အပိုင်း (၃၀၅)
Vol. 22 Ch. 305
ရှမ့်လန်သည် သူမ၏ သွေးခုန်နှုန်းကို အသာပင် စမ်းသပ်လိုက်၏။ ပြီးနောက် X-Ray အမြင်ဖြင့် သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။
“အင်း… လက်ချောင်းဆီက သွေးအနည်းငယ်လောက် ထုတ်ပြီး ကြည့်လို့ရနိုင်မလား” ရှမ့်လန်က မေးလိုက်သည်။
“ရပါတယ်”
ရွှယ်ရင်သည် ကျောက်စိမ်းကဲ့သို့နူးညံ့သည့် သူမ၏လက်ချောင်းများကို ဆန့်တန်းပေးထား၏။ ပြီးနောက် ဒဏ်ရာတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သွေးများက စီးကျလာ၏။ ဤသွေး၌ မည်သည့် မူမမှန်မှုမှ မရှိကြောင်း ရှမ့်လန်က တွေ့ရှိခဲ့၏။
တစ်ကိုယ်လုံးကို စစ်ဆေးကြည့်သော်လည်း အဆိပ်အတောက်ဖြစ်စေသည့် သတ္တုဓာတ် သို့မဟုတ် တခြားသော အဖုအကျိတ်၊ တခြားအရာများကို မတွေ့ရချေ။ ဦးနှောက်ကို စစ်ဆေးကြည့်သော်လည်း မည်သည့်ထူးခြားမှုကိုမှ မတွေ့ရပေ။ သွေးကို စစ်ဆေး ကြည့်သောအခါလည်း မည်သည့်အဆိပ်ကိုမှ ရှာဖွေမတွေ့ရှိချေ။
ပထမဦးဆုံးအကြိမ်အဖြစ် ရှမ့်လန်သည် ဘာလုပ်ရမှန်းမသိပင် ဖြစ်သွားခဲ့၏။ ဤလောကထဲသို့ ရောက်ရှိ ခဲ့ပြီးနောက် သူသည် တကယ့်ကို ထိပ်တန်းသမားတော်ကြီးတစ်ပါး ဖြစ်ခဲ့၏။ မင်းသမီးနင်လော့ ခဲဆိပ်သင့်သည့်ကို တခြားသူများ မသိသော်လည်း သူသိ၏။
ချောင်ယောင်အာ သတ္တုအဆိပ်မိထားသည်ကို တခြားသောသူများ မသိသော်လည်း သူသိခဲ့၏။ မင်းသမီးနင်ယန်၏ ကျောက်ကပ် ကျောက်တည်ခြင်းရောဂါကို တခြားသူများ မသိသော်လည်း သူက တိကျ သေချာစွာ ရှာဖွေနိုင်ရုံသာမက သေသေချာချာ ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူသည် တကယ်ပင် ဦးနှောက်စားလျက်ရှိ၏။ ရွှယ်ရင် မည်သည့်ရောဂါ ခံစားနေရကြောင်းကို သူ မပြောနိုင်သလို မည်သည့်အဆိပ်မျိုးမိနေသည်ကိုလည်း သူမသိချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်သဲလွန်စကိုမှ သူ ရှာဖွေမတွေ့ခဲ့သောကြောင့်ပင်။ သို့ပေမည့် သူ လက်မလျှော့ခဲ့ချေ။
“ခင်ဗျားကို ဘယ်သူ အဆိပ်ခတ်ခဲ့တာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
“စေတီတောင်ကပါ” ရွှယ်ရင်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။
“စေတီတောင် ဟုတ်လား” မည်ကဲ့သို့သော အဖွဲ့အစည်း ဖြစ်သနည်း။
