အပိုင်း (၃၀၀)
Vol. 22 Ch. 300
ပြီးနောက်မှာတော့ ချင်ဘုရင်သည် ကျိုးပိုယုကို ဘဏ္ဍာတိုက်ထဲသို့ ခေါ်ဆောင်သွားခဲ့၏။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ရှမ့်လန် လက်ဆောင်ပေးထားခဲ့သော သုံးပေခန့် မြပန်းပုကို ပြသလိုက်၏။
ကျိုးပိုယုသည် အံ့အားတသင့်ဖြင့် တောက်တခေါက်ခေါက်ပင် ဖြစ်ဟန်ပြုသည်။ အလွန်အမင်း အံ့အားသင့်ပုံဖြင့်ပင်။ ပြီးနောက် အသာ မေးမြန်းလိုက်သည်။
“အရှင်မင်းကြီး … မနက်ဆိုရင် အဖြေသိရပြီ။ ကျုပ် တတိယမင်းသားကိုသာ ကုသပေးနိုင်ရင် ရှမ့်လန်ကို သတ်ပစ်မှလား”
ချင်ဘုရင်က မျက်မှောင်ကြုတ်သွား၏။ ဘာပဲဖြစ်ဖြစ် သူသည် နတ်သမီး ရွှယ်ရင်ကို ကတိပေးထားခဲ့ပြီး ဖြစ်၏။ ထို့အပြင် ရှမ့်လန်သည် သူ့ကို လက်ဆောင်ပဏ္ဏာများ ပေးအပ်ခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် ရှမ့်လန်ကိုသာ ဖမ်းဆီးထားမည် ဆိုပါက ကျင်းမိသားစုဆီမှ အဆုံးမဲ့သော ငွေများကို ညှစ်ထုတ်နိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ချင်ဘုရင်က ပြောလိုက်၏။ “ဒီလို လုပ်ကြရအောင်။ သူ့ကို မသတ်ဘူး။ ဒါပေမယ့် ခြေတွေ၊ လက်တွေကို ရိုက်ချိုးပြီးတော့ သံလှောင်အိမ်ထဲ ထည့်ထားမယ်။ လက်တစ်ဖက်ကိုတော့ ဖြတ်လိုက်မယ်။ ကျင်းမိသားစုဆီကို အဲဒီ လက်တစ်ဖက်ကို ပို့လိုက်မယ်။ ဒါမှ သူတို့က ပိုက်ဆံနဲ့ လာရွေးမှာပေါ့။ ဟုတ်တယ် မလား။ ဘယ်လို ခံစားမိလဲ”
ကျိုးပိုယုက ပြောလိုက်၏။ “အင်း… ကျင်းမိသားစု ပိုက်ဆံ ဘယ်လောက်ပေးပေး အရှင်မင်းကြီးက သူ့ကို လွှတ်မပေးဘူး မဟုတ်လား”
ချင်ဘုရင်က ပြောလိုက်သည်။ “အမှန်ပဲလေ။ ဒီလိုပဲ လုပ်ရမှာပေါ့”
ကျိုးပိုယုက ပြောလိုက်၏။ “ကောင်းတယ်”
ချင်ဘုရင်သည် သူ၏ ဘဏ္ဍာတိုက်ကို စတင်ကာ ကြွားဝါလျက် ရှိနေ၏။ ထိုအရာသည် ဘယ်တော့မှ အဆုံးမရှိခဲ့ချေ။ မကြာခင်မှာပဲ လေးနာရီက ကုန်လွန်သွားခဲ့၏။
ကျိုးပိုယုက ပြောလိုက်၏။ “အရှင်မင်းကြီး၊ မိုးလင်းနေပါပြီ။ အချိန်ကျပါပြီ”
……….
