အပိုင်း (၃၀၄)
Vol. 22 Ch. 304
ဤသည်မှာအများသိသော အချက်ပင် ဖြစ်၏။ အဖျားကြီးပြီးနောက် လူပေါင်းများစွာတို့သည် မျက်စိ အမြင်အာရုံ ပျောက်ကွယ်သွားခဲ့ခြင်း သို့မဟုတ် ဦးနှောက်သွေးကြောများ ပျက်စီးသွားခဲ့ခြင်းများ ဖြစ်နိုင်၏။
ချင်ဘုရင်က ဒေါသထွက်သွား၏။ အဘယ်သို့ ဤသို့ အဖြစ်ခံရမည်နည်း။
“မြန်မြန်... ငါ့ကို အဖျားကျအောင် လုပ်ပေးစမ်း။ ငါ့ကို အဖျားကျအောင် လုပ်” ချင်ဘုရင်က အော်ဟစ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အဖျားကျအောင် လုပ်ရတာ လွယ်ပါတယ်။ ဒီက သမားတော် နှစ်ယောက်က ဘယ်လိုလုပ်ရမလဲ ဆိုတာ သိပါတယ်”
“သွေးဖောက်ထုတ်တာ”
သမားတော် နှစ်ယောက်သည် တညီတညွတ်တည်း ပြောလိုက်၏။ သူတို့သည် သွေးဖောက်ထုတ်နည်းကိုသာ သိကြ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားတို့ နှစ်ယောက်ကို ဒုက္ခပေးရတော့မှာပဲ”
ပြီးနောက် သမားတော် နှစ်ယောက်တို့သည် ချင်ဘုရင်၏ သွေးများကို စတင်ကာ ဖောက်ထုတ်တော့၏။
ရှမ့်လန်သည် အလွန်နှိမ့်ချစွာ ပြုမူနေထိုင်၏။ သူသည် ဤနေရာတွင် မောက်မာဝင့်ကြွားစွာဖြင့် ပြုမူနေထိုင်ရန် ရည်ရွယ်ချက် ဟူ၍ မရှိချေ။ သို့ပေမည့် သွေးဖောက်ထုတ်ခြင်း ဆိုသည်မှာ အဖျားကို လုံးဝ ပျောက်ကင်းစေနိုင်သည့် အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် သမားတော် နှစ်ယောက်တို့သည် သွေးကို နှစ်ကြိမ်တိုင်တိုင် ဖောက်ထုတ်ခဲ့ပြီး တစ်ရက်တာ ကုန်လွန်သွားခဲ့သော်လည်း အဖျားက မကျခဲ့ချေ။
ချင်ဘုရင်သည် ဒေါသတကြီး ဖြစ်နေ၏။ ရှမ့်လန်သည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း တုံ့ဆိုင်းလျက် ရှိနေသည်။
ချင်ဘုရင်က ပြောလိုက်၏။ “ဘာဖြစ်တာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “သွေးဖောက်ထုတ်တဲ့ နည်းလမ်းက မှားနေတယ်။ ပြီးတော့ သူတို့သုံးတဲ့ ကိရိယာတွေကလည်း မှားနေတယ်။ သွေးဖောက်ထုတ်ချင်ရင် နှစ်တစ်ထောင် ရေခဲသံမဏိနှင့် လုပ်ထားတဲ့ အပ်ကို အသုံးပြုရမယ်”
ထိုအရာမှာ ယုတ္တိရှိသည်ဟုတော့ ထင်ရ၏။ နှစ်တစ်ထောင် ရေခဲသံမဏိနှင့် အဖျားကြီးခြင်း ဆိုသည်မှာ ဆန့်ကျင်ဘက်အရာပင် ဖြစ်၏။
ပြီးနောက် ရှမ့်လန်သည် သူ၏ လျှို့ဝှက်လက်နက်ကို ထုတ်ယူလိုက်၏။ ထိုအရာမှာ အပ်တစ်ချောင်းပင် ဖြစ်၏။ အလွန်ပင် ကြည့်ကောင်းလွန်းလှချေ၏။ ရှမ့်လန်သည် ထိုအရာကို အိမ်ရှေ့စံမင်းသားနှင့် ချင်ဘုရင်တို့အား စစ်ဆေးရန် ပေးအပ်လိုက်၏။ အဆိပ်မရှိကြောင်းပြသရန်အတွက် သူသည် ပထမဦးဆုံး အပ်ကို ရေထဲတွင် စိမ်ပြပြီး ထိုရေကို သောက်လိုက်၏။ ပြီးနောက် အပ်ကို လက်ဖမိုးကို အသာစူးစိုက်ကာဖြင့် သွေးထွက်စေ၏။ အပ်၌ အဆိပ်ဟူ၍ မရှိချေ။
