင်သွားခဲ့၏။ သူမသည် ရုတ်တရက် လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်၏။ အလွန်မွှေးပျံ့သည့်ရနံ့ကို သူက ရရှိ၏။ ထိုရနံ့ကို သူမက အလွန်ရင်းနှီး၏။ ထို့ပြင် ထိုလူသည် သူမ ကြောက်ရွံ့ရဆုံးသောသူလည်း ဖြစ်၏။ သူမ၏ဆရာ မဟာပညာရှင် ရွှယ်ရင်ပင် ဖြစ်၏။ ထို့ပြင် သူမသည် သူမ၏ဆရာကို မေ့ဆေးခတ်ပြီး တောင်ပေါ်မှ ခိုးဆင်းခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပေ၏။ ထိုမေ့ဆေးသည် အလုပ်ဖြစ်လိမ့်မည်ဟု သူမက တွေးထင်ခဲ့၏။
“ယုယု... ရပ်စမ်း” နူးညံ့သည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်သည် အံ့အားတသင့်ဖြစ်သွားမိသည်။ ဤအသံသည် တကယ့်ကို ကြင်နာလွန်းလှချေ၏။ ရှမ့်လန်သည် ဤကဲ့သို့ ကြင်နာတတ်သည့်အသံမျိုးကို တစ်ခါမှ မကြားခဲ့ဖူးချေ။ နွေဦးလေပြည် တိုက်ခတ်လိုက်သလိုပင် နားထဲတွင် သာယာငြိမ့်ညောင်းသည့်အသံအဖြစ် ဝင်ရောက်လာခဲ့၏။ သူသည် မည်သူမှ မနေနိုင်ဘဲ ကြောင်အသွားခဲ့မိ၏။
မဟာပညာရှင် ရွှယ်ရင်သည် အသက်ငယ်ရွယ်သည့်ပုံ မပေါ်ချေ။ သို့ပေမည့် အသံကို နားထောင်ရသည်မှာ အသက်နှစ်ဆယ်၊ သုံးဆယ်နီးပါးခန့်သာလျှင် ရှိမည့်အသံမျိုးပင် ဖြစ်၏။ သူမသည် ဤကဲ့သို့သော အသံမျိုးဖြင့် အိုမင်းကြီးရင့်နေသည့် အဖွားကြီးတစ်ယောက် ဖြစ်နေလေသည်လား။ အသံကို ကြည့်ရသည်မှာ မှော်စွမ်းရည်များ ပါဝင်လျက်ရှိနေသလိုပင် အလွန် သန့်စင်လွန်းလှချေ၏။ နှလုံးသားထဲမှ သန့်စင်သည့် စကားလုံးများကို ဖော်ထုတ်ကာ ပြောဆိုလိုက်သည့် အသံနှင့် ဆင်တူလွန်းလှသည်။
နင်ကျဲ့နှင့်တော့ ခြားနားလွန်းလျက်ရှိနေ၏။ နင်ကျဲ့၏ အသံမှာ မည်သို့ဖြစ်သနည်း။ သူမသည် အလိုဆန္ဒ အရာအားလုံးတို့ကို ဖယ်ရှားထားပြီးသော အပျိုစင်အိုကြီးပင် ဖြစ်၏။ မျက်နှာပြင်ထက်တွင် တည်ငြိမ်သည့် ပုံပန်းသဏ္ဍာန်မျိုး ရှိသည်ဆိုသော်လည်း အချက်အလက်အားဖြင့် သူမက ဝမ်းနည်းလျက် ရှိနေ၏။ ထို့ပြင် သူမ၏ ကိုယ်၌ မကောင်းသည့် စွမ်းအင်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ ထို့ကြောင့်ပင်လျှင် သူမအား နင်ပုကျင်းဟု ခေါ်ဆိုခြင်းပင် ဖြစ်လိမ့်မည်။ မည်မျှလှလှ အသုံးမဝင်ချေ။ သူမသည် ကျောက်နှင့် ဖန်တီးပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်း တစ်ခုကဲ့သို့ပင် ဖြစ်၏။ သူမနှင့် အိပ်စက်၍ မရနိုင်ချေ။
