← Chapters

အခန်း (၁၅၁၉)

Vol. 109 Ch. 1519

အခန်း (၁၅၁၉)

Vol. 109 Ch. 1519

တစ်လကြာပြီးနောက်…

ယဇ်ပလ္လင်ပေါ်တွင် ပုံရိပ်နှစ်ခုက တိုက်ခိုက်နေကြသည်။

“ ဗုန်း ”

မီးတောက်များဖြင့် ဖွဲ့စည်းထားသော လက်သီးနှင့်အတူ ကျူးရုန်က တုံ့ဆိုင်းမနေဘဲ ဟန်မူယဲ့ထံသို့ ပြေးသွားသည်။၊

လေထဲမှာ ရွှေရောင်မီးတောက်လက်သီးက အရွယ်အစားကြီးမားသော ခြင်္သေ့တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး မီးတောက်ခြင်္သေ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် သူက ကျူးရုန်၏ ပခုံးကို ကန်လိုက်လေရာ တစ်ဖက်လူက မူလနေရာသို့ လွင့်စင်သွားသည်။

အဝေးတွင် ကျူးရုန်က စိတ်လှုပ်ရှားနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်ချပ်ဝတ်တစ်စုံရှိပြီး မီးတောက်များက သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်နေသည်။ သူက ဟန်မူယဲ့ထံသို့ နောက်တစ်ကြိမ် ပြေးသွားသည့်အခါ မီးတောက်လှံရှည်တစ်ချောင်းက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

ကံမကောင်းစွာဖြင့် ဟန်မူယဲ့က ရိုးရှင်းစွာ လက်မြှောက်လိုက်ပြီး ကျူးရုန်၏ ဘေးပတ်ဝန်းကျင်မှ မီးတောက်များကို အလွယ်တကူ ငြိမ်းသတ်လိုက်သည်။ တစ်ဆက်တည်းမှာ သူက အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်လိုက်ပြီး ကျူးရုန်၏ လှံရှည်ကို ထိုးလွှတ်လိုက်သည်။

လှံရှည်က ဟန်မူယဲ့၏ ခွန်အားကို မတောင့်ခံနိုင်သောကြောင့် တစ်စစီ အက်ကွဲသွားသည်။ ကျူးရုန်ကိုယ်တိုင်လည်း တန်ပြန်အားကြောင်း အဝေးသို့ လွင့်စင်သွားပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

“ ဝိုး ”

မြေပြင်ပေါ်မှာ စောင့်ကြည့်နေကြသော လျောင်ဟွမ်မျိုးနွယ်ဝင်များထဲမှ အနည်းစုက အံ့ဩသွားကြသည်။

ကျန်လူများသည်တော့ မအံ့ဩကြချေ။

အပိုင်းပိုင်းအစစ အက်ကွဲသွားသော ကျူးရုန်၏ ခန္ဓာကိုယ်က မီးတောက်အဖြစ် ပြောင်းလဲသွားပြီး သုံးမီတာအဝေးမှာ ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းသွားသည်။

မီးတောက်ခန္ဓာကိုယ်… ။

မသေဆုံးနိုင်ပေ။ မဖျက်ဆီးနိုင်ပေ။

ယင်းက မီးတောက်စွမ်းအား၏ အနှစ်သာရ ဖြစ်၏။

“ ညီအကိုဟန်… အခု ငါမင်းနဲ့ လိုက်လို့ရပြီလား ”

တိုက်ပွဲပြီးနောက် ကျူးရုန်က ယဇ်ပလ္လင်ပေါ်မှ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဆင်းလာပြီး သူ့ဘေးမှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဟန်မူယဲ့က သူထွက်သွားတော့မည်ဟု ပြောခဲ့သည်။ ကျူးရုန်က ဟန်မူယဲ့နှင့်အတူ လိုက်ပါလိုသော်လည်း ဟန်မူယဲ့က ငြင်းဆန်ခဲ့သည်။

