အပိုင်း (၂၉၈)
Vol. 22 Ch. 298
ဟုတ်ပေ၏။ သူသိရှိသည်။ ဤမှန်အသစ်သည် အရှေ့ဘက်ပြည်နယ်တစ်ခုလုံးတွင် နာမည်ကျော်ကြားနေသည့် မှန်ပင် ဖြစ်၏။ ဤမှန်ကို ရရှိရန်အလို့ငှာ များပြားလွန်းသည့် နိုင်ငံအသီးသီးဆီမှ ကုန်သည်ပေါင်းများစွာတို့သည် အရှေ့ဘက်ပြည်နယ်ဆီသို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်တာအို အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုလျက် ရှိနေကြ၏။
ကောင်းကင်တာအိုအဖွဲ့အစည်းသည် အရှေ့အနောက် ကုန်သွယ်ရေးဇုန် တစ်ခုလုံးကို စတင်ကာ သိမ်းပိုက်နေပြီ ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင် မှန်သည် လေလံနှင့်သာ ရောင်းချသည့် အရာဖြစ်၏။ ထိုအတွက် ပေးဆပ်ရသည့် တန်ကြေးကလည်း မိုးလောက်ပင် မြင့်မား၏။ သို့ပေမည့် နောက်ဆုံးအကြိမ် လေလံပွဲ၌ ထုတ်ရောင်းခဲ့သည့် အကြီးမားဆုံးသော မှန်သည် ၆ ပေပင် မပြည့်ခဲ့ချေ။ သူ၏ ရှေ့တွင် ရှိနေသည့် မှန်မှာတော့ အဆမတန် ကြီးမားနေသည်။
ချင်ဘုရင်၏ မိဖုရား လော့ရန်သည် ရှမ့်လန်အပေါ်တွင် အလွန်ကြီးမားသည့် မုန်းတီးမှုမျိုး တည်ရှိ၏။ သို့ပေမည့် သူမသည် မိန်းမတစ်ယောက် ဖြစ်၏။ ကြီးမားလွန်းသည့် မှန်ကြီးကို မြင်ရချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ တုန်ယင်သွားမိ၏။
ရှမ့်လန်က ပြောလိုက်သ်။ “အရှင်မင်းကြီး... အခု ကျုပ်တို့က စုကလန်အစား နေရာဝင်ယူနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကို ယုံကြည်ပြီလား”
ချင်ဘုရင်သည် မှန်ကို ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ လောဘတရား၏ အရိပ်အယောင်များ ပြည့်နှက်လာခဲ့၏။ သူက ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ “မှန်ကို လက်ခံပြီး ရှမ့်လန်ကို ထိန်းသိမ်းထား။ ကျင်းမိသားစုက နှစ်စဉ်နှစ်တိုင်း ရွှေဒင်္ဂါး တစ်သိန်းတိတိ ပေးရမယ်။ ပြီးတော့ ကျင်းမိသားစုက နှစ်စဉ်နှစ်တိုင်း ကျုပ်ကို ဒီလိုမှန်မျိုး တစ်ထောင်တိတိ ပေးရမယ်”
ဤအရာသည် ချင်ဘုရင်၏ အစစ်အမှန် မျက်နှာသာ ဖြစ်၏။ တစ်ကိုယ်ကောင်းဆန်ပြီး အလွန်လည်း လောဘကြီး၏။ လူသားတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ တကယ့်ကို ဆိုးယုတ်လွန်းလှချေ၏။ ဤကဲ့သို့သော လူစားမျိုးသည် သတ်ဖြတ်သင့်သည့် လူမျိုးပင် ဖြစ်သည်။
သို့ပေမည့် အနည်းဆုံး အနေနှင့် ရှမ့်လန် ချင်ပြည်နယ်မှ သံတမန်များကို ဘုံကျောင်းမီးရှို့ခိုင်းခဲ့သည့် ကိစ္စက ပြေလည်သွားခဲ့ပြီ ဖြစ်၏။
လော့ရန်သည် သဘောမတွေ့လို ခံစားလိုက်မိ၏။ ရှမ့်လန်သည် အန္တရာယ်စက်ကွင်းဆီမှ ထပ်မံကာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ တစ်ဖက်လူကို သူမ သတ်ဖြတ်ပစ်၍ မဖြစ်နိုင်တော့ချေ။
