← Chapters

အပိုင်း (၃၀၁)

Vol. 22 Ch. 301

အပိုင်း (၃၀၁)

Vol. 22 Ch. 301

အခြားသောဘုရင်များ၏ နန်းတွင်း၌မူ အမျိုးသမီးများသည် ရှင်ဘုရင်၏အိပ်ဆောင်ဆီသို့ ဝင်ရောက်ခစားခွင့်ရရန် အချင်းချင်း လုယက်ကြိုးစားကြ၏။

ရွှဲ့ပြည်နယ်မှ နင်ယွမ်ရှန်းကိုသာလျှင် ကြည့်ရှုသင့်၏။ ကိုယ်လုပ်တော်များသည် နင်ယွမ်ရှန်းနှင့် အိပ်စက်နိုင်ရန်အတွက် ကြီးမားလွန်းသည့် ပင်လယ်ပြင်ကို ဖြတ်ကူးရမည်ဆိုလျှင်တောင်မှ မည်သို့မှ တွန့်ဆုတ်ခြင်းမရှိဘဲ အလျင်အမြန် ဖြတ်ကူးကြမှာ သေချာ၏။ သူတို့သည် ရှင်ဘုရင် သူတို့၏ အိပ်ဆောင်ဆီသို့ ရောက်ရှိလာစေရန် အစဉ်အမြဲ တောင့်တနေခဲ့ကြ၏။ ရှင်ဘုရင်၏ဘေးနားရှိ မိန်းမစိုးများထံသို့ပင် ဖားယားပြီး လာဘ်ထိုးကြရသေးသည်။

သို့ပေမည့် ချင်တိုင်းပြည်မှာတော့ မိဖုရားများသည် အိပ်ဆောင်ဝင်ရမည်ကို အတိုင်းအဆမရှိ ကြောက်လန့် တတ်ကြ၏။ အိပ်ဆောင်ဝင်ရောက်သည့် အချိန်တိုင်းတွင် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်သည် အထိ နာကျင်ခံစားရ၏။ ဤဆယ့်နှစ်တာအတွင်း ချင်ဘုရင် မတရား လုယူသိမ်းပိုက်ခဲ့သည့် မိန်းမများစွာ တို့သည် သေဆုံးနှင့်ခဲ့ကြပြီ ဖြစ်၏။

လော့ရန်သည် သူမ၏ ဘဝတွင် အဆိုးဝါးဆုံးသော ခံစားချက်များကို ရရှိခဲ့ပြီး ငရဲဘုံသို့ ကျဆင်းသွားခဲ့သကဲ့သို့ပင် မျှော်လင့်ချက်ဟူ၍ လုံးဝကင်းမဲ့သလို ခံစားမိခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရစဉ်တွင် ကျိုးပိုယု ရောက်ရှိလာခဲ့၏။ နှစ်ကာလကြာရှည်စွာ မိုးခေါင်ခဲ့ပြီး ရုတ်တရက် မိုးရွာချလိုက် သကဲ့သို့ပင်။ သူမ၏ ဘဝတစ်ခုလုံးက စိုပြေလာခဲ့၏။ သူမ၏ဘဝသည် မျှော်လင့်ချက်အလင်းရောင်များနှင့် ပြန်လည်ကာ ထွန်းတောက်လာခဲ့သည်။

ကျိုးပိုယုသည် သူမကို ဆင်းရဲဒုက္ခမှ ကယ်တင်ပေးမည်ဟုလည်း ကတိပေးခဲ့၏။ ယခု သူမ၏ ချစ်သူ ကျိုးပိုယုသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုသူကို သတ်သည့်လူမှာ ရှမ့်လန်ပင် ဖြစ်ရပေလိမ့်မည်။

သူမသည် နာကျည်းမှုများကို အံကြိတ်သည်းခံကာဖြင့် ချင်ဘုရင်၏ နန်းတော်အတွင်းဆီသို့ အပြေးအလွှားနှင့် ဝင်ရောက်သွားလိုက်၏။

ချင်ဘုရင်၏ ရှေ့တွင် ဒူးထောက်ထိုင်ပြီးသည့်နောက် တုန်ယင်နေသည့် အသံဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး ... တတိယမင်းသား အာယုဟန်ကို လုပ်ကြံတာ ရှမ့်လန်ပဲ ဖြစ်ရပါမယ်။ သူက ကျွန်မရဲ့ အစ်ကို ကျိုးပိုယုကိုလည်း သတ်ခဲ့တာပါ။ အရှင်မင်းကြီး တရားမျှတအောင် ဆောင်ရွက်ပေးပါ”

ချင်ဘုရင်က ဒေါသထွက်နေ၏။ “မင်း ဒဏ်ရာ ရထားတာပဲ။ အေးအေးဆေးဆေး သွားပြီး နားနေလိုက်”

လော့ရန်သည် မချိတင်ကဲ ဖြစ်သွားခဲ့သည်။ ဒီလို ဒဏ်ရာရအောင်လုပ်တာ ရှင်ပဲမဟုတ်လား။

ချင်ဘုရင်၏အိမ်ရှေ့စံ အာယုထိုင် ရောက်ရှိလာခဲ့၏။ သူသည် နန်းတော်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ ကျောက်ရောဂါကပ်ဘေးကို ကိုင်တွယ် ဖြေရှင်းခဲ့ရ၏။

