အပိုင်း (၂၉၅)
Vol. 22 Ch. 295
ချင်ဘုရင်၏ အကြည့်များသည် ဓားကဲ့သို့ပင် ထက်ရှသွား၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ကောင်းပြီ။ မင်းဝန်ခံတာ အရမ်းကောင်းတယ်။ ဒါပေမဲ့... ငါ နတ်မိမယ်ရွှယ်ရင်ကို ပေးထားတဲ့ကတိ တည်ရလိမ့်မယ်”
ချင်ဘုရင်က ပြောလိုက်သည်။ “ငါမင်းကို မသတ်ဘူး။ မင်းအနေနဲ့ ရွေးချယ်မှုတစ်ခု လုပ်ဖို့လိုတယ်”
ချင်ဘုရင်သည် လက်ကိုအသာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် လူနှစ်ယောက်ကို အထဲသို့ ခေါ်ဆောင်လာခဲ့၏။ တစ်ယောက်က ဟွမ်ဖန်ဖြစ်ပြီး တခြားသောတစ်ယောက်မှာတော့ ရှမ့်ဆယ့်သုံး ဖြစ်၏။ ရှမ့်လန်၏ သီးသန့် သက်တော်စောင့်များ ဖြစ်၏။
ချင်ဘုရင်က ပြောလိုက်သည်။ “မင်း ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ မင်းကို မသတ်ဘူးလို့ ရွှယ်ရင်ကို ကတိပေးခဲ့တယ်။ မင်းကို ငါ မသတ်ဘူးဆိုရင် ငါ့နှလုံးသားထဲမှာ ရှိနေတဲ့ အမုန်းတရားတွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီတော့ ဒီနောက်လိုက် နှစ်ယောက်ထဲကနေ တစ်ယောက်ကို အသက်ရှင်ဖို့ရွေး၊ အခြားတစ်ယောက်ကို အသက်ရှင်လျက် အရေခွံခွာမယ်။ သူ့ရဲ့ အရိုးအကြောတွေကို ဆွဲထုတ်မယ်။ အပိုင်းပိုင်း ခုတ်ဖြတ်ပြီးတော့ ခွေးစာကျွေးပစ်မယ်”
ချင်ဘုရင်၏ စကားလုံးများသည် တကယ့်ကို နှိုင်းယှဉ်၍ မရနိုင်သော စိတ်ဆုံးဖြတ်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မည်ဟု ပြောဆိုပါက ကျိန်းသေပေါက် သတ်ဖြတ်ပေမည်။
ချက်ချင်းပဲ ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့သည် ပြိုင်တူဆိုသလို ထကာ ပြောလိုက်၏။
“ကျုပ်ကိုသတ်”
“ကျွန်မကိုသတ်”
ဤနှစ်ယောက်ကြားထဲတွင် လွန်ဆွဲပွဲတစ်ခု ဖြစ်လာခဲ့သည်။
ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ဆရာ... ကျုပ်ကို သတ်ပါ။ ဖန်အာကို အသက်ရှင်လျက် ထားပေးပါ။ ကျုပ်... ဆရာအတွက် နှစ်ဝက်လောက်နီးပါး အလုပ်အကျွေးပြုခဲ့တယ်။ ဒါကျုပ်ရဲ့ ဂုဏ်သိက္ခာတရားပါပဲ။ ကျုပ်က သူရဲကောင်းဆန်ဆန် သေဆုံးချင်ပါတယ်”
ဟွမ်ဖန်က ပြောလိုက်သည်။ “ကျွန်မကို သတ်ပါ။ ရှမ့်လန်... ကျွန်မ ရှင့်ဘေးနားမှာ အချိန်အကြာကြီး မနေချင်ဘူး။ မြန်မြန်... ချင်ဘုရင် ကျွန်မကို သတ်ပြီး ခွေးစာကျွေးလိုက်စမ်းပါ။ ဒါမှ ကျွန်မ ဒီအလုပ် လုပ်ရတာ ရပ်တန့်သွားမှာ”
ဤနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် နက်ရှိုင်းသည့်ခံစားချက်များ ရှိနေပုံပေါ်၏။
ချင်ဘုရင်က အေးစက်စက် ပြောလိုက်သည်။ “မြန်မြန် တစ်ယောက်ကို ရွေး။ ဘယ်သူကို ခွေးစာကျွေးရမှာလဲ။ သုံး... နှစ်... တစ်...”