ထိုအချိန်မှာပင် ချင်ဘုရင်၏ အကြည့်သည် ကျိုးပိုယုဆီသို့ ရောက်ရှိသွားခဲ့၏။ ကျိုးပိုယုနှင့် လော့ရန်တို့သည် မောင်နှမများ ဖြစ်ကြောင်း သူ ယုံကြည်၏။ သို့ပေမည့် ဤလူများ၏ အပြစ်ကင်းစင်မှုကို သူ ကျိန်းသေပေါက် မယုံကြည်သေးချေ။ ဤကိစ္စကို ဆက်လက်ကာ လိုက်ပါရမည်လား။ သို့မဟုတ် ဤတာအိုဘုန်းကြီးကို နှင်ထုတ်လိုက်ရမည်လား။ သို့မဟုတ် တစ်ခါတည်း သတ်ဖြတ်ပစ်ရမည်လား။
မသတ်ခြင်းက ပို၍ကောင်း၏။ ထို့အပြင် တစ်ဖက်လူ၏ ဆေးစွမ်းရည်က ထက်မြက်လွန်း၏။ ကျိုးပိုယုသည် လူသိမခံဝံ့သည့်ရောဂါများကိုပါ ကုသနိုင်စွမ်းရှိသည့် သမားတော်တစ်ယောက် ဖြစ်သောကြောင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရပေလိမ့်မည်။ လော့ရန်အနားမကပ်နိုင်ရန် စောင့်ကြည့်ထားလျှင် အဆင်ပြေသည်။
ကျိုးပိုယုကလည်း ချင်ဘုရင်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်၏။ ဒူးထောက်ကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ်ကို နှင်ထုတ်မယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ တော်ဝင်မိသားစုမှာ ကျောက်ရောဂါ ဖြစ်လာပြီဆိုရင် ဘယ်သူ ကုသပေးမှာလဲ”
တာအိုဘုန်းကြီးသည် တကယ့်ကို ကောက်ကျစ်လွန်းသည့် လူတစ်ယောက် ဖြစ်၏။ တော်ဝင်မိသားစုမှ ကျောက်ရောဂါကို ကုသပေးမည်ဟု ပြောဆိုလျက် ရှိ၏။ ချင်နိုင်ငံသူ၊ နိုင်ငံသားများကို ကုသပေးလိမ့်မည်ဟု မပြောခဲ့ချေ။ ပြောလျှင် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သိရှိသောကြောင့်ပင်။
တော်ဝင်မိသားစု၏ သွေးမျိုးရိုးဗီဇက အားကောင်းလွန်း၏။ သူတို့၏ ခုခံအားကလည်း သန်မာလွန်း၏။ ထို့အပြင် တစ်ကိုယ်ရည် တစ်ကာယ သန့်ရှင်းရေးကိုလည်း ဂရုစိုက်တတ်သည့် လူများဖြစ်၏။ ထို့ကြောင့် ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းဆီမှ အသက်ရှင်ရန် ရာခိုင်နှုန်း ပိုမိုကာ များပြား၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ကုပေးနိုင်တယ်”
သူ ချင်နိုင်ငံတော်ဆီသို့ ရောက်ရှိလာခဲ့သည်မှာ ကယ်တင်ရှင် တစ်ယောက်အဖြစ်ရန်ပင်။ ထိုကယ်တင်ရှင် ဆိုသည်မှာ ကျောက်ရောဂါကို ကုသရင်း ဖြစ်တည်လာမည့် အရာမျိုးပင်။ သူသည် ဤအခွင့်အရေးကို အသုံးပြုပြီး ချင်ဘုရင်ကို သတ်ဖြတ်ပစ်ရန် မျှော်လင့်နေမိ၏။
ကျိုးပိုယုသည် အေးစက်စက် ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ ကျောက်ရောဂါကို ကုသပေးနိုင်တဲ့လူက ကျုပ် တစ်ယောက်ပဲ ရှိတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ကုသနိုင်တယ်ဆိုပြီး ဘုရင်မင်းမြတ် ရှေ့မှာ လိမ်နေရတာလဲ။ အရှင်မင်းကြီး... တော်ဝင်မိသားစုတွေရဲ့လုံခြုံရေး၊ ပြီးတော့ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကျေးဇူးပြုပြီး ကျုပ် ဒီနန်းတော်မှာ နေပါရစေ။”
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာခဲ့၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး သွားပါပြီ။ တတိယမင်းသား အာယုဟန်က ကျောက်ရောဂါ ကူးစက်ခဲ့တယ်”