ချင်ဘုရင်၊ အိမ်ရှေ့စံမင်းသား၊ မိန်းမစိုးအိုကြီးနှင့် သမားတော်ကြီး နှစ်ယောက်တို့သည် ထိုအရာကို အထပ်ထပ် စစ်ဆေးကြ၏။ လူ၏ ခန္ဓာကိုယ်ကို ဆယ်ကြိမ်ထက်မနည်း အသုံးပြုကာ စစ်ဆေး၏။ အပ်တွင် မည်သည့် ပြဿနာမှ မရှိချေ။ ထိုအပ်သည် အမှန်ပင် ရေခဲကဲ့သို့ အေးစက်နေ၏။ ရာသီဥတုကလည်း အေးစက်နေ၏။ အဘယ်သို့ ရေခဲကဲ့သို့ မအေးစက်ဘဲ နေမည်နည်း။
ချင်ဘုရင်က ပြောလိုက်၏။ “ရှမ့်လန်.. ငါ့ကို သွေးဖောက်ထုတ်ပေး”
ရှမ့်လန်သည် ဆေးတစ်ထုပ်ကို ထုတ်ယူပြီး ရေထဲသို့ အသာထည့်ကာ ရောစပ်လိုက်၏။ ပြီးနောက် လေးပုံတစ်ပုံကို သူက ပထမဦးဆုံး သောက်ပြီး အဆိပ် မရှိကြောင်း သက်သေပြလိုက်၏။ ပြီးနောက် ချင်ဘုရင်ထံသို့ ပေးအပ်လိုက်သည်။ “အရှင်မင်းကြီး... သွေးဖောက်ထုတ်တဲ့အခါမှာ ကျုပ်ရဲ့ ဆေးရည်ကို ထည့်ရပါမယ်”
အမှန်ပင် ဤဆေးရည်သည် အပူချိန်လျှော့ချရန် အဓိက သော့ချက်ပင် ဖြစ်၏။ ရောင်ရမ်းမှုကို ကျဆင်း စေနိုင်သည့် ဆေးမြစ်များလည်း ပါဝင်၏။ ဤအချိန်မှာတော့ ချင်ဘုရင်သည် တကြိုက်တည်း မော့သောက် လိုက်၏။ ရှမ့်လန် သောက်ပြီးပြီ ဖြစ်သောကြောင့် အဆိပ်မရှိကြောင်း အတည်ပြုပြီး ဖြစ်၏။ ပြီးနောက် ရှမ့်လန်သည် နှစ်တစ်ထောင် ရေခဲသံမဏိအပ်ကို အသုံးပြုပြီး ချင်ဘုရင်၏ သွေးကို ဖောက်ထုတ်၏။
“ဟမ်... အိုး .....”
တကယ့်ကို အစွမ်းအာနိသင် ရှိလှ၏။ ချင်ဘုရင်သည် အလွန်လျင်မြန်စွာပဲ သက်သောင့်သက်သာ ခံစားမှုမျိုး ခံစားလိုက်ရ၏။ မှန်ပေ၏။ တကယ့်ကို အားကောင်းလွန်းသည့် ဆေးမျိုးပင် ဖြစ်သည်။
ရှမ့်လန်သည် ချင်ဘုရင်၏ သွေးများကို ဖောက်ထုတ်နေသည့် တစ်ချိန်တည်းမှာပဲ အပ်ဆီမှတဆင့် ဆိုင်ရာနိုက် သံလုံးလေးလုံးကို ချင်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။ ဤသံလုံးလေးများသည် အလွန်ပင် သေးငယ်လွန်း၏။ တစ်ခုချင်းစီတိုင်းသည် အချင်း တစ်မီလီမီတာပင် မပြည့်ဘဲ အလွန်သေးငယ်သည့် အရာများဖြစ်ပြီး ထိုထဲတွင် ဆိုင်ယာနိုက်အမှုန့်များ ပါဝင်၏။
ရှမ့်လန်သည် ထိုသံလုံးများကို မပြုလုပ်နိုင်ပေ။ ရွှမ်ဝူအိမ်တော်ရှိ လက်မှုပညာရှင်များကို ပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်၏။ ထိုသူတို့က ထိုအရာကို သေချာပြုလုပ်ပေးနိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အလွန်သေးငယ်သည့် ကိရိယာများကိုပင် ပြုလုပ်ဖူးသည့် လူများဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် တစ်မီလီမီတာ အခေါင်းပေါက်ရှိသော ဘောလုံးလေးများထဲတွင် ဆိုင်ယာနိုက်အမှုန့်များကို ထည့်သွင်းခြင်း ဆိုသည်မှာ ထိုသူတို့အတွက် ရိုးရှင်းသည့် အရာပင်။
