အပိုင်း (၂၉၉)
Vol. 22 Ch. 299
ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံးတို့သည် ရှမ့်လန်ဆီမှ သတ်ဖြတ်ခြင်း နည်းစနစ်ပေါင်းများစွာကို သင်ယူ လေ့လာခဲ့ပြီးပြီ ဖြစ်၏။ ကာဗွန်မိုနိုအောက်ဆိုဒ်သည် ထိုအရာများထဲမှ တစ်ခုသာ ဖြစ်၏။
ဤသီးသန့်အခန်းသည် အလုံပိတ် တည်နေရာကြီး တစ်ခု ဖြစ်၏။ နံရံကြားများအား တင်းတင်းကျပ်ကျပ်စေ့၍ ပိတ်ထားခဲ့ပြီး ကြားအဟလေးများ ရှိသည်ဆိုလျှင်တောင် ထိုအရာက အလွန် သေးငယ်၏။ ရှမ့်လန်၏ သံပိုက်ချောင်းသည် ပြားပြီး သေးငယ်လွန်းသည်ဆိုလျှင်တောင်မှ ထိုဟကြောင်းထဲသို့ ထည့်သွင်းဖို့ ဆိုသည်မှာ ခက်ခဲလွန်းသည်။
မင်းသမီး အာယုနာနာသည် ကျောက်ရောဂါကို အပြင်းအထန် ခံစားနေရ၏။ သူမသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရပြီး ယားယံလို့လည်း နေသေး၏။ ထို့ကြောင့် ကောင်းကောင်း အိပ်မပျော်ချေ။ ရှမ့်လန် တိုက်ကျွေးသည့် အိပ်ဆေးကို သောက်သုံးပြီးမှသာလျှင် သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။
အရူးကြီးက သူမ၏ လက်ကို အသာကိုင်ပြီးသည့်နောက် တွေဝေငေးငိုင်စွာဖြင့် ထိုင်လျက် ရှိနေ၏။ ဟွမ်ဖန်တစ်ယောက် ဘာတွေလုပ်နေသည်ကို သိရှိသော်လည်း သူက မည်သည့် အသံမှမထွက်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်အာရုံတစ်ခုလုံးသည် သူ၏မိန်းမ အပေါ်တွင်သာ တည်ရှိနေသောကြောင့်ပင်။
“မိန်းမ ... မင်းက အရမ်းကို လှတယ်။ မျက်နှာပေါ်မှာ ကျောက်ပေါက်မာတွေ ရှိနေတယ် ဆိုရင်တောင်မှ လှနေတုန်းပဲ။ မစိုးရိမ်နဲ့။ အရူးလေးက မင်းကို ကုသပေးနိုင်တယ်”
……..
အခန်းနှစ်ခုကို သစ်သားနံရံတစ်ခုဖြင့် ပိုင်းခြားထားသည်။ ဟွမ်ဖန်သည် အနည်းငယ်ကျယ်သော အက်ကြောင်း တစ်ခုကို ရှာဖွေပြီးသည့်နောက် အပူပေးသောမီးဖိုငယ်လေးဖြင့် နံရံနားသို့ကပ်ကာ အပူပေးလိုက်၏။ သစ်သားပြားသည် လောလောလတ်လတ်မှ ခုတ်လှဲထားခဲ့သည့် သစ်စိမ်းများ ဖြစ်သောကြောင့် စိုထိုင်း နေသေး၏။ မီးအပူရှိန်ဖြင့် အပူပေးလိုက်ချိန်မှာတော့ အနည်းငယ်ကျုံ့ပြီး အလယ်ဟကြောင်းလေးကို ပိုကျယ်စွာ ပေါ်လာသည်။
ထို့နောက် ဟွမ်ဖန်သည် အခန်းတွင်း အပူပေးသည့် မီးဖိုငယ်ကို လုံအောင် အဖုံးအုပ်လိုက်၏။ အောက်ဆီဂျင် လုံလောက်စွာ မရှိသည့်အခါ မီးသည် ကောင်းစွာ လောင်ကျွမ်းလိမ့်မည် မဟုတ်ချေ။ ထိုသို့ ကောင်းစွာ မလောင်ကျွမ်းပါက အလွန် အန္တရာယ်များသော ကာဗွန်မိုနိုအောက်ဆိုဒ် ဓာတ်ငွေ့များကို ထုတ်လွှတ်ပေလိမ့်မည်။ ထိုဓာတ်ငွေ့သည် ပြွန်ချောင်းမှ တစ်ဆင့် တစ်ဖက်ခြမ်းရှိ အခန်းထဲဆီသို့ အဆက်မပြတ် စီးဝင်သွား၏။
ချင်တိုင်းပြည်၏ တတိယမင်းသား အာယုဟန်အား သတ်ဖြတ်ရန်အတွက် ထိုပမာဏက လုံလောက်ပြီ ဖြစ်၏။ သေဆုံးလောက်ပြီဟု သေချာချိန်၌ ဟွမ်ဖန်သည် ပိုက်ချောင်းကို ပြန်လည်ကာ နှုတ်လိုက်၏။ ပြီးနောက် သစ်သား အက်ကြောင်းနေရာကို ရေဖြင့် အနည်းငယ် ပက်ဖျန်းလိုက်သည်။