ချင်ဘုရင်သည် နံပါတ်စဉ်ကို ရေတွက်နေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်... နှစ်ယောက်လုံးကို မသတ်ဖို့ ရွေးချယ်တယ်”
ချင်ဘုရင်က နှာခေါင်းရှုံ့လိုက်၏။ “ဒါဆိုရင် ငါတို့ နှစ်ယောက်လုံးကို သတ်ပစ်မယ်။ ကိုယ်လူတို့... ရှမ့်လန်ရဲ့ဒီခွေးနှစ်ကောင်ကို ဆွဲထုတ်သွား။ အပိုင်းပိုင်းခုတ်ပစ်ပြီး ခွေးစာကျွေးလိုက်ကြတော့”
……..
ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့သည် အသက်ရှင်လျက် အရေခွံခွာခံရတော့မည်။
ရှမ့်လန်က အဆိုပြုလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်နောက်လိုက်နှစ်ယောက်ရဲ့ အသက်နဲ့ ရတနာတစ်ခုကို လဲလှယ်ချင်ပါတယ်”
ချင်ဘုရင်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ငါတို့ ချင်နိုင်ငံဆီမှာ လိုအပ်နေတာ ဘယ်လိုရတနာများ ရှိမှာမို့လို့လဲ။ မင်းဆီက အရာတွေကို ဘယ်သူက စိတ်ဝင်စားမယ်ထင်လဲ”
ဤစကားစုသည် အလုံးစုံ မှန်ကန်၏။ ချင်နိုင်ငံသည် ဆင်းရဲနွမ်းပါးလွန်းသည့် နိုင်ငံတစ်ခု ဖြစ်သည် ဆိုလျှင်တောင်မှ ချင်ဘုရင်သည် တခြားသောနေရာ အသီးသီးဆီမှ ပစ္စည်းဥစ္စာတော်တော်များများကို ခြိမ်းခြောက် လုယက်တတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ့၌ ရတနာတော်တော်များများရှိသည်။
ထို့အပြင် သူ့အား ဖားယားကာဖြင့် ရှိရှိသမျှသော ရတနာအသစ်များကို တောက်လျှောက် ပေးအပ်လျက် ရှိနေသော စုမိသားစုကလည်း ရှိနေသေး၏။ မကြာသေးခင်ကတင် စုမိသားစုသည် ချင်ဘုရင်ဆီသို့ လက်ဆောင် ပဏ္ဏာများကို ပေးအပ်ခဲ့သေး၏။ ထို့ကြောင့်ပင်လျှင် ချင်ဘုရင် အာယုခန်၏ အဆင့်အတန်းသည် မြင့်မားလွန်း၏။ သာမန်ရတနာများသည် သူ၏မျက်လုံးထဲသို့ ရောက်ရှိလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “အရူးကြီး သေတ္တာယူခဲ့”
အရူးကြီးက ဝင်ရောက်လာခဲ့၏။ သူသည် ကြီးမားလွန်းသည့် သေတ္တာကြီးတစ်ခုကို သယ်ဆောင်လာခဲ့၏။ အတော်အတန်လည်း လေးပုံပေါ်သည်။
ချင်ဘုရင်သည် အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေခဲ့၏။ ဤအရာထဲတွင် ရွှေများအပြည့် တည်ရှိနေသည် ဆိုလျှင်တောင် သူ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်ငဘ် သေတ္တာကို ဖွင့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အရှင်မင်းကြီး ဒါကိုသေချာကြည့်ပါအုံး”
ပြီးသည့်နောက် သူသည် အပေါ်တွင် ဖုံးလွှမ်းထားခဲ့သည့် အဝတ်ကို အသာဆွဲကာ ဖယ်လိုက်သည်။