ရှမ့်လန်သည် ဤနည်းလမ်းကို အသုံးပြုပြီး ချောင်ယောင်းအာကို ဒုက္ခပေးရန် ကြံစည်ခဲ့၏။ သို့ပေမည့် တကယ့်အရေးကြီး အခိုက်အတန့်မျိုးမှာတော့ သူက စိတ်ပြောင်းသွားခဲ့ပြီး ချောင်ယောင်းအာကို မသတ်ခဲ့ပေ။ ယခု သူသည် ထိုအရာကို အသုံးပြုပြီး ချင်ဘုရင်ကို ဒုက္ခပေးရန် ကြံစည်လျက် ရှိနေ၏။
ထိုအဆိပ်သည် သာမန်အခြေအနေတွင် ယိုစိမ့်လာလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ဤအလုံးငယ်လေးများသည် သံချေးတက်ပေလိမ့်မည်။ သွေးထဲတွင် ရေနှင့် အောက်ဆီဂျင်ပါဝင်သောကြောင့်ပင် ထိုအရာက သံချေးတက်ရန် အသင့်တော်ဆုံးပင် ဖြစ်၏။ တစ်မီလီမီတာထက် မထူသော ထိုဘောလုံးလေးများသည် လုံးဝ သံချေးတက် သွားပေလိမ့်မည်။
ရှမ့်လန်သည် ထိုအရာကို ရှစ်ကြိမ်တိတိ စမ်းသပ်ခဲ့ပြီးသား ဖြစ်၏။ သံလုံးများသည် နှစ်လမတိုင်ခင် သံချေးတက်ပေလိမ့်မည်။ ထိုအရာက ပျမ်းမျှအချိန်သာ ဖြစ်၏။ ထိုသို့ဆိုလျှင် အထဲတွင် ရှိနေသည့် ဆိုင်ရာနိုက်အမှုန့်များသည် အပြင်ဘက်သို့ ထွက်လာပေမည်။ ချင်ဘုရင်သည် ချက်ချင်းပဲ သေဆုံးသွားမှာ ဖြစ်၏။ မည်သူမှ ကယ်တင်၍ မရနိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဆိုင်ယာနိုက်အဆိပ်များသည် မည်သည့်နေရာက ရောက်ရှိလာရသနည်း။ ထိုအရာမှာ အသေးစိတ် ရှင်းပြရန် ခက်ခဲ၏။ ထိုအရာသည် ဗန်ဒါစေ့ဆီမှ အရေအတွက်များများဖြင့် ထုတ်ယူရသည့် အရာဖြစ်ပြီး လုပ်ငန်းစဉ်မှာတော့ ရှမ့်လန်အတွက် ခက်ခဲသည့် အရာမျိုး မဟုတ်ချေ။ လောကကြီးထဲတွင် အဆိပ် အပြင်းဆုံးသော အပင်တစ်မျိုးကို စိုက်ပျိုးထားသကဲ့သို့ပင် ဖြစ်၏။ ထိုအရာကို အနည်းငယ် စုစည်းပြီးနောက် လူပေါင်းများစွာကို သေစေနိုင်သည့် အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သူသည် အစောကြီးတည်းက ပြောခဲ့ပြီးသား ဖြစ်၏။ ချင်ဘုရင်သည် ကျိန်းသေပေါက် သေရပေလိမ့်မည်။ သို့ပေမည့် ယခုသေဆုံး၍ မဖြစ်သေးချေ။ ယခု ချင်ဘုရင် သေဆုံးသွားခဲ့ပါက ရှမ့်လန်လည်း အသက် ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ နောက်နှစ်လ သို့မဟုတ် ထို့ထက်ကြာသည့် အချိန်မှ သေဆုံးသွားပါက ရှမ့်လန်အတွက် အကောင်းမွန်ဆုံး အခြေအနေတစ်ခုဖြစ်ပြီး စုကလန်ကိုလည်း ဖျက်ဆီးနိုင်ပေလိမ့်မည်။ ထို့အပြင် ရှမ့်လန်သည် ချင်ဘုရင်ကိုသတ်ရန် နည်းလမ်းတစ်မျိုးထက် ပိုသည့် အရာများစွာကို အသုံးပြုထား၏။ သူသည် အစောကြီးကတည်းက အရံအစီအစဉ်များကိုပင် ဖန်တီးထားခဲ့သည်။
..............