ရေဖြင့် အစိုဓာတ်လုံလောက်စွာ ရရှိခဲ့ပြီးနောက် သစ်သားသည် မူလအတိုင်း ပြန်လည်ကာ စေ့သွားခဲ့၏။ ထို့နောက် သူမသည် ရှမ့်လန် ပေးထားသည့် ပစ္စည်းတစ်ခုကို အသုံးပြုပြီး ထိုနေရာကို ညီညာအောင် ပွတ်တိုက် ညှိပေးလိုက်၏။ အရာအားလုံးသည် အပြစ် အနာအဆာ တစ်ခုမှ မရှိဘဲ ပြီးပြည့်စုံစွာဖြင့် ပြီးဆုံးသွားခဲ့၏။
အရူးကြီးသည် အစမှအဆုံးထိ တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။ “မိန်းမ ..အရူးလေးကို ခေါ်ပြီး မင်းကို ကုသစေမယ် ... စိတ်ချ”
………………
ယင်ယွမ်အဖွဲ့အစည်း၏ တာအိုဘုန်းကြီး ကျိုးပိုယုမှာတော့ အလွန်တရာ မောက်မာ ဝင့်ကြွားစွာဖြင့် နေထိုင်နေသော်လည်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသေး၏။ သူက ဝင့်ကြွားလျက် ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် မကြာခင် သေဆုံးရတော့မှာ ဖြစ်၏။ စိုးရိမ်ပူပန် နေသေး၏။ အဘယ့်ကြောင့် ဆိုသော် သူသည် မကောင်းသည့်အတိတ်အာရုံကို ခံစားမိနေသောကြောင့်ပင်။
ရှမ့်လန် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ချင်ဘုရင်သည် အနောက်ပိုင်းဒေသကို သွားရောက်စီးနင်း တိုက်ခိုက်ခဲ့စဉ်က အနောက်ပိုင်းဒေသမှ အလွန် လှပသည့် မိန်းကလေး တစ်ယောက်ကို တွေ့ရှိခဲ့၏။ ထိုမိန်းကလေးကို အကြမ်းဖက် စော်ကားခဲ့ပြီးသည့်နောက် သူသည် လျှို့ဝှက်သောရောဂါ တစ်ခုကို ရရှိခဲ့၏။
ဤရောဂါသည် အသက်အန္တရာယ် မရှိသော်လည်း အလွန်အရာ ယားယံသောကြောင့် ချင်ဘုရင်ကို ကြောက်လန့်စေခဲ့၏။ သူသည် ဆေးပညာကို နားမလည်သောကြောင့် ဤအတိုင်းသာ ဆက်လက် ယားယံနေပါက အသက်အန္တရာယ် ရှိနိုင်သည်ဟု ခံစားမိ၏။ သူ၏ မိသားစု ရတနာ ပြတ်ကျသွားပါက မည်သို့ လုပ်မည်နည်း။
ထိုကဲ့သို့ ဒုက္ခဗျာပါဒ များပြားနေသည့် အချိန်တွင် ကျိုးပိုယု ပေါ်ပေါက်လာခဲ့ပြီး ယောက်ျားတစ်ယောက်၏ အဓိက အသက်သွေးကြောကို ကယ်တင်ခဲ့၏။ သူ၏ အသက်သွေးရတနာသည် သူ့အတွက် အလွန် အရေးကြီးသည့် အရာပင် ဖြစ်၏။
သို့သော်လည်း ထိုအရာအားလုံးသည် ယင်ယွမ်အဖွဲ့အစည်း၏ စီစဉ်ထားမှုများသာ ဖြစ်၏။ ချင်ဘုရင်၏ ရောဂါသည်လည်း ယင်ယွမ်အဖွဲ့အစည်းမှ စီစဉ်ထားခဲ့သည့် မဟာဗျူဟာတစ်ခု၏ အစိတ်အပိုင်းသာ ဖြစ်၏။ ထိုမဟာဗျူဟာ၏ အကြံအစည်သည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်တက်လာပေလိမ့်မည်။
ပထမဦးဆုံး သူတို့သည် ချင်ဘုရင်၏ ရောဂါကို ကုသပေးခဲ့ပြီး မင်းသားငယ် နှစ်ပါး၏ ကျောက်ရောဂါကို ဆက်လက် ကုသပေးခဲ့၏။ ထို့နောက် သူသည် အံ့ဖွယ်ဆေးကို အသုံးပြု၍ တတိယမင်းသား အာယုဟန်၏ ကျောက်ရောဂါကို ဆက်လက်ကာ ကုသပေးခဲ့ပြန်၏။ နောက်တစ်ဆင့်တွင် သူသည် ထူးချွန် ပြောင်မြောက်သော အကွက်ကို ထပ်မံကာ သုံးရပေလိမ့်မည်။
ချင်ဘုရင် အာယုခန်သည် မကြာခင် ကျောက်ရောဂါကို ခံစားရပေလိမ့်မည်။ မနက်ဖြန် မဟုတ်လျှင် သဘက်ခါ ဖြစ်၏။ တာအိုဘုန်းကြီး ကျိုးပိုယုသည် ချင်ဘုရင်၏ သီးသန့် သမားတော် ဖြစ်၏။ သူသည် ဘုရင်၏ ခန္ဓာကိုယ် အောက်ပိုင်းကို နေ့စဉ် ကုသပေးနေရသောကြောင့် အကောင်းဆုံး သိရှိပြီးသား ဖြစ်၏။
