အပိုင်း (၃၀၂)
Vol. 22 Ch. 302
အာယုထိုင်သည် ရုတ်တရက် သူ၏ ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။ ချင်ဘုရင် အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် သူသည် ရှမ့်လန်၏ လျှာနှင့် လက်တစ်ဖက်ကို ဖြတ်တောက်ပေလိမ့်မည်။
“ဒူးထောက်စမ်း”
ချင်ဘုရင်သည် အေးစက်စွာ ဆိုလိုက်၏။ “ငါ နောက်တစ်ကြိမ် ထပ်ပြီး မပြောချင်ဘူး။ အခု မီးထွန်းလိုက်စမ်း။ မည်းမှောင်နေတာပဲ”
အာယုထိုင်က ပြောလိုက်သည်။ “အဖေ ... အဖေ့ကို မလေးမစား ပြုလုပ်တဲ့လူကို ကျုပ် အခုပဲ အပြစ် ပေးလိုက်ပါ့မယ်။ ရှမ့်လန်... မင်း ဒီအချိန်ကစပြီး စကားပြောစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ လျှာကို ဖြတ်ပစ်တော့မှ မလို့ပဲ”
ပြီးနောက် သူသည် ဓားမြှောင်ကို အသာဆွဲမကာဖြင့် ရှမ့်လန်ထံသို့ လျှောက်လာ၏။
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“အား”
အပျိုတော်တစ်ယောက်သည် ချင်ဘုရင်၏ မျက်နှာကို လက်ညှိုးထိုးလိုက်၏။ အမှောင်ထဲတွင် သူတို့ မမြင်နိုင်ခဲ့သော်လည်း ယခု ဖယောင်းတိုင်မီးထွန်းလိုက်သည့်အချိန်မှာတော့ ချင်ဘုရင်သည် သရဲတစ္ဆေတစ်ကောင် ကဲ့သို့ ပြောင်းလဲနေကြောင်း မြင်လိုက်ရ၏။
အာယုထိုင်သည် ကြက်သေသေသွား၏။ လော့ရန်သည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ တကယ်ပင် သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားခဲ့၏။ သူတို့မြင်ရသည်မှာ ချင်ဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အရည်ကြည်ဖုများနှင့် ပြည့်နှက်နေသောကြောင့်ပင်။ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုအရည်ကြည်ဖုများက ပြည်များတည်လျက်ရှိသည်။ ချင်ဘုရင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ပင်။
ချင်ဘုရင်က ထိတ်လန့်သွားသည်။ “မီးထွန်းစမ်း၊ မီးထွန်းပေးစမ်း”
အမိန့်သံနှင့်အတူ မရေတွက်နိုင်အောင် များပြားသည့် အစေခံများသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့ကြ၏။ သူတို့သည် ဖယောင်းတိုင်များစွာကို ချက်ချင်း မီးထွန်းညှိလိုက်၏။
ခန်းမဆောင် တစ်ခုလုံး လင်းလက်သွားခဲ့သည်။
ချင်ဘုရင်သည် ပလ္လင်ထက်မှ ဆင်းသက်လာခဲ့ပြီး မှန်ကြီးတစ်ခုရှေ့သို့ အပြေးအလွှားသွားကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ မှန်၌ မြင်နေရသည်မှာ လူလား၊ တစ္ဆေလား မသဲကွဲချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အရည်ကြည်ဖုများနှင့် ပြည့်နှက်လျက် ရှိနေ၏။
ဤသည်မှာ အပြင်းထန်ဆုံးသော ကျောက်ရောဂါပင် ဖြစ်၏။ ဒဏ္ဍာရီလာ သေချာပေါက် သေဆုံးသွားနိုင်စွမ်း ရှိနေသည့် ကျောက်ရောဂါ ဖြစ်ရပေမည်။ မည်မျှ သန်မာသော စစ်သည်တော်ဖြစ်စေ ကျောက်ရောဂါ ဖြစ်ပါက ကျိန်းသေပေါက် သေဆုံးရပေမည်။