မနက်ခင်း နေမင်းက ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ချင်ဘုရင်၊ တာအိုဘုန်းကြီး ကျိုးပိုယု၊ ရှမ့်လန်နှင့် ချင်တော်ဝင် မိသားစုဝင် တစ်ရာနီးပါးတို့သည် ချင်နန်းတော်၏ ပင်မဝင်ပေါက်တွင် ရပ်လျက် ရှိနေကြ၏။
ကုသနိုင်စွမ်း ရှိသလား၊ မရှိလားဆိုသည့် အဖြေသည် ထွက်ပေါ်လာတော့မည် ဖြစ်သောကြောင့်ပင်။
ယခင်က ကျိုးပိုယုသည် မင်းသားနှစ်ဦး၏ ကျောက်ရောဂါကို ကုသပေးခဲ့ပြီး ကုသရာ၌ ရက်ပေါင်းများစွာ အချိန်ယူခဲ့၏။ ယခုတစ်ကြိမ်တွင်တော့ သူသည် တတိယမင်းသား အာယုဟန်၏ ကျောက်ရောဂါကို တစ်ညအတွင်း ကုသပေးမည်ဟု အာမခံခဲ့၏။ အံ့ဖွယ် ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အကယ်၍ ဤတစ်ကြိမ် ကုသမှုသာ အောင်မြင်ခဲ့ပါက ကျိုးပိုယုသည် အမှန်တကယ် အံ့ဖွယ်သမားတော် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ချင်တော်ဝင်မိသားစုတစ်ခုလုံးသည် ကျောက်ရောဂါ ခြိမ်းခြောက်မှုဒဏ်အား စိုးရိမ် ကြောက်လန့်စရာ တစ်စက်ကလေးမှ မလိုတော့ချေ။ ထို့ကြောင့် ချင်တော်ဝင်မိသားစု အားလုံး နီးပါးတို့သည် ဤမြင်ကွင်းကို လာရောက် ကြည့်ရှုရန် ရောက်ရှိလာခဲ့ပြီဖြစ်၏။ လော့ရန်မှာတော့ သံသယဝင်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ညတုန်းက နာကျင်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် မလာခဲ့ချေ။
တာအိုဘုန်းကြီး ကျိုးပိုယုသည် အသံကျယ်ကျယ်ဖြင့် ကြွေးကြော် ပြောဆိုလျက် ရှိနေ၏။ သူသည် သူ၏ ဘဝတွင် အတောက်ပဆုံး အခိုက်အတန့်ကို ရောက်ရှိလာတော့မည်ဟု ခံစားမိနေ၏။
“အရှင်မင်းကြီး၊ မိဖုရားတွေနဲ့ မင်းသားအပေါင်းတို့၊ ကျုပ်က အံ့ဖွယ် ကိစ္စရပ် တစ်ခုကို ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီကိစ္စကို သက်သေခံဖို့ အချိန်ကျရောက်လာပါပြီ။ ကျုပ်က ကျောက်ရောဂါကိုကုသနိုင်ရုံသာမက တစ်ညတည်းနဲ့လည်း ကုသနိုင်ပါတယ်။ နောက်ဆုံး အံ့ဖွယ်ဆေးက ကုန်သွားတယ် ဆိုပေမဲ့ မကြာခင်မှာ အသစ်တစ်ခုကို ဖော်စပ်နိုင်မှာပါ။ ချင်တော်ဝင်မိသားစုက ကျောက်ရောဂါကြောင့် သေဆုံးရမယ့် ခြိမ်းခြောက်မှုမျိုးကို ဘယ်တော့မှ ခံစားရတော့မှာ မဟုတ်ပါဘူး”
“ရှမ့်လန်က ဘာလဲ။ ချင်တိုင်းပြည်ရဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေကို သတ်ဖြတ်ရုံတင်မကဘူး ကျောက်ရောဂါ ကုသနိုင်တယ်လို့လည်း ဟိတ်ဟန်ထုတ် ကြွားဝါခဲ့သေးတယ်။ နောက်ဆုံးမှာတော့ သူက မင်းသမီး အာယုနာနာရဲ့ အခန်းထဲကိုတောင် မဝင်ရဲဘဲနဲ့ အပြင်မှာ နေနေတယ်။ သူက ရောဂါ ကူးစက်မှာကိုတောင် ကြောက်လန့်နေခဲ့တယ်”
“ဒါကြောင့် ကျုပ်က မနေ့တုန်းက သစ္စာတစ်ခုကို တည်ဆိုခဲ့တယ်။ တကယ်လို့ ကျုပ်သာ တတိယ မင်းသားရဲ့ ကျောက်ရောဂါကို တစ်ညအတွင်း ကုသနိုင်ခဲ့ရင် ရှမ့်လန်ကို သတ်ပစ်ရမယ်လို့။ အရှင်မင်းကြီးကလည်း ကတိပေးခဲ့တယ်။ အရှင်မင်းကြီး.. ကတိတည်ပါရဲ့လား”
ချင်ဘုရင်က အံ့ဩသွားခဲ့၏။ သူ ညက ကတိပေးခဲ့သည်မှာ ရှင်းလင်း၏။ ရှင်းရှင်းလင်းလင်း ကတိပေးခဲ့ပြီးသား ဖြစ်၏။ တစ်ဖက်လူကို သတ်ဖြတ်ပစ်ရန် မဟုတ်ချေ။ ငွေညှစ်ခြိမ်းခြောက်ခြင်းသာလျှင် ဖြစ်၏။
