← Chapters

အခန်း (၁၅၁၈)

Vol. 109 Ch. 1518

အခန်း (၁၅၁၈)

Vol. 109 Ch. 1518

မီးတောက်ဘောလုံးက မြေပြင်ကို ထိမှန်သွားသည့်အခါ အချင်းပေတစ်ထောင်အတွင်းမှ အရာအားလုံးက မီးတောက်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သစ်ပင်များက လောင်ကျွမ်းပြာဖြစ်သွားကြပြီး ကျောက်တုံးများက အရည်ပျော်သွားကြသည်။

ထိုမီးမှုတ်တိုက်ကွက်က လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးကို စိတ်လှုပ်ရှားစွာ အော်ဟစ်သွားစေသည်။

ငှက်ကြီးသည် သူတို့ကိုးကွယ်ပူဇော်သော တိုတမ်နတ်သားရဲဖြစ်သည်။ တိုတမ်နတ်သားရဲက ပိုပြီးအစွမ်းထက်လေ သူတို့မျိုးနွယ်စုက ပိုပြီးဘေးကင်းလုံခြုံလေ ဖြစ်သည်။

မီးဘောလုံးကြောင့် မီးခိုးရောင်ဝံပုလွေက အဝေးသို့ ထွက်ပြေးသွားကြောင်း မြင်သောအခါ ငှက်ကြီးက ၎င်းနောက်သို့ ဆက်မလိုက်သွားတော့ပေ။

ကြည့်ရသည်မှာ ၎င်းက မီးခိုးရောင်ဝံပုလွေအား အမဲလိုက်ရန် စိတ်မဝင်စားပုံပေါ်သည်။

“ ဝှစ် ”

မီးခိုးရောင်ဝံပုလွေ ထွက်ပြေးသွားသည်ကို ကြည့်နေရင်း ငှက်ကြီးက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ဆင်းသက်သွားသည်။

၎င်းက ပါးစပ်ဟလိုက်ပြီး ယဇ်ပလ္လင်ပေါ်မှ မီးတောက်ကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။

ထိုမီးတောက်က အရသာရှိသော အစားအစာဖြစ်သည့်အလား ငှက်ကြီးက ယင်းကို မြိန်ရေရှက်ရေ ဝါးစားနေသည်။ ၎င်းက ဖြည်းဖြည်းချင်း မျက်လုံးမှေးကျဉ်းလိုက်လေရာ ကောင်းမွန်စွာ အရသာခံနေပုံပေါ်သည်။

တစ်ခဏကြာပြီးနောက် မီးတောက်အားလုံးကို ဝါးမျိုပြီးသွားသောအခါ ငှက်ကြီးက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။

သို့သော်လည်း ၎င်းက ဟန်မူယဲ့ကို သိပ်အရေးမစိုက်ပေ။ ၎င်းက ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ပါးစပ်ဟလိုက်ကာ လက်သီးဆုပ်အရွယ်ခန့် ရွှေရောင်မီးပုတီးစေ့တစ်လုံးကို ထွေးထုတ်လိုက်သည်။

ပုတီးစေ့က ယဇ်ပလ္လင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ ယင်းက မြေအိုးအရွယ်အစားခန့်ရှိသော မီးတောက်ဘောလုံးအဖြစ် ပြောင်းလဲသွားသည်။

ထိုမီးတောက်ဘောလုံးကို မြင်သွားသောအခါ လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးက ကြည်ညိုလေးစားစွာ အရိုအသေပေးလိုက်ကြသည်။

သူတို့က မီးကို ကြောက်ရွံ့ကြသလို မီးကို ကြည်ညိုလေးစားကြသည်။

ငှက်ကြီးက ၎င်း၏ အတောင်ပံများကို စိတ်ကျေနပ်စွာ တဖျပ်ဖျပ်ခတ်လိုက်သည်။

မြေပြင်ပေါ်တွင် ကျူးရုန်က မတ်တတ်ရပ်လိုက်ပြီး ဟန်မူယဲ့ သူ့အား ပေးခဲ့သော ဝတ်စုံကို ချွတ်လိုက်သည်။ သူက ဝတ်စုံကို သူ့ဘေးမှ အမျိုးသားတစ်ယောက်ကို ပေးလိုက်ပြီး သူ့အရှေ့မှ ယဇ်ပလ္လင်ပေါ်သို့ ခုန်တတ်လိုက်သည်။