မဟာပညာရှင် ရွှယ်ရင်၏ အသံမှာတော့ ခြားနားလွန်းလှ၏။ နွေးထွေးမှုများ ပြည့်နှက်လျက်ရှိနေပြီး အပေါင်း လက္ခဏာဆန်သော စွမ်းအင်များကလည်း အလုံးစုံပါဝင်နေ၏။ အစစ်အမှန် သန့်စင်ခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်၏။
သူမဆရာ၏ အသံကို ကြားရပြီးသည့်နောက် အာယုနာနာသည် ချက်ချင်းဆိုသလိုပဲ အညံ့ခံလိုက်ရ၏။ သူမသည် လက်ကို အမှတ်မထင် မြှောက်လိုက်မိ၏။ လောကရှိ အရာအားလုံးအား သူမ ငြင်းဆန် ပုန်ကန်ရဲ၏။ သို့ပေမည့် သူမ၏ဆရာကိုတော့ မငြင်းဆန်ရဲချေ။
ဟုတ်ပေ၏။ သူမ၏ဆရာသည် အလွန် ပြည့်စုံပြီး တော်လွန်းသောကြောင့်ပင်။ အာယုနာနာသည် သူမကို ချစ်ခင် မြတ်နိုး၏။ အလွန့်အလွန် ချစ်ခင်မြတ်နိုးခြင်းပင်။
ထိုသို့ဆိုလျှင် တောင်ပေါ်မှ အဘယ့်ကြောင့် ထွက်ပြေးရသနည်း။
အဘယ့်ကြောင့်ဆိုသော် သူမ၏ ဆရာသည် ယောက်ျားတစ်ယောက်ကို လက်ညှိုးညွှန်ပြ၍ ‘ယုယု.. သူ့ကို လက်ထပ်လိုက်’ဟု ပြောလျှင် သူမ ငြင်းပယ်၍ ရမည်မဟုတ်ချေ။ သဘောမတူဘူးဆိုလျှင် ဘာလုပ်ရမည်နည်း။ ထို့ကြောင့် သူမအနေနှင့် ထွက်ပြေးရန် နည်းလမ်းတစ်ခုသာလျှင် ကျန်ရှိတော့၏။
“ရှမ့်လန်... မင်းတကယ်တမ်း ကျောက်ရောဂါကို ကုသပေးနိုင်တာလား” မဟာပညာရှင် ရွှယ်ရင်၏ အသံက ထွက်ပေါ်လာခဲ့၏။ ဤအသံသည် တကယ့်ကို ဆွဲဆောင်မှု ရှိလွန်း၏။ ထို့ပြင် မဟာပညာရှင်တစ်ယောက်၏ ဟိတ်ဟန်ကြီးမားလွန်းသော လေသံမျိုးလည်း မပါဝင်ခဲ့ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ကျောက်ရောဂါကို ကုသပေးနိုင်ပါတယ်။ လူပေါင်းများစွာတို့ရဲ့ အသက်ကိုလည်း ကယ်တင်ပေးနိုင်ပါတယ်။ ကျုပ် ချင်နိုင်ငံတစ်ခုလုံးကို ကယ်တင်ပေးနိုင်ပါတယ်”
ရွှယ်ရင်သည် သက်ပြင်းချလိုက်၏။ သူမအနေနှင့် ချင်ဘုရင်ကို ထပ်ပြီး မမြင်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူမကို ချစ်ခင်နှစ်သက်နေသောကြောင့်ပင်။ ပိုမို၍ အတိအကျ ပြောရမည်ဆိုလျှင် သူမနှင့် တွေ့ဆုံသမျှ ယောက်ျားတိုင်းသည် သူမကို ချစ်ခင်နှစ်သက်သွားကြ၏။
ကျုံးချူးကဲ့ပင်လျှင် ထိုသို့ပင်ဖြစ်သည်။ ထုတ်မပြောရဲခြင်းသာရှိ၏။ သူမကို စိတ်ထဲတွင် ကြိတ်ကာ ချစ်နေသည်မှာ သေချာ၏။ ထို့ကြောင့်ပင်လျှင် အခုထိ တစ်ယောက်တည်း လက်မထပ်ဘဲ နေထိုင်နေခြင်း သာလျှင် ဖြစ်၏။ သူမကြောင့် ယောက်ျားမည်မျှများများ သေဆုံးသွားခဲ့သည်ဖြစ်ကြောင်း မည်သူ သိရှိမည်နည်း။ သူမ ကိုယ်တိုင်ပင် မသိရှိချေ။