ရေယုန် အမျိုးအစား ကူးစက်ရောဂါပိုးသည် တကယ်ကို ကူးစက်ရန် လွယ်ကူသည့် အရာ ဖြစ်၏။ ထို့အပြင် ဤရောဂါသည် တတိယမင်းသား အာယုဟန်၏ ကျောက်ရောဂါနှင့် မတူချေ။ တတိယမင်းသား၏ ရောဂါသည် အလွယ်တကူ ကုသနိုင်သော အရေပြားရောဂါ တစ်ခုဖြစ်ပြီး ကျိုးပိုယု ချင်ဘုရင်ကို ကူးစက်စေခဲ့သည့် ရောဂါမှာတော့ အလွန် ကြမ်းတမ်းလွန်းလှ၏။ ထိုအရာသည် လူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ရယူထားခဲ့သည့် အသက်ဝင်နေသော ရောဂါပိုး တစ်ခုပင်။
ယင်ယွမ်အဖွဲ့အစည်းသည် အဖက်ဖက်တွင် အဆင့်မြင့် သုတေသနများကို ပြုလုပ်ထားခဲ့ပြီး တကယ့်ကို ကြီးမား အားကောင်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့၏။ ရောဂါအစပျိုးချိန် ပြီးဆုံးပြီးနောက် ရောဂါပိုးသည် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားမည် ဖြစ်ကာ မရေမတွက်နိုင်သော ကျောက်များ ထွက်ပေါ်လာပေလိမ့်မည်။
ထိုရောဂါသည် အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာကောင်း၏။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ရောဂါဟုလည်း သတ်မှတ်ရပေမည်။ ထိုရောဂါကို ကုသမည်ဆိုပါက ရက်ပေါင်းများစွာ အချိန်ယူ ကုသရပေ လိမ့်မည်။
ထို့အပြင် ကျိုးပိုယုသည် သူ ယူဆောင်လာခဲ့သည့် အံ့ဖွယ်ဆေးမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ကြိုတင်ကာ ပြောထားခဲ့၏။
ချင်ဘုရင်သာ ကြောက်မက်ဖွယ်ရာ ကျောက်ရောဂါ ဖြစ်ပွားခဲ့ပါက မည်သို့ ဖြစ်မည်နည်း။ အသက်ရှင်ရန်အတွက် ချင်ဘုရင်သည် ကျိုးပိုယု၏ တောင်းဆိုချက်များကို သဘောတူညီပေမည်။ ထိုသို့ဆိုလျှင် ချင်ဘုရင်သည် ယင်ယွမ်အဖွဲ့အစည်း၏ လက်ထဲရှိ ဓားတစ်စင်း ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်း၏ ကြံစည်မှုသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိစေခဲ့သည်။
လော့ရန်ကလည်း အမှန်ပင် ယင်ယွမ်အဖွဲ့အစည်းမှ စေလွှတ်လိုက်သည့် သူလျှိုတစ်ဦး ဖြစ်၏။ သို့ပေမည့် သူမသည် ချင်ဘုရင်သည် မကြာခင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ရောဂါတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း လျှို့ဝှက်ချက်ကို မသိရှိခဲ့ချေ။ လျှို့ဝှက်ချက်ဆိုသည်မှာ တစ်ဦးတည်းသာ သိရှိသင့်သည့် အရာ ဖြစ်၏။ လျှို့ဝှက်ချက်ကို သိသူနည်းလေ ပို၍ကောင်းလေပင်။
'ချင်ဘုရင်... ခင်ဗျားရဲ့ ရောဂါက အပြင်းထန်ဆုံး အခြေအနေဆီ ရောက်တော့မယ်။ ဒါဆိုရင် ကျုပ်က ခင်ဗျားအတွက် ကယ်တင်ရှင် ဖြစ်ပြီ။ ဒါဆိုရင် ခင်ဗျားဆီကနေ ကျုပ် လိုချင်တာ မှန်သမျှ ယူလို့ရပြီ'
သို့ပေမည့် သူသည် ပထမဦးဆုံး ရှမ့်လန်ကို သတ်ပစ်ရပေဦးမည်။ ဤ ယုတ်မာ ကောက်ကျစ်လွန်းသည့် သတ္တဝါသာ အသက်ရှင်နေပါက သူ၏ အစီအစဉ်များကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။
……….