“ ညီအကိုဟန်… ငါယဇ်ပူဇော်တော့မယ်… ရိုးရာနတ်ဆရာတစ်ယောက် ငါတို့လျောင်ယွမ်မျိုးနွယ်ဆီ ရောက်လာတာ ကံကြမ္မာကောင်းပဲ ”

သူက ပြောသည်။

“ ငါတို့လျောင်ယွမ်မျိုးနွယ်စု ပိုပြီးသန်မာလာအောင် မင်းကူညီပေးမယ်လို့ ငါမျှော်လင့်ပါတယ် ”

ကျူးရုန်က ထိုသို့ပြောပြီးနောက် မီးပုံထဲသို့ လျှောက်သွားသည်။

ယဇ်ပလ္လင်အောက်တွင် လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးက စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုထဲမှာ ဆန္ဒမရှိသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

ယဇ်ပူဇော်ခြင်း… ။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

သူက တစ်ခဏ တွေးတောပြီးနောက် သူ၏ လက်ကို ယဇ်ပလ္လင်နှင့် ထိတွေ့လိုက်သည်။

“ ဝီး ”

ယဇ်ပလ္လင်မှ မှတ်ဉာဏ်ပုံရိပ်များက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။

တိုတမ်နတ်သားရဲက မီးတောက်စုဆောင်းရန် ရောက်လာသည့်အခါတိုင်း မီးတောက်အသစ်များ ထွက်ပေါ်လာရန်အလို့ငှာ မျိုးနွယ်စု၏ အသန်မာဆုံးလူက ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်ရလိမ့်မည်။

မီးတောက်ကို သူတို့၏ ခန္ဓာကိုယ်ဖြင့် ထွန်းညှိပြီး ဤအမွေအနှစ်ကို ဆက်လက် တည်တံ့စေမည်။

မီးတောက်ကို မျိုးနွယ်စုထဲမှ အသန်မာဆုံးလူဖြင့် စတင်ခဲ့လေရာ ယင်းက တိုတမ်နတ်သားရဲအပေါ် ကြီးမားသော ဆွဲဆောင်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ နောက်ပိုင်းတွင် မျိုးနွယ်စုသည် အမဲလိုက်ပြီးသည့်အခါတိုင်း သူတို့ရရှိလာသော သားရိုင်းကောင်များနှင့် မိစ္ဆာသားရဲများကို ယဇ်ပူဇော်ပြီး မီးကို ပိုပြီးအားကောင်းလာစေရန် ဆောင်ရွက်ကြလိမ့်မည်။

ထိုမီးတောက်သည် မျိုးနွယ်စုကို ကာကွယ်ပေးသော ရတနာဖြစ်သလို တိုတမ်နတ်သားရဲနှင့် ချည်နှောင်ထားသောအရာလည်း ဖြစ်၏။

ယင်းက တိုတမ်နတ်သားရဲများနှင့် အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် စည်းမျဉ်းများ ဖြစ်သည်။

ယဇ်ပလ္လင်ပေါ်မှ မီးပုံထဲသို့ လျှောက်သွားနေသော ကျူးရုန်ကို မြင်သောအခါ ဟန်မူယဲ့က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ ညီအကိုကျူးရုန်… ခဏနေပါဦး ”

ဟန်မူယဲ့က အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။

သူက လက်မြှောက်လိုက်ပြီး ကျူးရုန်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။

အသန့်စင်ဆုံး မီးတောက်စွမ်းအားက သူ၏ လက်ဖဝါးမှတဆင့် ကျူးရုန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

ကျူးရုန်၏ ဆံပင်က ချက်ချင်း အနီရောင်ပြောင်းသွားသည်။

သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အရှေ့သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ ထို့နောက် သူက မီးပုံထဲသို့ ပြုတ်ကျသွားသည်။

မီးတောက်က သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

“ ရှဲ ရှဲ ”

အမျက်ဒေါသထွက်နေသော မီးတောက်များက ကျူးရုန်၏ ခန္ဓာကိုယ်ကို အလျှင်အမြန် ဝါးမျိုလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မီးတောက်က ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ မီးတောက်က ပေတစ်ရာရှည်လျားသော ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ယင်းမှာ သန့်စင်သော မီးတောက်စွမ်းအားက စည်းမျဉ်းစွမ်းအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ယဇ်ပလ္လင်၏ အပေါ်မှ ငှက်ကြီးက အံ့ဩသွားသည်။ ထို့နောက် ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။