ထို့ကြောင့်ပင်လျှင် သူမသည် အပြစ်တစ်ခုကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် ခံစားနေမိ၏။ သူမသည် ရင်ထဲတွင် တစ်စုံတစ်ခု ခံစားရရုံလောက်နှင့် ယောက်ျားတစ်ယောက်ကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သူမနှင့် ဘိုးဘေးလော် တို့သည် သူမတို့မျိုးဆက်၏ အလှအပဆုံးသော မိန်းကလေးတို့ပင် ဖြစ်၏။ နောက်မျိုးဆက်ကို ပြောရမည်ဆိုလျှင် မင်းသမီးနင်ဟန်ပင် ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ။ ဒါဆိုရင် ချင်ဘုရင်ကို သွားတွေ့ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ မင်းကို မသတ်ဖို့တော့ ငါ အာမခံတယ်” မဟာပညာရှင် ရွှယ်ရင်က ပြောလိုက်၏။
ရှမ့်လန်က ဦးညွတ်ကာ ပြောလိုက်သည်။ “ကျေးဇူးပါပဲ နတ်သမီး”
ချက်ချင်းပဲ အားလုံးသောသူတို့၏ အကြည့်သည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ ဤသို့ အရှက်မဲ့သည့် လူတစ်ယောက်ကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ စကားစပြောသည်နှင့် တပြိုင်နက် တစ်ဖက်လူကို နတ်သမီးဟု ရည်ညွှန်းခေါ်ဆိုလျက် ရှိ၏။
ရှမ့်လန်သည် အေးစက်စက်နှင့် ရယ်မောလိုက်၏။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်ဆိုလျှင် သူသည် အစ်မကြီးဟုပင် ခေါ်ဆိုလိုက်ချင်သည်။
“အင်း.. ကျေးဇူးတင်ဖို့ မလိုဘူး။ ကောင်းကင်က သနားကြင်နာတတ်ပါတယ်” မဟာပညာရှင် ရွှယ်ရင်၏ အသံသည် အဝေးဆီမှ ပျောက်ကွယ်သွားခဲ့၏။
သူမ၏ဆရာ ထွက်ခွာသွားခဲ့၏။ အာယုနာနာသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ဆရာသည် သူမအား ဆေးခတ်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ တစ်ခွန်းမှ မပြောဆိုခဲ့ချေ။ ထို့ကြောင့် ယုယုသည် ဤကပ်ဘေးဆီမှ လွတ်မြောက်ခဲ့ပြီဖြစ်၏။ ပြီးနောက် သူမသည် ရှမ့်လန်ကို ကြည့်ရှုလိုက်၏။
“ရှင့်လို ချောမောတဲ့ လူတစ်ယောက်ရဲ့ စကားကို ကျွန်မ မယုံနိုင်ဘူး။ ရွှဲ့ပြည်နယ်ရဲ့ သံတမန်တွေ အကုန်လုံးကို ဝိုင်းပိတ်ပြီးတော့ အဖေ့ဆီ ခေါ်ခဲ့ကြ”
.................