ဖြေရှင်းသည့်နည်းလမ်းသည် ကျောက်ရောဂါဖြစ်သည့် လူအားလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ထို့အတူ သတ်လေလေ ကျောက်ရောဂါ ဖြစ်ပွားသည့် လူဦးရေ အရေအတွက်က များလေလေပင်။ နောက်ဆုံးမှာတော့ ထိုကဲ့သို့ ကူးစက်ခံရသည့် လူများအား သီးသန့် ခွဲထုတ်ထားရုံမှတစ်ပါး အခြား ဘာတစ်ခုကိုမှ ထပ်မံ မလုပ်ရဲ တော့ချေ။ ထို့အတူ သူသည်လည်း ရောဂါရှင်များအား ထပ်မံကာ မသတ်ဝံ့တော့ချေ။

ဤအတိုင်းသာ ဆက်သွားပါက ချင်နိုင်ငံရှိ လူအားလုံး သေဆုံးပျောက်ကွယ်သွားပေလိမ့်မည်။ ထို့အပြင် ကျောက်ရောဂါ ပြန့်ပွားမှုနှုန်းသည် တကယ့်ကို ပြင်းထန်လာခဲ့ပြီး ရပ်တန့်သွားမည့် အရိပ်အယောင်လည်း မမြင်ရပေ။ ချင်နိုင်ငံတစ်ခုလုံးသည် သေမင်း၏ အရိပ်အာဝါသအောက်သို့ ရောက်ရှိနေပြီး မရေတွက်နိုင်သော ချင်နိုင်ငံသားအားလုံးတို့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နေထိုင်နေခဲ့ကြ၏။

နှင်းတောင်နတ်ဘုရားကျောင်းမှပင်လျှင် လက်မှိုင်ချနေရ၏။ သူတို့သည် နှင်းတောင်နတ်ဘုရားကျောင်းမှ နတ်ဘုရားများအား ကယ်တင်ပေးပါရန် အကြိမ်ကြိမ် တောင်းဆုပြုခဲ့ကြ၏။ ဤနှစ်ပိုင်းအတွင်း နတ်ဘုရားများ သူတို့ကို လျစ်လျူရှုထားခြင်းမှာ ချင်လူမျိုးများသည် အခြားသောလူများကို သွားရောက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု တချို့က ထင်ကြေးပေးကြ၏။ ထို့ကြောင့် ဝဋ်ကို ပြန်ခံနေရခြင်း ဖြစ်ပေမည်။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် အရပ်အလွန်ရှည်ပြီး တစ်ဒဿမ ကိုးမီတာခန့် ရှိ၏။ သူသည် ချင်ဘုရင် လောက် အရပ်မမြင့်မားသလို မင်းသမီး အာယုနာနာလောက်လည်း မမြင့်မားပေ။ သူသည် သားဦး တစ်ယောက်တော့ မဟုတ်ချေ။ ချင်ဘုရင်၏ သားဦးသည် ကျောက်ရောဂါနှင့် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် အာယုထိုင်သည် အိမ်ရှေ့စံမင်းသား ရာထူးကို ရရှိခဲ့ပြီး သူ၏ အိမ်ရှေ့စံရာထူးသည် တောင်တန်းကြီး တစ်ခုကဲ့သို့ ခိုင်ခိုင်မြဲမြဲ ရှိနေလေ၏။ သူသည် ကျောက်ရောဂါ ဖြစ်ခဲ့ဖူးသောကြောင့် နောက်တစ်ကြိမ် ထပ်မံကာ မဖြစ်နိုင်တော့ချေ။ အသက်အာမခံ ရသွားသလိုပင်။

“အဖေ .. ဒီနေ့ နောက်ထပ် လူ ၃၀၀၀ လောက် သေဆုံးသွားခဲ့ပြီ” အာယုထိုင်က အလျင်အမြန်ဖြင့် သတင်းပို့၏။

ချင်ဘုရင်၏ နှလုံးသားများသည် လှုပ်ခါသွားခဲ့၏။ ချင်နိုင်ငံတွင် လူဦးရေ သိန်းဂဏန်းမျှသာ ရှိ၏။ နေ့စဉ်နေ့တိုင်း လူထောင်ချီ သေဆုံးနေပါက လအနည်းငယ်အတွင်း အားလုံး ကုန်သွားပေလိမ့်မည်။

အိမ်ရှေ့စံ အာယုထိုင်က ဆက်ပြောလိုက်၏။ “အရင်က သေဆုံးခဲ့တဲ့ လူတွေက အသက်ကြီးပြီး အားနည်းတဲ့လူ တွေလေ။ အခု လူငယ်လူရွယ်တွေပါ အကုန်လုံး သေနေကြတာ။ ကျုပ်တို့ရဲ့ မြင်းသည်တော်တွေတောင်မှ သေဆုံးနေကြပြီ။ ဒါကို လုံးဝ တားဆီးရပ်တန့်လို့ မရနိုင်တော့ဘူး”

