အခန်း (၁၅၁၇)
Vol. 109 Ch. 1517
“ ရှေးဦးအပျက်အစီးတောအုပ်ရဲ့ လူသားမျိုးနွယ် ”
“ နတ်သားရဲအမျိုးမျိုးရဲ့ ကာကွယ်ပေးမှုအောက်မှာ အသက်ရှင်နေထိုင်ကြတယ် ”
“ သူတို့က မီးစွမ်းအားကို ကိုးကွယ်ပူဇော်ကြပြီး မိုးမြေစွမ်းအားကို ကြောက်ရွံ့ကြတယ်… ဒါပေမဲ့ သူတို့က ရဲစွမ်းသတ္တိရှိကြပြီး သားရဲတွေအပေါ် အကြောက်အရွံ့မဲ့ကြတယ် ”
ထိုပုံရိပ်များထဲမှ သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို မြင်လိုက်ရသောအခါ ဟန်မူယဲ့က ပြင်းပြသော စိတ်ခံစားမှုကို ခံစားမိသွားသည်။
ယင်းက လူသားမျိုးနွယ်ဖြစ်သည်။
သူတို့က အသိဉာဏ်မရှိဘဲ ပင်ကိုယ်ဗီဇအရ လုပ်ဆောင်လေ့ရှိသော မိစ္ဆာများမဟုတ်ကြသလို အံ့မခန်းရုပ်ခွန်အား သို့မဟုတ် မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသော နတ်သားရဲများလည်း မဟုတ်ကြချေ။
သူတို့က သန်စွမ်းသော ရုပ်ခွန်အားကို မပိုင်ဆိုင်ထားသော်ငြား ရှိန်လောက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
သူတို့တစ်ယောက်ချင်းစီက အစွမ်းမထက်သော်လည်း “ စုပေါင်းညီညာ အောင်ကြောင်းဖြာ ”ဟူသော အဓိပ္ပာယ်ကို နားလည်ထားကြသည်။ သူတို့က ဗဟုသုတအသစ်များကို သင်ယူလေ့လာနိုင်ကြပြီး သူတို့၏ အမွေအနှစ်များကို နောင်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်းပေးကာ မျိုးနွယ်စု၏ အင်အားကို တိုးမြှင့်ကြသည်။
ထိုပုံရိပ်များအနက် ပုံရိပ်တစ်ခုတွင် လူသားမျိုးနွယ်က တစိုက်မတ်မတ် သုတေသနပြုလုပ်နေရင်း နောက်ဆုံးမှာ မီးတောက်စွမ်းအားကို ပိုင်ဆိုင်သွားကြသည်။ တချို့လူသားများက ဘယ်တော့မှ အရှုံးမပေးမည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့က သတ္ထုများကို အရည်ကျိုပြီး အံ့မခန်းအစွမ်းရှိသော တိုက်ပွဲလက်နက်များကို ဖန်တီးခဲ့ကြသည်။
ဤအရိုးတုတ်ချောင်းသည် လူသားမျိုးနွယ်မှ ကျွမ်းကျင်သော ပန်းပဲပညာရှင်တစ်ယောက်၏ နှစ်ပေါင်းများစွာကြာ အားထုတ်ခဲ့သော ရလဒ်ကောင်းတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က အရိုးတုတ်ချောင်းပေါ်မှာ ဆန့်တန်းနေသော ဒေါင်လိုက်မျဉ်းကြောင်းသုံးခုကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ယင်းတို့က ရှေးဦးအပျက်အစီးတောအုပ်ထဲ၌ လူသားမျိုးနွယ် ဆင်ခြင်နားလည်ခဲ့သော နတ်ဘုရားအင်းသင်္ကေတများ ဖြစ်ကြသည်။
ယင်းတို့က မိုးမြေစွမ်းအားကို တိုက်ရိုက် ဖွင့်လှစ်ပေးနိုင်ပြီး တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်စွမ်းအားထဲသို့ ပေါင်းထည့်ပေးနိုင်သည်။ ထို့နောက် ယင်းတို့က နတ်ဘုရားစည်းမျဉ်းစွမ်းအားအဖြစ် စုစည်းသွားကြလိမ့်မည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် မိုးမြေစွမ်းအားက အလွန်အားကောင်းလေရာ မည်သူမဆို ယင်းကို အာရုံခံနိုင်ကြသည်။ သို့ဖြစ်၍ လူသားမျိုးနွယ်က ယင်းကို မြင်ယောင်ကြည့်ရုံဖြင့် နတ်ဘုရားအင်းသင်္ကေတများကို ထိန်းချုပ်နိုင်ကြသည်။