တစ်ရက်ကြာပြီးသည့်နောက် မင်းသမီး အာယုနာနာသည် ရှမ့်လန်ကို ခေါ်ဆောင်ကာဖြင့် ချင်နန်းတော်ဆီသို့ ရောက်ရှိလာခဲ့၏။ အလွန် ခမ်းနားသပ်ရပ်လွန်းသည့် နန်းတော်တစ်ခု ဖြစ်၏။ ကြီးမား၏။ အေးစက်၏၊။ ကြမ်းတမ်းလွန်းသည့် အရိပ်အယောင်များ ထွက်ပေါ်လျက်ရှိနေ၏။ နေရာအနှံ့တွင် ကျောက်စိုင် ကျောက်ခဲများ တည်ရှိနေပြီး တည်ဆောက်ထားပုံကလည်း ထူးခြားသည်။
အမဲရောင်ကျောက်တုံးများအား ရွှေဆေးများ ခြယ်ထား၏။ နန်းတော်တစ်ခုလုံးက မဲနက်လျက် ရှိပြီး ရွှေရောင်လည်း တောက်ပလျက် ရှိနေသေး၏။ တကယ့်ကို ကြမ်းတမ်းသည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိနေသည့် အရာပင်။
ချင်နိုင်ငံတော်၌ ကျောက်ရောဂါသည် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည်။ လမ်းတလျှောက်တွင် များပြားလွန်းသည့် လူများသည် သတ်ဖြတ်ခံထားရကြောင်း ရှမ့်လန် မြင်ရ၏။ မြေပြင်တွင် အလောင်းများ ပြည့်နှက်လျက် ရှိနေပြီး တချို့သော အလောင်းများကိုတော့ မြေမြှုပ်လျက် ရှိနေ၏။ ဤနေရာတွင်ရှိနေသည့် လူများသည် တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိလှချေ။ ထို့ကြောင့်ပင်လျှင် ကျောက်ရောဂါက ပိုမိုကာ ဆိုးရွားသွားခဲ့ခြင်း ဖြစ်၏။
တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသော ပတ်ဝန်းကျင်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာဖြစ်၏။ ထိုအရာနှင့်ပတ်သက်၍ လက်ရှိ ချင်နိုင်ငံသည် ရွှဲ့ပြည်နယ်နှင့် မည်သို့မှ နှိုင်းယှဉ်၍ရလိမ့်မည် မဟုတ်ချေ။ ချင်နိုင်ငံသည် တကယ့်ကို လူရိုင်းများပင် ဖြစ်၏။ ရွှဲ့ပြည်နယ်ဆီမှ အဆင့်မြင့်ပညာတတ်များနှင့် မည်သို့နှိုင်းယှဉ်မည်နည်း။
ချင်နိုင်ငံ၊ သဲကန္တာရ လူရိုင်းများ၊ အနောက်တိုင်းမှ လူများသည် တော်ဝင်ရင်အင်ပါယာမှ ပိုင်ဆိုင်သည့် လူများ မဟုတ်ချေ။ သီးခြားအာဏာစက်မှ ကင်းလွတ်နေသည့် နိုင်ငံနှင့် မျိုးနွယ်များလည်း ဖြစ်ကြသည်။
အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ချင်နိုင်ငံသည် တကယ့်ကို အားကောင်းလွန်းလှ၏။ ထို့အတူ သဲကန္တာရလူရိုင်းများကလည်း တကယ့်ကို အားကောင်းလွန်းလှ၏။
ကြီးမားသည့် နန်းတော်ကြီး၏ အပြင်ဘက်တွင် အာယုနာနာက အော်ဟစ်လိုက်၏။