ကျိုးပိုယုသည် ရှမ့်လန်ကို သတ်ပြီးမှသာ လုံးဝ စိတ်အေးနိုင်မည်ဟု ခံစားမိ၏။ မဟုတ်ပါက ရှမ့်လန် အသက်ရှင်နေသရွေ့ သူ ပြဿနာများစွာကို ရင်ဆိုင်ရပေလိမ့်မည်။ ထို့အပြင် ချင်ဘုရင်သည် ကျောက်ရောဂါ ဖြစ်လာပေတော့မည်။ မကြာခင်တွင် သူ့ကိုတောင်းပန်ရမည့် လူမှာ ချင်ဘုရင် ဖြစ်လာပေလိမ့်မည်။ သူ၏ စိတ်ထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုများစွာတို့က လွင့်ပြယ်သွားခဲ့သည်။
ချင်ဘုရင်သည် အလျင်စလို ဆိုသလိုပဲ ခေါင်းညိတ်လိုက်၏။
ကျိုးပိုယုက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “မင်းသားတို့ ... မကြာခင် အဖြေသိရပါတော့မယ်။ တတိယမင်းသားသာ တစ်ညတည်းနဲ့ ပြန်ကောင်းလာတယ်ဆိုရင် ရှမ့်လန်ကို တစ်ခါတည်း သတ်ပစ်လိုက်ကြပါ”
“ကောင်းပါပြီ”
ချင်တိုင်းပြည်၏ ကျန်သော မင်းသားများ အားလုံးတို့သည် အားမာန်အပြည့်နှင့် အော်ဟစ်လိုက်ကြ၏။ သူတို့၏ ညီအစ်ကိုသုံးယောက်သည် ကျောက်ရောဂါ ပျောက်ကင်းသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျိုးပိုယုကို မျက်နှာလုပ်ချင်သောကြောင့် ဤကဲ့သို့ အော်ဟစ်ရခြင်းဖြစ်၏။ ပြီးနောက် သူတို့၏ လက်များသည် ဓားပေါ်သို့ ရောက်ရှိသွားခဲ့၏။ အာယုဟန် ပြန်ကောင်းလာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ ပြေးဝင်ပြီး ရှမ့်လန်ကို သတ်ပစ်မှာ သေချာ၏။
ထိုအချိန်မှာတော့ အခန်းထဲတွင် ရှိနေသည့် အရူးကြီးသည် ပြင်ဆင်မှု အားလုံးကို ပြုလုပ်ခဲ့ပြီးသား ဖြစ်လေ၏။ ရှမ့်လန် အန္တရာယ် ကျရောက်သည့် အချိန်တွင် သူ ချက်ချင်း ပြေးထွက်ပြီး ရှမ့်လန်ကို ကယ်တင်မှာ ဖြစ်လေ၏။ မင်းသမီး အာယုနာနာကလည်း နိုးထလာခဲ့ပြီ ဖြစ်လေ၏။ သူမသည် အရူးကြီးကို အလွန်တရာ နူးညံ့လှသည့် အကြည့်မျိုးဖြင့် လှမ်းကာ ကြည့်ရှုနေ၏။
ကျိုးပိုယုသည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုပြီး အေးစက်စက် ရယ်မောလိုက်၏။ “ခွေးကောင်လေး .. မင်းကတော့ သေပြီပဲ။ ငါနဲ့ ပြိုင်ဖို့ မင်းက အတွေ့အကြုံ အရမ်းကိုနုနယ်လွန်းတယ်”
ထိုအချိန်မှာပဲ ရှမ့်လန်သည် ဤတာအိုဘုန်းကြီးကို တကယ်ပင် လေးစားမိ၏။ အမှန်ပင် ဉာဏ်ကောင်းလွန်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အစီအစဉ် ဆောင်ရွက်မှု အားလုံးနီးပါးကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့၏။ သူသည်သာ နည်းနည်းလေး နောက်ကျကာ ရောက်လာမည် ဆိုပါက တစ်ဖက်လူသည် ချင်ဘုရင်ကို လုံးဝ ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။
‘ဒါပေမယ့် ခင်ဗျားက ကျုပ် ဆရာလန်နဲ့ တွေ့ရတာ ကံဆိုးတာပဲ’
ရှမ့်လန်က ပြောလိုက်၏။ “ကျိုးပိုယု .. တကယ်လို့ ခင်ဗျား တတိယ မင်းသားကို မကုသနိုင်ရင်ရော”
ကျိုးပိုယုသည် စိတ်ထဲမှာ အေးစက်စက်နှင့် ရယ်မောလိုက်သည်။ ‘ဘယ်လို ဖြစ်နိုင်မှာလဲ။ ညက တတိယ မင်းသားရဲ့ မျက်နှာပေါ်က ရေကျောက်တွေတောင် ပျောက်ကွယ်လုနီးနီး ဖြစ်နေပြီ။ ဆေးအရှိန် ပျယ်သွားပြီး နိုးလာတာကိုပဲ စောင့်နေရတာပဲ’
ထို့ကြောင့် ကျိုးပိုယုသည် ကြည်လင်ရှင်းလင်းသည့် အသံဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ “ကျုပ် သစ္စာဆိုခဲ့ပြီးသားလေ။ တတိယမင်းသားကိုသာ မကုနိုင်ဘူးဆိုရင် ဘုရင်မင်းမြတ်ရဲ့ရှေ့မှာ အသေခံပစ်လိုက်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကတိတည်ပါစေ”