အရိုးတုတ်ချောင်းကို ပြန်ပေးပြီးနောက် ဟန်မူယဲ့၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ ကျုပ်နာမည်က ဟန်မူယဲ့ပါ… ကျုပ်က အရမ်းဝေးတဲ့ ကုန်းမြေကနေ ရောက်လာတာပါ ”
သူ၏ လေသံထဲမှာ ရှေးဟောင်းအငွေ့အသက် တစ်စွန်းတစ်ပါရှိသည်။ သူက အရိုးတုတ်ချောင်းထံမှ သင်ယူခဲ့သော ရှေးဦးအပျက်အစီးတောအုပ်၏ ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ရှေးဦးအပျက်အစီးတောအုပ်၏ ဘာသာစကားတွင် အက္ခရာအများကြီး မရှိပေ။ ယင်းက လေယူလေသိမ်းနှင့် ရှေးဟောင်းအငွေ့အသက်ပေါ်မှာ အဓိကမူတည်သည်။
“ အဝေးက လာတဲ့ ခရီးသည်ကို ကြိုဆိုပါတယ် ”
အကြီးအကဲက အရိုးတုတ်ချောင်းကို ပြန်ယူလိုက်ပြီး အရိုအသေပေးလိုက်သည်။
“ ကျုပ်တို့ရဲ့ လျောင်ယွမ်မျိုးနွယ်စုက ခင်ဗျားကို ကြိုဆိုပါတယ် ”
အကြီးအကဲက ထိုသို့ပြောပြီးနောက် ဘေးသို့ လှည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
လျောင်ယွမ်မျိုးနွယ်ဝင်များက အမြန်လူစုခွဲလိုက်ကြစဉ် သူတို့ထဲမှ ထွားကြိုင်းသန်မာသော လူနှစ်ယောက်က ယဇ်ပလ္လင်ပေါ် တတ်သွားကြကာ မီးကင်ထားသော အသားများကို ဆွဲဖြုတ်လိုက်ကြသည်။ ထို့နောက် သူတို့က ထိုအသားကင်များကို ဟန်မူယဲ့ထံသို့ ယူဆောင်လာကြသည်။
ယင်းက သူတို့မျိုးနွယ်စု၏ ရိုးရာဓလေ့တစ်ခု ဖြစ်သည်။ သူတို့က ရပ်ဝေးမှ ရောက်လာသော ဧည့်သည်များကို သူတို့၏ ကိုယ်ပိုင်အစားအစာများဖြင့် ဧည့်ခံလေ့ရှိကြသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး အသားအပိုင်းအစတစ်ခုကို ဆုတ်ဖြဲလိုက်ကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ပူနွေးသော အသားတုံးက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ လျာပေါ်မှ အာရုံခံအဖုလေးများက ပူလောင်သွားကြသည်။
ယင်းက တမူထူးဆန်းသော အာရုံခံစားမှု ဖြစ်သည်။
ဟန်မူယဲ့က ယဇ်ပလ္လင်ကို လှမ်းကြည့်လိုက်လေရာ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက မီးတောက်၏ အစွမ်းမဟုတ်သလို အသားထဲမှာ ကိန်းအောင်းနေသော စွမ်းအားလည်း မဟုတ်ချေ။
ယင်းက ရှေးဦးအပျက်အစီးတောအုပ်၏ တည်ရှိမှုအငွေ့အသက် ဖြစ်သည်။ ယင်းက ဤနေရာ၏ မိုးမြေစွမ်းအားထဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။
မိုးမြေ၏ မီးတောက်၊ မိုးမြေ၏ အစားအစာ…
ယင်းက မူလဇစ်မြစ်ဖြစ်ပြီး စည်းမျဉ်းများ ဖြစ်သည်။
တစ်နည်းဆိုရသော် ထိုအသားတုံးက တာအိုဖြစ်ပြီး ထိုထဲမှာ စည်းမျဉ်းများ ကိန်းအောင်းနေသည်။