ရှမ့်လန်သည် ပြဿနာတစ်ခုကို စဉ်းစားနေခဲ့၏။ အာယုဟန်နှင့် အာယုနာနာတို့၏ ကျောက်ရောဂါ ပေါ်ပေါက်လာချိန်မှာ အလွန်အမင်း တိုက်ဆိုင်နေ၏။ ကျိုးပိုယုကို မောင်းထုတ်ခါနီး အချိန်တွင် ထိုနှစ်ယောက်တို့၏ ကျောက်ရောဂါက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ဤအရာမှာ ကျိုးပိုယုကို ကယ်တင်ရန် အစီအစဉ်တကျ အကွက်ချ ပြုလုပ်ထားသကဲ့သို့ပင်။
သို့ပေမည့် သေချာ စဉ်းစားကြည့်ပြီးနောက် ရှမ့်လန်သည် ထိုအရာ၏ နောက်ကွယ်တွင် ကျိန်းသေပေါက် စီမံ ဆောင်ရွက်နေသူ တစ်ယောက်ယောက် ရှိကြောင်း သဘောပေါက်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကျောက်ရောဂါ အစစ် ဖြစ်စေ၊ အတု ဖြစ်စေ၊ ကြိုတင် ကူးစက်ကူးစက်ခံရရန် အချိန် လိုအပ်၏။ ကျိုးပိုယုသည် ရှမ့်လန် သူ့ကို ဒုက္ခပေးလိုမှန်း ကြိုမသိနိုင်ချေ။ ထို့ကြောင့် အာယုဟန်၏ ကျောက်ရောဂါ အတုနှင့် အာယုနာနာ၏ ကျောက်ကျောက်ရောဂါ အစစ်တို့မှာ ကြိုတင် ကြံစည်ထားခဲ့ခြင်းသာ ဖြစ်ပေမည်။
အရေးကြီးဆုံးမှာ ကျိုးပိုယုသည် မင်းသားနှစ်ပါး၏ ကျောက်ရောဂါအား အံ့ဖွယ် ဆေးတော်ကြီး ဆိုသည့် အရာကို အသုံးပြု၍ ကုသပေးခဲ့ပြီး သက်သေပြခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် အဘယ့်ကြောင့် မလိုလားအပ်သော အပိုတစ်ခု အဖြစ် တတိယ မင်းသားကို ကူးစက်စေခဲ့ရသနည်း။
ထို့အပြင် အာယုနာနာ၏ ကျောက်ရောဂါ အစစ်ကို နောက်ခံထား၍ တစ်စုံတစ်ခုပြုလုပ်ရန် စီစဉ်နေခြင်း သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် အံ့ဖွယ်ဆေးကို ထုတ်၍ သုံးခဲ့ရကြောင်း လူသိအောင် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့၏။
ထို့ကြောင့် ရှမ့်လန်သည် အလွန်ရဲတင်းပြီး ကျိုးကျောင်းဆီလျော်သော ကောက်ချက်တစ်ခုကို ဆွဲခဲ့မိ၏။ ကျိုးပိုယု၏ နောက်ဆုံးပန်းတိုင်သည် ချင်ဘုရင်သာလျှင် ဖြစ်ပေလိမ့်မည်။ ယခင်က ချင်ဘုရင်၏ ပြောမထွက်နိုင်သော ရောဂါမှာ သားသမီးမရသော ရောဂါတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ထိုအရာ မဟုတ်နိုင်ချေ။
လိင်အင်္ဂါ ရေယုန် ကဲ့သို့သော ရောဂါမျိုး ဖြစ်ပေလိမ့်မည်။ ရောဂါမှာ နာကျင်စေရုံသာ ရှိပြီး အသက်အန္တရာယ်ကို မသေစေနိုင်ပေ။ သို့ပေမည့် ကျောက်ရောဂါ ဆိုသည်မှာတော့ အသက်သေစေနိုင်ပြီး တစ်ရာ ရာခိုင်နှုန်း သေဆုံးနိုင်ချေ ရှိသည့် အရာမျိုး ဖြစ်၏။
ချင်ဘုရင်သည်သာ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျောက်ရောဂါ ဖြစ်ခဲ့ပါက ကျိန်းသေပေါက် ကြောက်လန့်တကြားဖြင့် ကုသခိုင်းမှာ သေချာ၏။ ထို့အပြင် ကျိုးပိုယု၏ လက်ထဲတွင် ရှိနေသည့် အံ့ဖွယ်ဆေး ဆိုသည်မှာ ကုန်သွားပြီ ဖြစ်၏။ ထို့အပြင် အံ့ဖွယ်ဆေးတွင် ပါဝင်သည့် ပစ္စည်းများကို ယင်ယွမ်အဖွဲ့အစည်း၌သာ ရနိုင်ကြောင်းကိုလည်း အကြံပြုနိုင်၏။
ထိုသို့ဆိုလျှင် ချင်ဘုရင်သည် အသက်ရှင်နိုင်ရန် ဘာလုပ်မည်နည်း။ သူသည် ယင်ယွမ်အဖွဲ့အစည်း၏ တောင်းဆိုမှုများကို သဘောတူ လိုက်နာရုံမှအပ တခြားရွေးချယ်စရာ ရှိတော့မည်မဟုတ်ချေ။ ထိုအရာသည် အလွန်ပင် ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ ဖြစ်လျှင်တောင်မှ ချင်ဘုရင်သည် ကျိန်းသေပေါက် အရာအားလုံးကို လိုက်လျောပေးပေလိမ့်မည်။
ဟုတ်ပေ၏။ ဤအရာ အားလုံးသည် ရှမ့်လန်၏ ကောက်ချက် တစ်ခုသာ ဖြစ်ပြီး အမှန်တရားနှင့် အလွန်ပင် နီးကပ်လျက် ရှိနေသည်ဟု ခံစားမိ၏။ သူသည် မွေးရာပါ ဗျူဟာပိုင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး ကျိုးပိုယု၏ အကြံအစည် အားလုံးတို့ကို မစတင်မီတည်းကပင် အနံ့ခံမိနေပြီ ဖြစ်၏။
.............