ချင်ဘုရင်သည် မည်သို့မျှ မနေနိုင်ပဲ တွန့်ကနဲ ဖြစ်သွား၏။ အဆင့်အမြင့်ဆုံးသော မြကျောက်အမျိုးအစားပင် ဖြစ်၏။ ကြည်လင်တောက်ပလွန်းနေသည်။
ချင်ဘုရင်၏ ရတနာတိုက်ထဲတွင် ဒါဇင်နှင့်ချီသည့် ရတနာများ တည်ရှိနေ၏။ သို့ပေမည့် ရှမ့်လန်၏ လက်ဆောင်က အကောင်းဆုံးဖြစ်လို့ လာခဲ့၏။ ရှမ့်လန်သည် တကယ်ပင် တစ်မီတာနီးပါးခန့် ကြီးမားသည့် ဤမြကျောက်ကြီးကို လက်ဆောင်ပေးခဲ့၏။ အပြစ်အနာအဆာ ကင်းမဲ့လွန်းလှ၏။
ချင်ဘုရင်သည် ဤကဲ့သို့ကြီးမားသည့် မြကျောက်မျိုးကို တစ်ခါမှ မမြင်ခဲ့ရသေးချေ။ ပိုမို၍ အရေးကြီးမားသည်မှာ ဤမြကျောက်ကြီးသည် ချင်ဘုရင်၏ ပုံပန်းသွင်ပြင်အတိုင်း ရုပ်ထုထွင်းထုထားခြင်း ဖြစ်၏။ တကယ့်ကို အံ့ချီးလောက်စရာပင်။
တစ်ထပ်တည်းတူညီနေသည် မဟုတ်လျှင်တောင်မှ အသက်ဝင်လွန်းလှပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနေသော ဘုရင်တစ်ပါးပင်။ တကယ်ကို ရှားပါးသည့် ရတနာတစ်ခု ဖြစ်၏။
ဤကဲ့သို့သော မြကျောက်များကို မည်သည့်နေရာက ရရှိခဲ့သနည်း။
ဟုတ်ပေ၏။ ရှမ့်လန်သည် မြကျောက်ကို ရှာဖွေယူဆောင်လာခဲ့ခြင်း မဟုတ်ချေ။ မှန်ကို အသုံးပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ချင်ဘုရင်က တကယ့်ကို တုန်လှုပ်သွားခဲ့၏။ တကယ့်ကို ရှားပါးပြီး တန်ဖိုးကြီးမားသည့် အရာမျိုးပင်။
“အင်း.. ကောင်လေး မင်းက မဆိုးဘူးပဲ”
ချင်ဘုရင်သည် ထူးမခြားနားသလို ဟန်ဆောင်လျက်ရှိနေ၏။ “ဒါပေမယ့် မင်းရဲ့ပစ္စည်းက လူတစ်ယောက်ရဲ့ အသက်ကိုပဲ ကယ်လို့ရတယ်။ ဒီတော့ မင်း အသက်ရှင်စေချင်တဲ့ လူတစ်ယောက်ကို ရွေးချယ်လိုက်။ ကျန်တစ်ယောက်ကိုတော့ ခုတ်ပိုင်းပြီး ခွေးစာကျွေးပစ်မယ်”
“ချီးထဲမှ...”
တကယ့်ကို လူပေါ့လူသွမ်းတစ်ယောက်ကဲ့သို့ပင်။ အဘယ်သို့ ဘုရင်တစ်ယောက်ဖြစ်နေသနည်း။ ချင်ဘုရင်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အရှင်မင်းမြတ် နင်ယွမ်ရှန်းသည် လူကြီးလူကောင်းတစ်ယောက် ကဲ့သို့ပင် ထင်မှတ်မှားရ၏။ မည်သို့ပင် ဆိုစေကာမူ အကျိုးသင့် အကြောင်းသင့် တည်ရှိနေသေးသည်။
ချင်ဘုရင်သည် မိမိလုပ်ချင်ရာကို ပြုလုပ်လျက် ရှိနေ၏။ မိမိသာ ပျော်သည်ဆိုပါက ကျိန်းသေပေါက် တခြားသော သူများ၏ ဒုက္ခတရားကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ချင်ဘုရင်သည် ထိုမျှထိ ဆိုးဝါး၏။ တခြားသော သူများကို လူသားဟူပင် ထင်မှတ်ခြင်း မရှိသည့်ပုံပင်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး.. ကျုပ်ဆီမှာ နောက်ထပ် ရတနာတစ်ခု ရှိပါသေးတယ်။ ပြီးတော့ ဒီရတနာမှာ အသုံးဝင်တဲ့ အရာရှိပါသေးတယ်။ အမှောင်ထဲကို သွားပြီး ကြည့်ကြစို့။ ဒီရတနာရဲ့ ထူးခြားချက်ကို ..... ”