ရွှယ်ရင်က ပြောလိုက်၏။ “အင်း.. ကောင်းကင်ပင်လယ်ဂေဟာ လိုပဲ။ တကယ့်ကို ကျော်ကြားတဲ့ အဖွဲ့အစည်း တစ်ခုပေါ့။ တော်ဝင်ရင်အင်ပါယာကြီးရဲ့ အနောက်ဘက်ပိုင်းမှာ တည်ရှိတာ”
ရှမ့်လန်က နားလည်သွားခဲ့၏။ ဤစေတီတောင်သည် သိုင်းလောက၏ အထွတ်အမြတ်ထားရာ နေရာများထဲမှ တစ်ခုပင် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ကောင်းကင်ပင်လယ်ဂေဟာက သီးခြားနေတတ်တယ်။ ကျုပ် အဲကို အရင်တုန်းက ရောက်ဖူးတယ်။ အဲကလူတွေက အရည်အချင်းရှိပြီး စကားပြောကောင်းတယ်။ ဖော်ရွေကြတယ်။ စေတီတောင်က ကောင်းကင်ပင်လယ်ဂေဟာလိုပဲ ကျော်ကြားတယ် ဆိုရင် ဘယ်လိုဖြစ်ပြီး ခင်ဗျားကို သူတို့က အဆိပ်ခတ်ရတာလဲ”
ရွှယ်ရင်က ပြောလိုက်၏။ “အင်း.... စိတ်သဘောထား မတူကြလို့ပေါ့”
ရှမ့်လန်က နားလည်လိုက်မိသည်။ စာရေးဆရာကြီးကျင်းယုံ၏ ဇာတ်လမ်းထဲတွင် အရှေ့ဘက်မိစ္ဆာ၊ အနောက်ဘက်အဆိပ်၊ တောင်ပိုင်းဧကရာဇ်၊ မြောက်ပိုင်းသူဖုန်းစားနှင့် အလယ်ပိုင်း နတ်ဘုရားဟူ၍ သိုင်းပညာရှင်ငါးဦးတို့ရှိ၏။ ထိုသူတို့သည် ကျော်ကြားမှုတွင် တန်းတူညီမျှ ရှိသော်လည်း စိတ်နေစိတ်ထား သဘောထားများမှာတော့ ကွဲပြားခြားနားကြ၏။ ဥပမာအားဖြင့် တောင်ပိုင်းဧကရာဇ် ရိထျန်သည် မြင့်မြတ် တည်ကြည်လွန်းသူဖြစ်ကာ အနောက်ပိုင်းအဆိပ် အိုးရန်ဖုန်းမှာတော့ ယုတ်မာကောက်ကျစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ဘာလို့ ခင်ဗျားကို သူတို့က အဆိပ်ခတ်ရတာလဲ”
ရွှယ်ရင်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့လူတွေကို ငါ သတ်ခဲ့လို့ပဲ”
“ဪ”
စေတီတောင်သည် အင်အားကြီးမားလှ၏။
'နတ်သမီး... ခင်ဗျား သူတို့လို လူကိုတောင် သတ်နိုင်တယ်ဆိုမှတော့ ခင်ဗျားကလည်း တကယ့်ကို အစွမ်းထက်တဲ့ လူဖြစ်မှာပေါ့'
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ မဟာပညာရှင်ကြီး ကျုံးချူးကဲ့ပင် ဖြစ်သည်။ “ရှမ့်... ခဏလောက် အပြင်ထွက်ခဲ့ပါအုံး”
ရှမ့်လန်သည် ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာသွားခဲ့လေ၏။
ရွှယ်ရင်ကလည်း ရေချိုး အဝတ်အစားလဲရန် ထွက်ခွာသွားခဲ့၏။ သူမသည် သန့်ရှင်းမှုကို တကယ်ပင် နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ရေချိုးလေ့ရှိသည်။
...............