ကျိုးပိုယုကလည်း ပြောလိုက်၏။ “ကတိတည်တယ်။ ရှမ့်လန်... မင်း ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ကြ သေးတာပေါ့။ ကဲ.. တံခါးဖွင့်ပြီး တတိယ မင်းသားရဲ့ အခန်းကိုကြည့်ကြ”
ကျိုးပိုယုက ရုတ်တရက် အမိန့်ပေးလိုက်၏။ အပြင်ဘက်တွင် စောင့်ကြည့်နေသည့် စစ်သည်တော်များသည် တံခါးကို ဂရုတစိုက် ဖွင့်ကာ ကြည့်ရှုလိုက်၏။ ညကတည်းက ထိုစစ်သည်တော်ပေါင်း တစ်ဒါဇင်ကျော် တို့သည် ဤအခန်း နှစ်ခန်းရှေ့တွင် စောင့်ကြပ်လျက် ရှိနေကြပြီး ခြေတစ်လှမ်းမှ မခွာခဲ့ကြချေ။
တံခါးဖွင့်ပြီးနောက် စစ်သည်တော်များသည် အထဲသို့ သတိအပြည့်ဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် ချက်ချင်းပဲ ထိတ်လန့်သွားကြ၏။ အဘယ့်ကြောင့်ဆိုသော် တတိယမင်းသား၏ မျက်နှာ၌ ထူးဆန်းစွာဖြင့် အနီရောင်များနှင့် ဖုံးလွှမ်းလျက်ရှိနေပြီး တစ်ကိုယ်လုံးကလည်း ရေခဲကဲ့သို့ပင် အေးစက်လျက် ရှိနေ၏။ ထိုတင်သာ မကသေးချေ။ နှုတ်ခမ်းထက်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အပြုံးတစ်ခု တည်ရှိနေ၏။ ထိုအရာသည် လူသေတစ်ယောက်၏ မျက်နှာသွင်ပြင်မျိုးနှင့် ဆင်တူနေသည်။
ကျိုးပိုယုသည် အပြင်ဘက်မှ အော်ဟစ်လိုက်၏။ “တတိယမင်းသား .. အချိန်ရောက်ပါပြီ။ ထွက်ခဲ့ပါတော့”
အိပ်ဆေး၏ အာနိသင်သည် လက်ရှိအခြေအနေတွင် ကုန်ဆုံးတော့မည် ဖြစ်၏။ သို့ပေမည့် အာယုဟန်ဆီမှ တုန့်ပြန်မှုဟူ၍ လုံးဝ မကြားရချေ။
ကျိုးပိုယုက ထပ်မံကာ အော်ဟစ်လိုက်သည်။ “တတိယမင်းသား … ထွက်ခဲ့ပါတော့”
သူ၏ အသံက ပိုမိုကာ ကျယ်လောင်လာခဲ့၏။ သို့ပေမည့် အတွင်းမှ မည်သည့် တုန့်ပြန်သံဟူ၍မှ မရှိခဲ့ချေ။
တံခါးဖွင့်လိုက်သော စစ်သည်တော်က တုန်ယင်နေသည့် အသံဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “အရှင်မင်းကြီး... တတိယမင်းသားကို ကြည့်ရတာ သေနေပုံပါပဲ”
ဤစကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ချင်ဘုရင်သည် ထိတ်လန့်တကြား ဖြစ်သွားခဲ့၏။ မိဖုရားကြီး သည်လည်း လန့်ဖျပ်သွားခဲ့သည်။
ကျိုးပိုယုသည် ထိတ်လန့်တကြားဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “မဖြစ်နိုင်ပါဘူး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပြီးနောက် သူသည် ရုတ်တရက် အခန်းထဲသို့ ပြေးဝင်သွားကြည့်လိုက်၏။ အခန်းထဲတွင် ထူးဆန်းသည့် အလောင်းတစ်ခုကို မြင်လိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေပြီး မျက်နှာထက်တွင် အပြုံးတစ်ခု တည်ရှိနေ၏။ တစ်ဖက်လူသည် လုံးဝ သေဆုံးနှင့်နေပြီ ဖြစ်သည်။
ရုတ်တရက် ကျိုးပိုယုသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ မကြာခင်မှာပင် သွေးများ အန်ထွက်ကာဖြင့် မြေပေါ်သို့ လဲကျသွားခဲ့၏။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ အာယုဟန်က ညကလေးတင် အကောင်းကြီးလေ။ မျက်နှာပေါ်မှာ ရှိနေတဲ့ ရေကျောက် အဖုအပိမ့်တွေ အကုန်လုံး ကိုလည်း ငါ သက်သာအောင် ကုသခဲ့ပြီးပြီ။ အခု ဘယ်လို ဖြစ်သွားတာလဲ”