ပြီးနောက် အရူးကြီးသည် ကြီးမားလွန်းသည့် မှန်ရုပ်ထုကြီးကို မှောင်နေသည့် အခန်းထဲသို့ သယ်ဆောင်သွားခဲ့၏။ ချက်ချင်းပဲ ချင်ဘုရင်သည် ကြောင်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် ဤရုပ်ထုဆီမှ အလင်းတန်းများ ထွက်ပေါ်နေသောကြောင့်ပင်။ တကယ့်ကို တောက်ပလွန်းပြီး အမှောင်ထဲတွင် လင်းလက်လျက် ရှိနေသည်။
ရှားပါးလွန်းသည့် ညလင်းပုလဲများကို သူ မြင်ခဲ့ဖူး၏။ ချင်ဘုရင်၏ ရတနာတိုက်ထဲတွင်ပင်လျှင် ညလင်းပုလင်း အနည်းငယ် တည်ရှိလို့နေသေး၏။ သို့ပေမည့် သူ့၌ရှိသည့် အရာများသည် ကလေးတစ်ယောက်၏ လက်သီးဆုပ် အရွယ်ခန့်သာ လျှင်ရှိ၏။ ယခု ရုပ်ထုမှာတော့ သုံးမီတာနီးပါးခန့်ပင် ရှည်လျားပြီး လင်းလက် တောက်ပလျက် ရှိနေ၏။ အံ့အားသင့်စရာကောင်းလွန်းလှ၏။ တန်ဖိုးဖြတ်၍မရသော ရတနာပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှားလည်း ရှားပါးမှာ သေချာ၏။ ကျိန်းသေပေါက် သူ၏ ရတနာတိုက်ထဲ၌ ထားရမည့် ရတနာတစ်ပါးပင်။
ချင်ဘုရင်သည် တကယ့်ကို ပျော်ရွှင်သွားခဲ့မိ၏။ “ကောင်းပြီ။ ဒီနှစ်ယောက်ကို ငါမသတ်တော့ဘူး”
ချင်ဘုရင်သည် လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ကြီးမားသည့် လက်ဆောင်ကြီးတစ်ခုကို ရရှိသွား သကဲ့သို့ပင်။ ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့ကို ချုပ်နှောင်ထားခြင်းမှ လွှတ်လိုက်ပြီ ဖြစ်၏။ တကယ့် ဓားပြတစ်ယောက်၏ ဟန်ပန်အမူအရာအတိုင်းပင် ဖြစ်၏။
‘ငါ ဒီနှစ်ယောက်ကို သတ်ချင်တယ်။ ဒီတော့ မင်းပိုက်ဆံနှင့် ပြန်ရွေးကြ’
ရှမ့်လန်၏အဖြစ်မှာ ဓားပြများဆီမှ သူ၏တပည့်များကို ပြန်ရွေးရသည့်အပြင် တစ်ဖက်လူကို ကျေးဇူးလည်း တင်ရသေးသည်။
ဤအရာကို ရာဇဝတ်သားများ သို့မဟုတ် သာမန်လူများ ပြုလုပ်သည်ဆိုပါက ပြဿနာတစ်ခု မဟုတ်ချေ။ သို့ပေမည့် ဤကဲ့သို့သော အရာကို ပြုလုပ်နေသည့် လူသည် နိုင်ငံ၏အုပ်ချုပ်သူ ဖြစ်နေခြင်းက ပြဿနာပင်။ ချူပြည်နယ် သို့မဟုတ် ရွှဲ့ပြည်နယ်သည် တစ်ဖက်လူနှင့် ရင်ဆိုင် ယှဉ်ပြိုင်လိုစိတ် မရှိသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကျိန်းသေပေါက် တစ်ဖက်လူသည် ၁၀၀ ရာခိုင်နှုန်း ဆိုးသွမ်းလွန်းသည့် လူပင် ဖြစ်၏။
“ကိုယ့်လူတို့.. ဒီမြကျောက်ရုပ်ထုကို ရတနာတိုက်ထဲ သွားထားလိုက်ကြ။ လအနည်းငယ်ကြာရင် ငါ ရတနာပြပွဲ ပြုလုပ်ရမယ်”