နန်းတော်အတွင်း၌ ရှမ့်လန်သည် ချင်ဘုရင်ကို ပြောဆိုလျက်ရှိသည်။
“ချင်ဘုရင် အနာဂတ်မိတ်ဖက်တစ်ယောက် အနေနဲ့ ကျုပ် တစ်စုံတစ်ခုကို ဖော်ထုတ်ရပါလိမ့်မယ်။ ကျုပ်သာ မှန်းဆတာ မမှားဘူး ဆိုရင် ချင်ဘုရင်က အနောက်ပိုင်းဒေသကို သွားပြီးတိုက်ခိုက်တဲ့အချိန်မှာ ပြောမထွက်နိုင်တဲ့ ရောဂါ တစ်ခုခု ကူးစက်ခဲ့တယ် မဟုတ်လား။”
ရှမ့်လန်သည် ဤမေးခွန်းကို မေးနေစဉ်မှာပဲ ချင်ဘုရင်၏ မျက်နှာကို စူးစိုက်ကာ ကြည့်ရှုခဲ့၏။ သူသည် အချက်အလက်တစ်ခုကို အခြေပြု၍ ကောက်ချက်ဆွဲခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ချင်ဘုရင်သည် ခန္ဓာကိုယ် အောက်ပိုင်းကို မသိမသာဖြင့် ကုတ်ခြစ်လျက် ရှိနေသောကြောင့်ပင်။
ထို့အပြင် သူသည် ရှမ့်ဆယ့်သုံးအား ဘုရင့်နန်းတော်တွင်းမှ အစေခံများကို လာဘ်ထိုးကာ မေးခွန်း တစ်ခုကို မေးမြန်းခိုင်းခဲ့၏။ ချင်ဘုရင်သည် တစ်လ သို့မဟုတ် နှစ်လကြာသည် အထိ အမျိုးသမီး တစ်ဦးတစ်လေနှင့်မှ လိင်ဆက်ဆံခြင်း မရှိခဲ့ချေ။ ရက်အနည်းငယ်အကြာ ကာမဆက်ဆံခြင်းကို ရှောင်ရှားခဲ့ကြောင်းကို သိရှိခဲ့ရ၏။ တစ်လ သို့မဟုတ် နှစ်လ နီးပါးခန့် မည်သည့် အမျိုးသမီးနှင့်မှ မထိတွေ့ဖို့ ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။
ထို့အပြင် ဤသတင်းအချက်အလက်ကို ရရှိဖို့ ဆိုသည်မှာလည်း လွယ်ကူ၏။ ရွှဲ့ပြည်နယ် ကဲ့သို့ ကြီးမားလွန်းသည့် နိုင်ငံကြီး တစ်ခုတွင်လျှင်ပင် နန်းတော်အတွင်းရှိ မိန်းမစိုးနှင့် တခြားသော လက်အောက် ငယ်သားများကို လာဘ်ထိုးပြီး သတင်း အချက်အလက်များ ဝယ်ယူနိုင်၏။ ထို့ကြောင့် ချင်ဘုရင် ဦးဆောင်သော အရိုင်းအစိုင်း တိုင်းပြည်ထဲတွင် သတင်းအချက်အလက် မရဘဲ ဘယ်နေမည်နည်း။
ချင်ဘုရင်သည် ရှမ့်လန်၏ မေးခွန်းကို ပြန်လည်ကာ မဖြေခဲ့ချေ။ သို့ပေမည့် ရှမ့်လန်သည် တစ်ဖက်လူ၏ အဖြေကို သိရှိပြီးသား ဖြစ်နေ၏။ ထို့ကြောင့် သူက ဆက်ပြောလိုက်၏။ “အင်း … အဲဒီအချိန်မှာ ကျိုးပိုယုက ပေါ်လာပြီး ချင်ဘုရင်ကို ရောဂါကနေ ကယ်တင်ပေးခဲ့တယ်။ ပြီးတော့ ချင်ဘုရင်က အမျိုးသမီးတွေနဲ့ ပတ်သက်ရင် သတိထားတတ်တဲ့ လူတစ်ယောက်လို့ ကျုပ် ကြားဖူးတယ်။ တခြားဆီကနေ လုယက်လာခဲ့တဲ့ အမျိုးသမီး ဖြစ်တယ် ဆိုရင်တောင်မှ မပျော်ပါးခင်မှာ အကြိမ်ကြိမ် စစ်ဆေးခိုင်းတတ်တယ်လို့လည်း ဆိုတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အနောက်ပိုင်း ဒေသကို သွားတဲ့ အချိန်မှာ ဘာလို့ ဒီလောက် စိတ်မရှည် ဖြစ်ခဲ့ရတာလဲ”