ကျင့်ကြံခြင်းလောကထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ထိုစည်းမျဉ်းများကို ဆင်ခြင်နားလည်နိုင်ကြပြီး ယင်းတို့ကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း ဤရှေးဦးအပျက်အစီးတောအုပ်ထဲမှာတော့ စည်းမျဉ်းများက အလွန်ရိုးရှင်းသည်။
တာအိုသည်လည်း အလွန်ရိုးရှင်းသည်။
သူ၏ အူများထဲမှာ ဖြတ်သန်းစီးဆင်းနေသော မူလစွမ်းအားကို အာရုံခံမိသောအခါ ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ အပေါ်ဝတ်စုံကို ချွတ်လိုက်သည်။ ထို့နောက် သူက ဝတ်စုံကို သူ့အား အသားယူဆောင်လာပေးခဲ့သော အမျိုးသားထံသို့ ပေးလိုက်သည်။
ထိုအမျိုးသားက ဝမ်းသာပျော်ရွှင်စွာ လက်ခံလိုက်ပြီး ဝတ်စုံကို ချက်ချင်း ဝတ်ကြည့်လိုက်သည်။
သို့သော်လည်း သူက ရိုးရှင်းသော သားရဲအရေပြားများကိုသာ အမြဲဝတ်ဆင်ခဲ့သောကြောင့် ထိုဝတ်စုံက သူ့အတွက် အထူးအဆန်းဖြစ်နေချေ၏။ သို့ဖြစ်၍ ယင်းကို ဝတ်ဆင်ရန် သူမနည်းကြိုးစားနေရသည်။
ယင်းက ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို သဘောကျစွာ အော်ရယ်စေသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ထိုလူ၏ ကိုယ်ပေါ်မှ သားရဲအရေပြားကို ဖယ်ပေးလိုက်ကာ ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်နိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူက ရွှေရောင်ခါးပတ်တစ်ခုကို အသုံးပြု၍ ဝတ်စုံကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ပြီးနောက် ထိုလူ၏ ရိုင်းစိုင်းကြမ်းတမ်းသော အသွင်သဏ္ဍာန်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ယခင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပိုကြည့်ကောင်းလာသည်။
ထိုလူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့၏ ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
“ ငါ့နာမည်က ကျူးရုန်… အခုကစပြီး မင်းက ငါ့ရဲ့ ညီအကိုပဲ ”
…
လျောင်ယွမ်မျိုးနွယ်စုထဲတွင် လူဦးရေစုစုပေါင်း နှစ်ရာ့သုံးဆယ်ကျော် ရှိသည်။ သူတို့အားလုံးက လူသားများဖြစ်ကြပြီး နောင်မျိုးဆက်များအတွက် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ နေထိုင်နေကြသည်။
သူတို့က ဤနေရာမှာ မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုသော်လည်း အမှန်မှာ သူတို့ကိုယ်တိုင်သည်ပင် မည်သည့်နေရာမှ ရောက်လာခဲ့ကြောင်း မသိကြချေ။ သူတို့က နေရာတစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။
ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုပုံစံ ဖြစ်သည်။
သူတို့က အရာအားလုံးကို ကံတရားပေါ်မှာသာ လက်လွှဲထားကြသည်။
ဤသည်မှာ သူတို့က နေရာတစ်နေရာတည်းမှာ အမြဲထာဝရ မနေထိုင်သွားချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် အစွမ်းထက် နတ်သားရဲများနှင့် သန္ဓေပြောင်းသားရဲများက အလွန်များပြားလှသည်။