ချင်ဘုရင်က ခေါင်းကိုက်သွားခဲ့၏။ ကျောက်ရောဂါသည် နှစ်အနည်းငယ်အတွင်း တစ်ကြိမ်သာ ဖြစ်ပွားလေ့ ရှိသော်လည်း ယခုလောက် မပြင်းထန်ခဲ့ချေ။

ဘေးတစ်ဖက်တွင် ရှိနေသည့် လော့ရန်က ပြောလိုက်၏။ “ဒါ ရှမ့်လန်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ သူက လူတွေကို ဒုက္ခပေးတဲ့နေရာမှာ အရမ်းတော်တယ်။ ပင်လယ်ဓားပြ ချောင်ထျန်းဝေရဲ့ လူတွေကိုတောင်မှ တစ်ခါတည်း သောင်းနဲ့ချီပြီး သတ်ဖြတ်ပစ်ခဲ့တာ။ ဒါ သူ့ရဲ့ အကြံအစည်ပဲ ဖြစ်ရမယ်”

အိမ်ရှေ့စံ အာယုထိုင်က ပြောလိုက်သည်။ “အဖေ ... ကျုပ်တို့ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး။ အားလုံး မသေဘဲ လူတစ်ဝက်လောက် ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ကျုပ်တို့ ကောင်းကောင်း ဒုက္ခတွေ့လိမ့်မယ် ထင်တယ်”

လော့ရန်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “အရှင်မင်းကြီး .... ရှမ့်လန်က ကျောက်ရောဂါကို ကုသနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ သူ့ကို နာနာ့ ကို ကုသခိုင်းလိုက်ပါ။ သုံးရက်အတွင်း သူ မကုသနိုင်ဘူးဆိုရင် သူ လိမ်နေတာပဲလေ။ အဲဒီအချိန်ရောက်ရင် သူ့ကို သတ်ပစ်လိုက်ပါ”

ဤမိန်းမ၏ ရှမ့်လန်ပေါ်တွင် ရှိသည့် အမုန်းတရားသည် တကယ့်ကို ကြီးမားပြင်းထန်လွန်းနေ၏။ သူမသည် ရှမ့်လန်ကို သတ်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို စဉ်းစားလျက် ရှိနေသည်။

အိမ်ရှေ့စံမင်းသား အာယုထိုင်က ပြောလိုက်၏။ “အဖေ .... ရှမ့်လန်မှာ အရည်အချင်းရှိတယ်လို့ ကြားဖူးတယ်။ သူ့ကို စမ်းသပ်ခွင့် ပေးလိုက်ရင်ရော မကောင်းဘူးလား”

ချင်ဘုရင်က ပြောလိုက်သည်။ “သူက ငါ့ကို ရွှဲ့ဘုရင်ဆီ တောင်းပန်လွှာ ရေးခိုင်းခဲ့တယ်။ သူ သေချင်နေတာပဲ”

အိမ်ရှေ့စံမင်းသား အာယုထိုင်သည် ဒေါသထွက်သွား၏။ သို့ပေမည့် အေးစက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ “ဒီလိုကိစ္စမျိုး ရှိနေတာကိုး။ ကျုပ် အခုပဲ သူ့ရဲ့ လျှာကို ဆွဲထုတ်ပြီး ဖြတ်ပစ်လိုက်မယ်။ သူ့ရဲ့ လက်တစ်ဖက်ကိုပါ ဖြတ်ပစ်မယ်”

သူသည် ချင်ဘုရင်ထက်ပင် ပိုမို၍ ဒေါသထွက်နေဟန် ပြသလိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူ့၌ ဤကဲ့သို့သော သဘောထားမျိုးရှိကြောင်း သူ၏ အဖေကို သိစေချင်သောကြောင့်ပင်။ သားတစ်ယောက်အနေနှင့် အဖေ၏ ဂုဏ်သိက္ခာတရားကို အသက်စွန့်ကာ ကယ်တင်ရမည် မဟုတ်ပါလား။

ချင်ဘုရင်က လက်ကာပြလိုက်၏။ ကျိုးပိုယု သေဆုံးသွားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မသေချာသော်လည်း ရှမ့်လန်သည် ကျောက်ရောဂါကို ကုသနိုင်ကြောင်း အထပ်ထပ် ပြောဆိုခဲ့၏။ ရှမ့်လန်ပါ သေဆုံးသွားသည်ဆိုပါက မျှော်လင့်ချက် လုံးဝကင်းမဲ့သွားပေလိမ့်မည်။

သို့ပေမည့် သူ့အား ရွှဲ့ပြည်နယ်ဆီသို့ တောင်းပန်လွှာ ရေးခိုင်းခြင်းဆိုသည်မှာ အရူးအိမ်မက် တစ်ခုကဲ့သို့ပင် အဓိပ္ပာယ်မရှိသည့်အရာမျိုး ဖြစ်၏။ ချင်ဘုရင်သည် မရေတွက်နိုင်အောင် များပြားသော လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့၏။ ဤနှစ်များအတွင်း သူသည် သူရိုက်ချင်သည့်လူကို ရိုက်နှက်ခဲ့၏။ သူ သတ်ချင်သည့်လူကို သတ်ခဲ့၏။