သို့ပေမည့် ရှမ့်လန် တစ်ဦးတည်းသည်သာ ဤအရာကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိ၏။ ဤအရာမှာ ကျောက်ရောဂါ တစ်ခုမဟုတ်ဘဲ အလွန်အစွမ်းထက်လွန်းသော ရေယုန်ပိုးတစ်မျိုးပင် ဖြစ်၏။ ကျိုးပိုယုသည် ချင်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ထိုအရာကို ထည့်သွင်းထားခဲ့ခြင်းသာလျှင် ဖြစ်၏။ ယခု ထိုအရာက အစွမ်းပြခဲ့ပြီ ဖြစ်၏။ အလွန်လည်း ပြင်းထန်လှ၏။ ယခု ကြည့်ရှုရသည်မှာ ချင်ဘုရင်၏ ပုံပန်းသွင်ပြင်သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ကောင်းလှ၏။
ချင်ဘုရင်သည် အလွန်ထိတ်လန့် ကြောက်ရွံ့သွားခဲ့သည်။ သူသည် ရဲရင့်၏။ လောဘကြီး၏။ မောက်မာ၏။ သို့ပေမည့် သေဆုံးရမည်ကိုတော့ အကြောက်ဆုံး ဖြစ်၏။ သူသည် ပတ်ဝန်းကျင်တွင် ရှိနေသော လူပေါင်း များစွာတို့၏ အသက်ကို အဖိုးမတန်ဟု သဘောထား၏။ သို့ပေမည့် သူ၏ အသက်မှာမူ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလွန်းလှသည်။
ယခင် အနောက်ဘက်ဒေသဆီသို့ စီးနင်းတိုက်ခိုက်စဉ်က သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် ပြဿနာ အသေးစားလေးတစ်ခု ဖြစ်ပွားခဲ့၏။ ထိုအချိန်မှာပဲ သူသည် စီးနင်းတိုက်ခိုက်မှုများကို အမြန်ဆုံး အဆုံးသတ်ကာဖြင့် ချင်နိုင်ငံဆီသို့ အလျင်အမြန် ပြန်လာပြီး ကုသခြင်းကို ခံယူ၏။ လူတစ်ယောက်သည် တစ်ကိုယ်ကောင်းဆန်လေလေ သေခြင်းတရားကို ပိုမိုကာ ကြောက်ရွံ့လေလေ ဖြစ်၏။
ချင်ဘုရင်သည် ချက်ချင်းပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် ထိတ်လန့်မှုအခြေအနေထဲသို့ ကျရောက် သွားခဲ့သည်။ ‘ငါ သေတော့မှာလား။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ငါ့ဆီမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်။ ပြီးတော့ မကုန်ခန်းနိုင်တဲ့ စည်းစိမ်ဥစ္စာတွေလည်း ရှိတယ်။ ငါ မသေချင်ဘူး။ ငါ မသေချင်သေးဘူး။ လောကကြီးမှာရှိတဲ့ လူတွေအကုန်လုံး သေသွားရင်တောင် ငါ ချင်ဘုရင်က မသေရသေးဘူး။ ငါ အခြားသောသူတွေကို စီးနင်းတိုက်ခိုက်ရအုံးမယ်။ လုယက်ရအုံးမယ်။ မိန်းမတွေကို ဖျက်ဆီးရအုံးမယ်။ အဆုံးမဲ့တဲ့ စည်းစိမ်ဥစ္စာနဲ့ ဩဇာအာဏာတွေကို ခံစားရအုံးမယ်။ ငါ့လို သူရဲကောင်းတစ်ယောက်က မသေရသေးဘူး’
“ဒီကျောက်ရောဂါကို ဘယ်သူ ကုသတတ်လဲ။ ကျိုးပိုယု၊ ကျိုးပိုယုကို ခေါ်လိုက်စမ်း” ချင်ဘုရင်သည် ထိတ်လန့်တကြားဖြင့် ကျိုးပိုယုကို အမှတ်ရသွားသည်။ သို့ပေမည့် ကျိုးပိုယု သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူက ချက်ချင်းပဲ သတိရလိုက်၏။ ပြီးနောက် သူသည် ခေါင်းကိုက်လွန်းသည့် ဝေဒနာကို စတင်ကာ ခံစားလိုက်ရ၏။ ချက်ချင်းပဲ ပျို့အန်ပြီး တစ်ကိုယ်လုံးလည်း ပူလောင်လာခဲ့၏။ အဖျားသည် မကျချေ။ ဤလက္ခဏာသည် ကျောက်ရောဂါနှင့် တူညီပြီး အလွန်ပဲ ပြင်းထန်၏။
