← Chapters

ပင်မမုန်တိုင်း

Vol. 160 Ch. 2273

ပင်မမုန်တိုင်း

Vol. 160 Ch. 2273

သူတို့အုပ်စု အောက်ကို ဆင်းသက်လာကြသည်။ ရီဖူရှင်းတို့အုပ်စုသာမဟုတ်၊ တခြားသော လူများလည်း ဆင်းလာကြသည်။ အင်အားစုတိုင်းက နေမင်းဘုံ၏ဗဟိုတွင် ရှိသည့်အရာကို သိမြင်လိုကြ၏။

အဆင့်မြင့်ဘုံကိုးခု၏ဖွဲ့စည်းတည်ဆောက်မှုက တစ်ခုတစ်ခုကို ရည်ညွန်းနေသည်။ အရိပ်ဘုံတွင် အရိပ်နတ်ကျောက်တုံး တည်ရှိသည်။ သို့ဆိုလျှင် နေမင်းဘုံတွင်ကော…။

နေမင်းနတ်နန်းတော်အပျက်အစီးနေရာတွင် ဧရာမအက်ကြောင်းကြီး ကျန်ရစ်သည်။ ၎င်းနေရာသည် နေမင်းတောင်ကုန်းမှ တန်ခိုးရှင် ရပ်နေခဲ့သော နေရာလည်း ဖြစ်သည်။ ချော်ရည်ပူများနှင့်အတူ အလွန်တရာ ပူပြင်းသော လှိုင်းများ ထိုနေရာမှ ထွက်ပေါ်နေသည်။

“ကျုပ်တို့က မျက်နှာပြင်အလွှာကို ရောက်ပြီလား” တန်ခိုးရှင်များ၏စိတ်နှလုံးမှာ လှုပ်ရှားနေကြသည်။ ဗဟိုတွင်ရှိသော စွမ်းအားသည် နေမင်းဘုံတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေသည်။ သို့သော်လည်း လက်ရှိအခြေအနေကဲ့သို့ မဖြစ်နိုင်ပေ။ မဟုတ်လျှင် နေမင်းဘုံသည် ယခင်ကတည်းက မီးလျှံကမ္ဘာ ဖြစ်နေပေလိမ့်မည်။ မည်သို့သော သက်ရှိများ အသက်ရှင်သန်နိုင်မည်နည်း။

“ဒါက နေမင်းနတ်နန်းတော်ကြောင့် ဖြစ်လာတာပဲ” တစ်ယောက်က ရေရွက်သည်။ တခြားလူများကလည်း ခေါင်းညိတ်သည်။ သူတို့ကလည်း စိတ်ထဲတွင် ခန့်မှန်းချက် တချို့ရှိကြ၏။ မဟုတ်လျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပေ။

ဝုန်း…

မြေမျက်နှာပြင်သည် မည်သည့်အရာမှ မကျန်အောင် လောင်ကျွမ်းခံလိုက်ရ၏။ မြေပြင်သည် မဲနက်နေကာ နေမင်းနတ်နန်းတော်သည်ကား မီးလျှံကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် လူရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ သူတို့သာ အဝေးမှ ကြည့်ပါက မီးစမီးလျှံများသည် အပျက်အစီးများထဲမှ ယိုစိမ့်ထွက်လာနေသည်ကို တွေ့နိုင်၏။

“ဒါက အစီအရင်တစ်ခုပဲ” အားလုံး၏မျက်လုံးများက အရောင်လက်သွားသည်။ သူတို့က ပြာပုံအတွင်း၌ ခင်းကျင်းထားသော အစီအရင်ကို ခံစားမိကြ၏။ ၎င်းသည် နေမင်းသင်္ကေတများဖြင့် ပြုလုပ်ထားကာ ပူပြင်းသော မီးတောက်များ စီးဆင်းနေကြသည်။

နေမင်းပုံရိပ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်တွင် နေမင်းနတ်နန်းတော်သည် တိုက်ရိုက်လောင်ကျွမ်းခံရကာ သူတို့၏တန်ခိုးရှင်များမှာ လောင်ကျွမ်းပြာကျသေဆုံးသွားရသည်ကို လူအများက နားလည်လိုက်ကြသည်။ ၎င်းသည်သာ ပေါက်ကွဲပါက သာမန်တန်ခိုးရှင်များသာမက ထိပ်သီးတန်ခိုးရှင်များသည်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲပေမည်။

သည်မတိုင်ခင်က နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် အစီအရင်မှ စွမ်းအားကို စုပ်ယူ၍ အလွန်အားကောင်းသော စွမ်းအားများကို အသုံးပြုနိုင်ခဲ့သည်။

“အနားမကပ်ကြနဲ့… အစီအရင်က အသက်ဝင်နေတာ ကြာလှပြီ။ အဲဒါက မြေကြီးထဲက နတ်စွမ်းအားတွေကို စုပ်ယူထားတယ်။ ငါတို့ အနားကပ်ရင် လောင်ကျွမ်းခံရမှာပဲ” ရန်ဟောင်ချန်းက ညွန်ကြားသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ဂရုမထားဘဲ မြေအောက်ကို ဝင်ကာ အစီအရင်နေရာသို့ ရောက်သွားပါက ထိုလူမှာ မည်သို့ သေဆုံးသွားမည်ကိုပင် သိလိုက်မည် မဟုတ်ပေ။

အားလုံးက သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြ၏။ သူတို့၏အမူအရာများအားလုံးက ထူးဆန်းနေကြသည်။ သူတို့အတွက် မြေအောက်သို့ ဝင်ရောက်ရန် ခက်ခဲသော အခြေအနေ ဖြစ်သည်။

“ကျုပ်တို့က အစီအရင်ကို အရင်ဖျက်ဆီးသင့်တယ်” တစ်ယောက်က ပြောသည်။ တခြားလူများကလည်း ခေါင်းညိတ်သည်။

“ဒါဆိုလည်း အတူပူးပေါင်းပြီးတော့ ဖျက်ဆီးကြတာပေါ့” တစ်ယောက်က ထပ်ပြောသည်။ အားလုံးက သဘောတူကြသည်။ ရီဖူရှင်းက ရန်ဟောင်ချန်းကို ပြောသည် “ကျွန်တော်က အကြီးအကဲကို အကူအညီတောင်းရဦးမှာပဲ”

ယခင်က သူသည် ယန်ဓာတ်စွမ်းအားကို ရယူနိုင်ခဲ့သည်။ ယခု သူ့တန်ခိုးအဆင့်မှာ များစွာ မြင့်မားနေပြီဖြစ်၏။ ထို့ကြောင့် သူသည်သာ အောက်ကို ဆင်းနိုင်ပါက နေမင်းဘုံမှ ရတနာကို ရယူရန် ယုံကြည်ချက် ရှိပေသည်။

“ကောင်းပြီ…” ရန်ဟောင်ချန်းက ရီဖူရှင်းဆိုလိုသည်ကို နားလည်၏။ သူက ခေါင်းညိတ်သည်။ ထို့နောက် သူက စွမ်းအားများကို စုစည်းကာ အစီအရင်အား ဖျက်ဆီးရန် ပြင်ဆင်သည်။

အစီအရင်မှာ အားကောင်းသော်လည်း ထိန်းချုပ်သူတစ်ဦးတစ်ယောက်မှ မရှိရာ ၎င်းအား ဖျက်ဆီးရန်မှာ သိပ်မခက်ပေ။

ရီဖူရှင်းနှင့် တခြားလူများ ဘေးကို ဖယ်ပေးလျှင် တခြားသော တန်ခိုးရှင်များက သူတို့၏စွမ်းအားများကို စုစည်းကာ အောက်မှ မီးလျှံများကို စတင်တိုက်ခိုက်ကြ၏။ တိုက်ခိုက်မှုများသည် အစီအရင်ကို တိုက်ရိုက် ကျဆင်းသည်။ ချက်ချင်းပင် နေမင်းအစီအရင်သည် ပျက်စီးကာ ပျယ်လွင့်သွားတော့သည်။ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုသည် အဝေးသို့အထိ ပျံ့လွင့်သွား၏။ ချက်ချင်းပင် မိုင်တစ်ထောင်ပတ်လည်မှာ မီးပင်လယ်ကြီး ဖြစ်သွားသည်။

သို့သော်လည်း အစီအရင်၏အထောက်အပံ့ကင်းမဲ့သွားသော ထိုမီးတောက်များမှာ မကြာခင် ကောင်းကင်နှင့်မြေပြင်အကြား လွင့်ပါးသွားခဲ့ကြ၏။ အစီအရင်၏အလယ်တွင်ကား ကမ္ဘာမြေဗဟိုသို့ သွားရာ လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

အစီအရင်ပျက်စီးသွားပြီးနောက်တွင် လေထဲမှ မီးတောက်မီးလျှံများမှာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူတို့က အောက်သို့ နက်နက်ဆင်းလေ၊ ပိုမိုအားကောင်းသော မီးတောက်များကို ခံစားလာရလေ ဖြစ်သည်။

အောက်သို့ ဆင်းလာသူ အများစုမှာ အတော်ဆုံးများ ဖြစ်ကြသည်။ သူတို့မှာ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြ၏။ မကြာခင် သူတို့သည် မြေအောက်သို့ ရောက်လာကြ၏။ ထိုနေရာတွင်ကား နေရာတိုင်းမှာ မီးတောက်မီးလျှံများ ပြည့်နေသော မီးကမ္ဘာတစ်ခု ဖြစ်နေသည်။ ဤသို့သော ပတ်ဝန်းကျင်တွင် မည်သည့်အရာကမှ တည်ရှိနိုင်ဟန်မတူ။

“ထပ်ဆင်းကြမယ်…” သူတို့က ဆက်လက်၍ ဆင်းလာကြသည်။ မီးလျှံမြစ်များသည် သူတို့အနီးတွင် အားကောင်းစွာ စီးဆင်းနေကြ၏။ တန်ခိုးရှင်များက ၎င်းတို့အားလည်း ဆက်လက်ဖြတ်သန်းလာကြ၏။ တချို့သော ရန်ဟောင်လူငယ်များလည်း လိုက်ပါလာကြသည်။ သူတို့အတွက်မူ တဖြေးဖြေးဖြင့် ပတ်ဝန်းကျင်နှင့် အသားကျရန် ခက်ခဲလာကြသည်။ သူတို့အား ကာကွယ်ထားသော မဟာလမ်းစဉ်စွမ်းအားများမှာ အချိန်မရွေး ပြိုလဲနိုင်တော့မည့် အနေအထားသို့ ရောက်လာ၏။

“အား…” တစ်စုံတစ်ယောက်၏နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ပူပြင်းသော လေလှိုင်းတစ်ခုသည် လူတစ်ယောက်နှင့် ထိတွေ့ကာ ထိုသူသည် မီးတောက်များအဖြစ် ပြောင်းလဲသွား၏။ သူ၏မဟာလမ်းစဉ်စွမ်းအားများမှာလည်း လောင်ကျွမ်းကုန်သည်။

“ဘာဖြစ်နေတာလဲ…” လူတိုင်းက အသံလာရာသို့ လှမ်းကြည့်ကြကာ ပူပြင်းသော လေလှိုင်းအား သတိထားမိကြ၏။ ၎င်းမှ စွမ်းအားကို သတိထားမိလျှင် ထိပ်သီးတန်ခိုးရှင်များအားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။

“အောက်ကို ထပ်မဆင်းနဲ့တော့…” ထိပ်သီးတန်ခိုးရှင်တစ်ဦးက နောက်မှ လိုက်လာသော ရန်ဟောင်လူငယ်များအား ပြောသည်။

“ဒီလေလှိုင်းက ထူးခြားတယ်။ ကျုပ်တို့က ဗဟိုနဲ့နီးကပ်နေပြီထင်တယ်” ရန်ဟောင်ချန်းက ရီဖူရှင်းကို ပြောသည်။ သူ့ထံမှ ကြယ်အလင်းများ ထွက်ပေါ်လာကာ ရီဖူရှင်းအား အရံအတားဖြင့် ကာကွယ်ရန် လုပ်လိုက်သည်။

“ရတယ်။ ကျွန်‌တော် အဆင်ပြေတယ်” ရီဖူရှင်းက ပြောသည်။ ရန်ဟောင်ချန်းက သူ့အား ကြည့်ကာ ခေါင်းညိတ်သည်။ ရီဖူရှင်းက ထိုသို့ပြောလျှင် သူက ယုံကြည်ချက် ရှိရပေမည်။

သူတို့အုပ်စု အောက်ကို ဆက်ဆင်းလာခဲ့ကြသည်။ ရီဖူရှင်း၏အမူအရာလည်း အနည်းငယ် တည်ကြည်နေသည်။ ဤသည်က သူ နောက်ဆုံးအကြိမ် အရိပ်ဘုံ၌ ကြုံတွေ့ခဲ့သည်နှင့် အလွန်တူနေသည်။

သူတို့က အောက်ကို ဆက်ဆင်းလာလေ လေပူလှိုင်း အရေအတွက် များလာလေဖြစ်သည်။ အဆင့်မြင့်ရန်ဟောင်များသည်ပင် သတိထားကာ ရှောင်ရှားကြရသည်။

ရီဖူရှင်းသည်လည်း ခက်ခဲစွာ သွားနေရသည်။ သည်နေရာမှ မီးလျှံများမှာ သူတောင့်ခံနိုင်သော အနေအထားထက် ပိုမိုလာနေသည်။

ထိုအခိုက်တွင် သူတို့ရှေ့၌ ရုတ်တရက် မီးလျှံမုန်တိုင်းတစ်ခု ပေါ်လာသည်။ ၎င်း၏အလယ်မှ လေပူလှိုင်းများ အဆက်မပြတ် ထုတ်လွှတ်နေသည်။ ချက်ချင်းပင် တန်ခိုးရှင်များက လှုပ်ရှားခြင်းကို ရပ်တန့်ကာ ၎င်းမုန်တိုင်းကို ကြည့်ကြသည်။

ကြည့်ရသည်မှာ နေမင်းကား သူတို့ရှေ့မှောက်တွင် ဖြစ်သည်။ မုန်တိုင်းမှာလည်း ၎င်းနေမင်းကြောင့် ဖြစ်လာခြင်း ထင်ရ၏။

ထိပ်သီးတန်ခိုးရှင်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က မည်သို့ အထဲကို ဝင်ရမည်နည်း။

သူတို့သာ မုန်တိုင်းထဲကို ဝင်ရောက်ပါက အလွန်အန္တရာယ်များပေမည်။ ထိပ်သီးတန်ခိုးရှင်များသည်ပင် အသက်ရှင်ရက် ထွက်နိုင်မည်ဟု မသေချာ။

ရန်ဟောင်ချန်းက ရှေ့မှ မြင်ကွင်းကို ကြည့်သည်။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်က နေမင်းဘုံမှ နတ်ရတနာကို ရယူနိုင်ခြင်းမရှိသည်မှာ မထူးဆန်းတော့ပေ။

All Chapters