ရွှဲ့ဘုရင်ကို ခြိမ်းခြောက်ခဲ့သလို ချောင်ဘုရင်ကိုလည်း ခြိမ်းခြောက်ခဲ့ဖူး၏။ သူသည် တန်ခိုးဩဇာ ကြီးမားလွန်း ပြီး အလွန်တရာလည်း မောက်မာသူတစ်ယောက် ဖြစ်၏။ သူ့အား တောင်းပန်လွှာ ရေးခိုင်းသည်တဲ့လား။ ထိုအရာက သေခြင်းတရားသာလျှင် ဖြစ်ပေလိမ့်မည်။ အထူးအခြေအနေတစ်ခုသာ ရှိမနေပါက သူသည် ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်ထစ်ကာဖြင့် ခွေးစာကျွေးပစ်ပြီးလောက်ပြီ။

ချင်ဘုရင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ “ငါ ပြောပြီးပြီပဲ။ နေမဝင်ခင် သူ ဒူးထောက်ပြီး အမှားဝန်မခံဘူးဆိုရင် ဒါမှမဟုတ် သူ့စကားကို ပြန်ပြီး မရုပ်သိမ်းဘူးဆိုရင် ငါ သူ့ရဲ့ လျှာကို ဆွဲထုတ်ပြီး ဖြတ်ပစ်မယ်။ လက်တစ်ဖက်ကိုလည်း ဖြတ်ပစ်မယ်။ ပြီးမှ နာနာကို ဆေးကုသခိုင်းရမယ်”

လော့ရန်က ပြောလိုက်၏။ “ကျွန်မရဲ့ အစ်ကို ကျိုးပိုယုက ကျွန်မရဲ့ အငယ်ဆုံးသားလေးကို သုံးရက်အတွင်း ကုသပေးနိုင်ခဲ့တယ်။ ရှမ့်လန်ကသာ သုံးရက်အတွင်း မကုသပေးနိုင်ဘူးဆိုရင် လူလိမ်ပဲ။ ပြီးတော့ အရှင်မင်းကြီးကို လှည့်ဖြားခဲ့တာ အသေအချာပဲ။ သူ့ကို အစိတ်အပိုင်း ၁၀၀၀၀ လောက် ခုတ်ဖြတ်ပြီး သတ်ဖြတ်သင့်တယ်”

အိမ်ရှေ့စံမင်းသား အာယုထိုင်က ပြောလိုက်သည်။ “အင်း .. နေဝင်တဲ့အချိန်ထိ သူ အပြစ်ကို ဝန်မခံဘူးဆိုရင် ဒါမှမဟုတ် ကျုပ်ညီမရဲ့ ရောဂါကို သေသေချာချာ မကုသပေးဘူးဆိုရင် ကျုပ်ကိုယ်တိုင် သူ့ရဲ့ လျှာကို ဆွဲထုတ်ပြီး ဖြတ်ပစ်မယ်”

ချင်ဘုရင်သည် အနည်းငယ် ပင်ပန်းနွမ်းနယ်လျက် ရှိသည်။ ခေါင်းထဲတွင်လည်း မူးနောက်နောက် ခံစားနေရ၏။ ညဘက် အိပ်ရေးမဝလို့လား။ သို့ပေမည့် ယခင်က နေ့နေ့ညည မအိပ်ဘဲနေလေ့ရှိသလို ဘာတစ်ခုမှလည်း မဖြစ်ခဲ့ပေ။ “ခဏအိပ်လိုက်အုံးမယ်”

အာယုထိုင်က ပြောလိုက်၏။ “ဟုတ်ကဲ့ပါ အဖေ”

ပြတင်းတံခါးနှင့် တံခါးများအားလုံးက ပိတ်သွားခဲ့ပြီး ဖယောင်းတိုင်မီးအားလုံးကိုလည်း ငြှိမ်းသတ်လိုက်၏။ ချင်ဘုရင် အာယုခန်သည် ခန်းမဆောင်ထဲတွင် တစ်ယောက်တည်း မျက်လုံးမှိတ်ကာဖြင့် အိပ်စက်လိုက်သည်။

ခဏအကြာမှာတော့ မိုးချိန်းသံကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဟောက်သံကြီးသည် ခန်းမထဲမှ ထွက်ပေါ်လာခဲ့၏။

ခေါ... ခလူး..

............