ရှမ့်လန်သည် သွေးဖောက်ထုတ်သည့် ကုသမှုကိုပြုလုပ်ပြီး နာရီအနည်းငယ်ကြာသည့်အချိန်မှာတော့ ချင်ဘုရင်၏ ခန္ဓာကိုယ် အပူချိန်က တဖြည်းဖြည်း လျော့ပါးသွားခဲ့၏။ ချင်ဘုရင်သည် ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့၏။ “ရှမ့်လန် ... မင်းက တကယ့်ကို ပါရမီရှင် သမားတော်တစ်ယောက်ပဲ။ တကယ့်ကို ပါရမီရှင်ပဲ။ အံ့အားသင့် စရာကောင်းတယ်”
နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့၏။ ချင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ရေတွက်၍ မရအောင် များပြားသော ရေကျောက်အားလုံးသည် ၈၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ဤအချိန်မှာတော့ သူသည် တကယ်ပင် ရှမ့်လန်ကို ယုံကြည်ကိုးကွယ်လာခဲ့၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။ ပြင်းထန်လွန်းသည့် ကျောက်ရောဂါကိုပင် ကုသနိုင်သည်။
ချင်ဘုရင်နှင့် အိမ်ရှေ့စံမင်းသားတို့ နှစ်ယောက်လုံးသည် ဆေးလိပ်ကို စတင်ကာ စွဲလမ်းနေပြီ ဖြစ်၏။ အထူးသဖြင့် အိမ်ရှေ့စံမင်းသားပင်။ မရပ်မနား သောက်သုံးလျက် ရှိနေ၏။
ရှမ့်လန်က ရည်ရွယ်ချက်ရှိရှိနှင့် သတိပေးလိုက်သည်။ “အရှင်မင်းကြီး.. ခန္ဓာကိုယ်က သိပ်ပြီးတော့ ကောင်းသေးတာ မဟုတ်ဘူး။ ဆေးလိပ်မသောက်တာ ပိုပြီးကောင်းမယ်နဲ့ တူတယ်”
ချင်ဘုရင်က ပြောလိုက်၏။ “ဒီဆေးရွက်ကြီးအမှုန့်က လူရဲ့ ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းတာ မဟုတ်ဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း .... ဒါက စိတ်ကိုတော့ ပိုပြီး လန်းဆန်းစေတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နတ်ဘုရား ဆေးတွေနဲ့ အထဲမှာ ပဋိပက္ခ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် အနည်းဆုံး ဆယ်ရက်ကြာမှ ဆေးလိပ်သောက်တာ ပိုကောင်းလိမ့်မယ်”
ပြင်းထန်သည့် ကျောက်ရောဂါက ကုသပေးခဲ့ပြီးဖြစ်၏။ သို့ပေမည့် ကျောက်ရောဂါ ကပ်ဘေးကြီးက တဖြည်းဖြည်း ဆိုးဝါးလာခဲ့၏။ လူပေါင်းများစွာတို့သည် ကူးစက်ခြင်းခံခဲ့ရပြီး သေမလို ဖြစ်နေသည့် လူပေါင်းများစွာတို့က တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့၏။ ယခု သူ၏ အသက်အန္တရာယ်က လွတ်ကင်း သွားခဲ့ပြီဖြစ်သောကြောင့် ချင်ဘုရင်သည် ချင်နိုင်ငံ၏ ကံကြမ္မာကို စိုးရိမ်ရန် အချိန်ရောက်လာပြီ ဖြစ်၏။
ချင်ဘုရင်က ပြောလိုက်သည်။ “ရှမ့်လန် .... မင်းရဲ့ နတ်ဘုရားဆေးပညာက ငါ့ကို အသုံးပြုခဲ့ပြီးပြီ။ ဒါပေမဲ့ ချင်နိုင်ငံမှာရှိတဲ့ အခြားသောလူတွေအတွက် ကာကွယ်ဆေး ပြုလုပ်ပေးမယ်ဆိုတာ တကယ်လား။ ဒီလူတွေအကုန်လုံးက နောင်ထာဝရ တသက်တာလုံး ကျောက်ရောဂါကို ကြောက်စရာမလိုတော့ဘူးဆိုတာ အမှန်ပဲလား”