ကြီးမားသော တိုက်ပွဲတစ်ခုက ဘေးပတ်ဝန်းကျင်မှ မိုင်တစ်သိန်းဧရိယာ သို့မဟုတ် မိုင်တစ်သန်းဧရိယာကို အပျက်အစီးနယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်သည် မဟုတ်ပါလော။
သူတို့ကို ကာကွယ်စောင့်ရှောက်ပေးသော နတ်သားရဲများ သို့မဟုတ် သန္ဓေပြောင်းသားရဲများက ဂုဏ်ကျက်သရေကျဆင်းသွားပြီး အသတ်ခံလိုက်ရသည့်အခါ သူတို့က ထွက်ပြေးရန်မှတပါး တခြားရွေးချယ်စရာကို မပြုလုပ်နိုင်ကြတော့ချေ။
ဟန်မူယဲ့က ယဇ်ပလ္လင်ဘေးမှာ ထိုင်နေရင်း ကျူးရုန်နှင့် တခြားလူများ ပြောပြသော လျောင်ယွမ်မျိုးနွယ်စုအကြောင်းကို နားထောင်ကာ ယဇ်ပလ္လင်ပေါ်မှ အသားကင်များကို ယူစားလိုက်သည်။
မျိုးနွယ်စုတစ်ခုလုံးတွင် ထက်ရှသော အရိုးဓားတစ်လက်သာ ရှိသည်။ ထိုဓားက ကျူးရုန်၏ လက်ထဲမှာ ရှိသည်။ ယခု သူက ထိုဓားကို အသုံးပြု၍ ဟန်မူယဲ့အတွက် အသားကင်ကို လှီးဖြတ်ပေးနေသည်။
သူတို့၏ ဘေးပတ်ဝန်းကျင်တွင် အရွယ်မရောက်သေးသော ကလေးတစ်အုပ်စုက ကျူးရုန်၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံကို အထူးအဆန်းသဖွယ် ထိတွေ့ကိုင်တွယ်နေကြသည်။ ဘေးမှ အငွေ့တထောင်းထောင်းထနေသော အသားကင်သည် သူတို့ကို နောက်ထပ် မဆွဲဆောင်နိုင်တော့ပေ။
ဟန်မူယဲ့၏ အကြည့်က သူ့အရှေ့မှ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။
ထိုယဇ်ပလ္လင်၏ အောက်တွင် မည်သည့်လောင်စာပစ္စည်းမှ မရှိပေ။ ကြည့်ရသည်မှာ မီးတောက်က လေထဲမှ သူ့အလိုအလျောက် ထွက်ပေါ်လာသည့်အလားပင်။
သို့သော်လည်း ယင်းက ယုတ္တိမရှိပေ။
နတ်ဘုရားမီးတောက်သည်ပင် လောင်ကျွမ်းရန် ကိုယ်ပိုင်စွမ်းအား သို့မဟုတ် လောင်စာပစ္စည်းကို လိုအပ်သည်မဟုတ်ပါလော။
လေထဲမှ မီးတောက်ထွက်ပေါ်လာခြင်းသည် စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်။
ဟန်မူယဲ့၏ စူးစမ်းသော အကြည့်ကို သတိထားမိသောအခါ ကျူးရုန်၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားသော အမူအရာ ထွက်ပေါ်လာသည်။
သူ့ဘေးတွင် အရိုးတုတ်ချောင်းကိုင်ထားသော ကျူးထျန်းဟု အမည်ရသည့် ခေါင်းဖြူအကြီးအကဲက မီးတောက်၏ အောက်ခြေဆီသို့ ညွှန်ပြလိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ အဲ့ဒီနေရာမှာ မဟာနတ်သားရဲတစ်ကောင်ရဲ့ အမှတ်အသားရှိတယ် ”
နတ်သားရဲတစ်ကောင်ရဲ့ အမှတ်အသားလား… ။
ဟန်မူယဲ့က မတ်တတ်ထရပ်လိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ခုန်လိုက်သည်။
အလွန်အားကောင်းသော မီးတောက်က အောက်ဘက်မှ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။ ဤသည်မှာ ပူပြင်းသော မီးတောက်က သူ့ကို ပြာအဖြစ် ပြောင်းပစ်ချင်နေသည့်အလားပင်။