နောက်ထပ်လူတစ်ယောက်သည် အရှေ့သို့ ပြေးဝင်လာကာဖြင့် ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “အရှင်မင်းကြီး... တကယ့်ကို ဆိုးပြီပဲ။ မင်းသမီးလေးလည်း ကျောက်ရောဂါ ကူးစက်ခဲ့ပြီ”
သူ ပြောပြောပြီးချင်းမှာပဲ ချင်ဘုရင် အာယုခန်၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ သူ၏ အငယ်ဆုံး သားနှစ်ယောက်သည် မကြာသေးခင်ကမှ ကျောက်ရောဂါမှ ပျောက်ကင်းခဲ့သည်။ သို့ပေမည့် နောက်ထပ် နှစ်ယောက်က ထပ်မံ ကူးစက်ခဲ့ပြန်သည်။
သူ၏ တတိယသား အာယုဟန်သည် သူအချစ်ခင်ဆုံးသော သားတစ်ယောက် ဖြစ်ပြီး သားများထဲတွင် သူ ကြိုက်နှစ်သက်ဆုံးသော သားလည်း ဖြစ်၏။
ပြောနေစရာပင် မလိုအပ်ချေ။ မင်းသမီးလေး အာယုနာနာ မှာတော့ သူ၏ မျက်လုံးထဲတွင် ချစ်စရာ အကောင်းဆုံးသော မင်းသမီးလေး ဖြစ်၏။ သူ၏တတိယသားနှင့် သမီးတို့ကို ဆုံးရှုံးခြင်း ဆိုသည်မှာ ချင်ဘုရင်အတွက် အလွန်ဆိုးဝါးသည့် နာကျင်မှုမျိုးပင် ဖြစ်ပေလိမ့်မည်။
ကျိုးပိုယုက ပြောလိုက်သည်။ “အရှင်မင်းကြီး... ရှမ့်လန်က ကျောက်ရောဂါကို ကုသပေးနိုင်တယ်လို့ ပြောတယ် မဟုတ်လား။ ဒါကြောင့် သူ့ကို သက်သေပြဖို့အတွက် အခွင့်အရေး ပေးသင့်တယ်။ ကျုပ်က တတိယမင်းသား အာယုဟန်ကို ကုသပေးပါ့မယ်။ ရှမ့်လန်က မင်းသမီးလေးကို ကုသပေးလိမ့်မယ်။ တတိယမင်းသားရဲ့ ကျောက်ရောဂါကို တစ်ညအတွင်း ကျုပ် ကုသပေးနိုင်တယ်ဆိုရင် ကျုပ်က အစွမ်းထက်တဲ့ ဆေးပညာ ပိုင်ဆိုင်လို့ပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဆေးကလည်း တစ်ခုပဲ သုံးလို့ရတယ်”
မည်မျှ ကောင်းမွန်သည့် ဇာတ်ကြောင်းနည်း။ ရှမ့်လန်က ချက်ချင်းပင် နားလည်သွားခဲ့၏။ ဤ ကျိုးပိုယုသည် သူ ထင်မှတ်ထားသည်ထက် ပိုမိုကာ ကောက်ကျစ်သည့် လူတစ်ယောက် ဖြစ်၏။ ချင်ဘုရင်၏ မင်းသားငယ်လေးကို ကုသခြင်း ဆိုသည်မှာ ကျိန်းသေပေါက် အတုယောင်သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤကဲ့သို့သော ကျောက်ရောဂါအတုသည် ကျိုးပိုယုနှင့် လော့ရန်တို့ပင် ဖန်တီးထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော ရောဂါအတုကို ကုသခြင်းသည် ကျိုးပိုယုအတွက် အကျိုးထူးနိုင်မည့် ကိစ္စရပ်မျိုးပင်။
ထို့အပြင် သူ၏ ဆေးသည် တကယ့်ကို ရှားပါးလွန်းပြီး တော်ဝင်မျိုးနွယ်များကိုသာ ကုသနိုင်စွမ်း ရှိသည်ဟု ပြောဆိုထားခဲ့၏။ သာမန်လူများကို ကုသပေး၍ မရနိုင်ကြောင်း ကြိုတင် ကာထား၏။ ချင်ဘုရင်သည် ဤကဲ့သို့သော ဇာတ်ကြောင်းအောက်တွင် တစ်ခါတည်း ကျဆုံးသွားခဲ့၏။ ကျိုးပိုယုကို အသက်ရှင်လျက် ထားရပေမည်။