ရှမ့်လန်က ပြောလိုက်၏။ “အမှန်ပါပဲ”
ဤအရာက ချင်နိုင်ငံတော်၏ ကံကြမ္မာကို ကယ်တင်ခဲ့ခြင်းပင်။
ချင်ဘုရင်က ပြောလိုက်သည်။ “အင်း .... မင်းက ချင်နိုင်ငံတော်အတွင်းမှာ ကြီးမားတဲ့ ဘုံကျောင်းကြီးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုတဲ့ အခြေအနေတစ်ခု ရှိတယ်။ ပြီးတော့ အဲဒီ ဘုံကျောင်းကြီးထဲမှာ မင်းက ချင်နိုင်ငံတော်ရဲ့ လူတွေကို ကုသပေးချင်တာလား”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်”
ချင်ဘုရင်က ပြောလိုက်သည်။ “ကောင်းပြီ။ လူတွေကို ကယ်တင်ဖို့ ... ချင်နိုင်ငံ ထာဝရတည်ရှိနေနိုင်ဖို့ ..... နောက်ထပ် ထွက်ပေါ်လာမယ့် ကျောက်ရောဂါရဲ့ဘေးတွေကို ဖယ်ရှားနိုင်ဖို့ ... ငါ ဒီအရာကြီးကို တည်ဆောက်ပေးမယ်”
...............
နောက်ဆုံးမှာတော့ ရှမ့်လန်သည် ပထမဦးဆုံးအကြိမ်အဖြစ် နန်းတော်ထဲမှ ထွက်ခွာခွင့်ရပြီ ဖြစ်၏။ ချင်နိုင်ငံ စစ်သည်ပေါင်းများစွာတို့၏ စောင့်ကြပ်ကြည့်ရှုနေသည့် အကြည့်အောက်မှာပဲ သူသည် အသစ် တည်ဆောက် ထားသည့် အိမ်တော်ဆီသို့ သွားလိုက်၏။
အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် နန်းတော်၏ အပြင်ဘက် ခြံဝန်း တစ်ခုထဲတွင် ဖြစ်သည်။
ရှမ့်လန်သည် သူ၏အခန်းဆီသို့ ပြန်ပြီးနောက် အိပ်စက်ရန် ပြင်လိုက်၏။ သို့ပေမည့် အခန်းထဲသို့ ဝင်ဝင်ချင်းမှာပဲ ရုတ်တရက် မွှေးပျံ့သည့် ရနံ့တစ်ခုကို ခံစားမိ၏။ တကယ့်ကို ထူးခြားပြီး မွှေးပျံ့လွန်းသည့် အရာမျိုးပင်။ ထိုတင်သာ မကသေးချေ။ လွန်ခဲ့သည့် ရက်အနည်းငယ် သူ ချင်နိုင်ငံဆီသို့ ရောက်ရှိကာစက ရရှိခဲ့သည့် အမွှေးနံ့နှင့် ဆင်တူလွန်း၏။
ထိုအရာမှာ မင်းသမီး အာယုနာနာ၏ ဆရာ ထိပ်တန်း မဟာပညာရှင်၊ ဘိုးဘေးလော်ကဲ့သို့ပင် ပြိုင်စံရှားသည့် အလှတရားကို ပိုင်ဆိုင်သူ နတ်မိမယ်ရွှယ်ရင်ပင် ဖြစ်ပေမည်။ ကြည့်ရသည်မှာ သူမသည် တစ်စုံတစ်ခု မှားယွင်းနေပုံ ပေါ်၏။ နှလုံးခုန်နှုန်းများက မြန်ဆန်လျက် ရှိနေပြီး သူမ၏ အသက်ရှူနှုန်းများကလည်း မြန်ဆန်နေသည်။
သူသည် X-Ray အမြင်ကို အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ ကိုယ်အပူချိန်သည် အလွန်မြင့်မားနေကြောင်း မြင်ရ၏။ ရှမ့်လန်သည် ဖယောင်းတိုင်ထွန်းရန် ပြင်ဆင်လိုက်၏။
နတ်မိမယ် ရွှယ်ရင်သည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ရှမ့်... ဖယောင်းတိုင်ကို မထွန်းနဲ့။ ပြီးတော့ ငါ့ကိုလည်း မကြည့်နဲ့”
….