သူက ထိုထောင့်မှတဆင့် မီးတောက်အောက်ခြေမှာ ကန့်လန့်အမှတ်အသားသုံးခုရှိကြောင်း နောက်ဆုံးမှာ မြင်တွေ့သွားသည်။
ထိုအမှတ်အသားများကို စိုက်ကြည့်လိုက်သည့်အခါ ဟန်မူယဲ့၏ ခန္ဓာကိုယ်အတွင်း၌ ဖိနှိပ်ထားသော မီးတောက်စွမ်းအားက ပေါ်လျှိုးလာသည်။
နတ်ဘုရားအင်းသင်္ကေတများ… ။
ယင်းတို့က မီးတောက်စွမ်းအား ကိန်းအောင်းနေသော နတ်ဘုရားအင်းသင်္ကေတများ ဖြစ်ကြသည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် ယင်းက စည်းမျဉ်းများကို ကိုယ်စားပြုသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး အောက်ဘက်သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
သူ့အရှေ့တွင် မီးတောက်အမှတ်အသားသုံးခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။
“ ညီအကိုဟန်… မင်းက နတ်ဘုရားအင်းသင်္ကေတပညာရှင်လား ”
“ ရိုးရာနတ်ဆရာပဲ အဲ့ဒီစွမ်းအားကို ထိန်းချုပ်နိုင်တယ် ”
ကျူးရုန်ပြောသော နတ်ဘုရားအင်းသင်္ကေတပညာရှင်နှင့် ရိုးရာနတ်ဆရာသည် နတ်ဘုရားအင်းသင်္ကေတအစွမ်းကို ထိန်းချုပ်နိုင်သော လူသားများအား ရည်ရွယ်သည်။
နတ်ဘုရားအင်းသင်္ကေတပညာရှင်များသည် စည်းမျဉ်းများကို ကိုယ့်ဘာသာ ဆင်ခြင်နားလည်နိုင်ကြပြီး ယင်းတို့ကို နတ်ဘုရားအင်းသင်္ကေတများအဖြစ် ပြောင်းလဲနိုင်ကြသည်။ ထို့နောက် သူတို့က ထိုအင်းသင်္ကေတများကို လက်နက်များ သို့မဟုတ် အရိုးများပေါ်မှာ ရေးထွင်းကြလိမ့်မည်။
ကျူးထျန်း၏ လက်ထဲမှ အရိုးတုတ်ချောင်းကို နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ယောက်က ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ရိုးရာနတ်ဆရာများသည်တော့ သူတို့က သူတို့မျိုးနွယ်စု ကိုးကွယ်ပူဇော်သော နတ်သားရဲ၏ အစွမ်းဖြင့် နတ်ဘုရားအင်းသင်္ကေတများကို ထိန်းချုပ်နိုင်ကြသည်။
အစွမ်းထက် ရိုးရာနတ်ဆရာများက နတ်သားရဲများကိုပင် စီးနင်းနိုင်ကြသည်။
သို့ဖြစ်၍ ဟန်မူယဲ့က သန္ဓေပြောင်းသားရဲဖြစ်သော မီးခိုးရောင်ဝံပုလွေကို စီးနင်း၍ ရောက်လာခဲ့စဉ်က ကျူးထျန်းနှင့် တခြားလူများက သူ့ကို ရိုးရာနတ်ဆရာတစ်ယောက်အဖြစ် အထင်မှားသွားသောကြောင့် ယဉ်ကျေးပျူငှာစွာ ကြိုဆိုဧည့်ခံခဲ့ကြခြင်း ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ လျောင်ယွမ်မျိုးနွယ်ဝင်များက မတ်တတ်ရပ်လိုက်ကြပြီး ဟန်မူယဲ့၏ အရှေ့မှာ ပျောက်ကွယ်သွားသော ရောင်ခြည်အလင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ဟန်မူယဲ့ ထုတ်ဖော်ပြခဲ့သော အရာက နတ်ဘုရားအင်းသင်္ကေတပညာရှင်တစ်ပါး သို့မဟုတ် ရိုးရာနတ်ဆရာတစ်ပါးသာ လုပ်ဆောင်နိုင်သော စွမ်းအားဖြစ်သည်။
ခွန်အားကြီးမားသူသည် မည်သည့်နေရာတွင်မဆို လူရိုသေခံရသည်။ ယင်းက ဘယ်သောအခါမှ မပြောင်းလဲသွားမည့် အမှန်တရား ဖြစ်သည်။