ချင်ဘုရင်၏ အကြည့်သည် အတိတ်ကို ပြန်လည်ကာ စဉ်းစားလျက် ရှိနေပုံပင်။ သို့ပေမည့် မည်သည့် စကားကိုမှ မဆိုခဲ့ချေ။ တစ်ဖက် အမျိုးသမီးသည် အလွန်ကို လှပပြီး .... မျက်စိကျိန်းလောက်အောင်ပင် လှပနေသောကြောင့်ပင်။ အရေးကြီးဆုံးမှာ သူမသည် ချင်ဘုရင်၏ စိတ်ကူးထဲ၌ အလွန်အမင်း တမ်းတ မျှော်လင့်လျက် ရှိနေသည့် မဟာပညာရှင် နတ်မိမယ်ရွှယ်ရင် ကဲ့သို့ ဝတ်ဆင်ထားခဲ့သောကြောင့်ဖြစ်သည်။
ဟုတ်ပေ၏။ သူမ၏ ဝတ်စားဆင်ယင်ပုံချင်းသာ တူခြင်း ဖြစ်၏။ ကိုယ်ရည်ကိုယ်သွေးမှာမူ အလွန်ပင် ကွာခြား၏။ ရုပ်ရည်နှင့် ခန္ဓာကိုယ် အမျိုးအစားမှာလည်း ကွာခြားသည်။ သို့ပေမည့် ထိုအမျိုးသမီးသည် တကယ့်ကို ဖြူစင် သန့်ရှင်းပုံ ပေါ်၏။ ညစ်ညမ်းသည့် ရောဂါ တစ်ခုခု ကူးစက်ခံထားရပုံ မပေါ်ချေ။ ထို့အပြင် သူမသည် အပျိုစင် တစ်ဦးလည်း ဖြစ်၏။ ထို့ကြောင့် ချင်ဘုရင်သည် သူမကို အကြမ်းပတမ်းနှင့် ဆက်ဆံရန် မစောင့်စားနိုင်တော့ချေ။ ထိုသို့နှင့်ပင် သူသည် ရောဂါကူးစက် ခံခဲ့ရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အခု ကျုပ် တကယ့်ကို လေးလေးနက်နက်နဲ့ သံသယ ရှိနေတယ်။ အနောက်ပိုင်း ဒေသမှာ ချင်ဘုရင် ရောဂါကူးစက်ခံရတာက ကျိုးပိုယုရဲ့ အစီအစဉ် အစိတ်အပိုင်း တစ်ခု ဖြစ်နေတယ် ဆိုတာပဲ။ ပြီးတော့ သူ ချင်ဘုရင်ရဲ့ အနားမှာ ပုန်းလျှိုးပြီး တာဝန်ထမ်းဆောင်နေတာ မသမာတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်။ သူက မိဖုရား လော့ရန်နဲ့ ပူးပေါင်း ကြံစည်နေတာ သေချာတယ်”
ချင်ဘုရင်သည် သံသယ ဝင်သွားမိ၏။ သို့ပေမည့် သူက အေးစက်စက် ပြောဆိုလိုက်၏။ “မင်းကရော ငါ့အနားကို လာတာ မသမာတဲ့ ရည်ရွယ်ချက် မရှိလို့လား”
ရှမ့်လန်က ပြန်လည်ဖြေဆိုလိုက်သည် “ရှိတာပေါ့။ ကျုပ် ပြောခဲ့ပြီးသားပဲလေ။ ကျုပ် ချင်နိုင်ငံဆီကို လာခဲ့တာက စုမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့ပဲ”
‘ဟမ့် .... အိပ်မက်ထဲသာ မက်နေလိုက်’ ချင်ဘုရင်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
ထိုအချိန်မှာပင် ကျိုးပိုယုသည် အလျင်စလိုနှင့် ဝင်ရောက်လာခဲ့သည်။
“အရှင်မင်းကြီး.... ရှမ့်လန် ပေါက်ပန်းလေးဆယ်တွေပြောတာ မယုံကြည်လိုက်ပါနဲ့။ ဒါက မသေခင်မှာ ကြုံရာလျှောက်ပြီး ပြောဆိုခဲ့တဲ့ စကားလုံးတွေပါပဲ” တာအိုဘုန်းကြီး ကျိုးပိုယုသည် ချင်ဘုရင်၏ ရှေ့မှောက်တွင် ဒူးထောက်ကာဖြင့် ပြောဆိုလိုက်၏။
ရှမ့်လန်သည် အေးစက်စက်နှင့် ရယ်မောလိုက်၏။ “ဟမ့် ပေါက်ပန်းလေးဆယ်တွေ ပြောတာဟုတ်လား။ မဟုတ်လား ခင်ဗျား စိတ်ထဲမှာ အသိဆုံး ဖြစ်ပါလိမ့်မယ်”