“အင်း... အစ်မမှာ အချိန်သိပ်မကျန်တော့ဘူး။ ကျန်တဲ့အချိန်ကလည်း ဆယ်ရက်တောင် မပြည့်တော့ဘူး” ကျုံးချူးကဲ့က ပြောလိုက်၏။ သူ၏အသံသည် တည်ငြိမ်လျက်ရှိနေသော်လည်း တကယ်တမ်းမှာတော့ ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ တကယ့်ကို ဘဝတစ်ခုလုံး ထိခိုက်နာကျင်ရသည့် ကြေကွဲမှုမျိုးနှင့် ရင်ဆိုင်နေရသည့် အသံမျိုးကဲ့သို့ပင်။
ရှမ့်လန်၏ နှလုံးသားက ခုန်သွားခဲ့၏။ မူလန်သည် ရှမ့်လန်၏ ကောင်းကင်တမန်တော် ဖြစ်ခဲ့၏။ ရွှယ်ရင်သည် ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ကောင်းကင်တမန်တော် သို့မဟုတ် သူတော်စင် တစ်ပါး ဖြစ်ပေလိမ့်မည်။
ဟုတ်ပေ၏။ သူတော်စင်ဆိုသည့် အသုံးအနှုန်းသည် ရှမ့်လန်၏ စိတ်ထဲတွင် အနည်းငယ် အနှုတ်လက္ခဏာ ဆောင်သော အသုံးအနှုန်းမျိုး ဖြစ်၏။ သို့ပေမည့် ထိုစကားလုံးသည် လက်ရှိအခြေအနေမှာတော့ တကယ့်ကို အလှပဆုံးသော ချီးကျူးပြောသည့် စကားတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့၏။
“ကျုပ် စေတီတောင်ကိုသွားပြီး နောက်ဆုံး မျှော်လင့်ချက်အတွက် ကြိုးစားကြည့်ချင်တယ်”
သိုင်းပညာရှင်ကြီး ကျုံးချူးကဲ့က ပြော၏။ “သူတို့က အစ်မကို အဆိပ်ခတ်ခဲ့တယ်ဆိုတော့ သူတို့ဆီမှာ ဖြေဆေးလည်း ရှိရမှာပဲ”
ရှမ့်လန်သည် ကျုံးချူးကဲ့ကို လှမ်းကြည့်ကာဖြင့် တားမြစ်ချင်စိတ်ပေါ်လာသည်။ ‘ဒါနဲ့ အစ်မ၊ အစ်မ ဆိုပြီး ခေါ်မနေပါနဲ့လား ဒီနတ်သမီးက ခင်ဗျားထက် အများကြီး အသက်ငယ်ပြီးတော့ ခင်ဗျားရဲ့သမီးအရွယ်လောက်ပဲ ရှိတယ်’
သို့ပေမည့် သူ ထိုစကားကို အပြင်ဘက်၌ ထုတ်ကာ မပြောရဲချေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို သေအောင် ရိုက်သတ်မှာ ဖြစ်သောကြောင့်ပင်။
ကျုံးချူးကဲ့က ပြောလိုက်၏။ “အစ်မကို စောင့်ရှောက်ဖို့ နာနာ့ကို ခိုင်းချင်ခဲ့တာ။ ဒါပေမယ့် သူက ကျောက်ရောဂါဖြစ်နေတယ်”
နာနာ ဆိုသည်မှာ ချင်နိုင်ငံ၏ မင်းသမီး အာယုနာနာပင် ဖြစ်၏။ သူမနှင့် အလွန်ရင်းနှီးသောသူများသာလျှင် ထိုနာမည်ကို ခေါ်ဆိုကြသည်။
သိုင်းပညာရှင်ကြီး ကျုံးချူးကဲ့က ပြောလိုက်၏။ “ဒါကြောင့် ဒီတာဝန်ကို ရှမ့်ဆီပဲ လွှဲပေးခဲ့တော့မယ်။ ဒီဆယ်ရက်က ဒီလောကကြီးထဲမှာ ရှင်သန်ရမယ့် သူမရဲ့ နောက်ဆုံးအချိန်ပဲ။ ဒီတော့ ပျော်ရွှင်အောင်ထားပါ။ အတိတ်မှာရှိတဲ့ ဝမ်းနည်းစရာတွေကြားမှာ နစ်မွန်းမနေပါစေနဲ့။ ပြီးတော့ အတိတ်က အဖြစ်တွေကိုလည်း အပြစ်မတင်မနေပါနဲ့။ ကြေကွဲစရာဇာတ်လမ်းကြီးကို ဇာတ်လမ်းအတိုင်းပဲ ထားခဲ့လိုက်ပါတော့”