ထို့နောက် ၎င်းက မီးပုံထဲသို့ ပျံသန်းသွားပြီး ပါးစပ်ဟလိုက်ကာ မီးတောက်များကို အငမ်းမရ ဝါးမျိုစားသောက်လိုက်သည်။

မီးတောက်က ၎င်း၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ရွှေငှက်ကြီးက ကျယ်လောင်စွာ အော်မြည်လိုက်သည်။

တောက်ပသော နတ်ဘုရားအလင်းက ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခါ ၎င်း၏ အရွယ်အစားက ဆယ်ပေခန့် ကြီးထွားသွားသည်။

သို့သော် ၎င်း၏ အရွယ်အစားက ထပ်မံ ကြီးထွားသွားသည့်အခါ ၎င်း၏ အော်မြည်သံက ရုတ်ချည်း ရပ်တန့်သွားသည်။

ရွှေငှက်ကြီး၏ ခန္ဓာကိုယ်က ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ဗလာကျင်းနေသော ကောင်းကင်ပေါ်မှာ မီးတောက်များဖြင့် ဖုံးလွှမ်းခံထားရသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ကျူးရုန်… ။

ကျူးရုန် မသေဘူး… ။

ယဇ်ပလ္လင်အောက်မှ လျောင်ယွမ်မျိုးနွယ်ဝင်များသည် အစတွင် အံ့ဩသွားကြသည်။ ထို့နောက် သူတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ကျူးထျန်းတစ်ယောက်တည်းသာ မီးတောက်များကြားထဲမှ ကျူးရုန်ကို ကြောက်ရွံ့သော အရိပ်အမြွက်ဖြင့် ကြည့်နေသည်။

“ တိုတမ်နတ်သားရဲက ဘယ်ရောက်သွားတာလဲ… ”

တိုတမ်နတ်သားရဲ၏ ကာကွယ်ပေးမှုမရှိလျှင် လျောင်ယွမ်မျိုးနွယ်စုက မည်သို့လုံခြုံတော့မည်နည်း။ သူတို့က အစွမ်းထက် မိစ္ဆာသားရဲများ၏ ကျူးကျော်ဝင်ရောက်လာမှုကို ရင်ဆိုင်ကြရတော့မည်။

လေထဲတွင် ကျူးရုန်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူက သူ၏ ခန္ဓာကိုယ်ပေါ်မှ အလွန်သိပ်သည်းသော မီးတောက်နတ်ဘုရားအင်းသင်္ကေတများကို ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။

“ ဂရောင်း ”

သူက မာန်ဖီလိုက်လေရာ သူ၏ ဘေးပတ်ဝန်းကျင်မှ မီးတောက်များက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားကြသည်။

ထိုမီးတောက်၏ ထွန်းလင်းတောက်ပမှုက တိုတမ်နတ်သားရဲ၏ မီးတောက်စွမ်းအားထက် ဆယ်ဆပိုပြီးအားကောင်းသည်။

ကျူးရုန်က မာန်ဖီလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ မီးတောက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားပြီး မီးတောက်ချပ်ဝတ်တစ်စုံအဖြစ် ပြောင်းလဲသွားသည်။

သူ၏ ပုံရိပ်က ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူ၏ ခြေဖဝါးက ကျောက်တုံးယဇ်ပလ္လင်နှင့် ထိတွေ့သွားသည့်အခါ ယဇ်ပလ္လင်အောက်မှ ဒေါင်လိုက်မျဉ်းကြောင်းသုံးခုက မီးတောက်ဘောလုံးတစ်လုံးကို ထုတ်လွှတ်လိုက်သည်။

အစောနက ယဇ်ပလ္လင်ပေါ်မှာ ငြိမ်းသတ်သွားခဲ့သော မီးတောက်က တဖန်ပြန်ပေါ်လာသည်။

ယဇ်ပလ္လင်ပေါ်တွင် မီးတောက်ပြန်ပေါ်လာသည့်အခါ ကျူးထျန်း၏ စိုးရိမ်ကြောက်ရွံ့သော အမူအရာက နောက်ဆုံးမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကျူးရုန် ”

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“ ကျူးရုန် ”

“ ကျူးရုန် ”