အပြင်ဘက်မှာတော့ ချင်ဘုရင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ကျိုးပိုယု … ဒီကိစ္စ ဘယ်လို ဖြစ်တာလဲ”
စစ်သည်တော်က လှမ်းကာ ပြောဆိုလိုက်၏။ “အရှင်မင်းကြီး … တတိယမင်းသား သေဆုံး သွားခဲ့ပါပြီ”
ရှမ့်လန်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “တတိယမင်းသား သေသွားတာ ခင်ဗျား သတ်ခဲ့တာပဲဖြစ်မယ်။ ဒါနဲ့ ကျမ်းသစ္စာဆိုထားသေးတယ်ဆို။ အခု သေလို့ရပြီပေါ့”
ကျိုးပိုယု၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့လ။ သူသည် မည်သို့မှ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။ တုံ့ပြန်နိုင်သည့် စွမ်းအင်အားလုံးကလည်း ပျောက်ဆုံးသွားသကဲ့သို့ပင်။ သူ၏ ဦးခေါင်းတစ်ခုလုံးသည် မူးဝေလျက် ရှိနေပြီး အမြင်အာရုံများကလည်း မှောင်မိုက်နေခဲ့၏။
ဤကြားထဲတွင် ဘာတွေ ဖြစ်သွားသနည်း။
ထိုအခိုက်မှာပဲ ရှမ့်လန်သည် အပြင်ဘက်မှ အော်ဟစ်လိုက်သည်။ “ယုတ်မာတဲ့ ကျိုးပိုယု... ခင်ဗျား တတိယ မင်းသားကို သတ်ခဲ့တာပဲ ဖြစ်မယ်။ လာခဲ့စမ်း၊ လာပြီး အသေခံတော့”
ထိုအချိန်မှာပဲ ကျိုးပိုယုသည် သတိပြန်ဝင်လာခဲ့၏။ ပြီးနောက် ရှမ့်လန်ကို လက်ညှိုးထိုးလိုက်၏။ “မင်းပဲ .. မင်းပဲ တတိယမင်းသားကို သတ်ခဲ့တာနေမှာ”
ရှမ့်လန်သည် ထိတ်လန့်တကြားဖြင့် လှမ်းကာ ပြောဆိုလိုက်သည်။ “အရှင်မင်းကြီး .. သူ ကျုပ်ကို စွပ်စွဲနေတာပါ။ ကျုပ် အဲအခန်းတွေနားကို ခြေတစ်လှမ်းတောင် မလှမ်းရသေးဘူး။ ဒါကို လူတိုင်းသိတာပဲ”
မှန်ပေ၏။ ရှမ့်လန်သည် အခန်းနှစ်ခုနားသို့ ကပ်ကို မကပ်ခဲ့ချေ။ ချင်ဘုရင်သည် ကိုယ်တိုင်ပင်လျှင် ထိုအရာကို သက်သေခံနိုင်၏။
ရှမ့်လန်က ပြောလိုက်သည် “ကျုပ်သာ ခြေလှမ်းတစ်ရာအကွာကနေ လူတစ်ယောက်ရဲ့ အသတ်ကို နှုတ်နိုင်ရင်တော့ တမျိုးပေါ့”
ကျိုးပိုယုက ပြောလိုက်၏။ “မင်းရဲ့ အနောက်မှာ လူတွေ အများကြီးပဲ။ ပြီးတော့ အဲဒီ လူကောင်ကြီးကြီးကောင်နဲ့ အဲဒီ မိန်းမ၊ သူတို့ တတိယ မင်းသားကို သတ်ခဲ့တာပဲ ဖြစ်မယ်”
ဤသို့ ပြောလိုက်သည့်အချိန်မှာတော့ အာယုနာနာက ဒေါသထွက်သွားခဲ့၏။ အရူးကြီးသည် ဤမျှ ကောင်းမွန်ပြီး ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် အဘယ့်ကြောင့် လာရောက်ကာ စွပ်စွဲနေသနည်း။ သူမသည် ကျောက်ရောဂါ အပြင်းအထန် ခံစားနေရ၏။ ဒေါသတကြီးနှင့် အပြင်ဘက်သို့ ထွက်လာခဲ့၏။ လူတိုင်းသည် ထိတ်လန့်တကြားဖြင့် အနောက်သို့ ဆုတ်ခွာလိုက်ကြ၏။ သူမဆီမှ ရောဂါ ကူးစက်မည်ဟု ကြောက်လန့်သောကြောင့်ပင်။
အာယုနာနာသည် ကျိုးပိုယု၏ ရှေ့သို့ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မ ဒီမှာ ညက တစ်ညလုံး ရှိနေတာ။ တကယ်လို့ တစ်ယောက်ယောက်က အာယုဟန်ကို သတ်တယ်ဆိုရင် ကျွန်မ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ရှင်သတ်တာပဲ နေမှာ။ ရှင်ပဲ သူ့ကို သတ်သွားခဲ့တာပဲ”
ကျိုးပိုယုက ပြောလိုက်၏။ “အရှင်မင်းကြီး .. ဒါ ကြံစည်မှုပါပဲ။ သူတို့ ကျုပ်ကို ကျိန်းသေပေါက် ထောင်ချောက်ဆင်ထားတာပဲ ဖြစ်ပါလိမ့်မယ်”
အာယုနာနာသည် အရူးကြီး၏သံတုတ်ကို ကောက်ယူပြီး လှောင်ပြောင် ရယ်မောလိုက်သည်။ “ရှင် သစ္စာဆိုထားတဲ့အတိုင်း သေလို့ ရပြီ”
ဒုတ်..