ကျိုးပိုယုက ပြောလိုက်သည် “အရှင်မင်းကြီး မိုးလင်းဖို့ နီးနေပါပြီ။ မကြာခင်မှာ အဖြေက ထွက်လာတော့မှာပါ။ ကျုပ် ကျောက်ရောဂါကို တစ်ညတည်းနဲ့ ကုသနိုင်လား၊ မကုသနိုင်ဘူးလား ဆိုတာ မနက် ရောက်ရင် သိပြီ။ ဒါနဲ့ ရှမ့်လန်ကရော ဘာလုပ်ပြီးပြီလဲ။
အရှင်မင်းကြီး ကြည့်ပါအုံး။ မင်းသမီးရဲ့ သီးသန့်အခန်းထဲကိုတောင် အခုထိ မဝင်ရသေးဘူး။ သူ ကျောက်ရောဂါကို ဘယ်လို ကုသမလဲ မသိဘူး။ သေချာတာ ကိုယ်တိုင် ရောဂါကူးစက်ခံရမှာ ကြောက်ရွံ့ နေတာပဲ။ သူပြောသမျှ အားလုံးက အလိမ်အညာတွေချည်းပါပဲ”
ချင်ဘုရင်သည် ဤစကားမှာ ကျိုးကြောင်းဆီလျော်၍ အဓိပ္ပာယ်ရှိကြောင်းကို ခံစားလိုက်မိ၏။ ရှမ့်လန်သည် ကျောက်ရောဂါကို ကုသနိုင်ခဲ့သည်ဟု ပြောခဲ့၏။ ဒါပေမယ့် ယခုထိ ကုသခြင်း မရှိသေးချေ။ ထို့အပြင် အာယုနာနာ၏ အခန်းထဲသို့ပင် မဝင်သွားသေးချေ။
ကျိုးပိုယုက ပြောလိုက်၏။ “အရှင်မင်းကြီး ကျုပ်က တော်ဝင်မိသားစုရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ပါပဲ။ ကျုပ်ရှိနေသရွေ့ တော်ဝင်မျိုးနွယ်ကလူတွေ ကျောက်ရောဂါကူးစက်ခံရတယ်ဆိုရင်တောင် မသေနိုင်ပါဘူး။ အကောင်းဆုံး ကယ်တင်ပေးနိုင်တယ်။ အခု ပျောက်ကင်းပြီးသား ဖြစ်တဲ့ မင်းသား နှစ်ပါးက အကောင်းဆုံး သက်သေပါပဲ။ မနက်ဖြန် တတိယမင်းသား အာယုဟန်ကိုလည်း ကျုပ် ရောဂါ ပျောက်ကင်းအောင် ကုသပေးပါ့မယ်။ ကျုပ်က ကမ္ဘာပေါ်မှာ ကျောက်ရောဂါကို ကုသနိုင်တဲ့ တစ်ဦးတည်းသော သမားတော် ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ပါတယ်”
ဤစကားတွင် သတိပေးချက် အရိပ်အရောင်များ ပါဝင်လျက် ရှိနေ၏။ ‘အရှင်မင်းကြီး... ချင်တိုင်းပြည်မှာ ကျောက်ရောဂါ ဖြစ်ပွားမှုက တကယ်ကို ဆိုးရွားနေပြီ။ အရှင်မင်းကြီး ကိုယ်တိုင် ကူးစက်ခံရမှာကို မစိုးရိမ်ဘူးလား။ ကျုပ်သာ မရှိရင် ဘယ်သူက အရှင်မင်းကြီးကို ကယ်တင်မှာလဲ။ ကျုပ်က အံ့ဖွယ် သမားတော် တစ်ယောက်ပဲ’ စသည့် အရိပ်အမြွက်များကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ရှမ့်လန်က အခုလေလုံးထွားနေတာကလွဲရင် ဘာတစ်ခုမှ မလုပ်ရသေးပါဘူး။ သူ့ရဲ့ ပေါက်ပန်းလေးဆယ် ပြောစကားတွေကို နားယောင်ပြီး ကျုပ်ကိုသာ သံသယ ဝင်နေမယ်ဆိုရင် အရှင်မင်းကြီးက ကိုယ်တိုင် နောက်ဆုတ် ထွက်ခွာနိုင်တဲ့ လမ်းကို ဖြတ်တောက်ပစ်လိုက်တာနဲ့ အတူတူပါပဲ”
ချင်ဘုရင်သည် ဤအရာမှာ အမှန်တကယ်ပင် ကျိုးကျောင်းဆီလျော်သည်ဟု ခံစားမိ၏။ သူကိုယ်တိုင် ကျောက်ရောဂါ ကူးစက်ခံရလျှင် မည်သို့ လုပ်မည်နည်း။ ကျိုးပိုယုက ပိုမို၍ အားကိုးရသေး၏။ ဘာပဲ ဖြစ်ဖြစ် သူသည် ကျောက်ရောဂါကို အောင်မြင်စွာ ကုသနိုင်ခဲ့ဖူးသည် မဟုတ်ပါလား။