ယဇ်ပလ္လင်အောက်မှ လျောင်ယွမ်မျိုးနွယ်ဝင်များက ကျူးရုန်၏ နာမည်ကို အော်ခေါ်၍ စတင်ကခုန်လိုက်ကြသည်။ သူတို့က ပျော်ရွှင်စွာ သီဆိုကခုန်နေရင်း ယဇ်ပလ္လင်ကို ဝိုင်းကြီးပတ်ပတ် ပတ်လိုက်ကြသည်။

ကျူးရုန်က စိတ်လှုပ်ရှားစွာ လက်ယမ်းပြလိုက်ပြီး ဟန်မူယဲ့ဆီသို့ လျှောက်သွားသည်။

“ ညီအကိုဟန်… ငါ မှတ်ဉာဏ်အများကြီးကို ရရှိခဲ့တယ်… ဒါပေမဲ့… ”

ထိုခံစားချက်ကို သူမဖော်ပြနိုင်ပေ။

သူက ရှေးဦးအပျက်အစီးတောအုပ်မှ သက်ရှိတစ်ယောက်ဖြစ်လေရာ ရိုးသားပြီး ပွင့်လင်းသည်။

“ အဲ့ဒါက မီးတောက်တွေရဲ့ မှတ်ဉာဏ်တွေလား ”

ဟန်မူယဲ့က အပြုံးဖြင့် မေးသည်။

ကျူးရုန်က ခေါင်းညိတ်လိုက်သည်။

“ မင်းအချိန်ယူပြီးတော့ မီးတောက်စွမ်းအားကို ဆင်ခြင်နားလည်နိုင်အောင် ကြိုးစားပါ… ပြီးတော့ မီးတောက်ရဲ့ စည်းမျဉ်းကို ထိန်းချုပ်နိုင်အောင် လုပ်ပါ ”

ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။ ထို့နောက် သူ၏ လက်ဖဝါးပေါ်မှာ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ထိုမီးတောက်က အစဉ်အမြဲ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ မီးတောက်က ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ ပြေးလွှားနေသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

မီးတောက်က တိမ်မြူသဖွယ် ပေါက်ကွဲသွားပြီး ရွှေရောင်လှံတစ်လက်အဖြစ် ထပ်မံ သိပ်သည်းသွားပြန်သည်။

ကျူးရုန်၏ မျက်လုံးထဲတွင် မီးတောက်က အရာအားလုံးကို ပုံဖော်နိုင်သော သက်ရှိတစ်ကောင်ဖြစ်ဟန် တူသည်။

ထိုပညာက သူ့အား အံ့ဩစေသည်။

“ ငါလည်း အဲ့ဒီလိုလုပ်နိုင်မှာလား ”

သူက လက်သီးဆုပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဒါပေါ့ ”

…..

လျောင်ယွမ်မျိုးနွယ်စု၏ တိုတမ်နတ်သားရဲက သေဆုံးသွားသော်လည်း ၎င်း၏ စွမ်းအားကို ကျူးရုန်က အမွေရရှိသွားသည်။

တိုတမ်နတ်သားရဲ၏ စွမ်းအားကို ရရှိသွားသည့်အခါ ကျူးရုန်က မီးစည်းမျဉ်းကို ထိန်းချုပ်နိုင်သွားသည်။ အကယ်၍ သူသာ ယင်းကို သေချာလေ့ကျင့်မည်ဆိုလျှင် သူက ဟန်မူယဲ့သို့ မီးတောက်စွမ်းအားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သွားလိမ့်မည်။

ကျူးရုန်က မီးစည်းမျဉ်းကို ထိန်းချုပ်နိုင်ရန် ကိုယ့်ဘာသာ လေ့ကျင့်သည်။ တစ်စုံတစ်ခုကို သူနားမလည်သည့်အခါတိုင်း ဟန်မူယဲ့ကို သွားရောက်မေးမြန်းလိမ့်မည်။

ထိုစဉ် ဟန်မူယဲ့က လျောင်ယွမ်မျိုးနွယ်စု သူ့အတွက် ပြင်ဆင်ပေးထားသော ကျောက်တုံးအိမ်ထဲသို့ ဝင်ရောက်သွားပြီး စတင်ကျင့်ကြံသည်။

မူလစကြာဝဠာသို့ ဝင်လာပြီးနောက် ဟန်မူယဲ့သည် မိုးမြေစွမ်းအား၏ ထူးခြားမှုကို အာရုံခံမိခဲ့သည်။

ယခု သူက ထိုထူးခြားမှုကို လေးနက်စွာ ဆင်ခြင်သုံးသပ်ရန် တံခါးပိတ်ကျင့်ကြံခြင်းဝင်သွားသည်။