ဤလှောင်အိမ်သည် ကျွန်များကို ထိန်းသိမ်းရန် ပြုလုပ်ထားသည့် အရာဖြစ်ပြီး အနားတဝိုက်တွင် အနံ့အသက်များကလည်း ဆိုးဝါးစွာဖြင့် ထောင်းထောင်းထနေ၏။ ကံကောင်းသည်မှာ ဤလူစုသည် အပြင်လောကနှင့် အဆက်အသွယ်မရှိဘဲ အမြဲတမ်း ချုပ်နှောင်ခြင်း ခံထားရသောကြောင့် ကျောက်ရောဂါ ကူးစက်ခြင်း မရှိကြချေ။ ဤနေရာသည် ငရဲဘုံနှင့် မခြားနားချေ။

ရှမ့်လန်မှာ လှောင်အိမ်တစ်ခုထဲတွင် တစ်ဦးတည်း နေထိုင်နေရ၏။ ကျန်ကျွန်များမှာတော့ လှောင်အိမ် တစ်ခုတွင် လူတစ်ဒါဇင်ကျော် ပြွတ်သိပ်ကျပ်ညပ်စွာ နေထိုင်ကြ၏။ အိပ်ရန်မဆိုနှင့် မတ်တတ်ရပ်ရန်ပင် ကောင်းကောင်း နေရာမရှိကြချေ။ အစားအသောက်နှင့် အဝတ်အထည်များကို ကောင်းကောင်းပေးခြင်း မရှိသောကြောင့် အလွန်ပင် ချို့တဲ့နေခဲ့ကြပြီး သောက်သုံးရေကိုပင် လုံလုံလောက်လောက် မရရှိခဲ့ကြချေ။ ဤလူများသည် ရွှဲ့ပြည်နယ်၊ ချောင်ပြည်နယ် နှင့် အခြားသော အနောက်ဘက်နိုင်ငံများမှ လူများဖြစ်ကြ၏။

ချင်လူမျိုးတို့သည် အပြင်ဘက်ကို ထွက်၍ လုယက်သည့် အလုပ်များကို ပြုလုပ်ခဲ့ပြီး ကျွန်အများအပြားကိုလည်း ဖမ်းဆီးလာလေ့ ရှိ၏။ ယောကျ်ားများသည် သတ္တုတွင်းတွင် အလုပ်လုပ်ကြပြီး ပင်ပန်းကြီးစွာ သေဆုံး ကြရသည်။ မိန်းကလေးများမှာတော့ မျိုးပွားပေးသည့် လုပ်ငန်းစဉ်အစိတ်အပိုင်းများအဖြစ် အသုံးပြုခံကြရ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ အလွန်ပင်ပန်းဆင်းရဲသည့် ဒုက္ခတရားကို ခံစားရသည်။

ထိုအချိန်မျိုး၌ တော်ဝင်ရင်အင်ပါယာမင်းဆက်၏ သာလွန်မှုကို မြင်တွေ့နိုင်၏။ ထိုနေရာတွင် နိုင်ငံရေးသည် အလွန်ရှုပ်ထွေးပြီး အမှောင်ဖုံးလွှမ်းနေသည်ဟု ပြောဆို၍ရ၏။ သို့ပေမည့် အနည်းဆုံးတော့ စည်းကမ်းမဲ့ခြင်းမျိုး မရှိလှချေ။ ဉပဒေက အသက်ဝင်သည်။

ချင်လူမျိုးများဆီသို့ ရောက်ရှိခဲ့သော ကျွန်များသည် အနည်းဆုံး သုံးပုံနှစ်ပုံခန့်သည် သေဆုံးသွားခဲ့ကြ၏။

ရှမ့်လန်သည် ရွှဲ့ပြည်နယ်မှ ကျွန်များ၏အသံကို ကြားရသည့်အချိန်မှာတော့ လှမ်းကာ မေးမြန်းလိုက်သည်။ “ခင်ဗျားတို့ ရွှဲ့ပြည်နယ် ဘယ်မြို့ကလဲ”

“ကျုပ်တို့က ပိုင်ရီမြို့ကပါ”

“ကျုပ်တို့ကတော့ တောင်တန်းတစ်သောင်းဒေသကပါ”

“ကျုပ်တို့ကတော့ ညောင်ဖြူဒေသကပါ”

ရှမ့်လန်သည် ဤနာမည်များကို ကြားသည့်အချိန်မှာတော့ မျက်မှောင်ကုတ်မိ၏။ ဤနေရာများသည် စုမျိုးနွယ် အုပ်စိုးသည့် အရှေ့မြောက်ဘက် ရွှဲ့ပြည်နယ်၏ နယ်နိမိတ်အတွင်း၌ တည်ရှိနေ၏။ စုမျိုးနွယ်၏ သံတမန်ရေးရာ ကြိုးစားမှုသည် အလွန်ထိရောက်သောကြောင့် ချင်လူမျိုးတို့သည် လုယက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထိုသို့ဆိုလျှင် ရွှဲ့ပြည်နယ်မှ ကျွန်များသည် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။ ထို့အပြင် အရေအတွက်ကလည်း များပြားလွန်းသည်။

“ခင်ဗျားတို့ကို ဘယ်လိုဖမ်းခဲ့ကြတာလဲ။ ဘယ်သူဖမ်းခဲ့တာလဲ” ရှမ့်လန်က မေးလိုက်၏။

“မျက်စိသုံးလုံးမိစ္ဆာပါပဲ။ နှစ်စဉ်နှစ်တိုင်း မျက်စိသုံးလုံးမိစ္ဆာရဲ့ ဓားပြအဖွဲ့တွေက လှည့်လည်လုယက်ပြီး လူပေါင်းများစွာကို ဖမ်းဆီးတယ်။ ပြီးတော့ ချင်နိုင်ငံဆီ ရောင်းစား ကြတယ်”