“နတ်သမီး... ဘာဖြစ်တာလဲ ကျောက်ရောဂါ ခံစားနေရတာလား” ရှမ့်လန်သည် စိုးရိမ်တကြီးဖြင့် လှမ်းကာ မေးမြန်းလိုက်၏။
သူမ၏အသက်ရှုသံနှင့် ခန္ဓာကိုယ်၏ အပူချိန် မြင့်တက်မှုသည် ကျောက်ရောဂါ၏ လက္ခဏာများနှင့် ဆင်တူလျက်ရှိနေ၏။ မည်သို့ပင်ဖြစ်ဖြစ် နတ်သမီး ရွှယ်ရင်သည် သူ၏ အသက်ကို ကယ်တင်ဖူးသူ မဟုတ်ပါလား။ ချင်နိုင်ငံဆီသို့ သူ စတင်ရောက်ရှိချိန်က သူမသည် သူနှင့် အရူးကြီးတို့ကို ကာကွယ်ပေးခဲ့လေ၏။ ထို့နောက် ချင်ဘုရင်နှင့် တွေ့ဆုံကာ သူ့အား မသတ်ရန် ကတိစကား တောင်းခံခဲ့၏။ အရေးကြီးဆုံးအချက်မှာ ရှမ့်လန်သည် သူမ၏ အသံကို ကြားရုံမျှဖြင့် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားနေရခြင်းပင်။
“ဒါကျောက်ရောဂါ မဟုတ်ဘူး”
ရွှယ်ရင်က ဆိုလိုက်၏။ “ခဏလေးစောင့်ပါ။ ခဏနေရင် ကောင်းသွားပါ လိမ့်မယ်”
“ဟုတ်ပါပြီ” ရှမ့်လန်သည် ထိုစကားကို နာခံလိုက်သည်။
သူမ၏အသံထဲတွင် မငြင်းဆန်နိုင်စေသော နူးညံ့ကြင်နာမှုများ တည်ရှိနေသည်ဟု သူက ထင်မှတ်မိ၏။ ထို့နောက် သူသည် အမှောင်ထဲတွင် ငြိမ်ငြိမ်သက်သက် ထိုင်နေမိ၏။ ခဏအကြာမှာတော့ လေထုထဲတွင် မွှေးရနံ့များ ပိုမို၍ သင်းပျံ့လာခဲ့၏။ ထိုရနံ့သည် အကောင်းစားဝိုင်ရနံ့ကဲ့သို့ပင် လူကို မူးယစ်ရီဝေသွားစေ၏။
သို့သော်ငြား နတ်သမီးရွှယ်ရင်၏ အသံမှာမူ တဖြည်းဖြည်း နာကျင်မှုများ ခံစားလာရပုံပင်။ သူမသည် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း ဝေဒနာမှာ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းပုံ ပေါ်၏။ အလွန်ဆိုးရွားသော ဝေဒနာကို ကြိတ်မှိတ်ခံစားနေရပုံလည်း ပေါ်၏။
နာကျင်မှုသည် ကျားမင်းသမီး ကျောက်ကပ်တွင် ကျောက်တည်စဉ်က ဖြစ်တည်ခဲ့သည့် ဝေဒနာထက်ပင် ပိုမိုကာ ဆိုးဝါးမည့်ပုံပေါ်၏။ တော်သင့်ပြီ။ လက်ရှိအခြေအနေတွင် ကျားမင်းသမီးဟူသည့် စကားလုံးကို သူ အသုံးမပြုချင်ပေ။ နတ်သမီးရွှယ်ရင်နှင့် နှိုင်းယှဉ်သည်ဆိုပါက နတ်သမီးရွှယ်ရင်၏ ဂုဏ်သိက္ခာကို စော်ကားသလို ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ရွှယ်ရင်သည် လက်ရှိအခြေအနေတွင် ကျောက်ကပ် ကျောက်တည်ခြင်းထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဝေဒနာကို ခံစားနေရသည်မှာတော့ သေချာ၏။ မြေပြင်တစ်ခုလုံးက တဝုန်းဝုန်းနှင့် တုန်ခါနေသကဲ့သို့ပင် ရှမ့်လန်က ခံစားနေမိသည်။