သူ ဆိုလိုသည့် အဓိပ္ပာယ်ကို ရှမ့်လန် နားမလည်ချေ။ “ကျုပ် စေတီတောင်ကိုသွားပြီး ဖြေဆေးသွားတောင်းမယ်။ ဒါပေမယ့် ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မထားဘူး။ တကယ်လို့ ပြန်မလာနိုင်ဘူးဆိုရင် အရူးကြီးကို ဓားကျွန်းဆီကို ခေါ်သွားပြီး လီချင်းချိုးကို အပ်လိုက်ပါ။ ပြီးတော့ သူ့ကို တပည့်သစ်တစ်ယောက် ထပ်တိုး လက်ခံခိုင်းလိုက်ပါ”
ဤစကားကို ပြောပြီးသည်နှင့် ကျုံးချူးကဲ့သည် မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်၏။ 'အင်း... အရူးကြီးက လောကမှာ အတော်ဆုံးပဲလေ။ အရူးကြီးကို အဲဒီအရူးကောင်ဆီ မပေးချင်ဘူးကွာ”
သိုင်းပညာရှင်ကြီး ကျုံးချူးကဲ့၏ အမြင်တွင် လီချင်းချိုးသည် အရူးတစ်ယောက်သာလျှင် ဖြစ်သည်။
ထို့နောက် ကျုံးချူးကဲ့သည် စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်၏။ “အရူးကြီးကို သိုင်းပညာ ဘယ်လို သင်ပေးရမယ်ဆိုတာ ဒီမှာ ရှင်းရှင်းလင်းလင်း ရေးသားထားတယ်။ တကယ်လို့ ကျုပ်သာ ပြန်မလာဘူးဆိုရင် ဒါကို လီချင်းချိုးဆီ ပေးလိုက်”
ဤသည်မှာ သူ့အား တာဝန်လွှဲအပ်ခြင်းလား။ မဖြစ်နိုင်ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ကျုပ် နတ်သမီး ရွှယ်ရင်ကို ကယ်တင်ပေးဖို့ အစွမ်းကုန်ကြိုးစားပါ့မယ်”
ကျုံးချူးကဲ့သည် နှစ်နှစ်ခြိုက်ခြိုက်နှင့် ပြုံးလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ မျှော်လင့်ချက် ကင်းမဲ့လွန်းနေ၏။ စေတီတောင်အဆိပ်ကို တစ်ဖက်လူက ဖြေဆေးမပေးလျှင် ပျောက်ကင်းအောင် ကုသနိုင်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိ၏။ ရှမ့်လန်သည် အလွန်အစွမ်းထက်သည် ဆိုသော်လည်း ရွှယ်ရင်၏ အဆိပ်ကို ကုသနိုင်မည်မဟုတ်ပေ။
“သူက လည်ပင်းအထက် အပေါ်ပိုင်းက အေးခဲပြီး လုံးဝမလှုပ်ရှားနိုင်ဘူး ဖြစ်နေပြီ။ နောက်ရက် အနည်းငယ် အတွင်း ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲလာလိမ့်မယ်။ ခြေဖျားထိ ပြန့်နှံ့သွားလိမ့်မယ်။ ဒါဆိုရင် တစ်ကိုယ်လုံး အေးခဲပြီးတော့ လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သန့်ရှင်းမှုကို အရမ်းကြိုက်တယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို ရှာပြီး သူမကို သန့်သန့်ရှင်းရှင်းနေခိုင်းလိုက်ပါ”