ထိုအကြောင်းကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်သည် ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ယင်သွားမိသည်။ ဤနေရာတွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသည့် လျှို့ဝှက်ကြံစည်မှုကြီးတစ်ခု ရှိရပေလိမ့်မည်။ ထိုအရာသည် ကောင်းကင်ဘုံသို့ တက်လှမ်းသွားသည်အထိ ကြီးမားသည့် အမှုအခင်းကိစ္စကြီးသာ ဖြစ်သည်။

မျက်စိသုံးလုံးမိစ္ဆာသည် နှစ်စဉ်နှစ်တိုင်း လူရာပေါင်းများစွာကို လုယက်၏။ ဤသည်မှာ ကြီးမားလွန်းသည့် အမှုခင်းဖြစ်ရပ်ကြီးတစ်ခု ဖြစ်၏။ သို့ပေမည့် မြို့တော်တွင် မည်သူမှ မကြားသလို နေထိုင်ခဲ့၏။ မည်သူကမှလည်း ထိုအကြောင်းကို မပြောဆိုကြချေ။

ကျန်းယွမ်ခရိုင်နှင့် အနောက်ဘက်ပြည်နယ်ဒေသမှ အရာရှိအားလုံးတို့သည် ထိုအမှုကို ဖုံးကွယ်ထားခဲ့ကြ၏။ ဤအရာမှာ ကြီးမားလွန်းသော လျှို့ဝှက်ကြံစည်မှုကြီ တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ရှမ့်လန်သည် ခြေထောက်ကို အသုံးပြု၍ စဉ်းစားမည်ဆိုလျှင်တောင်မှ မျက်စိသုံးလုံးမိစ္ဆာဟူသော ဓားပြသည် စုမျိုးနွယ် မွေးမြူထားခဲ့သည့် ဓားပြတစ်စုဖြစ်ကြောင်း သိရှိနိုင်၏။ စုမျိုးနွယ်သည် ဓားပြအဖြစ် ဟန်ဆောင်ကာဖြင့် ရွှဲ့ပြည်နယ်၏ ပြည်သူများကို လုယက်၏။ ထို့နောက် ချင်ဘုရင်ထံသို့ ကျွန်များအဖြစ် ရောင်းစားခဲ့သည်။

‘ငါ့ဆီ လာမလုယက်ကြနဲ့။ ငါကိုယ်တိုင် မင်းတို့ကို လာပို့ပေးမယ်’ ထိုကဲ့သို့သော သဘောပင် ဖြစ်၏။ မကြာသေးသောနှစ်များအတွင်း ချင်လူမျိုးတို့သည် လာရောက်လုယက်ခြင်း မရှိသည်မှာ အံ့အားသင့်စရာ မဟုတ်ခဲ့ချေ။ စုမျိုးနွယ်သည် တကယ့်ကို သေဒဏ်ထိုက်တန်သည့် လူမျိုးပင် ဖြစ်၏။

တောင်တန်းတစ်သောင်းဒေသ၏ အုပ်ချုပ်ရေးမှူးသည် သေဒဏ်ထိုက်တန်၏။ ကျန်းယွမ်ခရိုင်၏ အုပ်ချုပ်ရေးမှူး သည်လည်း သေဒဏ်ထိုက်တန်၏။ ညောင်ဖြူဒေသ၏ အုပ်ချုပ်ရေးမှူးသည်လည်း သေဒဏ်ထိုက်တန်သည်။ ‘စုနန်.. ဒီလူယုတ်မာက တကယ့်ကို အောက်ခြေစည်းမျဉ်းမရှိတဲ့ လူပဲ’

“ခင်ဗျားတို့က လယ်လုပ်ကြတာလား။ ဒါမှမဟုတ် အခြားအလုပ် လုပ်ကြတာလား” ရှမ့်လန်က မေးမြန်းလိုက်၏။

“ကျုပ်တို့က လယ်လုပ်ပါတယ်။ ဒါပေမဲ့ လယ်မရှိတော့ဘူး။ ဒီတော့ အလုပ်ရုံတွေ၊ သတ္တုတွင်းတွေမှာ အလုပ်လုပ်ပါတယ်။ ပြီးတော့ မျက်စိသုံးလုံးမိစ္ဆာက ကျုပ်တို့ကိုဖမ်းပြီးတော့ ချင်နိုင်ငံဆီ ရောင်းစားခဲ့လိုက်တာပဲ”

ဤကဲ့သို့ အဆင့်ဆင့် တိုးတက်လုပ်ဆောင်ခြင်း နည်းလမ်းသည် အစီအစဉ် ကျနလွန်း၏။ ပထမဦးဆုံး ဤလူစုအား လုပ်ငန်းခွင်မှ ထွက်ခွာစေသည်။ အလုပ်လုပ်စရာမရှိဘဲ တခြားသို့အလုပ်ရှာပါက ဖမ်းဆီးပြီး ချင်ဘုရင်ထံသို့ ကျွန်များအဖြစ် ရောင်းစားခဲ့သည်။