“ ငါ့ရဲ့ ခန့်မှန်းမှုမမှားဘူးဆိုရင် မူလစကြာဝဠာ ရောက်လာတဲ့နေရာက… ”

သူ၏ လက်ထဲတွင် စကြာဝဠာအဆင့် စစ်ပွဲလှံရှည်တစ်လက် ထွက်ပေါ်လာသည်။

လှံရှည်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများက ရွှေရောင်တောက်ပသွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားက ထိုစစ်ပွဲလှံရှည်ထဲသို့ တိုးဝင်သွားသည့်အခါ လှံက တုန်ယင်လာပြီး လေဟာနယ်စွမ်းအားကို ဆွဲဆောင်လိုက်သည်။

တောက်ပသော အလင်းတန်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယင်းက အမှန်တကယ်ပင် မူလစွမ်းအားဖြစ်သည်။

ယင်းက အသူရာကောင်းကင်ဘုံကဲ့သို့ ပြီးပြည့်စုံသော မူလစွမ်းအား ဖြစ်သည်။

သို့ဆိုလျှင် မူလစကြာဝဠာက အသူရာကောင်းကင်ဘုံကဲ့သို့ အထက်ဘုံတစ်ခု ဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် သူတို့က ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲသို့ ရုပ်ခန္ဓာကိုယ်ဖြင့်သာ ဝင်ရောက်နိုင်ခြင်း ဖြစ်၏။

ဤနေရာက အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း ယင်း၏ မူလစွမ်းအားက ပြီးပြည့်စုံနေဆဲပင်။ ထို့ကြောင့် မပြည့်စုံသော ဝိညာဉ်စွမ်းအားက အထဲသို့ မဝင်နိုင်ပေ။

အတိတ်မှာ မည်သည့်အဖြစ်အပျက်က မူလစကြာဝဠာကို အထက်ဘုံမှ အဆင့်ကျသွားစေပြီး သာမန်စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သနည်း။ နောက်ပိုင်းမှာ ယင်းက အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ဟန် ရ၏။

အသူရာကောင်းကင်ဘုံနှင့်မတူသည်မှာ မူလစကြာဝဠာက စွမ်းအင်အမျိုးမျိုးကို အဆုံးစွန်ထိ ဖိနှိပ်ထားသည်။

ဆန့်ကျင်ဘက်အနေဖြင့် အသူရာကောင်းကင်ဘုံထဲတွင် ကျင့်ကြံသူများ၏ စွမ်းအားများက မဖိနှိပ်ခံထားရသလို သူတို့၏ မူလစွမ်းအားသည်လည်း ပကတိအတိုင်း ဆက်ရှိနေလိမ့်မည်။ သို့ဖြစ်၍ အသူရာကောင်းကင်ဘုံမှ လူများ ထုတ်လွှတ်လိုက်သည့် နတ်ဘုရားစွမ်းရည်များက သူတို့ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။

အထက်ဘုံများ၏ လျှို့ဝှက်ချက်များက အလွန်ရှေးကျပြီး သူလက်လှမ်းမမီနိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း မူလစကြာဝဠာ၏ မူလစွမ်းအားက ပြီးပြည့်စုံသည်ဆိုမှတော့ ယခု ဟန်မူယဲ့လုပ်ဆောင်နိုင်သော အရာများက ပိုပြီးများပြားသွားသည်။

ကမ္ဘာဦးအဆင့်နှင့် စကြာဝဠာအဆင့် စစ်ပွဲချပ်ဝတ်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ ဘေးပတ်ပတ်လည်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြပြီး နတ်ဘုရားအလင်းအလွှာအထပ်ထပ်ကို ထုတ်လွှတ်နေကြသည်။

မူလစွမ်းအားကို အားဖြည့်ပေးခြင်း… ။

ဤမူလစကြာဝဠာထဲတွင် ထိုချပ်ဝတ်များထဲမှ လစ်ဟနေသော မူလစွမ်းအားက ဖြည်းဖြည်းချင်း ပြန်ပြည့်သွားနေသည်။

ချပ်ဝတ်များက ယင်းတို့ဘာသာ လှည့်ပတ်နေစဉ် မီးတောက်တစ်ခုက ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထို့နောက် အင်မော်တယ်မီးပြင်းဖိုတစ်လုံးက ထွက်ပေါ်လာသည်။