“ကောင်းပါပြီ” ရှမ့်လန်က ပြန်လည်ကာ ဖြေဆို၏။
ကျုံးချူးကဲ့က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမက ကျောက်ရောဂါကူးစက်နေတဲ့ ချင်လူမျိုးတွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်။ နေ့စဉ်နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တယ်။ ဒီတော့ နောက်ဆုံးရက်ထဲမှာ သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ အလုပ် မလုပ်စေနဲ့တော့”
“ကောင်းပါပြီ” ရှမ့်လန်က ပြန်ပြောလိုက်၏။
ကျုံးချူးကဲ့က ထပ်မံကာ မှာသည်။ “ကျုပ်သာ ပြန်မရောက်လာခဲ့ရင် သူ့ကို ဂုဏ်သိက္ခာရှိရှိနဲ့ လှလှပပ သေဆုံးခွင့်ပေးလိုက်ပါ”
“ကောင်းပါပြီ” ရှမ့်လန်က အာမခံလိုက်၏။
“ကျေးဇူးပါပဲ”
ပြီးသည့်နောက်မှာတော့ ကျုံးချူးကဲ့သည် လေနှင့်အတူပင် လွင့်ပါး ပျောက်ကွယ်သွားခဲ့၏။ သူသည် အနောက်ဖျားဘက်တွင် တည်ရှိနေသည့် စေတီတောင်ဆီသို့ ဦးတည်၍ သွားနေခြင်းပင်။ အခွင့်အရေး နည်းပါးသည်ဆိုသော်လည်း သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ကြိုးစားကြည့်ရပေလိမ့်မည်။ “အစ်မ.. ကျုပ် ... ပြန်လာတာကို စောင့်မနေပါနဲ့တော့”
ထိုအချိန်မှာတော့ နတ်သမီး ရွှယ်ရင်သည် ရေချိုး၊ အဝတ်အစားလဲပြီး ဖြစ်၏။ လေထုထဲမှာ ရှိနေသည့် မွှေးရနံ့သည် ပိုမိုကာ လန်းဆန်းလာ၏။ သူမသည် အနောက်ခန်းတွင် ရှိနေသည့် ကုတင်ဆီသို့ လျှောက်သွားကာ လှဲလျောင်းပြီး မျက်လုံးကို မှိတ်ထား၏။ ထိုအချိန်မှာတော့ သူမ၏ လက်နှင့် ခြေများက လှုပ်ရှားနိုင်သေးပြီး ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်သေးသည်။
ရွှယ်ရင်က ပြောလိုက်၏။ “ရှမ့်လန်... ငါနည်းနည်းအိပ်ချင်တယ်။ အရင်အိပ်တော့မယ်နော်”
ရှမ့်လန်က အံ့အားသင့်သွား၏။ သူသည် ဤနတ်သမီးနှင့် အတူ နေထိုင်ရမည်လား။
‘ခင်ဗျား... ခင်ဗျားကျုပ်ရဲ့ စာရိတ္တကို ဒီလောက်တောင် ယုံကြည်ရတာလား’
“နတ်သမီး... မင်းသမီး အာယုနာနာ ကျောက်ရောဂါဖြစ်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် အပျော့စား ရောဂါမျိုးပါပဲ။ သူ့ရဲ့ ကိုယ်ခံအားနဲ့ဆိုရင် ကျိန်းသေပေါက် အသက်ရှင်မှာပါ”
...........