ဤလူများသည် ရွှဲ့ပြည်နယ်၏အပြစ်မဲ့လူများသာလျှင် ဖြစ်၏။ ချင်နိုင်ငံတွင် ကျွန်အဖြစ်နေရခြင်းသည် နှစ်အနည်းငယ်အတွင်း သေချာပေါက် သေဆုံးရမည့် အရာမျိုး ဖြစ်၏။ လောကတွင် ဤထက်ဆိုးဝါးသည့် ပြစ်မှုဟူ၍ မရှိတော့ချေ။

အရာရှိအသိုင်းအဝိုင်း တစ်ခုလုံးကလည်း ထိုအရာကို ဖုံးကွယ်ထားခဲ့ကြ၏။ လူယုတ်မာကြီး စုနန်သည် အပိုင်းပိုင်း ဖြတ်၍ သတ်ခြင်းကို ခံရသင့်သည့် လူယုတ်မာပင်။ စုမျိုးနွယ်သည် တော်ဝင်မျိုးနွယ်၏ မျိုးဖြုတ် သတ်ဖြတ်ခြင်း ကို ခံရသင့်၏။

‘စုနန်.. ခင်ဗျားမိသားစု ကြွယ်ဝချမ်းသာမှုအတွက် ခင်ဗျားက ချင်ဘုရင်ကို ဒူးထောက်ခဲ့တယ်။ ပြီးတော့ ခင်ဗျားဆီမှာ အောက်ခြေစည်းမျဉ်းဆိုတာ မရှိတော့ဘူး’

ထိုတင်သာမကသေးချေ။ အရာရှိအသိုင်းအဝိုင် အပေါ် စုမျိုးနွယ်၏ ထိန်းချုပ်ထားနိုင်မှုကလည်း ရှမ့်လန် စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်လျက် ရှိနေသည်။

..........

နေဝင်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်၏ရှေ့တွင် အရပ်မြင့်မြင့်နှင့် လူတစ်ဦး ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အာယုထိုင်ပင် ဖြစ်၏။ သူသည် ချင်ဘုရင်လောက် အရပ်မမြင့်မားသော်လည်း ကြွက်သားများ ကြီးမားကာဖြင့် တကယ့်ကို လူကောင်ထွားသည့် လူတစ်ယောက်ပင်။ ကိုယ်ခံပညာအရ ပြောဆိုရမည်ဆိုလျှင် သူသည် ချင်ဘုရင်၏ အောက်တွင်ရှိ၏။ မင်းသမီးအာယုနာနာပင်လျှင် သူ၏ ပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ ဆရာသည် ပထမဦးဆုံး ချင်ဘုရင် ဖြစ်၏။ ပြီးနောက် နှင်းတောင်နတ်ဘုရားမှ ထိပ်တန်းကျွမ်းကျင်သူ ခွန်ဟိုင် ဖြစ်သောကြောင့်ပင်။ ထိုသူသည် အလွန်လျှို့ဝှက် ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး လူရှေ့သို့ ထွက်လေ့မရှိဘဲ နှင်းတောင်ထိပ်ရှိ ကျောင်းတွင်သာ နေထိုင်လေ့ ရှိ၏။

“ရွှဲ့ပြည်နယ်သား .... ငါ့အဖေကို တောင်းပန်လွှာရေးခိုင်းတယ်ဆိုတာ မင်လား” အာယုထိုင်သည် မထီမဲ့မြင်ပြုသော လေသံဖြင့် မေးမြန်းလိုက်သည်။

ထိုအခိုက်မှာပဲ ဘေးတစ်ဖက်တွင် ရှိနေသည့် လှောင်အိမ်ထဲမှ ကျွန်တစ်ဦးက လှမ်းကာ ပြောလိုက်၏။ “သခင်လေး ... ကျုပ်ကို ရေသောက်ခွင့်ပြုပါအုံး .. ကျုပ်ရေဆာလွန်းလို့ သေတော့မယ်”

အာယုထိုင်၏ အကြည့်က အေးစက်သွားခဲ့၏။ သူသည် ရှေ့ကိုလှမ်းတက်ပြီးနောက် သံလှောင်အိမ်ကို ဆွဲမကာ မြေကြီးသို့ ပစ်ချလိုက်၏။ ပြီးနောက် ထိုယောက်ျားကို ဆွဲကိုင်ကာဖြင့် မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်သည်။

ဤလူသည် မွေးရာပါခွန်အားဗလကြီးမားလွန်းသူတစ်ယောက် ဖြစ်၏။ ဤသံလှောင်အိမ်သည် အတွင်း၌ လူပေါင်း ၁၀၀ ကျော်ရှိပြီး ပေါင် ၁၀၀၀ ခန့် အလေးချိန်ရှိ၏။ သို့ပေမည့် အလွယ်တကူဖြင့် မကာ ကိုင်ပေါက်လျက် ရှိနေခဲ့၏။ ဤကဲ့သို့သော ခွန်အားမျိုးသည် ဝက်ဝံကြီးတစ်ကောင်၏ ခွန်အားထက်ပင် ပိုမိုကာ ကြီးမား ပြင်းထန်နေ၏။