အာယုနာနာသည် သံတုတ်နှင့် ရုတ်တရက် ထိုးစိုက်ချလိုက်၏။ တစ်ခဏအတွင်းမှာပဲ သံတုတ်သည် ကျိုးပိုယု၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့၏။ နှလုံးကို ထိုးစိုက်သွားခဲ့သောကြောင့် ကျိုးပိုယုသည် ချက်ချင်းပဲ သေဆုံးသွားခဲ့၏။
ယင်ယွမ်အဖွဲ့အစည်းဆီမှ တာအိုဘုန်းကြီးသည် နောက်ဆုံးတွင် နာမည်ရအောင် ကြိုးစားခဲ့၏။ သို့ပေမည့် အရာအားလုံးသည် လက်ရှိအခြေအနေတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ ကျိုးပိုယုက သေဆုံးသွားခဲ့ပြီ။
ရှမ့်လန်သည် မျက်လုံးကို စုံမှိတ်လိုက်၏။ ‘အင်း... အဆင်ပြေတာပဲ’
သူ ဘာတစ်ခုမှ ပြုလုပ်စရာ မလိုဘဲနှင့် ရန်သူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
‘ကျိုးပိုယု.. ခင်ဗျားက ကျုပ်ရဲ့ ရန်သူ စာရင်းထဲမှာတောင် ပါဝင်ခွင့် မရလိုက်ဘူး။ သေတာ အရမ်း မြန်လွန်းတာပဲ။ ကျုပ်ရဲ့ ရန်သူထဲမှာ ဖန်းကျိုးလိုကောင်မျိုးတောင် အနည်းဆုံး တစ်ရက်လောက်တော့ အသက်ရှင်ခဲ့သေးတယ်။ ခင်ဗျားက တစ်ရက်တောင် အသက် မရှင်ခဲ့ဘူး။ ဒီအချိန်ကစပြီး ခင်ဗျား ကြိုးပမ်းအားထုတ်ခဲ့တဲ့ အသီးအပွင့်တွေကို ကျုပ်က ခံစားရတော့မယ်။
အင်း... ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ။ ပြိုင်ဘက်ကင်းရတာ ဘယ်လောက်တောင် ဗလာနတ္တိ ဖြစ်လိုက်လဲ’
..............
အာယုနာနာသည် သီးသန့် အခန်းထဲသို့ ပြန်သွားခဲ့၏။ အရူးကြီးသည် သူမ ဘေးနားတွင် ရှိနေဆဲပင်။
“အရူးလေး မင်းကို သေချာပေါက် ကုသပေးလိမ့်မယ်”
အရူးကြီးသည် အကြိမ်ကြိမ် အထပ်ထပ် နှစ်သိမ့်လျက် ရှိနေ၏။
ချင်တိုင်းပြည်မှ တော်ဝင်မိသားစုအားလုံးတို့သည် ထိတ်လန့် တုန်လှုပ်လျက် ရှိနေကြ၏။ ကျိုးပိုယု၏ ပြောစကားများသည် အတုများ ဖြစ်နေမည်လား။ အာယုဟန်ကို တကယ်ပဲ ကုသပေးခဲ့သည်ဟု ပြောဆို၏။ သို့ပေမည့် အာယုဟန်က သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် မင်းသား နှစ်ပါး ပျောက်ကင်းသွားခြင်းကရော ဘာဖြစ်သနည်း။
ရှမ့်လန်က ပြောလိုက်၏။ “အရင်က မင်းသားတွေ အသက်ရှင်ခဲ့တာက သူတို့ရဲ့ ကံကောင်းမှုကြောင့်ပဲ။ သူတို့ဖြစ်ခဲ့တာ ကျောက်ရောဂါအပျော့စားပဲ။ ကိုယ်ခံအားကောင်းတော့ ပြန်ကောင်းသွားကြတာ။ အပြင်းစားသာ ကူးစက်ခဲ့မယ်ဆိုရင် သေချာပေါက် သေမှာပဲ”
ချင်ဘုရင်သည် ဤကိစ္စကို အနည်းငယ် နားလည်လာခဲ့၏။ ကျောက်ရောဂါ အပျော့စားသည် ရေကျောက် အနည်းငယ်သာလျှင် ထွက်ခြင်း ဖြစ်၏။ ကျောက်ရောဂါ အပြင်းစားမှာမူ အလွန် ကြောက်မက်ဖွယ်ရာ ကောင်း၏။ ခန္ဓာကိုယ် တစ်ခုလုံး ရေကျောက်များ ဖုံးလွှမ်းလျက် ရှိနေပြီး ကြည့်ရှုရသည်မှာ ခန္ဓာကိုယ်သည် သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် သေဆုံးပေမည်။