ထိုအချိန်မှာပဲ သူသည် ရှမ့်လန်ကို သတိရလိုက်သည်။
“ရှမ့်လန် ... မင်း ကျောက်ရောဂါကို ကုသတတ်တယ် မဟုတ်လား။ မြန်မြန် ငါ့ကို ကုသစမ်း။ ငါ့ကို ကုသပေးစမ်း” ချင်ဘုရင်က ဟိန်းဟောက်လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ကျောက်ရောဂါကို ကုသတတ်တယ်။ ပြီးတော့ ဒီအရာကို ကျုပ်တစ်ယောက်ပဲ ကုသပေးနိုင်တယ်။ ပြီးတော့ ဆေးကို ကျုပ်တစ်ယောက်ပဲ ပြင်ဆင်ပေးနိုင်တယ်။ ပြီးတော့ လူတစ်ယောက်ပဲကိုပဲ ကယ်နိုင်တယ်။ ဒါပေမဲ့ အဲဒီဆေးက အရမ်းအစွမ်းထက်တယ်”
ဤစကားများကို အနည်းငယ် ရင်းနှီးနေသကဲ့သို့ပင်။
“ငါ့ကို ပေး၊ ငါ့ကို ပေးစမ်း”
ချင်ဘုရင်သည် သူ၏ သမီး အာယုနာနာ၏ အသက်ကိုပင် ဂရုမစိုက်တော့ချေ။
ရှမ့်လန်က ပြောလိုက်၏။ “အင်း ... နှစ်နာရီအတွင်း ဆေးစွမ်းပြလိမ့်မယ်။ တစ်ရက်အတွင်းမှာပဲ ရောဂါရဲ့ တစ်ဝက်လောက် ပျောက်သွားလိမ့်မယ်။ သုံးရက်အတွင်း ချက်ချင်း သက်သာလာလိမ့်မယ်။ ဆယ်ရက်ကြာရင် လုံးဝပျောက်ကင်းသွားမယ်လို့ ကျုပ် အာမခံတယ်။ အသက်အန္တရာယ် လုံးဝ မရှိဘူး။ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိဘူး။ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တောင် မကျန်စေရဘူး”
ထိုအချိန်မှာပဲ ရှမ့်လန်သည် နတ်သမားတော် တစ်ယောက်ကဲ့သို့ ပြောဆိုလျက်ရှိနေသည်။
“စကားများမနေစမ်းနဲ့။ မြန်မြန် ငါ့ကို ကုပေးစမ်း ... ကြားလား” ချင်ဘုရင်က ဟိန်းဟောက်လိုက်၏။ သူသည် အိပ်ရာမှ နိုးထကာစက အဆင်ပြေသေးသော်လည်း ယခု စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာသည့်အခါမှာတော့ ခန္ဓာကိုယ်ပေါ်မှ ယားယံမှုက သည်းမခံနိုင်လောက်အောင် ဖြစ်လာခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ "ကျုပ်ကို ကုသပေးစေချင်တယ်ဆိုရင် လွယ်ပါတယ်။ အချက်နှစ်ချက် ကတိပေးရုံပဲ”
ချင်ဘုရင်က အံ့အားသင့်သွား၏။ “နောက်ထပ် အချက်နှစ်ချက် လာပြန်ပြီလား”
“ပြောစမ်း” ချင်ဘုရင်က ဆိုလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပထမဦးဆုံး အချက်အနေနဲ့ ဒီလော့ရန်နဲ့ ကျိုးပိုယုတို့က ဖောက်ပြန်ခဲ့တယ်။ အခု ကျိုးပိုယု သေသွားပြီဆိုတော့ ဒီမိန်းမက ကျုပ်ကို သတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်။ သူ့ အသက်ရှင်နေသရွေ့ ကျုပ်ရဲ့ နောက်ကျောမှာ စူးတစ်ချောင်း ထိုးစိုက်ခံရသလို ခံစားနေရလိမ့်မယ်။ ခင်ဗျားကို ကုသပေးနေရင်တောင်မှ ကောင်းကောင်းကုသမပေးနိုင်မှာ စိုးရတယ်။ ဒါကြောင့် သူ့ကို သတ်ပေးပါ။ ပြီးရင် ကျုပ် အစွမ်းကုန် ကုသပေးမယ်”