အကြိမ်အနည်းငယ်ကြာ ကိုင်ပေါက်ပြီးနောက် သံလှောင်အိမ်ထဲတွင် ရှိနေသည့် ကျွန်ပေါင်း ၁၀၀ ကျော် တို့သည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်လျက် ရှိနေပြီး သွေးများလည်း အန်ထွက်နေခဲ့ကြသည်။

“ဘယ်သူ ရေသောက်ချင်သေးလဲ”

ကျွန်များသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မည်သည့်စကားကိုမှ မဆိုဝံ့ တော့ချေ။

ဤသည်မှာ ချင်လူမျိုးတို့၏ ကျွန်များပေါ် ဆက်ဆံပုံပင် ဖြစ်၏။ သူတို့သည် ကျွန်များအား ဝက်၊ ခွေးများလောက်ပင် တန်ဖိုး မထားကြချေ။

“ရှမ့်လန်ကို နန်းတော်ဆီ ခေါ်ခဲ့ကြ” အာယုထိုင်က အမိန့်ပေးလိုက်၏။

စစ်သည်တော်နှစ်ဦးတို့သည် ရှမ့်လန်ကို လှောင်အိမ်ထဲမှ ဆွဲထုတ်ကာဖြင့် နန်းတော်ဆီသို့ ခေါ်ဆောင်သွားကြ၏။ ချင်ဘုရင်သည် အိပ်စက်လိုသောကြောင့် အခန်း၏ ရှိရှိသမျှသော ပြတင်းပေါက် တံခါးများကို သေချာ ပိတ်ထား၏။ ပြီးနောက် တံခါးများကိုပိတ်ကာ ဖယောင်းတိုင်မီးများကိုလည်း ငြှိမ်းသတ်ထား၏။ ခန်းမဆောင် တစ်ခုလုံးသည် အမှောင်ထုများဖြင့် ဖုံးလွှမ်းလျက် ရှိနေသည်။

ချင်ဘုရင်သည် ခန်းဆောင်ထဲရှိ ပလ္လင်ပေါ်တွင် အိပ်စက်နေဆဲဖြစ်ပြီး ၎င်း၏ ဟောက်သံသည် မိုးချိန်းသံကဲ့သို့ပင် ကျယ်လောင်၏။

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အာယုထိုင်သည် ရှမ့်လန်ကို ခေါ်ဆောင်လာခဲ့သော်လည်း သူ၏အဖေကို မနှိုးဝံ့သောကြောင့် ဘေးတစ်ဖက်တွင် တိတ်တဆိတ် စောင့်စားလျက် ရှိနေသည်။

ထိုအချိန်မှာပဲ လော့ရန်သည် ထပ်မံကာ ရောက်ရှိလာခဲ့၏။ ယခုအချိန်၌ သူမ၏ စိတ်ထဲတွင် ရှမ့်လန်ကို သတ်ပစ်ချင်သည့် စိတ်အတွေး တစ်ခုတည်းသာလျှင် ရှိ၏။ ချင်ဘုရင်၏ သိုင်းပညာသည် အလွန် အားကောင်း၏။ မည်သူမှ အသံမထွက်သော်လည်း သူ၏ ဘေးတွင် လူတစ်ယောက် ရပ်နေသည်နှင့် ချက်ချင်းပင် နိုးထလာခဲ့၏။

အာယုထိုင်က ပြောဆိုလိုက်သည်။ “အဖေ ... ရှမ့်လန်ကို ခေါ်လာပါပြီ”

ချင်ဘုရင်က ပြောလိုက်၏။ “နေဝင်သွားပြီ။ ငါ မင်းကို အခွင့်အရေးပေးလိုက်မယ်။ ရှမ့်လန်... မင်း အခု ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်စမ်း။ ပြီးတော့ အာယုနာနာကို ကုသပြီး မင်းရဲ့ အရည်အချင်းကို သက်သေပြ”

ဘေးတစ်ဖက်တွင် ရှိနေသည့် လော့ရန်က ပြောလိုက်သည်။ “သုံးရက်အတွင်း အာယုနာနာရဲ့ ကျောက်ရောဂါကို မကုသနိုင်ဘူးဆိုရင် မင်းက လူလိမ်တစ်ယောက်ပဲ။ မင်းကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး သတ်ပစ်မယ်”

ချင်ဘုရင်သည် အေးစက်စွာ ပြောဆိုလိုက်၏။ “ဒူးထောက်ပြီး ဝန်ခံစမ်း။ မဟုတ်ရင် မင်း အပြစ်ပေးခံရမယ်”

သူသည် ရှမ့်လန်ကို အပြစ်ပေးရန် မလိုလားချေ။ မည်သို့ပင် ဖြစ်စေကာမူ ကျောက်ရောဂါကို ကုသနိုင်သည့် တစ်ဦးတည်းသော သူမှာ ရှမ့်လန် ဖြစ်နေ၏။ ထိုသို့ဆိုလျှင်တောင်မှ ချင်ဘုရင်၏ ဂုဏ်သိက္ခာတရားကို အကျခံ၍မဖြစ်ချေ။

All Chapters