လက်ရှိ ကျောက်ရောဂါ အခြေအနေက ဆိုးဝါးလာခဲ့ပြီ။ အိမ်ရှေ့စံမင်းသား အာယုထိုင် မှလွဲလျှင် ကျန်သည့် လူအားလုံးတို့သည် ကျောက်ရောဂါကူးစက်မှုကို ခံထားရ၏။ အိမ်ရှေ့စံမင်းသား အာယုထိုင်သည် ငယ်ရွယ်စဉ်အခါက ကျောက်ရောဂါကို ခံစားခဲ့ရဖူး၏။ သူ၏ မျက်နှာတွင် ကျောက်ရောဂါကြောင့် အမာရွတ်များပင် ကျန်ရှိခဲ့၏။ ထို့ကြောင့် နောက်ထပ် ကျောက်ရောဂါ ထပ်မံကူးစက်တော့မည် မဟုတ်ချေ။ တစ်သက်လုံး ကျောက်ရောဂါဖြင့် သေဆုံးလိမ့်မည်လည်း မဟုတ်ချေ။
ကျိုးပိုယုနှင့် လော့ရန်တို့၏ ဇာတ်လမ်း ရှင်းလင်းလွန်း၏။ ချင်နိုင်ငံတော်၏ တတိယမင်းသား အာယုဟန် ဖြစ်တည်ခဲ့သည့် ကျောက်ရောဂါ ဆိုသည်မှာ အတုသာ ဖြစ်ပေလိမ့်မည်။ ကျိုးပိုယုသည် ထိုအရာအားလုံးကို အတုဖန်တီးထားခြင်းသာ ဖြစ်၏။ ကျောက်ရောဂါနှင့် ထပ်တူ တူညီနေသည့် ရောဂါမျိုး ဖြစ်ရမည်။
သို့ပေမည့် မင်းသမီး အာယုနာနာ၏ ကျောက်ရောဂါမှာတော့ အစစ်အမှန် ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူမကို တမင်တကာ ရောဂါကူးစက်ရန် ဖန်တီးပြုလုပ်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူမ နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းသည် တစ်စုံတစ်ယောက်၏ လမ်းကို ပိတ်ပင်တားဆီးခဲ့သလို ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှင်းလင်းပစ်ခြင်းဖြစ်ပုံပေါ်သည်။
ယခု ကျိုးပိုယုသည် ရှမ့်လန်အား မင်းသမီးလေး အာယုနာနာကို ကုသပေးရန် ခိုင်းစေခဲ့၏။ သူကတော့ တတိယမင်းသား အာယုဟန်ကို ကုသပေးရန် ပြင်ဆင်နေ၏။ ရလဒ်မှာ ထင်ရှားလွန်းနေ၏။
မနက်ဖြန်တွင် တတိယမင်းသား အာယုဟန်ကို ကုသခဲ့ပြီးဖြစ်ကြောင်း သက်သေပြမည်ဖြစ်ပြီး အာယုနာနာမှာ တော့ အချိန်အတော်ကြာသည်အထိ ရောဂါဆိုးမှ ရုန်းထွက်နိုင်ရန် ကြိုးစားရပေလိမ့်မည်။
ထိုအချိန်မှာတော့ အရူးကြီးသည် ရုတ်တရက် အနောက်ဘက်ဆီမှ လှမ်းအော်လိုက်၏။ “အရူးလေး.. ငါ့မိန်းမကို ကယ်ပါအုံး၊ ငါ့မိန်းမကို ကယ်အုံး”
ပြီးနောက် သူသည် အသာလှည့်ကာဖြင့် ပြေးထွက်သွားခဲ့သည်။
......
နန်းတော်၏ အပြင်ဘက်တွင် သီးခြား ဖန်တီးထားခဲ့သည့် အခန်းနှစ်ခုကို တည်ဆောက်ထား၏။ ထိုအခန်းအား သစ်သားနှင့် တည်ဆောက်ထားခြင်း ဖြစ်၏။ သီးသန့်ဖန်တီးထားသည့် အခန်းဖြစ်ပြီး အခန်းတစ်ခုလုံးက အလုံပိတ် ဖြစ်၏။ ပြတင်းပေါက်တံခါးပင် မရှိချေ။ အဘယ်ကြောင့်ဆိုသော် လူနာများသည် လေတိုက်ခံ၍ မရသောကြောင့်ပင်။
ချင်နိုင်ငံ၏ တတိယမင်းသား အာယုဟန်သည် ဘယ်ဘက်ခြမ်းရှိ သီးသန့်အခန်းထဲတွင် လဲလျောင်းလျက် ရှိနေလေပြီး ညာဘက်အခန်းထဲမှာတော့ အာယုနာနာက လဲလျောင်းလျက် ရှိနေ၏။ သူတို့၏ နှစ်ခု၏ ကြားတွင် နံရံတစ်ခုသာလျှင် ကွာခြား၏။
ထင်မှတ်ထားသည့်အတိုင်းပင် အာယုနာနာ၏ မျက်နှာသွင်ပြင် တစ်ခုလုံး၌ ကျောက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်းမှ ကူးစက်ခဲ့သည့် အရာဖြစ်ကြောင်း တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိရှိနိုင်၏။ သူမသည် ဇာတ်ကွက်ချ ခံခဲ့ရခြင်းသာ ဖြစ်ပေလိမ့်မည်။
“ထွက်ကြ၊ ထွက်သွား”