ဤစကားကိုကြားရချိန်မှာတော့ လော့ရန်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ ရှင်က လူလိမ်ပဲ။ အရှင်မင်းကြီး... သူ့ကို အမြန်ဆုံး သတ်ပစ်လိုက်ပါ။ ရှမ့်လန်က ကျောက်ရောဂါ ကုသတတ်တာ မဟုတ်ဘူး။ ကျောက်ရောဂါက လုံးဝ ကုသလို့ရတာ မဟုတ်ဘူး။ ရှမ့်လန်က အရှင်မင်းကြီးကို ဒုက္ခပေးချင်နေတာ။ သတ်လိုက်ပါ၊ သူ့ကို သတ်လိုက်ပါ”
ရှမ့်လန်သည် အေးဆေးတည်ငြိမ်စွာပင် ပြောဆိုလိုက်၏။ “ကျုပ် ဒီမှာပဲ ရှိနေပါတယ်။ အရှင်မင်းကြီးကို ကျုပ် မကုသနိုင်ဘူးဆိုရင် ကျုပ်ရဲ့ ခန္ဓာကိုယ်ကို အစိတ်ပိုင်း ၁၀၀၀ လောက် ပိုင်းဖြတ်ပစ်လိုက်ပါ။ ကိစ္စမရှိဘူး။ ပြီးတော့ ကျုပ် လူပေါင်းများစွာကို ကုသခဲ့ဖူးတယ်။ ချောင်ယောင်းအာကို သိလား။ လောကကြီးထဲမှာ ရှိတဲ့ ထူးဆန်းတဲ့ ရောဂါကို ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ဒီအရာကို ကောင်းကောင်း ကုသပေးနိုင်စွမ်း ရှိတယ်။
ပြီးတော့ မင်းသမီးကို သိလား။ သူလည်း အဆိပ်ခတ်ခံရတာပဲ။ ဘယ်သူမှ မကုသနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ဒီအရာကို ကုသပေးနိုင်ခဲ့တယ်။ ပြီးတော့ မင်းသမီးနင်ယန်က နေ့စဉ်နေ့တိုင်း နာကျင်တဲ့ ခံစားချက်ကို ရရှိခဲ့တယ်။ သူရဲ့ဘဝက သေဆုံးသွားရတာ ပိုကောင်းလိမ့်မယ်ဆိုတဲ့ အခြေအနေမျိုးပဲ။ လောကကြီးမှာ သူ့ကို ဘယ်သူမှ မကုသပေးနိုင်ဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျုပ်က သူ့ကို ပျောက်အောင် ကုသပေးနိုင်ခဲ့တယ်”
ရှမ့်လန်၏ စကားလုံးတစ်လုံးချင်းစီသည် တကယ့်ကို မောက်မာဝင့်ကြွားစွာဖြင့် ရှိနေသည်။
“ဒီလော့ရန် က ခင်ဗျား လုယူခဲ့တဲ့ မိန်းမတစ်ယောက်ပဲ မဟုတ်လား။ ပြီးတော့ သူမနဲ့ အိပ်ရတာ ခင်ဗျား ရိုးနေလောက်ပြီ။ အဓိကသော့ချက်အားဖြင့် ခင်ဗျားရဲ့ နှလုံးသားထဲမှာလည်း အကြိတ်ထုံးကြီးတစ်ခုက ရှိနေပြီးသား။ သူနဲ့ ကျိုးပိုယုက ရှုပ်ထားကြတယ်။ ဒီတော့ ခင်ဗျား သူ့ကို သတ်လိုက်တာနဲ့ တပြိုင်နက် ခင်ဗျားစိတ်ထဲမှာ ရှိနေတဲ့ အနှောင်အဖွဲ့၊ အကြိတ်ထုံးတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ် " ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်၏။
လော့ရန်သည် ရုတ်တရက် ဒူးထောက်ထိုင်ချကာ ပြောလိုက်သည် ။ “အရှင်မင်းကြီး လင်မယားအဖြစ် တစ်ညသာ နေထိုင်ခဲ့တယ်ဆိုရင်တောင် လောကကြီးရဲ့အဆုံးသတ်ထိ အတူတူ ယှဉ်တွဲ နေထိုင်သွားရမှပါ။ ဒီရှမ့်လန်က အရှင်မင်းကြီးကို ထိခိုက်နာကျင်အောင် လုပ်ဖို့ ကြိုးစားနေတာပါ။ သူ့ကို မယုံသင့်ပါဘူး။ သူ့ကို ကျိန်းသေပေါက် မယုံသင့်ပါဘူး။ မြန်မြန် သူ့ကို သတ်လိုက်ပါ။ ဒီမိစ္စာသတ္တဝါ ရှမ့်လန်ကို သတ်ပစ်လိုက်ပါ”
ချင်ဘုရင်သည် ဒူးထောက်လျက် ရှိနေသည့် လော့ရန်ကို လှမ်းကာ ကြည့်ရှုရင်း အေးစက်စက် ပြောလိုက်၏။ “ငါ့ရဲ့ ကျောက်ရောဂါကို ကြောက်တယ်မလား။ အဲတာကြောင့် ခပ်ဝေးဝေးသွားပြီး ဒူးထောက်နေတာမလား”