ချင်ဘုရင်သည် တခြားသော သူများဆီမှ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တခြားသူ၏ မိန်းမများနှင့် အိပ်စက်ခြင်းကို နှစ်သက်လွန်းသူ တစ်ယောက်ဖြစ်၏။ ထို့အပြင် သူနှစ်သက်သည့် တခြားသော အရာတစ်ခု လည်း ရှိသေး၏။ ထိုအရာက ကြွားဝါခြင်းပင် ဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ သူသည် ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ခဲ့ပြီ။ ထို့ကြောင့် မျိုးနွယ်စု အသီးသီး၏ ခေါင်းဆောင်များကို ခေါ်ယူကာ ကြွားဝါရပေလိမ့်မည်။
ဤလင်းလက်နေသည့် မြကျောက်ရုပ်ထုကြီးကို မည်သို့ လုပ်ထားသနည်း။
ဟုတ်ပေ၏။ ကျိန်းသေပေါက် မြကျောက်၏ မျက်နှာပြင်ပေါ်တွင် အမှုန့်တချို့ကို ဖြူးထားခြင်းပင် ဖြစ်၏။ အလင်းရောင်ကို လုံလောက်စွာ စုပ်ယူပြီးသည့်နောက် ထိုအရာသည် အမှောင်ထဲကို ထားလိုက်ပါက လင်းလာပေလိမ့်မည်။
ထိုအရာ အလင်းရောင်ဆုံးရှုံးသွားမည်ကို စိုးရိမ်စရာ မလိုအပ်ချေ။
အဘယ်ကြောင့်ဆိုသော် ချင်ဘုရင်၏ ရတနာတိုက်သည် အလင်းတန်းများဖြင့် လင်းလက်တောက်ပလျက် ရှိနေသောကြောင့်ပင်။ အမြဲတမ်း တောက်ပလျက် ရှိနေ၏။ ထို့ကြောင့် နေ့တိုင်းနေ့တိုင်း ထိုဆီမှ အလင်းများကို စုပ်ယူနိုင်စွမ်းရှိ၏။
ထို့အပြင် ချင်ဘုရင်သည် ပျင်းနေသည့်အချိန်တိုင်း သူ၏ ရတနာတိုက်ထဲသို့ ဝင်ရောက်ပြီး အထဲရှိ သူ ခိုးဆိုးလုယက်ထားသည့် အရာများကို မျက်စိအရသာခံ ကြည့်ရှုတတ်သည့် စိတ်ဆန္ဒ ရှိ၏။ ရတနာတိုင်း၊ ရတနာတိုင်းသည် သူတိုက်ခိုက်၍ ရရှိခဲ့သည့် သူ၏ အောင်မြင်မှုများပင် ဖြစ်သည် မဟုတ်ပါလား။
............
ရှမ့်လန်က ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ်ဆီမှာ ဒုတိယမြောက်ပေးရမယ့် လက်ဆောင် ရှိပါသေးတယ်”
ချင်ဘုရင်က ပြောလိုက်သည်။ “ဪ... ကြည့်ရအောင် ယူခဲ့စမ်း”
ရှမ့်လန်သည် သစ်သားသေတ္တာတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် သေသေချာချာ ကြည့်ရှုလိုက်၏။ အားလုံးသောသူတို့သည် အထဲတွင် ရှိသည့်အရာကို ရင်းနှီးပြီးသားဖြစ်၏။ ဆေးလိပ်ပင် ဖြစ်၏။
ရှမ့်လန်သည် ပထမဦးဆုံး ထိုဆေးလိပ်ကို ကောက်ယူ၍ မီးညှိလိုက်၏။ ပါးစပ်ဝတွင် အသာတေ့ပြီးနောက် သေသေချာချာ ရှိုက်ဖွာလိုက်သည်။
“ဖူး..” ဆေးလိပ်မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။ ဟုတ်ပေ၏။ ထိုအရာက သက်တောင့်သက်သာတော့ မဖြစ်ချေ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုပါက အားလုံးသောသူတို့သည် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်၏။
သို့ပေမည့် ရှမ့်လန်မှာတော့ တကယ့်ကို သောက်ကောင်းသည့် ဟန်ပန်အမူအရာမျိုးဖြင့် ဟန်ထုတ်လျက်ရှိနေသည်။