သူမသည် ရုန်းကန်ခြင်း၊ အော်ဟစ်ခြင်း ထိုအရာများကို မပြုချေ။ သို့ပေမည့် ခန္ဓာကိုယ်တစ်ခုလုံးက တည်ငြိမ်နေသော်လည်း အတွင်းအားများက တဆတ်ဆတ်နှင့် လှုပ်ခါလျက်ရှိနေ၏။ ထို့ကြောင့် မြေပြင်ကပါ လိုက်လံ တုန်ခါနေခြင်း ဖြစ်၏။
နောက်ဆုံးမှာတော့ ရှမ့်လန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရှေ့သို့လှမ်းတက်ပြီး ရွှယ်ရင်၏ လက်ကို ဆွဲကိုင်လိုက်၏။ ရေခဲတုံးတစ်ခုကို ကိုင်လိုက်ရသကဲ့သို့ပင် အေးစက်နေ၏။ ထို့အပြင် ကျောက်စိမ်းတုံးတစ်ခုကို ထိတွေ့လိုက်ရသကဲ့သို့ပင် နူးညံ့သော်လည်း အေးစက်မာကျော၏။ ထို့အပြင် ချောမွေ့ပြီး သင်းကြိုင်လွန်း၏။ အလွန် ထူးဆန်းလွန်း၏။ ကိုယ်အပူချိန်များ အလွန်မြင့်တက်ပြီး ဖျားနာနေသော်လည်း လက်မှာ အဘယ်ကြောင့် ဤမျှ အေးစက်နေရသနည်း။
“မကိုင်နဲ့ မင်းကို ထိခိုက်လိမ့်မယ်” ရွှယ်ရင်က ပြောလိုက်၏။ ပြီးနောက် သူမသည် ရှမ့်လန်၏ လက်ကို အလျင်အမြန်လွှတ်ချပြီး အနီးအနားတွင် ရှိနေသည့် ကျောက်တုံးတစ်တုံးကို လှမ်းကာ ဆုပ်ကိုင်လိုက်၏။
ဘုန်း... အသံတစ်ခု ထွက်ပေါ်လာသည်။
ပြီးနောက် တကယ့်ကို မာကျောလွန်းလှပါသည်ဆိုသော ကျောက်တုံးကြီးသည် သူမ၏ လက်ထဲတွင် အစိတ်စိတ် အမွှာမွှာ ကြေမွသွားခဲ့၏။ သူမသည် ရွှဲ့ပြည်နယ်၏ ထိပ်တန်း မဟာပညာရှင် ခြောက်ဦးထဲမှ တစ်ဦးဖြစ်၏။ လက်ကို အဘယ်ကြောင့် လွှတ်ချလိုက်ကြောင်း ရှမ့်လန်က နားလည်လိုက်ပြီဖြစ်၏။
ဤကဲ့သို့သောအားအင်မျိုးနှင့်သာ ရှမ့်လန်ကို ဆုပ်ကိုင်လိုက်ပါက သူသည် ခဏအတွင်းမှာပဲ ပျော့ခွေကာ တစ်စစီဖြစ်သွားမှာ သေချာ၏။ ကျောက်တုံးတစ်တုံးကိုပင် ကြေမွသွားအောင် ဖမ်းဆုပ်နိုင်စွမ်း ရှိနေသည့် သူမ၏ အားအင်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်း၏။ ထို့အပြင် ဤကဲ့သို့ ကြေမွသွားအောင် ပြုလုပ်ရသည်အထိ သူမသည် မည်မျှပြင်းထန်သည့် ဝေဒနာကို ခံစားနေရသနည်း။
“ပြီးတော့မှာပါ။ မကြာခင် ပြီးတော့မှာပါ ရှမ့်... မကြောက်နဲ့ ငါပြီးတော့မယ်” ထိုအချိန်မှာပင် နတ်သမီး ရွှယ်ရင်သည် ရှမ့်လန်အား အသာပင် နှစ်သိမ့်နေဆဲဖြစ်သည်။
ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူမ၏ ဝေဒနာကို ကိုယ်ချင်းစာသကဲ့သို့ပင် သူက ခံစားနေမိ၏။ ဤအမျိုးသမီးနှင့် သူ တစ်ခါမှ ရင်းရင်းနှီးနှီး မပတ်သတ်ဖူးသော်လည်း အဘယ်ကြောင့် နှလုံးသားထဲတွင် ရင်းနှီးနေသယောင် ခံစားနေရသနည်း။
............