အာယုနာနာသည် အရူးကြီးကို မြင်သည့်အချိန်မှာတော့ ချက်ချင်းပဲ အော်ဟစ်လိုက် ၏။ သူမသည် မိတ်ဆက်ပွဲ အခမ်းအနားတွင် အရူးကြီးကို အထင်အမြင်သေးခဲ့၏။ သို့ပေမည့် အရူးကြီးနှင့် နီးစပ်သလို ခံစားမိ၏။ ထို့အပြင် အရူးကြီးသည် သူမ၏ ဂျူနီယာသာလျှင် ဖြစ်၏။ ထို့အပြင် ဤအရူးကြီးသည် စိတ်တိုစရာ ကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။ ထို့အပြင် ခပ်ချောချော လူတစ်ယောက်လည်း မဟုတ်ပေ။
အရူးကြီးသည် အာယုနာနာ၏အနားဆီသို့ ပြေးသွားပြီး သူမ၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်၏။ “မိန်းမ... မကြောက်နဲ့၊ မကြောက်နဲ့။ အရူးလေးက တကယ်တော်တဲ့လူပဲ။ သူ ကျိန်းသေပေါက် မင်းကို ကုသပေးလိမ့်မယ်”
“ရှင် ရူးနေတာလား” အာယုနာနာက ကြောင်အသွားမိ၏။ ကျောက်ရောဂါ ကူးစက်ခံရမည်ကို သိရှိပြီးနောက် အားလုံးသောသူတို့သည် သူမအား မြွေလို၊ ကင်းခြေများလိုပင် ရှောင်ရှားခဲ့ကြ၏။ သူမ၏ အဖေ၊ အမေ အပါအဝင်ပင်။ သို့ပေမည့် အရူးကြီးသည် ကြောက်ရွံ့ခြင်း မရှိရုံသာမက သူမ၏ လက်ကိုပင် လာကိုင်နေ၏။
ကျောက်ရောဂါဆိုသည်မှာ တကယ့်ကို ဆိုးဝါးလွန်းသည့်အရာတစ်ခု ဖြစ်ပြီး တံတွေး၊ အသက်ရှူသည့် လေနှင့်ပင် ကူးစက်နိုင်စွမ်း ရှိနေ၏။ ဤကဲ့သို့ ခန္ဓာကိုယ်ချင်း ထိတွေ့သည်ဆိုပါက ပြောနေစရာပင် မလိုအပ်တော့ချေ။
“မိန်းမ၊ မကြောက်နဲ့၊ မကြောက်နဲ့” အရူးကြီးသည် ထိုစကားကို ဆက်တိုက်ဆိုသလို အော်ဟစ်လျက်ရှိ၏။
ရုတ်တရက် အာယုနာနာ၏ နှလုံးသားတစ်ခုလုံးသည် အနည်းငယ် တုန်ယင်သွားခဲ့၏။ သူမသည် နှလုံးသားထဲ၌ နွေးထွေးသည့် ခံစားချက်များကို ရရှိလာခဲ့၏။ သူမက အလွန်အားကောင်း၏။ အနှိုင်းမဲ့ ဖြစ်သည်ဟုလည်း ခံစားမိ၏။ ထို့ကြောင့် သူမအတွက် ယောက်ျား မလိုအပ်ချေ။ သူမ၏ ဆရာကို ကြည့်ရှုသင့်၏။ သူမ၏ ဆရာသည်လည်း ယောက်ျား မလိုအပ်ချေ။
သို့ပေမည့် ကျောက်ရောဂါ ကူးစက်ခံရပြီးသည့်နောက်မှာတော့ သူမသည် ကြောက်လန့်မှုများကို ခံစားခဲ့ရ၏။ သူမသည် ကျောက်ရောဂါ ကူးစက်ခံရကြောင်း သိရှိသည့်အချိန်မှာစ၍ ကြောက်လန့်မှုများနှင့် နေထိုင်ခဲ့ရ၏။ တွေးထင်ထားသလောက် ရဲရင့်မှုမရှိကြောင်း သူမကိုယ်သူမ သိရှိခဲ့သည်။
သူမ၏အနားဆီမှ အားလုံးသောသူတို့ ဖယ်ခွာကာ ခပ်ဝေးဝေးသို့ရှောင်ကြသည့် အချိန်၌ သူမသည် အထီးကျန်ပြီး ကူညီမဲ့သည်ဟု ခံစားမိ၏။ ထိုအချိန်မှာတော့ ဘေးတစ်ဖက်၌ အရူးကြီး ပေါ်လာခဲ့ပြီး သူမ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ အားပေးလျက် ရှိနေ၏။ အရူးကြီးသည် ဤအချိန်မှာတော့ အလွန်တရာ အရပ်မြင့်မားသည်ဟု သူမက ခံစားမိ၏။ သူမသည် အလုံးစုံသော လုံခြုံမှုကို ခံစားလိုက်ရသကဲ့သို့ပင်။
အချက်အလက်အားဖြင့် အရူးကြီးသည် ကျောက်ရောဂါ ကူးစက်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် အရူးကြီးကို ကြိုတင်ကာ ဆေးထိုးထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