“အဖေ... ရွှဲ့ပြည်နယ်ရဲ့ လူချော ရောက်နေတယ်။ အဖေ... သူ့ကို တွေ့ချင်လား။ ဒါမှမဟုတ် သတ်လိုက်ရမလား”
ရှမ့်လန်သည် အရူးကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ အသုံးမဝင်ချေ။ မိမိ မိန်းမကို မိမိ ထိန်းချုပ်နိုင်ခြင်း မရှိချေ။ တစ်ဖက်လူသည် သူ့ကို သတ်ဖြတ်ပစ်ရန် ခြိမ်းခြောက်လျက် ရှိနေ၏။ သို့ပေမည့် အရူးကြီးသည် ဘာတစ်ခုမှ ဝင်ရောက် ပြောဆိုနိုင်စွမ်း မရှိချေ။
တကယ်တမ်းမှာတော့ အရူးကြီးသည့် ရှမ့်လန်ထက် ပိုမိုကာ စိတ်ဓာတ်ကျလျက် ရှိ၏။ သူသည် အသဲကွဲသည့် အရသာကို တွေ့ကြုံခံစားနေရသောကြောင့်ပင်။ သူ၏မျက်လုံးများသည် အချိန်တိုင်း အာယုနာနာဆီသို့ ရောက်ရှိလျက် ရှိနေ၏။ သို့ပေမည့် သူမသည် သူ့ကို တစ်ချက်ကလေးမှ မကြည့်ရှုသလို လောက၌ မရှိသည့် လူတစ်ယောက်ကဲ့သို့ ဆက်ဆံထား၏။ တစ်ဖက်သတ်အချစ်က ဆိုးရွားလွန်းလှချေ၏။ အရူးကြီးသည် အချစ်နာကျလျက် ရှိနေ၏။
“သူ့ကို ဝင်ခိုင်းလိုက်” ချင်ဘုရင်၏အသံသည် အထဲဆီမှ ထွက်ပေါ်လာခဲ့သည်။
...............
ရှမ့်လန်သည် ချင်နန်းတော်အတွင်းသို့ လှမ်းဝင်လိုက်၏။ သူ့အနေနှင့် ဤကဲ့သို့သော နိုင်ငံငယ်လေး၏ နန်းတော်ကြီးသည် အဘယ်ကြောင့် ရွှဲ့ပြည်နယ်ထက် ပိုမိုကာ ကြီးမားပြီး ခမ်းနားနေကြောင်း နားမလည်နိုင်ခဲ့ချေ။ ဆန်းကြယ်လွန်းလှချေ၏။ နန်းတော်ရှိ အရာအားလုံးသည် ကျောက်တုံးနှင့် ပြုလုပ်ထား၏။ သစ်သားဟူ၍ တစ်ခုလေးမှ မရှိချေ။ တကယ့်ကို အေးစက်သည့် အရှိန်အဝါများ ထွက်ပေါ်လျက် ရှိနေ၏။
နန်းပုလ္လင်ကို ရွှေနှင့်သွန်းလောင်းကာ ပြုလုပ်ထား၏။ ရှမ့်လန်သည် ချင်ဘုရင်နှင့် ထိပ်တိုက်တွေ့ဆုံ၏။ သူ ကြားခဲ့ရသည့် ကောလဟလများက အမှန်ပင် ဖြစ်၏။ တောင်ကဲ့သို့ပင် မြင့်မားကြံ့ခိုင်သည့် လူတစ်ယောက် ဖြစ်၏။ အာယုနာနာကဲ့သို့သော မိန်းကလေးကို မွေးဖွားခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
အရူးကြီးလောက် အရပ်မမြင့်သည် ဆိုလျှင်တောင်မှ ၂.