ပြီးနောက် ရုတ်တရက် သူသည် ရှေ့ကို လှမ်းတက်လိုက်၏။ ပြီးနောက် လော့ရန်၏ လည်ပင်းကို ဆွဲဆုပ်ကာဖြင့် လိမ်ချိုးလိုက်၏။ ဤအမျိုးသမီးသည် ကျောက်စိမ်းကဲ့သို့ မွှေးပျံ့လွန်းသူတစ်ယောက်ပင်။
ပြီးနောက် ချင်ဘုရင်သည် ရှမ့်လန်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “အခု မင်း ငါ့ကို ကုသပေးနိုင်ပြီလား”
ရှမ့်လန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မရသေးပါဘူး”
ချင်ဘုရင်သည် ဒေါသတကြီး မေးလိုက်၏။ “တခြား ဘာလိုချင်သေးတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီးတော့ တောင်းပန်လွှာတစ်ခုရေးပြီး ရွှဲ့ပြည်နယ်ဆီ ပေးခိုင်းလိုက်ပါ။ ဖြစ်နိုင်သမျှ အမြန်ဆုံးပေါ့”
“အိပ်မက်ပဲ မက်နေလိုက်။ မင်း အိပ်မက်ပဲ မက်နေလိုက်” ချင်ဘုရင်သည် ဒေါသထွက်သွားခဲ့၏။
အိမ်ရှေ့စံမင်းသား အာယုထိုင်သည် ကျယ်လောင်စွာ ဝင်ရောက်ပြောဆိုလိုက်သည်။ “အဖေ ... ဒါ အဖေ့ရဲ့ သိက္ခာကို ချနေတာပဲ။ ကျုပ် ကျိန်းသေပေါက် သူ့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်။ ကြည့် ... သူ ဒီလိုမျိုး ကျိုးကြောင်း မဆီလျော်တဲ့ တောင်းဆိုမှုတွေကို ထပ်ပြီး လုပ်ရဲလုပ်ကြည့်။ ကျုပ် ချက်ချင်းပဲ ထပြီး သတ်ပစ်မယ်”
ပြီးနောက် အာယုထိုင်သည် သူ၏ ဓားမြှောင်ကို ဆွဲထုတ်ရင်း ရှမ့်လန်ဆီသို့ လှမ်းလျှောက်သွား၏။
ရှမ့်လန်က အေးစက်စက် ပြောလိုက်သည်။ “အရှင်မင်းကြီး ... အိမ်ရှေ့စံက ခင်ဗျားကို သေစေချင်နေတာနဲ့ တူတယ်။ သူက ကျုပ် ခင်ဗျားကို ကုသပေးမယ့်ကိစ္စကို တားဆီးချင်တဲ့ပုံ ပေါ်နေတယ်”
အရှက်မဲ့လှချေ၏။ ဤစကားစုသည် တကယ့်ကို အရှက်မဲ့လွန်းပြီး ချောက်တွန်းသည့် စကားလုံးများ ဖြစ်၏။
ပြောပြောပြီးချင်းမှာပဲ ချင်ဘုရင်၏ မျက်လုံးများသည် အာယုထိုင်ဆီသို့ ရောက်ရှိသွားခဲ့၏။ ရှမ့်လန် ပြောဆိုသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။ သူ သေဆုံးပြီးသည့်နောက် ဤချင်နိုင်ငံ၏ ဘုရင်ဖြစ်လာမည့် သူမှာ အာယုထိုင်ဖြစ်၏။ ထို့အပြင် ယခင်တုန်းကလည်း ကျောက်ရောဂါ ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် ထပ်မံကာ ကျောက်ရောဂါ ဖြစ်လိမ့်မည် မဟုတ်ချေ။
“ထွက်သွားစမ်း” ချင်ဘုရင်က အော်ဟစ်လိုက်၏။
အိမ်ရှေ့စံမင်းသား အာယုထိုင်သည် ချက်ချင်းပဲ အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။
ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ချင်ဘုရင် .. ထပ်ပြီးနောက်ကျလို့ မဖြစ်ဘူး။ ခင်ဗျားရဲ့ အသက်က အရေးကြီးလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ ဂုဏ်သိက္ခာက အရေးကြီးလား”