ချင်ဘုရင်က ပြောလိုက်သည်။ “ရှမ့်လန် ... မင်း ကျောက်ရောဂါကို ကုသနိုင်ခဲ့တယ်လို့ အမြဲ ပြောတယ်နော်။ အဲဒါ အမှန်ပဲလား”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ အမှန်ပါပဲ။ ကျိုးပိုယုက သေသွားပြီ။ ကျုပ်က ကျောက်ရောဂါကို ကုသနိုင်တဲ့ တစ်ဦးတည်းသော သမားတော်ဖြစ်တယ် ဆိုတာ ပေါ်လွင်သွားပါပြီ”
ချင်ဘုရင်က ပြောလိုက်သည်။ “ဒါဆို သက်သေပြစမ်း။ နာနာကို အမြန်ဆုံး ကုသပေး”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်.. မင်းသမီး နာနာကို ကုသပေးမှာ အသေအချာပါပဲ။ ချင်ပြည်နယ်ရဲ့ ပြည်သူတွေ ကိုလည်း ကုသပေးမှာပါ။ ဒါပေမယ့် အဲဒါတွေ မကုသခင်မှာ ကျုပ်ဆီမှာ အခြေအနေ တစ်ခု ရှိပါတယ်”
ချင်ဘုရင်၏ မျက်နှာသည် ရှုံ့မဲ့သွားခဲ့၏။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “ပြောစမ်း”
ရှမ့်လန်က ပြောဆိုလိုက်၏။ “ကျေးဇူးပြုပြီး ဝန်ခံချက်တစ်ခု ရေးသားပေးပါ။ အရှင်မင်းကြီးရဲ့ သံတမန်ကို ရွှဲ့ပြည်နယ်ဆီ စေလွှတ်ပြီး ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်ကို တောင်းပန်ပေးပါ”
ချင်ဘုရင်သည် ဒေါသ ပေါက်ကွဲသွားခဲ့၏။ “ကျိုးပိုယု သေသွားတော့ ... ရှမ့်လန် မင်း ငါ့ကို ခြိမ်းခြောက်ရဲနေတာလား။ မင်း ငါ့ကို လှည့်စားရဲနေတာလား”
ဒေါသထွက်နေစဉ်မှာပဲ ချင်ဘုရင်သည် ထိုအရာကို မကုတ်ဘဲ မနေနိုင်တော့ချေ။ သူ၏ အောက်ပိုင်းသည် တကယ့်ကို ယားယံလျက် ရှိနေ၏။ ညတုန်းက အားအလွန်အကျွံ သုံးခဲ့သောကြောင့် ထိုအရာက အနည်းငယ် ယားယံပြီး ယောင်ကိုင်းနေခဲ့သည်။
“ဟေ့ ... စစ်သည်တော်တို့ ... ရှမ့်လန်ကို သံလှောင်အိမ်ထဲ ထည့်ပြီး ဖမ်းဆီး သော့ခတ်ထားလိုက်စမ်း”
“ကောင်းပါပြီ”
ထိုအချိန်မှာပဲ ရှမ့်လန်သည် ချင်တိုင်းပြည်မှ စစ်သည်တော်များ၏ ချုပ်နှောင်ခြင်းကို ခံရပြီး တခြား ကျွန်များကဲ့သို့ပင် လှောင်အိမ်တစ်ခုထဲတွင် သော့ခတ်ခြင်းကို ခံထားခဲ့၏။ လှောင်အိမ်ထဲတွင် ရောက်ရှိနေသော ရှမ့်လန်သည် အပူအပင်မရှိ၊ သက်တောင့်သက်သာ ရှိနေ၏။
မကြာခင်မှာပဲ ချင်ဘုရင်၏ ကြောက်စရာ အကောင်းဆုံး ကျောက်ရောဂါက ထကြွလာတော့မှာ ဖြစ်၏။ ထိုရောဂါ၏ လက္ခဏာများက ဖြစ်တည်နေခဲ့ပြီးသားပင်။ “အာယုခန် ..... ရောဂါကုပေးဖို့ ဘယ်လိုအသနား လာခံမလဲ ကြည့်ချင်သေးတယ်။ အဲဒီ အချိန်ကျတော့မှ ကျုပ် လိုချင်တာတွေ အကုန်လုံး ယူမယ်။ ကျုပ် ရှမ့်လန်က မကြာခင် ထကြွလာတော့မယ့် ခင်ဗျားရဲ့ ကျောက်ရောဂါအတုကိုတော့ ကောင်းကောင်း ကုသပေးနိုင်တယ်။ ဟား ဟား ဟား ဟား ဟား”
............