ဤကဲ့သို့သော အပြုအမူသည် ကျိန်းသေပေါက် ဆေးလိပ်ကုမ္ပဏီများ၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ခန့်အပ်ခံထားရမည့် လူတစ်ယောက်၏ ပါရမီရှင်ဟန်ပန်မျိုးပင်။
ယခင်ဘဝက ရှမ့်လန်သည် ဆေးလိပ်အလွန်သောက်ခဲ့သူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် ဤဘဝမှာတော့ သူသည် ဆေးလိပ် တစ်လိပ်ကိုမှ ယခင်က မသောက်ခဲ့ချေ။
ဟုတ်ပေ၏။ သူ့ကို မည်သူမှတားဆီးထား၍ မဟုတ်ချေ။ သောက်ချင်သည်ဆိုပါက ကျိန်းသေပေါက် ယူ၍ သောက်နိုင်၏။ သူ၏ နီထွေးသောနှုတ်ခမ်းများ ခရမ်းရောင်ပြောင်းသွားမည် စိုးသောကြောင့် မသောက်ခြင်းဖြစ်သည်။
ဤဆေးလိပ်ကို ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ရရှိခဲ့ခြင်း ဖြစ်၏။
ချင်ဘုရင်သည် ဆေးလိပ်ကို အသာယူကာဖြင့် ရှူကြည့်လိုက်၏။ ပြီးနောက် အထင်အမြင်သေးစွာ ပြောလိုက်၏။ “အင်း.. ဒါက နတ်မြက်တစ်ခု မဟုတ်လား။ ဒါကို ရတနာလို့ခေါ်ဖို့ ထိုက်တန်လို့လား”
အနောက်တိုင်းဒေသတွင် ခေါ်ဆိုသည့် ဆေးရွက်ကြီးသည် ဤနေရာတွင်တော့ နတ်မြက်ဟု ခေါ်၏။ ချင်ဘုရင်သည် ထိုအရာကို သိရှိသည်။ သူသိသည်မှာ ယခုလို လိပ်ထားသည့်ပုံစံမျိုးတော့မဟုတ်ချေ။ နတ်မြက် အကြမ်းထည်ဖြစ်သည်။
ချင်ဘုရင်သည် ထိုအရာကို နှစ်သက်၏။ ညစဉ်ညတိုင်းဆိုလျှင် အိုးတစ်ခုထဲသို့ထည့်၍ မီးရှို့ကာ နှစ်နှစ်ခြိုက်ခြိုက်ရှူပြီး အိပ်စက်တတ်၏။ ထိုအရာကို သူ စွဲပင်စွဲလန်းနေခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ရှမ့်လန် လုပ်သလို လိပ်ကာ သောက်သည့်အရာမျိုးကို သူမလုပ်ဖူးချေ။
ရှမ့်လန်သည် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ဤဘုရင်၏ သတင်းအချက်အလက်များကို စုံစမ်းခဲ့သည်။ ထို့ကြောင့် ဤဆေးလိပ်များကို ကြိုတင်ကာ ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။ ထိုမျှသာ မကသေးချေ။ ဤယူဆောင်လာခဲ့သည့် ဆေးလိပ်ပေါင်း ၁၀၀ ကျော်တို့ထဲတွင် တချို့သော ထူးခြားသည့်အရာများကို ထည့်သွင်းထားသေး၏။
သို့ပေမည့် ချင်ဘုရင်သည် သံသယကြီးသူ တစ်ယောက်ဖြစ်၏။ ဤနတ်မြက်များသည် အဆိပ်ရှိသည့်အရာမျိုးမဟုတ်ကြောင်း သက်သေမပြနိုင်ခင် ထိုအရာကို ကျိန်းသေပေါက် သောက်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီဒါက အနောက်တိုင်းရဲ့ ဆေးရွက်ကြီးနဲ့ အလုံးစုံ ခြားနားပါတယ်။ ဒါသောက်ပြီးတဲ့အချိန်မှာ စိတ်အားတက်ကြွမှုတွေ ဖြစ်လာတယ်။ ကိုယ်လက်ပေါ့ပါးမယ်။ နေလို့ကောင်းမယ်။ ဒီလို ဆေးဖက်ဝင်ပါတယ်”