ချင်ဘုရင်က ပြောလိုက်၏။ “ဒီကျောက်ရောဂါကို မင်း တကယ်ကုသနိုင်တာလား။ တကယ်လို့ မကုသနိုင်ဘူးဆို မင်းကို ငါ အပိုင်းပိုင်း ခုတ်ဖြတ်မှာနော်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ... နှစ်နာရီအတွင်း ရလဒ်ကို ကျုပ် မြင်သာအောင် ပြပေးမယ်။ နေ့တစ်ဝက် အတွင်း ဒါက ပျောက်သွားလိမ့်မယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ပြုလုပ်နိုင်တယ်လို့ ကျုပ် အာမခံတယ်။ ကျုပ်က လောကကြီးထဲမှာ ဒီလို အလှည့်အပြောင်းတွေကို ပြုလုပ်နိုင်တဲ့ အတော်ဆုံးသော သမားတော်ပဲ”
ချင်ဘုရင်သည် ရှမ့်လန်ကို လှမ်းကြည့်၏။ ပြီးနောက် အံကို ကြိတ်လိုက်၏။ သို့ပေမည့် ပြောဆိုသည်မှာ အမှန်ပင် ဖြစ်၏။ ဂုဏ်သိက္ခာထက်စာလျှင် အသက်က ပိုမို အရေးကြီး၏။
“ကောင်းပြီ။ ငါ ကတိပေးတယ်။ ငါ တောင်းပန်စာ ရေးလိုက်မယ်။ ဒါပေမဲ့ ဒီနေ့ည ကုသမှုရဲ့ အကျိုးကျေးဇူးကို ငါ မခံစားရဘူးဆိုလို့ရှိရင် ကျိန်းသေပေါက် လောကကြီးမှာ မွေးဖွားလာတဲ့အတွက် နောင်တရမိတဲ့အထိ ငါ လုပ်ပြမယ်”
ချင်ဘုရင်သည် စာရွက်တစ်ရွက်ကို ကောက်ယူပြီး စကားလုံးအနည်းငယ်ကို ရေးခြစ်လိုက်၏။
“ချင်နိုင်ငံသည် အကြောင်းမဲ့ မှားယွင်းစွာဖြင့် မြင့်မြတ်သော ဘုံကျောင်းကြီးကို မီးရှို့ခဲ့၏။ ထို့ကြောင့် ကျုပ်တို့ မှားယွင်းခဲ့ပါ၏”
ဤသည်မှာ ချင်ဘုရင် ဝန်ခံတောင်းပန်လွှာပင်။
ဤအရာမှာ သူပြုလုပ်နိုင်သမျှ အကောင်းဆုံးသော အရာပင် ဖြစ်၏။ သူသည် ယခင်ကတည်းက နှိမ့်နှိမ့်ချချ နေထိုင်ခဲ့သူတစ်ယောက် မဟုတ်ချေ။ ဘုရင်ဖြစ်လာသည့်အချိန်ကစ၍ သူသည် သူ၏အမှားကို တစ်ခါမှ ဝန်ခံခဲ့ဖူးခြင်း မရှိချေ။ ဝန်ခံလွှာမှာ နှစ်ကြောင်းသာ ရှိ၏။ ထို့နောက် သူသည် ချင်ဘုရင် တံဆိပ်တုံးကို ထုနှက်လိုက်၏။
ရှမ့်လန်သည် သားရေစာအိတ်တစ်လုံးကို ထုတ်ယူကာဖြင့် တောင်းပန်ဝန်ခံလွှာကို အထဲသို့ထည့်ကာ ဖယောင်း တံဆိပ်ဖြင့် ချိပ်ပိတ်လိုက်၏။ ပြီးနောက် သူသည် ရွှဲ့ပြည်နယ်မှ ပြင်ဆင်ပေးခဲ့သော သေတ္တာ တစ်လုံးထဲသို့ ထည့်ကာဖြင့် ထပ်မံကာ တံဆိပ်ရိုက်နှိပ်လိုက်ပြန်သည်။
ဤတောင်းပန်ဝန်ခံလွှာကိစ္စသည် အောင်မြင်သွားခဲ့ပြီဟု မှတ်ယူရပေမည်။
“ရှမ့်လန်.. မင်း ဒါကို သေသေချာချာ မှတ်ထား။ မင်း ငါ့ကို မကုသနိုင်ဘူးဆိုရင်တော့ မင်းကို အပိုင်း တစ်ထောင်လောက် ခုတ်ပစ်ရမယ်။ ဒီဝန်ခံလွှာက ချင်နိုင်ငံကနေ ဘယ်ကိုမှ မထွက်ရသေးဘူး။ ငါ မပျောက်မကင်းချင်း ရွှဲ့ပြည်နယ်ရဲ့ လက်ထဲကို ဒီအရာ ရောက်သွားလို့ မဖြစ်ဘူး” ချင်ဘုရင်က ပြောဆိုလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် နားလည်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ သန့်ရှင်းတဲ့ အခန်း တစ်ခန်းထဲကို လိုက်ခဲ့ပေးပါ။ ကျုပ် ခင်ဗျားရဲ့ ပြင်းထန်လွန်းတဲ့ ကျောက်ရောဂါကို ကုသပေးပါ့မယ်”
အလွန်သန့်ရှင်းသော အခန်းတစ်ခုထဲမှာတော့ ....