ချင်ဘုရင်၏ မိဖုရားလော့ရန်သည် တာအိုဘုန်းကြီး ကျိုးပိုယု အသတ်ခံရကြောင်း ကြားသည့်အချိန်မှာတော့ အလွန်တရာ ဝမ်းနည်းပူဆွေးသွားခဲ့၏။ သူမ၏ မျက်လုံးထဲဆီမှ မျက်ရည်များသည် အဆက်မပြတ် ဆိုသလို ကျဆင်းလာခဲ့၏။
ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင်။ သူမနှင့် ကျိုးပိုယုတို့သည် ငယ်ရွယ်စဉ်ကတည်းက ဝမ်းကွဲမောင်နှမများ အဖြစ် တော်စပ်ခဲ့ကြ၏။ သူမသည် ရှုတင်းယုနှင့်လည်း ဝမ်းကွဲအဖြစ် တော်စပ်၏။ သို့ပေမည့် ရှုတင်းယုသည် တိုက်ရိုက်မျိုးဆက်မှဖြစ်ပြီး ကျိုးပိုယုနှင့် လော့ရန်တို့မှာတော့ ကိုယ်လုပ်တော်များမှ မွေးဖွားသည့် ကလေးများဖြစ်သည်။
မိသားစုကြီးများ၏ အစဉ်အလာအတိုင်းပင် တိုက်ရိုက်မျိုးဆက်များသည် ပိုမိုကာ အဆင့်အတန်း မြင့်မားပြီး ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးကြီးမားမား နေထိုင်သည့် လူများဖြစ်၏။
သို့ပေမည့် ကိုယ်လုပ်တော်များမှာတော့ တကယ့်ကို တောင်စဉ်ရေမရ အခြေအနေမျိုးသို့ပင် ဖြစ်၏။ ထို့ကြောင့် ကျိုးပိုယုသည် ယင်ယွမ်အဖွဲ့အစည်း၏ ဆေးပညာဌာနဆီသို့ သွားရောက်ကာ ပညာသင်ကြားမှုကို ပြုလုပ်ခဲ့၏။ သူသည် ဆေးအတတ်၊ အဆိပ်အတတ် စသည်တို့ကို သင်ယူလေ့လာခဲ့သည်။
လော့ရန်၏ ကံကြမ္မာက ပိုမိုကာ ဆိုးရွား၏။ သူမသည် ချင်ဘုရင်၏ အနားဆီသို့ ရောက်ရှိလာခဲ့ပြီး ချင်ဘုရင်၏ မိန်းမများထဲမှ တစ်ယောက်ဖြစ်လာခဲ့၏။ သူမနှင့် ကျိုးပိုယုတို့၏ အချစ်ဇာတ်လမ်းသည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ဖြစ်တည်ခဲ့သည့် အရာဖြစ်ပြီး တိတ်တခိုးဇာတ်လမ်းအဖြစ် မေ့မေ့ပျောက်ပျောက် ပျောက်ကွယ် သွားခဲ့သည့် အရာမျိုးဖြစ်၏။ ယခု ပြန်လည်တွေ့ဆုံပြီးသည့်နောက် ထိုအချစ်မီးတိုင်ကို ပြန်လည်ကာ မီးညှိ ခဲ့မိကြ၏။
သူမသည် ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များကို မသိရှိသလို ယင်ယွမ်အဖွဲ့အစည်းဆီမှ ရှင်းလင်းသည့် အမိန့်တစ်စုံတစ်ရာကိုလည်း မရရှိခဲ့ချေ။ သူမ လုပ်နိုင်သည်မှာ ချင်ဘုရင်၏ ဘေးနားတွင်နေထိုင်ပြီး လိုအပ်ပါက ပူးပေါင်း ဆောင်ရွက်ပေးရန်သာ ဖြစ်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမအတွက် ပျော်ရွှင်မှုဟူ၍ မရှိခဲ့သည်သာမက သေချင်လောက်သည်အထိ စိတ်ပျက်အားငယ်မှုမျိုးကို ခံစားခဲ့ရ၏။ ထို့အပြင် အတိုင်းအဆ မရှိသော နာကျင်မှုဝေဒနာကိုလည်း ခံစားခဲ့ရသည်။
ဤချင်ဘုရင်သည် လူရိုင်းတစ်ကောင်၊ သားရဲကြီးတစ်ကောင်ကဲ့သို့ပင် ကြမ်းတမ်းလွန်းလှချေ၏။