နောက်တစ်ရက်မှာတော့ ရှမ့်လန်သည် နန်းတော်ဆီသို့ နောက်တစ်ကြိမ်ဝင်ကာ အရူးကြီးနှင့် တွေ့ဆုံခဲ့၏။ သူသည် ၁၀ ကီလိုဂရမ်မျှ ပိန်ကျသွားခဲ့၏။ “အရူးလေး.. ငါ့မိန်းမက မင်းကို ရိုက်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ကယ်ပါအုံး”
အရူးကြီးသည် ဒူးထောက်ရန် ပြင်လိုက်၏။ ရှမ့်လန်က အလျင်အမြန် တားဆီးလိုက်၏။ သို့ပေမည့် လုံးဝ မတားဆီးနိုင်ခဲ့ချေ။ အရူးကြီးသည် အလွန်အားကောင်း၏။ ထို့ကြောင့် အရူးကြီး၏ကိုယ်နှင့် ပိကာ ရှမ့်လန်သည် မြေပေါ်သို့ ဒူးထောက်ကာ ပြုတ်ကျသွားခဲ့၏။ ‘ချီးတဲ့မှ...."
ကံကောင်းပေ၏။ ညတုန်းက မင်းသမီးရွှယ်ရင်၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်ရင်း သူ ကောင်းကောင်း အိပ်ပျော်ခဲ့၏။ မဟုတ်ပါက အိပ်ရေးမဝသောကြောင့် ဒေါသအပြင်းအထန် ထွက်နေပြီဖြစ်၏။ ရှမ့်လန်သည် နာကျင်နေသည့် သူ၏ ဒူးခေါင်းကို အသာပွတ်သပ်လိုက်၏။ နတ်သမီးနှင့်အတူ နေထိုင်ရသည့် အခြေအနေသည် သူ၏ စိတ်တစ်ခုလုံးကို အေးချမ်းစေခဲ့သည်။
အရူးကြီးသည် သူ၏ ညီငယ်လေးမှာ သူ၏ မိန်းမကို ကျိန်းသေပေါက် ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ သို့ပေမည့် ရက်အနည်းငယ်ကြာသော်လည်း အရူးလေးသည် သူ့မိန်းမကို လာရောက် မကယ်သေးချေ။ ထို့ကြောင့် သူက စိုးရိမ်ပြီး ကယ်တင်ပေးပါရန် တောင်းပန်နေခြင်းဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီး.. မင်းငါ့ကို ယုံလား”
အရူးကြီးသည် ခပ်မြန်မြန်ဆိုသလိုပဲ ခေါင်းညိတ်ပြလိုက်၏။ လောကကြီးထဲတွင် သူ အယုံကြည်ရဆုံးလူမှာ အရူးလေးပင် ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... မင်းမိန်းမ ပြန်ကောင်းလာမှာပါ”
အရူးကြီးက ပြန်ပြောလိုက်၏။ “ဒါပေမယ့် သူအခု မကောင်းသေးဘူး။ တစ်ကိုယ်လုံး ပူချစ်ပြီးတော့ ကယောင်ကတမ်းတွေ ပြောနေတယ်”
ဤသည်မှာ ကျောက်ရောဂါကို ခံစားနေရသည့်လူများ ဖြစ်လေ့ဖြစ်ထရှိသော အရာပင်ဖြစ်၏။ သူမက အပြင်းအထန် ဖျားနာလျက်ရှိပြီး စိတ်များကလည်း ကယောက်ကယက်နှင့် ဝေဝါးလျက် ရှိနေ၏။ သို့ပေမည့် အရူးကြီး၏ဉာဏ်ရည်ဖြင့် သူမ ကယောင်ကတမ်းတွေ ပြောနေသည်မှာ မှန်သလား၊ မမှန်သလားကို အဘယ်သို့ ခွဲခြားသိမည်နည်း။
အရူးကြီးက ဆက်လက်ကာ ပြောလိုက်၏။ “ငါ့မိန်းမက ငါ့ကို ကြိုက်တယ်လို့လည်း ပြောတယ်။ ဒါက ကယောင်ကတမ်း ပြောတာမဟုတ်ရင် ဘာဖြစ်မှာလဲ”