သီးခြားဆန်သည့် အခန်း၏ အပြင်ဘက်မှာတော့ တာအိုဘုန်းကြီး ကျိုးပိုယုက ပြောလိုက်၏။ “ရှမ့်လန်.. ကျုပ် တတိယမင်းသား အာယုဟန်ကို ကုသပေးမယ်။ မင်းက မင်းသမီးလေး အာယုနာနာကို ကုသလိုက်။ အရှင်... ကျုပ် ကျိန်းသေပေါက် သစ္စာတရားတစ်ခုကို ဖန်တီးချင်ပါတယ်။ တတိယမင်းသား အာယုဟန်ကို မနက်ဖြန် မနက်ခင်းမှာ ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုရင် ကျုပ်ကို ဒီနေရာမှာ ဆက်ပြီးထားပါ။ ကျုပ် တော်ဝင်မိသားစုကို စောင့်ရှောက် ကာကွယ်ပေးပါ့မယ်”
ကျိုးပိုယုက ပြောလိုက်၏။ “တကယ်လို့ မနက်ဖြန် ရောက်သည်အထိ အာယုဟန်ကို ကုသနိုင်ခြင်း မရှိဘူးဆိုရင် ကျုပ်ကို အပိုင်းတစ်ထောင်လောက် ခုတ်ဖြတ်ပြီးတော့ သတ်ပစ်လိုက်ပါ”
ချင်ဘုရင်က မေးလိုက်သည်။ “သေချာလို့လား”
ကျိုးပိုယုက ပြောလိုက်၏။ “တကယ့်ကို ကျိန်းသေပါတယ်”
ပြီးနောက် သူသည် လက်ချောင်းကို အသာကိုက်ပြီးထွက်လာသည့် သွေးဖြင့် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုး၏။ ပြီးနောက် ကျိုးပိုယုက ဆက်လက်ကာ ပြောလိုက်သည်။ “မနက်ဖြန် မင်းသားလေး အာယုဟန်ကို ကုသပြီးသွားရင် ရှမ့်လန် ဒီမှာ နေစရာ မလိုဘူးဆိုတာ သက်သေပြပြီးသား ဖြစ်လိမ့်မယ်။ မနက်ဖြန်ကျရင် သူ့ကို တစ်ခါတည်း နှင်ထုတ်လိုက်ပါတော့ အရှင်မင်းကြီး”
ပြီးနောက် တာအိုဘုန်းကြီး ကျိုးပိုယုသည် ရဲရဲဝံ့ဝံ့ ဆိုသလိုပင် တတိယမင်းသား အာယုဟန်၏ အခန်းထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။ အားလုံးသောသူတို့သည် သူ့ကို ချီးကျူးသလို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။
သို့ပေမည့် ရှမ့်လန်မှာတော့ အာယုနာနာ၏ သီးသန့်အခန်းထဲသို့ မဝင်သွားခဲ့ချေ။
ချင်ဘုရင်က ပြောလိုက်သည်။ “ရှမ့်လန်.. မင်း ကျောက်ရောဂါကို ကုသပေးနိုင်တယ်လို့ ပြောတယ် မဟုတ်လား။ ဘာလို့ အထဲကို ဝင်ပြီး နာနာကို မကုသရတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... နောက်ကျနေပြီ။ ဒီနေ့က နေ့ကောင်းနေ့မြတ် မဟုတ်ဘူး။ ကျုပ် မနက်ဖြန်မှ စပြီး ကုသမယ်”
ထိုစကားကိုကြားတော့ ကျိုးပိုယုက ကျယ်လောင်စွာ ရယ်ရယ်လိုက်၏။
“အရှင်... သေချာနားထောင်ကြည့်။ ဒီရှမ့်လန်က ကျောက်ရောဂါကို ဘယ်လို ကုသရမယ်ဆိုတာတောင် သိတဲ့လူ မဟုတ်ဘူး။ သူက မင်းသမီးရဲ့အခန်းထဲတောင် မဝင်ရဲဘူးလေ။ စောင့်နေလိုက်။ ကျုပ် တတိယမင်းသား အာယုဟန်ကို ကုသပေးမယ်။ မနက်ဆိုရင် မင်းသားရဲ့ ရောဂါပျောက်ပါပြီ။ အချိန်ရောက်ပြီဆိုရင် ဒီရှမ့်လန်ကို ကျေးဇူးပြုပြီး သတ်ပေးပါ”
ချင်ဘုရင်သည် ရှမ့်လန်ကို လက်ညှိုးညွှန်လိုက်၏။ “မင်းကို ငါ အခွင့်အရေး ပေးပြီးသား။ အကယ်၍ ကျိုးပိုယုကသာ တစ်ညအတွင်း အာယုဟန်ကို ကုသနိုင်ခဲ့တယ်ဆိုရင် မနက်ဖြန် ငါ မင်းကို သတ်မယ်”
ပြီးနောက် ချင်ဘုရင်က ထွက်ခွာသွားခဲ့သည်။