ဖယောင်းတိုင်ပေါင်း များစွာတို့ကို ထွန်းညှိထား၏။ ရှမ့်လန်သည် ဖယောင်းတိုင်များဆီမှ အလင်းတန်းများကို ရောင်ပြန်ဟပ်စေရန်အတွက် မှန်ဒါဇင်များစွာကိုလည်း စီထားသေး၏။
ချက်ချင်းပဲ အခန်းတစ်ခုလုံးက လင်းထိန်သွားခဲ့သည်။ ထိုနောက် ရှမ့်လန်သည် ဆေးရွက်ကြီးဟု အားလုံးသောသူတို့က သိရှိကြသည့် နတ်မြက်ပင်ကို ထုတ်ယူကာဖြင့် မီးရှို့လိုက်၏။ ပြီးနောက် ထုံးမှုန့်ကို အသုံးပြုပြီး ကြမ်းပြင်ပေါ်တွင် ထိုက်ကျိပုံစံ တစ်ခုကို ရေးဆွဲလိုက်၏။ နံရံပေါ်တွင် ဂါထာမန္တန် စာတန်း တချို့ကိုလည်း လိုက်လံကာ ကပ်သေး၏။
ဤအရာက အသုံးဝင်ပါရဲ့လား။
လုံးဝ အသုံးမဝင်ချေ။ သို့ပေမည့် ခမ်းနားသော အစီအစဉ်တစ်ခုကို ပြုလုပ်ခြင်းအားဖြင့် လူတို့သည် မိမိကိုယ်မိမိ သာလွန်မြင့်မြတ်သူဟု ခံစားရစေသည် မဟုတ်ပါလား။
ကျိုးပိုယု၏ လုပ်ရပ်သည် တကယ့်ကို ပြင်းထန် ကြမ်းတမ်းလွန်းခဲ့၏။ သို့ပေမည့် သူ ... ဆရာကြီးလန်သည် ပိုမိုမြင့်မြတ်သော လူတစ်ယောက်အဖြစ် ထင်မှတ်မှားရအောင် လှည့်စားနိုင်သူတစ်ယောက် ဖြစ်၏။
အခန်းထဲမှာတော့ ချင်ဘုရင်အပြင် အိမ်ရှေ့စံမင်းသားနှင့် မျက်နှာထား တင်းမာလွန်းလှသည့် မိန်းမစိုးအိုကြီး တစ်ယောက်က ရှိနေသည်။
ချင်တိုင်းပြည်ကဲ့သို့သော ရိုင်းစိုင်းသောနိုင်ငံတစ်ခုတွင် မိန်းမစိုးများ အမှန်တကယ် ရှိနေလေသည်လား။ ထို့အပြင် မိန်းမစိုးများသည် အလွန်အစွမ်းထက်ပုံလည်း ပေါ်၏။ ထို့အပြင် ချင်တိုင်းပြည်မှ သမားတော်နှစ်ဦးကလည်း ရှိနေ၏။ ထိုသူတို့သည် အထူး ကျွမ်းကျင်လွန်းသော သမားတော်များပင် ဖြစ်၏။
သို့ပေမည့် အကယ်၍ ထိုသူတို့သည်သာ အစွမ်းထက်သည်ဆိုပါက ကျိုးပိုယုပင်လျှင် ဤနေရာဆီသို့ ရောက်ရှိ လာလိမ့်မည် မဟုတ်ချေ။ သမားတော်နှစ်ဦးသည် ရောဂါကိုကုသရန် နည်းလမ်းနှစ်မျိုးကိုသာ သိ၏။ ထိုအရာမှာ နတ်ကခြင်းနှင့် သွေးဖောက်ကုသခြင်းပင်။
သွေးဖောက်ကုသခြင်းသည် အနောက်ပိုင်းဒေသမှ သင်ယူတတ်မြောက်ခဲ့သည့်အရာ ဖြစ်ပြီး အဆင့်မြင့်ဆေးနည်း စနစ်တစ်ခုဟု သူတို့က ထင်မှတ်ထားခဲ့ကြ၏။ မည်သည့်ရောဂါကိုပဲဖြစ်ဖြစ် ချက်ချင်းသွေးဖောက်ထုတ် လိုက်မည်။ ထိုသို့ဆိုလျှင် ပျောက်ကင်းသွားပေလိမ့်မည်။