“ဟမ်”
ရှမ့်လန်သည် ဆွံ့အသွားခဲ့၏။ အရူးကြီး၏ စကားသည် ယုတ္တိရှိသလို ခံစားရသလို၊ ယုတ္တိ မရှိသလိုလည်း ခံစားနေရ၏။ အမျိုးသမီးတစ်ယောက်၏ အချစ်ကို မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း သိရှိနိုင်မည်နည်း။ သူလည်း မသိချေ။
ရှမ့်လန်က ပြောလိုက်၏။ “အရူးကြီး... မင်းရဲ့မိန်းမကို တကယ် ကယ်တင်ချင်တာလား”
အရူးကြီးသည် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ “အင်း.. ငါ့မိန်းမသေရင် ငါလည်း အသက်မရှင်ချင်တော့ဘူး”
ဤမျှအထိ အချစ်ကို စွဲလမ်းနေလေသည်လား။
ရှမ့်လန်က ပြောလိုက်၏။ “အရူးကြီး.. ဒါဆိုရင် သူ့ရဲ့အဝတ်အစားတွေကို ချွတ်လိုက်”
အရူးကြီးက ခေါင်းညိတ်လိုက်၏။ ရှမ့်လန်ပြောသော စကားတွင် မည်သည့် အမှားအယွင်းမှ ရှိမည်ဟု သူက မထင်ချေ။ မည်သို့ပင် ဆိုစေကာမူ သူသည် ဤညီငယ်၏ စကားကို အမှန်ယုံကြည်၏။ ဤညီငယ်လေးသည် အမှန်ပင် ထက်မြက်လွန်းလှချေ၏။ သူ့အတွက် ကောင်းမွန်သည့် အရာများကိုသာ ပြောမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ပြီးရင် ကျိုချက်ပြီး အအေးခံထားတဲ့ ရေနွေးနွေးလေးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးကြောပေးလိုက်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို သန့်ရှင်းအောင် ပွတ်သပ် ဆေးကြောပေးရမယ် .... နားလည်လား”
အရူးကြီးသည် ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်၏။ သူ မည်မျှ တုံးအနေပါစေ ရှမ့်လန်ပြောသည့် စကားလုံး တစ်ခုချင်းစီတိုင်းကို သေသေချာချာ မှတ်သားမိသည်။
ရှမ့်လန်က ထပ်မံကာ ပြော၏။ “သေသေချာချာ သန့်ရှင်းအောင် ဆေးကြောပေးပြီးပြီဆိုရင် သန့်ရှင်း စင်ကြယ်တဲ့ အဝတ်အစားတွေကို ဝတ်ပေး။ ပြီးရင် တစ်နေ့တစ်ခါ အဲဒါမျိုးလုပ်ပေး။ ငါမင်းကို ဆေးထုပ်တချို့ ပေးလိုက်မယ်။ ဟွမ်ဖန်ကို ကျိုခိုင်းပြီး တစ်နေ့သုံးကြိမ်တိုက်လိုက်။ ရက်အနည်းငယ်အတွင်းမှာ ကျန်းမာတဲ့ မင်းမိန်းမကို ပြန်ပြီးတော့ ရစေရမယ်။ ငါတကယ့်ကို အာမခံတယ်”
အရူးကြီးသည် ခပ်မြန်မြန် ခေါင်းညိတ်ကာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ၊ သိပ်ကောင်းတာပေါ့”