ယင်းက ခရမ်းနေမင်းမီးပြင်းဖို မဟုတ်ပေ။ ယင်းအစား အချိန်အတော်ကြာအောင် သူအသုံးမပြုခဲ့သော အင်မော်တယ်ရတနာတစ်ခု ဖြစ်သည်။

ဝိညာဉ်ဆေးပင်များက သူ၏ အရှေ့မှာ လွင့်မျောသွားကြပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။

အာခီမီ… ။

မူလစွမ်းအား ပြီးပြည့်စုံသော မူလစကြာဝဠာထဲမှာ အာခီမီကို လေ့ကျင့်ခြင်း… ။

ဝိညာဉ်ဆေးပင်တစ်သုတ်ပြီးတစ်သုတ်က မီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည့်အခါ မီးတောက်က ယင်းတို့ကို လွှမ်းခြုံသွားသည်။ ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအားက မီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည့်အခါ မီးပြင်းဖိုက အနည်းငယ် တုန်ယင်သွားသည်။

ဟန်မူယဲ့၏ အရှေ့တွင် မီးပြင်းဖိုထဲမှ မူလစွမ်းအားက ထွန်းလင်းတောက်ပလာပြီး ဝိညာဉ်ဆေးပင်များက အချင်းချင်း ပေါင်းစပ်သွားကြသည်။

အစိမ်းရောင်အလင်းက အသက်ဓာတ်ကို ကိုယ်စားပြုပြီး အနီရောင်က သွေးချီစွမ်းအားကြွယ်ဝမှုကို ကိုယ်စားပြုသည်။ အနက်ရောင်သည်တော့ သတ္ထု၏ အလေးချိန်ဖြစ်ပြီး ရွှေရောင်က နေလုံး၏ ယန်ဓာတ်ဖြစ်သည်။

“ ဝှီး ”

မီးပြင်းဖိုက တုန်ယင်သွားသည့်အခါ အစိမ်းရောင်ဆေးလုံးများက အပြင်သို့ ပျံသန်းထွက်လာကြသည်။ ဆေးတစ်လုံးစီ၏ မျက်နှာပြင်ပေါ်မှာ မှေးမှိန်သော ရွှေရောင်နတ်ဘုရားအင်းသင်္ကေတများ ရှိသည်။

မူလစွမ်းအားအားဖြည့်ဆေး… ။

အကယ်၍ ထိုဆေးလုံးများ၏ အဆင့်က နိမ့်ကျသည်ဆိုလျှင်ပင် ယင်းတို့က မူလစွမ်းအားအားဖြည့်ပေးနိုင်သော အာနိသင်ကို ပိုင်ဆိုင်ထားဆဲပင်။

မူလစွမ်းအား လစ်ဟနေသော အဆင့်နိမ့်ဘုံမှ ကျင့်ကြံသူများအတွက်တော့ ထိုဆေးလုံးများက အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။

မူလစွမ်းအားအားဖြည့်ပေးနိုင်သော ရတနာ… ။

မူလအားဖြည့်ဆေးတစ်လုံးကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည့်အခါ ဆေးလုံးထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်အနှံ့သို့ ပျော်ဝင်သွားသည်။ ထိုအခါ ဟန်မူယဲ့၏ အပြုံးက ပိုပြီးထင်ရှားလာသည်။

ယခင်တစ်ခေါက်က ဖွင့်လှစ်ခဲ့သော ကောင်းကင်ဘုံသို့ လမ်းကြောင်းထဲတွင် အစွမ်းထက်ကျင့်ကြံသူတစ်သန်းက အသူရာကောင်းကင်ဘုံဆီသို့ တတ်လှမ်းခဲ့ကြသည်။ သို့သော်လည်း သူတို့ထဲမှ လူအနည်းစုသာလျှင် မူလစွမ်းအားကို အားဖြည့်နိုင်ခဲ့ကြသည်။

သို့သော်လည်း ယခု ဤဆေးလုံးများဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းနည်းလမ်းအတိုင်း လှည့်ပတ်ပြီး ပြီးပြည့်စုံသော မူလစွမ်းအားအတွက် တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်သွားတော့မည်။

“ ဝီး ”

မီးပြင်းဖိုက တုန်ယင်သွားသည့်အခါ ဝိညာဉ်ဆေးပင်များက မီးပြင်းဖိုထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားကြသည်။

…..

All Chapters