ထိုသူများအားလုံးတို့တွင် တူညီသော အချက်တစ်ချက် ရှိ၏။ အားလုံးတို့သည် ကျောက်ရောဂါကို ခံစားဖူးခဲ့ကြပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများ ဖြစ်၏။ ထို့ကြောင့် ကျောက်ရောဂါ ကူးစက်ခံရမည်ကို မကြောက်လန့်ကြချေ။
ရှမ့်လန်၏ စီမံဆောင်ရွက်နေမှုများကို မြင်သည့်အခါမှာတော့ အားလုံးသောသူတို့သည် ရှမ့်လန်မှာ တကယ့်ကို လျှို့ဝှက် ဆန်းကြယ်ပြီး အထင်ကြီးလောက်စရာ ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်မိ၏။ နတ်သမားတော် တစ်ယောက် ဖြစ်သည်နှင့်အညီ ထိုက်တန်စွာဖြင့် တကယ့်ကို ခမ်းနားထည်ဝါစွာဖြင့် ပြုမူ ဆောင်ရွက်လျက် ရှိနေ၏။
ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် ဆေးရွက်ကြီးများ မီးရှို့ထားရာ နေရာဆီသို့ အနည်းငယ် တိုးသွားပြီး ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိ၏။ သူ ထိုအနံ့ကို တကယ်နှစ်သက်သည်။ သူသည် ရှမ့်လန်ပေးထားသည့် ဆေးလိပ်ကို စွဲလန်းနေပြီ။
ရှမ့်လန်သည် လောကသစ်၏တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးခဲ့၏။ သူသည် ဤလောကကြီးမှလူများအား မည်ကဲ့သို့ ဆေးလိပ်သောက်ရမည် ဖြစ်ကြောင်းကို သင်ကြားပြသပေးသည့် ပထမဦးဆုံးသောသူ ဖြစ်လာခဲ့၏။
ချင်ဘုရင်၏ အဝတ်အစားများကို ချွတ်လိုက်၏။ ခဏလောက် တုံ့ဆိုင်းပြီးသည့်နောက်မှာတော့ ရှမ့်လန်သည် ချင်ဘုရင်၏ အရေးကြီးသော အစိတ်အပိုင်းများကို ဖုံးအုပ်ပေးလိုက်၏။ သူသည် ချင်ဘုရင် ရှက်ရွံ့သွားမည်ကို စိုးရိမ်သောကြောင့် မဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရသောကြောင့်။
ချင်ဘုရင်သည် ပြင်းထန်သော ဝေဒနာကို ခံစားနေရ၏။ အဖျားက အလွန်ပင် ပြင်းထန်လျက် ရှိနေပြီး အန်ချင်စိတ်ကလည်း ပြင်းသည်။ အရေးကြီးဆုံးသောအရာမှာ ခန္ဓာကိုယ်တစ်ဝိုက် ယားယံလျက် ရှိနေပြီး .... သည်းမခံနိုင်လောက်အောင် ယားယံနေခြင်း ဖြစ်၏။
ရှမ့်လန်သည် သူ၏ နတ်ဆေးကို ထုတ်ယူပြီးသည့် ပြောဆိုလိုက်လေ၏။ “အရှင်မင်းကြီး... ဒီဆေးကို သောက်ပါအုံး”
“နေအုံး”
အာယုထိုင်သည် အေးစက်စက်နှင့် ဝင်ရောက်ကာ တားဆီးလိုက်သည်။ “ဒီဆေးထဲမှာ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ”