← Chapters

အခန်း (၁၅၁၆)

Vol. 109 Ch. 1516

အခန်း (၁၅၁၆)

Vol. 109 Ch. 1516

ညီမမူဝမ်က အံ့ဖွယ်တစ်သောင်းမြို့သို့ ပြန်သွားသည်။ ရှုကျွယ်နှင့် လော့ခွန်းသည်တော့ သူတို့က အံ့ဖွယ်တစ်သောင်းကောင်းကင်အသူရာချောက်နက်၏ အောက်ခြေမှာ တံခါးပိတ်ကျင့်ကြံရန် နေထိုင်လိုက်ကြသည်။

သူတို့က ယခုမှ ယခင်ဘဝ၏ ကျင့်ကြံခြင်းစွမ်းအားကို ပြန်ရရှိသွားကြလေရာ ယင်းကို ခြေဖျက်ရန် အချိန်တချို့ လိုအပ်သည်။

အထူးသဖြင့် သေခြင်းစွမ်းအား ဖြစ်သည်။ ယင်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန် သူတို့အတွက် အချိန်လိုအပ်သည်။

လော့ခွန်းက ယဲမင်းတန်နှင့်ပတ်သက်၍ စိန်ခေါ်သည့်စကားကို ကိန်းကြီးခန်းကြီး ပြောကြားခဲ့သော်လည်း ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့သော သူက ယဲမင်းတန်၏ ပြိုင်ဘက်မဟုတ်သေးကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။

“ ယဲမင်းတန်က ရွယ်တူမျိုးဆက်ထဲမှာ အထွတ်အထိပ် လက်ရွေးစင်တစ်ယောက်ပဲ… တကယ်လို့ သူသာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို အုပ်ချုပ်မနေဘူးဆိုရင် ကောင်းကင်စက်ဝန်းစစ်မြေပြင်ဆီ အစောကြီးကတည်းက ဝင်ရောက်သွားလောက်ပြီ ”

“ ကျင့်ကြံခြင်းလောကထဲမှာ အရှုံးအမြတ်ဆိုတာ ရှိတယ်… နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို အုပ်ချုပ်တာက အဆုံးမဲ့တဲ့ အရင်းအမြစ်တွေနဲ့ ပြိုင်ဘက်ကင်းတဲ့ ဩဇာအာဏာကို ပိုင်ဆိုင်နိုင်စေတယ်ဆိုပေမဲ့ အဲ့ဒါက သူ့အတွက် အချုပ်အနှောင်တစ်ခုလို ဖြစ်နေတယ် ”

လော့ခွန်း၏ စကားအရ ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ စစ်သည်တော်များ၏ ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ နောက်ကွယ်မှ အင်အားစုက အတော်လေး ရှိန်လောက်စရာကောင်းလိမ့်မည်။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို နှိမ်နင်းရန်အလို့ငှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်တစ်ခုတည်းကို ဖျက်ဆီးပစ်ခြင်းက မလုံလောက်ပေ။ မူလစကြာဝဠာတစ်ခုလုံး၏ အရင်းအမြစ်ထောက်ပံ့မှုများကို ရရှိထားသော ၎င်း၏ နောက်ကွယ်မှ ပုန်းကွယ်နေသော အင်အားစုကိုလည်း မြေလှန်ပစ်ရလိမ့်မည်။

တစ်နည်းဆိုရသော် ၎င်းတို့က မည်သည့်ကောင်းကျိုးမှမပေးသော ကပ်ပါးကောင်အုပ်စု ဖြစ်သည်။ ၎င်းတို့က လောကတိုက်ပွဲထဲမှာ မပါဝင်ချင်ကြသလို စကြာဝဠာကပ်ဘေးကိုလည်း ရှောင်ရှားချင်ကြသည်။ ထို့ပြင် ၎င်းတို့က နောက်ကွယ်မှာနေ၍ မူလစကြာဝဠာထဲမှ အရင်းအမြစ်များကိုလည်း သိမ်းယူချင်ကြသေးသည်။

ထိုပုဂ္ဂိုလ်များက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို မည်သူမှ မဖျက်ဆီးနိုင်စေရန် အကာအကွယ်ပေးလိမ့်မည်။

လော့ခွန်း၏ သတိပေးမှုကို ဟန်မူယဲ့ ကောင်းကောင်း နားလည်သည်။

သို့သော်လည်း သူ၏ အမြင်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ဖြစ်စေ သို့မဟုတ် ကောင်းကင်စက်ဝန်းစစ်မြေပြင်ဖြစ်စေ ယင်းတို့က ပြဿနာမဟုတ်ပေ။ စကြာဝဠာကပ်ဘေးသည်သာလျှင် သူ၏ အာရုံစိုက်မှုရရန် ထိုက်တန်ပေသည်။

ကမ္ဘာဦးအပျက်အစီးကုန်းမြေ… ။

ရှေးဦးအပျက်အစီးကုန်းမြေ… ။

ထိုအင်အားစုများသည် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထက် လုံးဝ မနိမ့်ကျပေ။

…..

ရှေးဦးအပျက်အစီးကုန်းမြေ၏ အပြင်ဘက်… ။

ထိုနေရာသို့ ပြန်ရောက်လာသည့်အခါ ဟန်မူယဲ့၏ မျက်နှာက ပိုပြီးတည်ကြည်သွားသည်။

သူ၏ အကြည့်က သူ့အရှေ့မှ ရှေးဦးအပျက်အစီးကုန်းမြေပေါ်တွင် ကြာကြာ ရှိမနေပေ။ မကြာမီ သူက အဝေးမှ နေရာဆီသို့ ကြည့်လိုက်သည်။

ထိုနေရာက အတိတ်မှာ သူခြေမချဝံ့ခဲ့သောနေရာ ဖြစ်သည်။

ကမ္ဘာဦးအပျက်အစီးကုန်းမြေ… ။

ယင်းက ဤမူလစကြာဝဠာ၏ မူလဇစ်မြစ်ဖြစ်သလို အဆုံးမှတ်လည်း ဟုတ်၏။

အတိတ်မှာ ကမ္ဘာဦးအပျက်အစီးကုန်းမြေက ပြိုကွဲပျက်စီးသွားခဲ့ပြီး စကြာဝဠာကပ်ဘေးထဲသို့ ပေါင်းစပ်သွားခဲ့သည်။ သို့ဖြစ်၍ ထိုနေရာမှာ အပျက်အစီးနယ်မြေတစ်ခုသာလျှင် ကျန်နေခဲ့သည်။

ယင်းက အပျက်အစီးနယ်မြေတစ်ခုသာဖြစ်သော်လည်း ရှေးဟောင်းကမ္ဘာဦးအပျက်အစီးကုန်းမြေက အပြင်လူများ ခြေမချဝံ့သော တားမြစ်နေရာတစ်နေရာ ဖြစ်နေဆဲပင်။

ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲသို့ ရုပ်ခန္ဓာကိုယ်ဖြင့်သာ ဝင်ရောက်နိုင်သည်။ ထို့ပြင် အထဲမှာ သေခြင်းရှင်ခြင်းက မခန့်မှန်းနိုင်သောအရာ ဖြစ်သည်။

အထွတ်အထိပ် အင်မော်တယ်ဘုရင်များသည်ပင် ရှေးဟောင်းကမ္ဘာဦးအပျက်အစီးကုန်းမြေထဲသို့ စွန့်စားမသွားဝံ့ကြချေ။

ဤအခိုက်အတန့်မှာ ရှေးဟောင်းကမ္ဘာဦးအပျက်အစီးကုန်းမြေထဲတွင် စည်းမျဉ်းစွမ်းအားက သူ၏ ခြေဖဝါးအောက်မှာ စုဝေးသွားနေသည်။

ဝိညာဉ်က ထိုနေရာသို့ မဝင်ရောက်နိုင်ပေ။

ယင်း၏ ဆိုလိုရင်းမှာ ကမ္ဘာဦးအပျက်အစီးကုန်းမြေမှ စည်းမျဉ်းများက ရှေးဦးအပျက်အစီးကုန်းမြေဆီသို့ စတင်ကျူးကျော်ဝင်လာနေပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။

ကမ္ဘာဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေထဲသို့ ဝင်ရောက်လာသည့်အခါ ယင်းက အကြွင်းမဲ့လွှမ်းမိုးဖိနှိပ်မှု ဖြစ်သွားလိမ့်မည်။

“ အဟွတ်… အဟွတ် ”

အဝေးတွင် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုသူက ခန္ဓာကိုယ်တုန်ယင်နေပြီး ပါးစပ်မှ သွေးချောင်းဆိုးနေသည်။

ဟန်မူယဲ့က ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်သည်။ သူက ထိုအင်မော်တယ်အရှင်သခင်၏ အရှေ့သို့ ပျံသန်းသွားသည်။

ထိုကျင့်ကြံသူက တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူက လျှပ်တစ်ပြက် ရွေ့လျားလိုက်ပြီး အနောက်သို့ ဆယ်မီတာ ဆုတ်သွားသည်။ သူက ဟန်မူယဲ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။

“ တာအိုရောင်းရင်း… ခင်ဗျားက ရှေးဦးအပျက်အစီးကုန်းမြေကလား ”

“ အခု ရှေးဦးအပျက်အစီးကုန်းမြေရဲ့ အခြေအနေက ဘယ်လိုလဲ ကျုပ်သိလို့ရမလား ”

ဟန်မူယဲ့က တစ်ဖက်လူနောက်သို့ မလိုက်သွားပေ။ သူက နေရာမှာ ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်မေးလိုက်သည်။

သူ့အရှေ့မှ လူက ရှေးဦးအပျက်အစီးကုန်းမြေထဲသို့ ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်လာသူဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုလူက အသက်အန္တရာယ်ဖြင့် တွေ့ကြုံနေစဉ် အရေးကြီးအခိုက်အတန့်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပုံ ရသည်။

ဟန်မူယဲ့ကို စစ်ဆေးကြည့်နေရင်း အင်မော်တယ်အရှင်သခင်က လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးစက်များက ပျောက်ကွယ်သွားပြီး သူ၏ ပုံစံက ပိုပြီးတည်ငြိမ်လာသည်။

“ ရှက်စရာကောင်းတဲ့ ငါ့ရဲ့ ပုံစံကို လူမြင်စေမိပြီ ”

ထိုတာအိုရောင်းရင်းက ပြောသည်။ ထို့နောက် သူက စိတ်ခံစားချက်များ ကိန်းအောင်းနေသော အကြည့်ကို ထုတ်ဖော်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ အခု ရှေးဦးအပျက်အစီးကုန်းမြေက ဖရိုဖရဲဖြစ်နေတယ် ”

ဖရိုဖရဲဖြစ်နေတယ်လား… ။

ဟန်မူယဲက စကားပြောလိုက်သည်နှင့် သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

“ အဲ့ဒါက ကမ္ဘာဦးအပျက်အစီးကုန်းမြေရဲ့ ကျူးကျော်လာမှုကြောင့်လား ”

ကမ္ဘာဦးအပျက်အစီးကုန်းမြေ… ။

ဟန်မူယဲ့က အဖြေမှန်ကို တိုက်ရိုက် ခန့်မှန်းနိုင်လိမ့်မည်ဟု ထိုတာအိုရောင်းရင်းက မမျှော်လင့်ထားခဲ့ပေ။ သူက တစ်ခဏကြာ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ ရှေးဟောင်းနတ်သားရဲတွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေးဦးအပျက်အစီးကုန်းမြေထဲက အံ့ဖွယ်တစ်သောင်းအင်မော်တယ်မင်းဆက်နဲ့ ရွှမ်လင်းအင်မော်တယ်မင်းဆက်က ပျက်စီးသွားပြီ… ကောင်းကင်ဘုံရွှေကျီးကန်းနဲ့ ရှေးဦးအပျက်အစီးတောထဲက တခြားနတ်သားရဲတွေရဲ့ အကူအညီပေးမှုကြောင့်မဟုတ်ရင် ရှေးဦးအပျက်အစီးကုန်းမြေက လုံးဝ ပျက်စီးသွားလောက်ပြီ ”

စကားပြောနေစဉ် ကြောက်လန့်မှုအရိပ်အမြွက်က တာအိုရောင်းရင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အစကတော့ အဲ့ဒီရှေးဟောင်းနတ်သားရဲတွေက အရမ်းမသန်မာဘူး… ဒါပေမဲ့ အခု သူတို့က ထိန်းချုပ်ခံထားရသလိုမျိုး အကြွင်းမဲ့ စည်းလုံးညီညွတ်သွားကြတယ်… အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်… ”

အကြွင်းမဲ့ စည်းလုံးညီညွတ်မှုကို ပိုင်ဆိုင်ထားတယ်လား… ။

နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဖြစ်နိုင်သည်မှာ ထိုရှေးဟောင်းနတ်သားရဲများကို ထိန်းချုပ်ထားသည့် နည်းစနစ်က လေဟာနယ်သန္ဓေပြောင်းသားရဲများကို ထိန်းချုပ်ထားသော ကန်အန်းမျိုးနွယ်စု၏ နည်းစနစ်နှင့် တူညီနေခြင်းလော။

ထိုအမွေအနှစ်က အသူရာကောင်းကင်ဘုံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

“ မင်းက ရှေးဦးအပျက်အစီးကုန်းမြေဆီ သွားမလို့လား… မင်းကို မသွားဖို့ ငါအကြံပေးချင်တယ်… ရှေးဦးအပျက်အစီးကုန်းမြေထဲက ထိပ်တန်းပုဂ္ဂိုလ်တွေက ငါတို့ကို အနောက်ဆုတ်ဖို့ ပြောထားပြီးပြီ… သူတို့က ရှေးဦးအပျက်အစီးကုန်းမြေကို စွန့်လွှတ်ပြီး လျှို့ဝှက်တည်နေရာဆီ အနောက်ဆုတ်သွားကြလိမ့်မယ် ”

ရှေးဦးအပျက်အစီးကုန်းမြေကို စွန့်လွှတ်မယ်… ။

လျှို့ဝှက်တည်နေရာဆီ အနောက်ဆုတ်ကြမယ်… ။

ယင်းက မည်သည့်အဓိပ္ပာယ်နည်း။

ခွန်းဝူ… ။

အတိတ်မှာ သူတို့အခြေချနေထိုင်ခဲ့သော ခွန်းဝူသာလျှင် လျှို့ဝှက်တည်နေရာဖြစ်ရန် အရည်အချင်းပြည့်မီသည်။

ခွန်းဝူက အပျက်အစီးနယ်မြေတစ်ခု မဟုတ်ပေ။ ယင်းက ကမ္ဘာဦးအပျက်အစီးကုန်းမြေ ပျက်စီးသွားခဲ့ရာမှ ကြွင်းကျန်ခဲ့သော နယ်မြေအစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

အကယ်၍ ကောင်းကင်ဘုံရွှေကျီးကန်းနှင့် တခြားလူများက ခွန်းဝူမှာ နေထိုင်မည်ဆိုလျှင် သူတို့က ရှေးဟောင်းနတ်သားရဲများ၏ တိုက်ခိုက်မှုကို ယာယီခုခံကာကွယ်နိုင်ကြလိမ့်မည်။

မည်သို့ဖြစ်ပါစေ ယခု ကြယ်စင်စုစကြာဝဠာမှ နတ်သားရဲအများအပြားက ခွန်းဝူကို ပြန်ရောက်လာကြပြီ မဟုတ်ပါလော။ ထို့ပြင် ကမ္ဘာဦးအုပ်ချုပ်သူတချို့က ခွန်းဝူမှာ နေထိုင်နေကြသည်။

“ ရှေးဦးအပျက်အစီးကုန်းမြေဆီ မသွားရဘူးလား ”

ဟန်မူယဲ့က တိုးညင်းစွာ တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

တစ်ဖက်လူထွက်ခွာသွားသော ဦးတည်ရာကို မြင်လိုက်သောအခါ သတင်းစကားပါးလိုက်သော တာအိုရောင်းရင်းက မျက်လုံးပြူးကျယ်သွားသည်။

“ အဲ့ဒါက ကမ္ဘာဦးအပျက်အစီးကုန်းမြေရဲ့ ဦးတည်ရာပဲ ”

“ ဟေ့လူ ခင်ဗျားရူးသွားပြီလား… ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲ ဝင်သွားရင် ခင်ဗျားသေသွားလိမ့်မယ် ”

…..

ကမ္ဘာဦးအပျက်အစီးကုန်းမြေ… ။

ဟန်မူယဲ့က ရုပ်ခန္ဓာကိုယ်ဖြင့် အထဲဝင်ရောက်သွားသည့်အခါ မည်သို့ကြောင့် ဤနေရာက ကျင့်ကြံသူများအတွက် တားမြစ်ဧရိယာတစ်ခု ဖြစ်နေကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။

ဤနေရာမှ မိုးမြေစွမ်းအား၏ ဖိနှိပ်မှုသည် အပြင်လောကထက် အဆပေါင်းတစ်သန်း ပိုပြီးပြင်းထန်သည်။

အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ မည်သူမဆို ဤနေရာသို့ ဝင်ရောက်လာသည့်အခါ သေမျိုးတစ်ယောက်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားလိမ့်မည်။

အင်မော်တယ်အရှင်သခင်တစ်ပါးသည်ပင် ဤကမ္ဘာဦးအပျက်အစီးကုန်းမြေထဲမှာ သူ့ကိုယ်ပိုင်စွမ်းအားကို အမှီပြု၍ ရေ၊ မီး၊ လေနှင့် တိမ်တိုက်များကို တစ်စွန်းတစ်စမျှသာ အသက်သွင်းနိုင်လိမ့်မည်။

သို့သော်လည်း ထိုစွမ်းအားက ဤကမ္ဘာဦးအပျက်အစီးကုန်းမြေထဲမှာ မည်သို့အသုံးဝင်လိမ့်မည်နည်း။

ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ဟန်မူယဲ့က သုံးမီတာရှည်လျားသော မီးခိုးရောင်ဝံပုလွေတစ်ကောင်နှင့် တွေ့ဆုံသွားသည်။

မိုးမြေစွမ်းအား၏ ဖိနှိပ်မှုက အလွန်ပြင်းထန်သည့်တိုင် ထိုမီးခိုးရောင်ဝံပုလွေမှ ထုတ်လွှတ်လိုက်သော ခွန်အားသည် အင်မော်တယ်အရှင်သခင်၏ အထွတ်အထိပ်မှာရှိသည်။

ပိုပြီးကြောက်မက်ဖွယ်ကောင်းသော အချက်မှာ ၎င်း၏ ရှိန်လောက်စရာကောင်းသော ရုပ်ခွန်အား ဖြစ်သည်။

ထိုသို့ရုပ်ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်အရှင်သခင်တစ်ပါးသည်ပင် ၎င်း၏ ကုတ်ချက်များကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုမီးခိုးရောင်ဝံပုလွေက ဟန်မူယဲ့၏ စီးတော်သားရဲ ဖြစ်လာချေ၏။

မီးခိုးရောင်ဝံပုလွေ၏ တည်ရှိမှုက ဟန်မူယဲ့၏ အခက်အခဲအများစုကို ဖြေရှင်းပေးခဲ့သည်။

အနည်းဆုံးတော့ ဘေးပတ်ဝန်းကျင်မှ သားရိုင်းကောင်များသည် ဟန်မူယဲ့၏ စီးတော်သားရဲဖြစ်နေသော မီးခိုးရောင်ဝံပုလွေကို မြင်လိုက်သည့်အခါ ၎င်းတို့က အနားသို့ မချဉ်းကပ်ဝံ့ကြတော့ချေ။

“ ဗုန်း ”

အဝေးတွင် မီးတောက်များက ပန်းတစ်ပွင့်နှယ် လေထဲသို့ မြှောက်တတ်သွားနေသည်။

ဟန်မူယဲ့က မီးခိုးရောင်ဝံပုလွေ၏ ကျောကို ပုတ်လိုက်လေရာ ၎င်းက အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။

မီးတောက်၏ အလင်းရောင်က တဖြည်းဖြည်း ပိုပြီးသိပ်သည်းလာသည်။

ဟန်မူယဲ့က မီးခိုးရောင်ဝံပုလွေကို တောင်ကုန်းတစ်ခုပေါ်သို့ စီးနင်းသွားသည့်အခါ အောက်ဘက်မှ မြင်ကွင်းကို ရှင်းလင်းစွာ သူမြင်သွားသည်။

ယင်းက လူသားအုပ်စုတစ်ခု ဖြစ်သည်။

အရေအတွက်တစ်ရာကျော်သော လူတစ်အုပ်စုက သားရဲအမျိုးမျိုး၏ အရေပြားများကို အင်္ကျီသဖွယ် ဝတ်ဆင်၍ ကျောက်တုံးယဇ်ပလ္လင်တစ်ခု၏ ဘေးမှာ စုဝေးရှိနေကြသည်။ သူတို့အားလုံးက ကခုန်ခြင်း၊ သီချင်းသီဆိုခြင်းကို ဝမ်းသာပျော်ရွှင်စွာ လုပ်ဆောင်နေကြသည်။

ကျောက်တုံးယဇ်ပလ္လင်ပေါ်တွင် မှိန်ဖျော့သော ရွှေရောင်မီးတောက်တစ်ခုရှိပြီး မီးတောက်ပေါ်တွင် သားရိုင်းကောင်အများအပြားက မီးကင်ခံထားရသည်။

ထိုလူများက အရပ်ရှည်ကြသည်။ သူတို့က သားရဲများ၏ အရိုးများနှင့် သွားအစွယ်များကို လက်ဝတ်ရတနာများသဖွယ် ဝတ်ဆင်ထားကြသည်။

ဟန်မူယဲ့၏ မျက်လုံးထဲတွင်တော့ သူတို့ဝတ်ဆင်ထားသော ထိုသားရဲအစွယ်များ၊ သားရဲအရိုးများနှင့် အရေပြားများက အစွမ်းထက်မိစ္ဆာသားရဲများထံမှ ရရှိလာခြင်း ဖြစ်သည်။

ထို့နောက် သူ၏ အကြည့်က ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်မီးတောက်ပေါ်သို့ ကျရောက်သွားသည်။

ထိုမီးတောက်၏ အပူနှင့် သက်ဝင်လှုပ်ရှားမှုသည် ရွှေကျီးကန်းနတ်ဘုရားမီးတောက်နှင့် နှိုင်းယှဉ်နိုင်လုနီးပါး အလွန်အားကောင်းသည်။

“ အာဝူး အာဝူး ”

မီးခိုးရောင်ဝံပုလွေက ထိုမီးတောက်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ အော်မြည်လိုက်သည်။ စိုးရိမ်ကြောက်လန့်သော အရိပ်အမြွက်က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မီးခိုးရောင်ဝံပုလွေ၏ ဆွဲငင်သော အော်မြည်သံက အဝေးမှ လူရိုင်းမျိုးနွယ်စု၏ နားထဲသို့ ဝင်ရောက်သွားသည်။ ယင်းက ပျော်ရွှင်စွာ သီဆိုကခုန်နေကြသော လူများကို ရပ်တန့်သွားစေသည်။ ထို့နောက် သူတို့အားလုံးက ဝံပုလွေအော်သံထွက်ပေါ်လာရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“ ဟူး ”

အက်ရှရှအသံ ထွက်ပေါ်လာပြီး ထိုလူများက ဟန်မူယဲ့ကို စတင်လက်ယမ်းပြလိုက်ကြသည်။

ဟန်မူယဲ့က သူ၏ ခြေထောက်ဖြင့် ပုတ်လိုက်လေရာ မီးခိုးရောင်ဝံပုလွေက ထိုလူအုပ်စုထံသို့ တွန့်ဆုတ်တွန့်ဆုတ် ပြေးသွားသည်။

ယဇ်ပလ္လင်နှင့် ပေတစ်ရာအကွာအဝေးသို့ ချဉ်းကပ်ရောက်ရှိသွားသည့်အခါ ဝံပုလွေက နောက်ထပ် အရှေ့မတိုးသွားဝံ့တော့ချေ။

ကြည့်ရသည်မှာ မီးခိုးရောင်ဝံပုလွေက ထိုမီးတောက်ပိုင်ရှင်၏ လက်ထဲမှာ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ပုံပေါ်၏။

ဟန်မူယဲ့က မီးခိုးရောင်ဝံပုလွေ၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး မီးတောက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

မီးတောက်အနားဆီသို့ သူချဉ်းကပ်သွားလေ ယင်းထဲမှာ ကိန်းအောင်းနေသော အပူဓာတ်ကို ရှင်းလင်းစွာ သူအာရုံခံမိလေပင်။

သူ၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်စွမ်းအားက စတင်လှုံ့ဆော်လာသည်။

“ ရွှေကျီးကန်းလား ”

ထိုမီးတောက်အစုအဝေးထဲမှာ ရွှေကျီးကန်းသွေးမျိုးဆက်က အမှန်တကယ် ကိန်းအောင်းနေသည်။

သို့သော်လည်း သွေးမျိုးဆက်က အလွန်မှေးမှိန်နေသောကြောင့် ယင်းကို အစောနက ဟန်မူယဲ့ အာရုံမခံမိခဲ့ခြင်း ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ဤရှေးဦးအပျက်အစီးတောအုပ်ထဲတွင် ကောင်းကင်ဘုံတာအိုထံမှ ဖိအားက အလွန်သန်မာလေရာ သူ၏ ဝိညာဉ်နှင့် အင်မော်တယ်ဝိညာဉ်စွမ်းအားက ကြီးကြီးမားမား ဖိနှိပ်ခံထားရသည်။

ဟန်မူယဲ့က ယဇ်ပလ္လင်နားသို့ ချဉ်းကပ်သွားသည်နှင့် မီးတောက်က သူ၏ ခန္ဓာကိုယ်ထဲမှ သန့်စင်သော ရွှေကျီးကန်းသွေးမျိုးဆက်ကို အာရုံခံမိသွားသည့်အလား ဂနာမငြိမ်ဖြစ်လာပြီး ပရမ်းပတာလှုပ်ခတ်လာသည်။

ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သော ခေါင်းဖြူအကြီးအကဲက မီးတောက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ပြန်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူက လက်နှစ်ဖက်ကို မြှောက်တင်လိုက်ပြီး “ ဟူး ဟူး ”ဟူသော အော်သံကို ထုတ်ဖော်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ တခြားလူများသည်လည်း သူ့နည်းတူ လိုက်အော်လိုက်ကြသည်။ ထို့နောက် သူတို့က ပြန်လည်ကခုန်လိုက်ကြပြီး သီချင်းအော်ဆိုလိုက်ကြသည်။

ယဇ်ပလ္လင်နားမှ ဧရိယာတစ်ဝိုက်တွင် စိတ်လှုပ်ရှားသော လေထုဖြင့် ပြည့်နှက်သွားသည်။

ဟန်မူယဲ့က အရှေ့သို့ ဆက်လျှောက်သွားနေရင်း ခေါင်းဖြူအကြီးအကဲ၏ လက်ထဲမှ အရိုးတုတ်ချောင်းကို ကြည့်လိုက်သည်။

သူက လက်ဆန့်ထုတ်လိုက်သည်။

အကြီးအကဲက တစ်ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက အရိုးတုတ်ချောင်းကို ဟန်မူယဲ့ထံသို့ ဖြည်းညင်းစွာ ကမ်းပေးလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများက ထိုဖြစ်စဉ်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ မကြာမီ မှိန်ဖျော့ဖျော့အလင်းရောင် ထုတ်လွှတ်နေသည့် အရိုးတုတ်ချောင်းက ဟန်မူယဲ့၏ လက်ထဲသို့ ကျရောက်သွားသည်။

သူ၏ လက်ထဲတွင် အရိုးတုတ်ချောင်းက အနည်းငယ် လေးလံပြီး အပူဓာတ်တစ်စွန်းတစ်စ ထုတ်လွှတ်နေသည်။

သူ၏ ဝိညာဉ်စွမ်းအားက အရိုးတုတ်ချောင်းထဲသို့ တိုးဝင်သွားသည့်အခါ ဟန်မူယဲ့က ပုံရိပ်အများအပြားကို မြင်တွေ့သွားသည်။

All Chapters