သူ့အရှေ့မှာ ပျောက်ကွယ်သွားသော မီးအလင်းရောင်ကို ကြည့်နေစဉ် နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ထိုဒေါင်လိုက်မျဉ်းကြောင်းများ ထွက်ပေါ်လာသည့်အခါ မိုးမြေစွမ်းအားက တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း သူခံစားမိခဲ့သည်။
ရှေးဦးအပျက်အစီးတောအုပ်ကဲ့သို့ နေရာမျိုးတွင်သာ မိုးမြေစွမ်းအားက ဒြပ်ထည်ရှိလုနီးပါး ပေါ်လျှိုးလာလိမ့်မည်။ သို့မှသာ တစ်စုံတစ်ယောက်က ယင်းကို အာရုံခံစားနိုင်လိမ့်မည်။
ယင်းက စွမ်းအင်အနှစ်သာရ၏ လမ်းကြောင်းဖြစ်ပြီး သန့်စင်ကာ ရိုးရှင်းသည်။ သို့တိုင် ယင်းက စစ်မှန်သော မူလစွမ်းအား ဖြစ်နေဆဲပင်။
သို့ဖြစ်လေရာ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများက အလွန်အားကောင်းနေခြင်းမှာ မထူးဆန်းတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က ရွေ့လျားနေရုံဖြင့် မူလစွမ်းအားကို ဆင်ခြင်နားလည်နိုင်ကြပြီး အသုံးပြုနိုင်ကြလေရာ မည်သို့ကြောင့် မသန်မာဘဲ နေမည်နည်း။
“ ဝီး ”
ဟန်မူယဲ့၏ အရှေ့မှ အလင်းစီးကြောင်းက ပျောက်ကွယ်သွားသည့်အခါ ကျယ်လောင်သော မြည်သံက အဝေးမှ တောင်တန်းဒေသထဲမှ ပျံ့လွင့်လာသည်။
ရွှေရောင်ငှက်တစ်ကောင်က အတောင်ပံများ ဖြန့်ကား၍ ချဉ်းကပ်လာသည်။
ယဇ်ပလ္လင်အောက်တွင် လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးက စိတ်လှုပ်ရှားသော အမူအရာဖြင့် ခေါင်းမော့လိုက်ကြသည်။
“ ရိုးရာနတ်ဆရာ ”
“ ရိုးရာနတ်ဆရာက တိုတမ်သားရဲကို ဆင့်ခေါ်လိုက်ပြီ ”
“ နတ်ဘုရားမီးတောက်တိုတမ်သားရဲက ဒီရောက်လာပြီ ”
ဆင့်ခေါ်ခြင်း… ။
ယဇ်ပလ္လင်ပေါ်မှ မီးတောက်နှင့် ဇစ်မြစ်တူညီသော မူလစွမ်းအားကို လှုံ့ဆော်နိုင်မှသာလျှင် ရိုးရာနတ်ဆရာက နတ်ဘုရားတိုတမ်သားရဲကို ဆင့်ခေါ်နိုင်လိမ့်မည်။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး အတောင်ပံဖြန့်ထားသော ငှက်ကြီးကို ကြည့်လိုက်သည်။
၎င်း၏ သွေးမျိုးဆက်ထဲမှာ ရွှေကျီးကန်းစွမ်းအားက ကိန်းအောင်းနေသည်။ သို့သော်လည်း ယင်းက မသန့်စင်သလို တခြားသွေးမျိုးဆက်များနှင့်လည်း ရောထွေးနေသည်။
“ ဝှစ် ”
ငှက်ကြီးက အလွန်မြန်ဆန်သည်။ ၎င်းက အတောင်ပံနှစ်ချက်ခတ်ပြီးနောက် လျောင်ယွမ်မျိုးနွယ်စု၏ အပြင်သို့ ရောက်ရှိလာသည်။
လေထဲတွင် ငှက်ကြီးက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး မီးတောက်ဘောလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။
ထိုမီးတောက်ဘောလုံးက ဟန်မူယဲ့ စီးနင်းခဲ့သော မီးခိုးရောင်ဝံပုလွေထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ယင်းက အစောနကတည်းက ကြောက်ရွံ့နေသော မီးခိုးရောင်ဝံပုလွေကို အပြင်းအထန် တုန်ယင်သွားစေသည်။ ထို့ကြောင့် ၎င်းက အနောက်လှည့်၍ အစွမ်းကုန် ထွက်ပြေးသည်။
“ ဗုန်း ”