ရှမ့်လန်သည် ရုတ်တရက် မေးလိုက်၏။ “အရူးကြီး.. နောင်တစ်ချိန် မင်းရဲ့မိန်းမမျက်နှာပေါ်မှာ ကျောက်ပေါက်မာတွေ ဖြစ်လာမယ်ဆိုရင် မင်း သူ့ကို ကြိုက်မှာလား”
“ဟမ်”
“မင်း သူ့ကို မကြိုက်တော့ဘူးလား”
“ဟမ်” အရူးကြီးက အံ့အားသင့်သွား၏။ မကြိုက်တော့ဘူးဆိုသည်မှာ မည်သည့်စကားဖြစ်သနည်း။ မည်သည့် အဓိပ္ပာယ်ဖြစ်သည်ကို သူမသိချေ။
တကယ်တမ်း ပြောရမည်ဆိုလျှင် ရှမ့်လန်မှလွဲ၍ လူများအားလုံးတို့သည် သူ့ကို မကြိုက်နှစ်သက်ခဲ့ကြပေ။ သို့ပေမည့် အရူးကြီး၏ အဘိဓာန်ထဲတွင် မကြိုက်ဘူးဟူသော စကားလုံး မရှိပေ။
သူ၏ ဘဝ တစ်သက်တာလုံးတွင် ဤမိန်းမတစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလား။ အဘယ်သို့ မကြိုက်ဘဲ နေမည်နည်း။
ရှမ့်လန်သည် ရုတ်တရက် အရူးကြီးမှာ အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရမိ၏။ သူကိုယ်တိုင်မှာမူ လူယုတ်မာ တစ်ယောက်ကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ခံစားနေမိ၏။
“သွားတော့” ရှမ့်လန်က ပြောလိုက်၏။
အရူးကြီးသည် ဆေးထုပ်ကို ယူကာဖြင့် အာယုနာနာအား သီးသန့်ထားသော အခန်းဆီသို့ အပြေးသွားခဲ့သည်။
..................
အာယုနာနာသည် အရူးကြီးကို ခဏလောက် မမြင်ရသည့်အချိန်မှာတော့ တကယ်ပဲ ဒေါသထွက်လျက် ရှိနေ၏။ ဝင်လာသည်ကို မြင်သည်နှင့် တစ်ခါတည်း ဒေါသတကြီး ဆူပူလျက်ရှိနေ၏။ “ဘယ်ကို သွားနေတာလဲ။ ဒီလောက်ကြာအောင် ပျောက်နေတယ်”
ဆယ့်ငါးမိနစ်ပဲ ရှိပါသေး၏။ သို့ပေမည့် မင်းသမီးလေး နာနာ၌ အနာကျင်ဆုံးနှင့် အကြောက်ရွံ့ရဆုံးသော အချိန်များရှိနေ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အချိန်ပြည့် အရူးကြီးကို သူမ၏ အနားတွင် ရှိစေချင်၏။ ထိုမှသာလျှင် သူမသည် လုံခြုံမှုကို ခံစားနေရသည်။
အရူးကြီးသည် ဝင်လာပြီးသည်နှင့် ဘာတစ်ခုမှ မပြောချေ။ မင်းသမီးအာယုနာနာ၏ အဝတ်အစားများကို ဆွဲချွတ်လိုက်၏။
ဟွမ်ဖန်သည် အံ့အားသင့်သွားခဲ့သည်။
‘အရူးကြီး.. ရှင် သခင်လေးနဲ့ စကားသွားပြောတာ ခဏလေးပဲ ရှိသေးတယ်။ အခုပြန်လာတာနဲ့ ဘာကြောင့် မင်းသမီးနာနာရဲ့ အဝတ်အစားတွေကို ဆွဲချွတ် နေရတာလဲ။ မင်း အကျင့်ဆိုးတွေကို ဒီလောက် မြန်မြန်ဆန်ဆန် သင်ယူခဲ့တာလား။ သခင်လေးက တကယ့်ကို အဆိပ်အတောက်လို လူမျိုးပဲ။ အရူးကြီးလို ဖြူစင်တဲ့လူတောင် ညစ်ညမ်းသွားပြီဆိုတော့ ရှမ့်ဆယ့်သုံးရော ဘယ်လိုနေမလဲ’