နာရီဝက်ခန့်အကြာမှာတော့ နာကျင်မှုများအားလုံးက ပျောက်ဆုံးသွားခဲ့၏။ နတ်သမီးရွှယ်ရင်သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။ ထိုသက်ပြင်းသည် အသစ်စက်စက် ပုလင်းကို ဖွင့်လိုက်သည့် အဖိုးတန် ရေမွှေးပုလင်းတစ်ခုကဲ့သို့ပင် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို မွှေးပျံ့သွားစေခဲ့၏။ ထိုရနံ့သည် အလွန် ဆွဲဆောင်မှုရှိလွန်းပြီး လူများအား ထိုနေရာဆီသို့ ဆွဲကာခေါ်လိုက်သကဲ့သို့ပင် ဖြစ်စေခဲ့၏။
“ကောင်းပြီ မီးခွက်ကို ထွန်းရင် ထွန်းလို့ရပြီ”
ရှမ့်လန်သည် ဖယောင်းတိုင်ကို အသာထွန်းညှိလိုက်၏။ ပြီးနောက် နတ်သမီးကဲ့သို့ လှပတင့်တယ်လွန်းသည့် ခန္ဓာကိုယ်တစ်ခုကို သူက မြင်လိုက်ရ၏။ သူမသည် မျက်နှာကို ပိုးပဝါဖြင့် ဖုံးအုပ်ထား၏။ ရှမ့်လန်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
“အင်း... ငါ့ရဲ့မျက်နှာက အေးခဲပြီးတော့ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘူး။ ဒါကြောင့် လူတွေကို မလန့်ဖြန့်စေချင်လို့ ဖုံးထားတာ” ရွှယ်ရင်က ပြောလိုက်သည်။
ခဏလောက် တုံ့ဆိုင်းပြီးနောက် သူမသည် ပဝါကို အသာအယာ ဖယ်ရှားကာဖြင့် ရှမ့်လန်အား ကြည့်ရှုစေ၏။ ခဏအတွင်းမှာပင် တစ်လောကလုံးရှိ ပန်းများပွင့် ဖူးပွင့်လာသကဲ့သို့ပင်။ ညဘက် အချိန်အခါကြီး ဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက လင်းထိန်သွားသကဲ့သို့ပင် ထင်မှတ်ရ၏။
ထိုမျက်နှာသည် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်သည့် မျက်နှာမျိုးပင်။ သို့ပေမည့် အမှန်တကယ်ပင် မျက်နှာတစ်ခုလုံးက အေးစက်တောင့်တင်းနေ၏။ ပန်းပုပညာရှင်တစ်ဦး၏ လက်ရာမြောက်သော ပန်းပုရုပ်ထုတစ်ခုကဲ့သို့ပင် ဖြစ်သော်လည်း ထိုအရာက ရေခဲပန်းပုတစ်ခုကဲ့သို့ပင်။
ရုတ်တရက် ထွက်ပေါ်လာခဲ့သောအလှတရားသည် အချိန်၏အခိုက်အတန့်တချို့ကိုပင် ရပ်တန့်အေးခဲ သွားစေသည်။
“ရှမ့်လန်... မင်းလန့်သွားမှာစိုးလို့ ငါ ပိုးပဝါနဲ့ ဖုံးအုပ်ထားခဲ့တာပါ” ရွှယ်ရင်က ဆို၏။
သူမ စကားပြောခဲ့သော်လည်း နှုတ်ခမ်းများမှာတော့ မလှုပ်ရှားချေ။ သူမသည် အမှန်တကယ်ပင် ရေခဲဖြင့် ထုဆစ်ထားခဲ့သည့် ကျောက်စိမ်းရုပ်ထုတစ်ခုကဲ့သို့ပင်။ သို့ပေမည့် သူမ၏အသံ၊ အမူအရာတို့မှာမူ အလွန်တရာ နွေးထွေးပြီး နူးညံ့သိမ်မွေ့လွန်းလှသည်။
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားက...”
နတ်သမီးရွှယ်ရင်က ပြောလိုက်၏။ “အဆိပ်မိထားတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက အဆိပ်မိခဲ့တာပါ။ ပြီးတော့ ဒီရောဂါက အခုမှ ပြန်ထလာခဲ့တာ။ ဒီရောဂါကို ကုသလို့ မရနိုင်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ခဏလောက် ကြည့်လို့ရမလား”
“ရပါတယ်” ရွှယ်ရင်သည် သူမ၏ လက်ကို ဆန့်တန်းပေးလိုက်၏။ ရေခဲကဲ့သို့၊ ကျောက်စိမ်းကဲ့သို့၊ နှင်းပွင့်ကဲ့သို့ နူးညံ့လှပလွန်းသည့် လက်ကလေးတစ်ဖက်က ရောက်ရှိလာခဲ့၏။