မိဖုရား လော့ရန်သည် ရှမ့်လန်ကို စူးစိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “ရှမ့်လန်... ရှင်ကတော့ မနက်ဖြန် သေပြီပဲ”
ရှမ့်လန်သည် ဘာတစ်ခွန်းမှ မပြောချေ။ သူသည် ညွှန်ကြားရုံသာလျှင် တတ်နိုင်၏။ “ဟွမ်ဖန်... မင်းက မိန်းကလေး ဖြစ်တာမို့ မင်းသမီးအခန်းထဲဝင်ဖို့ ပိုပြီးသင့်တော်တယ်။ ဒီတော့ အာယုနာနာရဲ့ အခန်းထဲကို ဝင်ပြီး သူမကို သေချာ ဂရုစိုက်ပေးလိုက်”
ဟွမ်ဖန်က ကြောင်အသွားခဲ့၏။ “ကောင်းပါပြီ”
ရှမ့်လန်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ညအချိန်ဆိုရင် အရမ်းအေးတယ်။ ဒီတော့ မီးဖိုကို မီးစာမြင့်ဖို့အတွက် သတိထားအုံး”
ပြီးနောက် ဟွမ်ဖန်ကြားရုံ စကားအနည်းငယ်ကို မှာကြားလိုက်၏။
ဟွမ်ဖန်က တည်ငြိမ်စွာ ပြန်လည်ကာ ပြောဆိုသည်။ “ကောင်းပါပြီ”
တတိယမင်းသားအာယုဟန်၏ သီးခြားအခန်းထဲမှာတော့ တံခါးက ခပ်တင်းတင်း ပိတ်ထား၏။
အစောကြီးတည်းက အာယုဟန်သည် သတိလစ်မေ့မြောနေသောကြောင့် ဘာတစ်ခုမှ သိရှိလိမ့်မည် မဟုတ်ချေ။ တာအိုဘုန်းကြီး ကျိုးပိုယုသည် သူ ပြောသည့် အစွမ်းထက်သော ဆေးတော်ကြီးကို ထုတ်ယူလိုက်၏။ ထိုအရာသည် လိမ်းဆေးတစ်မျိုးသာ ဖြစ်၏။ တတိယမင်းသား၏ ပါးနှစ်ဖက်တွင် ထိုအရာများကို လိမ်းပေးလိုက်၏။ ဤရောဂါက ကျောက်ရောဂါ မဟုတ်ချေ။ ကျောက်ရောဂါကဲ့သို့ ဆင်တူသည့် အတုဖြစ်သည်။
ဤအရာက ကျိုးပိုယု၏ လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်၏။ သူသည် ကျောက်ရောဂါအတုကို ဖန်တီးနိုင်၏။
သေချာပေ၏။ သူသည် တတိယမင်းသား၏ အနာပေါ် လိမ်းရန်အတွက်ပင် လိမ်းဆေးဆီများကို ကြိုတင်ကာ ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ လေးနာရီလောက်ကြာမြင့်ပြီးနောက် အာယုဟန်၏ မျက်နှာပေါ်ရှိ အနာများသည် မှေးမှိန်လာသည်။ နောက်တစ်နေ့ မနက်ခင်းတွင် အနာအားလုံးသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားပေမည်။
ထိုအချိန်မှာတော့ သူ ကျိုးပိုယုသည် တစ်ညအတွင်း ကျောက်ရောဂါကို ကုသနိုင်စွမ်း ရှိသည့် လူတစ်ယောက် အဖြစ် ထင်ပေါ်ကျော်ကြားလာပေလိမ့်မည်။ ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် သူနှင့် ပတ်သက်၍ နှလုံးသားထဲ၌ အကြိတ်အထုံးရှိနေလျှင်တောင်မှ သူ့အား ဘေးတစ်ဖက်တွင် ထားရပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည် တော်ဝင်မိသားစုကို ကာကွယ်ပေးနိုင်သောကြောင့်ပင်။
မင်းသမီးလေး အာယုနာနာ၏ အစစ်အမှန် ကျောက်ရောဂါမှာတော့ သူ၏ ဆေးစွမ်းကို အသုံးပြု၍ ကုသမရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆေးသည် တစ်ယောက်တည်းကိုသာ ကုသနိုင်သည့် ပမာဏမျိုးသာ ကျန်တော့ကြောင်း ကြိုတင် စကား ကာထာခဲ့ပြီး ဖြစ်သောကြောင့်ပင်။