၁ မီတာခန့် ရှည်လျား၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြွက်သား အမြောင်းမြောင်း တည်ရှိနေပြီး အသားအရည်က မဲနက်ပြီး တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေ၏။ မည်သည့် တော်ဝင်ဝတ်စုံမှ ဝတ်မထားခဲ့ချေ။ ထိုအစား သံမဏိချပ်ဝတ်ကိုသာ ဝတ်ထားခဲ့၏။ တကယ့်ကို စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သေးငယ်သည့် နိုင်ငံလေးတစ်ခုကိုသာ ပိုင်ဆိုင်ထားသည့် လူတစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်ကို တိုက်ခိုက်ရန် အဆင်သင့် ရှိနေသည့် လူမျိုးပင်။ သူသည် အနောက်ဘက်ပိုင်းမှ လူများကို တိုက်ခိုက်ခဲ့၏။ ထို့အပြင် ချောင်နိုင်ငံတော်ကို တိုက်ခိုက်ခဲ့၏။ ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ခဲ့၏။ သဲကန္တာရ လူရိုင်းများကို တိုက်ခိုက်ခဲ့၏။ အားလုံးသောသူတို့ကို တိုက်ခိုက်ခဲ့၏။ သူ မကြိုက်နှစ်သက်သည့် လူများကို တိုက်ခိုက်တတ်သည့် လက်ရုံးအားကိုးလူမျိုးပင်။ ရွှဲ့ပြည်နယ်နှင့် ချောင်နိုင်ငံတော်တို့ဆီမှ ငွေကြေးများကို နှစ်စဉ်နှစ်တိုင်း ခြိမ်းခြောက် တောင်းဆိုလျက် ရှိနေပြီး ထိုနိုင်ငံတော်နှစ်ခုလုံးသည် ငြိမ်းချမ်းရေးရရှိရန် ပိုက်ဆံပေးကာ လာဘ်ထိုးထားရသည်။
သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများက အားကောင်း၏။ ထို့ကြောင့် ရှမ့်လန်သည် မီတာ အနည်းငယ် အကွာအဝေးတွင် ရှိနေသည် ဆိုလျှင်တောင် အဆင်မပြေသလို ခံစားရ၏။ အမှတ်မထင်ဆိုသလိုပဲ သူ၏ X-Ray အမြင်နှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် တကယ်တမ်း အားကောင်းသည် ဟုတ်လား၊ မဟုတ်လား သိရှိချင်ခြင်းပင်။ အဆုံးသတ်မှာတော့ လောကတွင် ရှိနေသည့် ယောက်ျားပေါင်းများစွာတို့ သိမ်ငယ်ရမည့်လူပင် ဖြစ်နေ၏။ တစ်ဖက်လူ၏ ပေါင်ကြားထဲတွင် ရှိနေသည့်အရာသည် တကယ့်ကို ကြီးမားလွန်းလှချေ၏။
စုနန်၏ ညီမနှင့် သမီးတို့သည် ဤလူကို တပြိုင်နက်တည်း လက်ထပ်ခဲ့၏။ ရှမ့်လန်သည် ထိုသူမတို့အတွက် မိနစ် အနည်းငယ်လောက် ငြိမ်သက်ကာ သနားညှာတာမှုကို ပြသပေးချင်စိတ်ရှိ၏။ ဤအရာက လိင်ဆက်ဆံခြင်း မဟုတ်ဘဲ နှိပ်စက်ခံရခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။
ချင်ဘုရင်သည် လူပေါင်းများစွာတို့ကို မြက်ပင်ကဲ့သို့ သဘောထားကာ သတ်ဖြတ်တတ်သည့် လူတစ်ယောက် ဖြစ်၏။ သူ့အတွက် လူဆိုသည်မှာ သေခြင်း၊ရှင်ခြင်း ဘာမှထူးခြားသည် မဟုတ်ချေ။ မဟာပညာရှင် ရွှယ်ရင်၏ တောင်းဆိုမှုကြောင့်သာ မဟုတ်ပါက ချင်ဘုရင်သည် ရှမ့်လန်ကို တွေ့ပင် တွေ့လိမ့်မည် မဟုတ်ချေ။ တစ်ခါတည်း ခုတ်ပိုင်းကာ ခွေးစာကျွေးလိုက်ဟု အမိန့်ပေးမိမှာ သေချာသည်။