ချင်ဘုရင်သည် ထိုအရာကို နှာခေါင်းနှင့် အနံ့ရှူလိုက်၏။ အနောက်မှ နတ်မြက်များထက် ပိုမိုကာ မွှေးပျံ့သည်ကို သူက ခံစားမိ၏။ အဘယ်သို့ မမွှေးပျံ့ဘဲ နေမည်နည်း။ ရှမ့်လန်သည် ထိုအရာထဲသို့ ဆေးခြောက်များ ထည့်သွင်းထားခြင်းဖြစ်သည်။
ချင်ဘုရင်သည် စိတ်ဝင်တစားဖြစ်သွားခဲ့၏။ သို့ပေမည့် သူသည် ထိုအရာကို သောက်သုံးရန်အတွက် လျစ်လျှူရှု ခဲ့၏။
“ယူထားလိုက်တော့” တစ်ချက် အမိန့်ပေးပြီးနောက် သူသည် ကြီးမားသည့် ဆေးလိပ် သေတ္တာကြီးကို သိမ်းဆည်းစေသည်။
ယခု ရှင်းရှင်းလင်းလင်းပြုလုပ်ရန် တစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။ ရှမ့်လန်ကြောင့် ချင်နိုင်ငံတော်ဆီသို့ အဘယ်ကြောင့် ရောက်ရှိလာရသနည်း။ သူ၏ယောက္ခထီးအား ရွှမ်ဝူနယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ရရှိရန်အတွက်လား။ ကျိန်းသေပေါက် မဟုတ်ချေ။ စုကလန်ကို ဖျက်ဆီးရန်အတွက်သာလျှင် ဖြစ်၏။
သူ ရွှမ်ဝူမြို့တွင် နေထိုင်စဉ်က ကျင်းမိသားစုအား မူဝါဒသစ်၏ ပိုက်ကွန်အောက်ဆီမှ လွတ်မြောက်ရန် ကူညီပေးချင်ခဲ့၏။ ထိုအရာမျိုးအား ရေရှည်စီမံခန့်ခွဲမှုမျိုးကို ပြုလုပ်ရန် လိုအပ်၏။ ရှမ့်လန်သည် သူ၏ မဟာဗျူဟာကို လွန်ခဲ့သည့် တစ်နှစ်တည်းက ကြိုတင်ကာ ချမှတ်ထားပြီးဖြစ်သည်။
ပထမဦးဆုံး ခြေလှမ်းအနေနှင့် ကျင်းချန်ကျွန်းကို တိုက်ခိုက်ရမည်ဖြစ်ပြီး ဒုတိယခြေလှမ်းအနေနှင့် ဝမ်ကျားကျွန်းကို သိမ်းပိုက်ရမှာ ဖြစ်၏။ တတိယခြေလှမ်းအနေနှင့် နုရှောင့်မြို့ကို သိမ်းဆည်းရမှာ ဖြစ်ပြီး သူတို့သည် ပင်လယ်ပြင်၏ ဘုရင်ကြီး ဖြစ်လာခဲ့၏။ နောက်ဆုံးမှာတော့ အရာအားလုံးတို့က အောင်မြင်ခဲ့၏။
စုကလန်ကို ဖျက်ဆီးရန်အလို့ငှာ ရှမ့်လန်သည် အဆင့်လေးဆင့် မဟာဗျူဟာကို ချမှတ်ခဲ့၏။ ပထမအဆင့် အနေနှင့် ချင်နိုင်ငံမှ လူများအား ဘုံကျောင်းကို မီးရှို့ခိုင်းစေခြင်းပင် ဖြစ်၏။ ဒုတိယခြေလှမ်းအနေနှင့် ရှမ့်လန်သည် ချင်နိုင်ငံတော်ဆီသို့ သွားရမှာ ဖြစ်၏။ တတိယခြေလှမ်းအနေနှင့် မူဝါဒသစ်နေရာတွင် ကျန်းချုံးကို အစားထိုးပြီး စုကလန်ကို ဒုက္ခပေးရန်ပင် ဖြစ်၏။ စတုတ္ထခြေလှမ်းမှာတော့ အရှေ့နှင့် အနောက်ဘက်ဆီမှ လူများကို ရုတ်တရက် တိုက်ခိုက်ရန်ပင် ဖြစ်၏။ ထိုအချိန်တွင် စုကလန်သည် ကျိန်းသေပေါက် သုတ်သင် ရှင်းလင်းခြင်း ခံရပေလိမ့်မည်။ ခြေလှမ်းတစ်ခုချင်းစီက ချိတ်ဆက်လျက်ရှိနေသည်။
ယခင်တုန်းက သူ အထပ်ထပ် ပြောခဲ့၏။ စုကလန်ကို ဖျက်ဆီးမည်ဟူ၍ပင်။ သူသည် ထိုကဲ့သို့ ဖျက်ဆီးသည့် နေရာတွင် ချင်နိုင်ငံကို အသုံးပြုရပေလိမ့်မည်။