ချက်ချင်းပင် ချင်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “စစ်သည်တွေ ရှမ့်လန်ကို အပြင်ဘက်ဆီ ဆွဲထုတ်လိုက်ကြစမ်း”
စစ်သည်တော်နှစ်ယောက်သည် ရှမ့်လန်ကို အပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့၏။ အခန်းထဲတွင် ချင်ဘုရင်နှင့် ကျိုးပိုယုတို့ နှစ်ဦးတည်းသာလျှင် ကျန်ရှိခဲ့သည်။
ချင်ဘုရင်က ရုတ်တရက် ပြောလိုက်၏။ “ဒီနေ့ ကျုပ် ကာမဆက်ဆံတာ နည်းနည်း ကြမ်းသွားတယ်။ ဒီတော့ အောက်ပိုင်းမှာ နည်းနည်း ယားယံပြီးတော့ နာကျင် ယောင်ကိုင်းနေသလိုပဲ။ လာ ဒီမှာ ကြည့်စမ်း”
ပြီးနောက် သူသည် ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။
ကျိုးပိုယုသည် မီးအိမ်ကိုကိုင်ပြီး ချင်ဘုရင်၏ တန်ဆာကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။
ချင်ဘုရင်သည် သွေးလေ ခြောက်ခြားနေသည်လား သို့မဟုတ် အတွေးများနေသည်လား မသိချေ။ ခန္ဓာကိုယ်ထဲမှ အဆိပ်များ ထကြွနေသည်ဟုပင် ခံစားနေမိ၏။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော ရောဂါသည် မကြာခင် ထကြွလာတော့မည် ဖြစ်၏။ စိတ်အေးအေးနှင့် စောင့်မျှော်ရန်သာ ရှိသည်။
စစ်ဆေးနေရင်းမှာပဲ တာအိုဘုန်းကြီး ကျိုးပိုယုက ပြောဆိုလိုက်၏။ “စိတ်ချပါ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ လိင်အင်္ဂါမှာ ဘာပြဿနာမှ မရှိပါဘူး။ ရောဂါ ပျောက်ကင်းစဖြစ်ပြီး ဒီနေရာက အရမ်းကို နုနယ်တဲ့ နေရာမျိုး ဖြစ်တာကြောင့် အရှင်မင်းကြီးက ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်လိုက်လို့ ပွန်းပဲ့သွားတာမျိုးပါ။ ပြီးတော့ နာကျင် ယားယံတာမျိုးကိုလည်း နည်းနည်း ခံစားရတာပေါ့။ ဘာပြဿနာမှ မရှိပါဘူး။ ဒီကိစ္စမှာ နည်းနည်းလေး ချုပ်တည်းထားဖို့ လိုအပ်တယ်။ အခုတလော ဒီကိစ္စကို ရှောင်ထားနိုင်ရင် အကောင်းဆုံးပဲ”
ချင်ဘုရင်သည် ပျော်ရွှင်စွာဖြင့် သူ၏ ဘောင်းဘီကို ပြန်လည်ကာ ဆွဲတင်လိုက်၏။ “ကဲ မိုးလင်းခါနီးပြီ ဆိုတော့ မင်းလည်း မအိပ်နဲ့တော့ ... လာ .... ဘဏ္ဍာတိုက်ထဲ လိုက်ပြမယ်”
ကျိုးပိုယုသည် စကားမပြောနိုင်သလိုပင် ဆွံ့အသွားခဲ့၏။ ချင်ဘုရင်၏ ကြွားဝါလိုစိတ်သည် အလွန် ပြင်းပြသောကြောင့် သူသည် ဘဏ္ဍာတိုက်ထဲသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ပြီးပြီ ဖြစ်၏။ ‘အရှင်မင်းကြီး... ကြွားဝါဖို့ပဲ ဖြစ်ဖြစ်၊ လူတွေရဲ့ နှလုံးသားကို သိမ်းသွင်းဖို့ပဲ ဖြစ်ဖြစ် တခြားနည်းလမ်းတွေ သုံးလို့ မရဘူးလား။ ဘယ်လို ဖြစ်ပြီး ဒီထဲကိုပဲ အလကားနေ အလကား ခေါ်နေရတာလဲ”