“ရွှဲ့ပြည်နယ်ရဲ့ သံတမန် ရှမ့်လန်က ချင်ဘုရင်ကို ဂါရဝပြုပါတယ်”
ရှမ့်လန်က ဦးညွတ်လိုက်၏။ “ကျုပ်က ကျောက်ရောဂါကို ကုသပေးနိုင်ပါတယ်။ ကျုပ် ခင်ဗျားတို့ရဲ့ လူထောင်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ပါတယ်။ ကျုပ် ချင်နိုင်ငံတစ်ခုလုံးကို ကယ်တင်ပေးနိုင်ပါတယ်”
ဤကဲ့သို့သော ဘုရင်နှင့် ရင်ဆိုင်သည့်အချိန်တွင် ရှမ့်လန်သည် လိုရင်းကိုသာ ပြောဆိုရန် ရွေးချယ်လိုက်၏။ သွေးအေးရက်စက်လွန်းသည့် အာဏာရှင်များသည် စိတ်ရှည်သည်းခံမှု မရှိကြချေ။
“မလိုဘူး”
ချင်ဘုရင်က ပြောလိုက်၏။ “ကျုပ် သားငယ်သုံးယောက်ရဲ့ ကျောက်ရောဂါကို အောင်မြင်စွာ ကုသပေးနိုင်တဲ့လူ တစ်ယောက် ရှိနေပြီ”
ရှမ့်လန်က ကြောင်အသွား၏။ တစ်စုံတစ်ယောက်သည် ကျောက်ရောဂါကို ကုသပေးခဲ့လေသည်လား။ ရှမ့်လန်ထက် ခြေတစ်လှမ်း ဦးသည့်လူ ရှိနေသည်လား။ မနေတုန်းက အာယုနာနာသည် လူပေါင်းများစွာတို့ ချင်နိုင်ငံဆီသို့ ဝင်လာခဲ့ပြီး ကျောက်ရောဂါကို ကုသနိုင်သည်ဟု ပြောဆိုလိမ်ညာခဲ့သောကြောင့် အသတ်ခံခဲ့ရကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သေးသည်။ တစ်စုံတစ်ယောက်သည် တကယ်ပဲ ကျောက်ရောဂါကို ကုသနိုင်ခဲ့လေသည်လား။ မဖြစ်နိုင်ချေ။ ကျိန်းသေပေါက် မဖြစ်နိုင်ချေ။
ချင်ဘုရင်က ပြောလိုက်သည်။ “စုနန်က ကျုပ်ကို သတင်းစကားပေးပို့ခဲ့တယ်။ ဘုံကျောင်းကို မီးရှို့ခဲ့တဲ့ စစ်သည်တော် တစ်ဒါဇင်ကျော်တို့ရဲ့ဦးခေါင်းတွေကို မင်းယူလာခဲ့တယ်ပေါ့။ ပြီးတော့ ငါ့လူတွေ အဲလိုမျိုး မီးရှို့အောင် ပြုလုပ်ခဲ့တာ မင်းရဲ့စနက်ကြောင့်တဲ့။ ဟုတ်လား။
မင်း ဒီမေးခွန်းကို မဖြေခင်မှာ သေသေချာချာ စဉ်းစားဖို့လိုတယ်။ မင်းအနေနဲ့ အခွင့်အရေးတစ်ကြိမ်ပဲ ရတယ်။ ဒီကိစ္စက သေခြင်းရှင်ခြင်းနဲ့ ပတ်သက်နေတယ်နော်”
တစ်ချက်ကလေမှ တုံ့ဆိုင်းနှောင့်နှေးခြင်း မရှိဘဲ ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒါ ကျုပ်ရဲ့စနက်ပါပဲ။ ကျုပ်က အရာအားလုံးကို ပြုလုပ်ခဲ့တာပါ။ သူတို့သေခြင်းတရားအတွက် အဓိကတရားခံကို လက်ညှိုးထိုးပြရမယ် ဆိုရင် ကျုပ်ပါပဲ”