“ဟား ဟား ဟား... ရှမ့်လန်၊ မင်းကတော့ သေပြီပဲ။ မနက်ဖြန် မနက်ခင်းရောက်ရင် တတိယမင်းသား အာယုဟန်က ရောဂါပျောက်သွားလိမ့်မယ်။ ဒါဆိုရင် ငါက အလှည့်ပြောင်းတစ်ခုကို ဖန်တီးနိုင်ပြီ။ ရှမ့်လန် မင်းကတော့ ဆိုးဆိုးရွားရွား သေဆုံးရတော့မယ်”
…………
ဤအခန်းတစ်ခုလုံးသည် သီးသန့်အခန်းတစ်ခုဖြစ်သည်။ သို့ပေမည့် ကျိုးပိုယုသည် မင်းသား၏အခန်းဆီမှ ထွက်ခွာသွားရန် ရည်ရွယ်ချက်ဟူ၍ မရှိချေ။ မတော်တဆ ကိစ္စရပ်များ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဤနေရာဆီမှ မထွက်ခွာဘဲ ဆက်လက်နေထိုင်ရန် စဉ်းစားထား၏။
ထိုအချိန်မှာတော့ အမျိုးသမီးတစ်ယောက်၏ အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ လော့ရန်၏ အယုံကြည်ရဆုံးသော ကျေးကျွန်အစေခံပင် ဖြစ်သည်။ “ဆရာကြီးကျိုး.. ရှမ့်လန်က ရုတ်တရက် ဘုရင်ကို လာတွေ့ပါတယ်။ သူ တစ်စုံတစ်ခု ပြုလုပ်မှာ စိုးရတယ်။ ကျေးဇူးပြုပြီး သွားကြည့်ပါအုံး”
ကျိုးပိုယုက မေးမြန်းလိုက်၏။ “ဘာကြောင့် လော့ရန်က မသွားရတာလဲ”
အမျိုးသမီးက ပြန်ဖြေလိုက်၏။ “ဘုရင်မင်းမြတ် ဆရာကျိုးကို မျက်နှာပေးဖို့ သူ လုံးဝ မလှုပ်ရှားနိုင်တဲ့အထိ ပြုစုပေးခဲ့ရတယ်။ အခု မိဖုရား အိပ်ရာထဲက မထနိုင်ပါဘူး”
ကျိုးပိုယု ဒေါသထွက်သွားခဲ့၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် တတိယမင်းသားကို တစ်ချက် လှမ်းကြည့် လိုက်၏။ မျက်နှာပေါ်ရှိ ဒဏ်ရာဒဏ်ချက်များသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။ အဆင်ပြေသည်။
သို့နှင့် သူသည် ထိုအခန်းထဲမှ ထွက်ပြီး အပြင်ဘက်၌ စောင့်ကြပ်စစ်ဆေးနေသည့် စစ်သည်အနည်းငယ်ကို လှမ်းကာ မှာလိုက်၏။
“တတိယမင်းသားကို သေသေချာချာ စောင့်ကြပ်ထားကြ။ ဒီအခန်းရဲ့ ဆယ်ပေပတ်လည်အတွင်း ဘယ်သူမှ ဝင်ခွင့်မရှိဘူး”
“ကောင်းပါပြီ” စစ်သည်တော်တစ်ဒါဇင်တို့က ပြန်လည်ကာ ပြောဆို၏။ သူတို့သည် ဓားအိမ်ထဲမှ ဓားများကို အသာထုတ်ကာဖြင့် အဆင်သင့်ပြင်ဆင်ကာ စောင့်ကြပ်လျက် ရှိနေကြသည်။
တာအိုဘုန်းကြီး ကျိုးပိုယုသည် အလျှင်အမြန် ဆိုသလို နန်းတော်ဆီ သွား၏။ ‘ရှမ့်လန်... မင်း ငါ့ကို ဒုက္ခပေးဖို့ အတွက် ဘယ်လိုလှည့်ကွက်မျိုးကို ဖန်တီးအုံးမှာလဲ။ .. ဘာပဲဖြစ်ဖြစ် အသုံးမဝင်ဘူး။ လုပ်မနေနဲ့တော့’
မနက်ဖြန်မနက်ခင်းတွင် တတိယမင်းသား အာယုဟန်၏ ရောဂါက ပျောက်ကင်းသွားပေလိမ့်မည်။ ထိုကဲ့သို့ ကျောက်ရောဂါကို ကုသနိုင်ခြင်းကြောင့် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်လာပေလိမ့်မည်။
ရှမ့်လန်အတွက်မှာတော့ ကျိန်းသေပေါက် သေဆုံးရပေမည်။
သို့ပေမည့် ကျိုးပိုယု ထွက်ခွာသွားပြီး မကြာခင်မှာပဲ ဘေးတစ်ဖက်ရှိ အခန်းလေးဆီမှ သေးငယ်လွန်းသည့် ပြောင်းငယ်လေးတစ်ခု ထွက်ပေါ်လာခဲ့၏။ ကာဗွန်မိုနိုအောက်ဆိုဒ်များကို အထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်၏။ ပြီးနောက် တတိယမင်းသား အာယုဟန်သည် အိပ်ပျော်နေစဉ်မှာပဲ ဘာမှန်းမသိ သေဆုံးသွားပေလိမ့်မည်။