ဟန်မူယဲ့၏ အကြောင်းပြချက်မှာ ကျူးရုန်၏ ခွန်အားမလုံလောက်ခြင်း ဖြစ်၏။

သို့ဖြစ်၍ ယနေ့မှာ သူတို့က တိုက်ပွဲတစ်ခုကျင်းပခဲ့ခြင်း ဖြစ်သည်။

ဤတိုက်ပွဲမှာ ကျုးရုန်က ဟန်မူယဲ့ကို လုံးဝ မယှဉ်နိုင်သော်လည်း သူက တခြားနတ်သားရဲများထက် အားမနည်းကြောင်း ပြသနိုင်ခဲ့သည်။

အမှန်မှာ ယခု သူ၏ တိုက်ပွဲစွမ်းအားက လျောင်ယွမ်မျိုးနွယ်စု၏ တိုတမ်နတ်သားရဲမီးငှက်ထက် သာလွန်သွားချေ၏။

“ တကယ်လို့ မင်းငါနဲ့ လိုက်မယ်ဆိုရင် လျောင်ယွမ်မျိုးနွယ်စုက ဘယ်လိုဖြစ်သွားမလဲ ”

ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်မှ လျောင်ယွမ်မျိုးနွယ်ဝင်များကို ကြည့်လိုက်ပြီး မေးသည်။

ယခု ထိုမျိုးနွယ်ဝင်များက ဟန်မူယဲ့၏ သင်ကြားပေးမှုကြောင့် ကျင့်ကြံခြင်းနည်းစနစ်တချို့ကို လေ့ကျင့်နိုင်သွားကြသည်။ သူတို့၏ အလုံးစုံအင်အားက ယခင်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ် တိုးတတ်လာသော်လည်း လုံးဝ သန္ဓေပြောင်းလဲသွားခဲ့သော ကျူးရုန်ကိုတော့ မယှဉ်ပြိုင်နိုင်ပေ။

အကယ်၍ ကျူးရုန်ထွက်သွားမည်ဆိုလျှင် တိုတမ်နတ်သားရဲ၏ အကာအကွယ်မရှိတော့သော လျောင်ယွမ်မျိုးနွယ်စုက မည်သို့ဖြစ်သွားမည်နည်း။ ယင်းကို မည်သူမှမသိနိုင်ပေ။

“ ငါ… ငါက မျိုးနွယ်စုကို ငါနဲ့အတူ ခေါ်သွားချင်တယ် ”

ကျူးရုန်က ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။

“ အတိတ်မှာ ငါတို့က အဝေးကြီးဆီ ရွှေ့ပြောင်းဖို့ တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးဘူး… ဒါပေမဲ့ အခုတော့ သူတို့ကို အဝေးက လောကကြီးကို မြင်နိုင်အောင် ငါခေါ်သွားချင်တယ် ”

သူတို့က ဤအပျက်အစီးတောအုပ်ထဲမှာ မွေးဖွားလာခဲ့သူများ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုက အချင်းကီလိုမီတာတစ်ထောင်၏ အပြင်ဘက်သို့ တစ်ခါမှ မထွက်ဖူးကြချေ။

သူတို့ထဲမှ အများစုက မိစ္ဆာများနှင့် တိုက်ပွဲများမှာ သေဆုံးသွားကြလိမ့်မည်။

ကျူးရုန်ကိုယ်တိုင်သည်ပင် ဤမတိုင်ခင် အဝေးကြီးဆီသို့ ခရီးထွက်နိုင်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

ယခု သူက မီးတောက်စွမ်းအားကို ပိုင်ဆိုင်သွားသည့်အခါ အတိတ်မှာ သူအိမ်မက်မမက်ခဲ့ဖူးသော အရာများကို စဉ်းစားဝံ့လာ၏။

သူက မျိုးနွယ်စုကို ခေါ်ဆောင်၍ အဝေးမှ လောကကြီးကို သွားကြည့်ချင်သည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်လေရာ လူစုခွဲ၍ ပြန်သွားကြသော လျောင်ယွမ်မျိုးနွယ်ဝင်များကို မြင်တွေ့သွားသည်။

သူက အတိတ်မှာ အလယ်ပိုင်းကုန်းမြေသို့ သွားရောက်ရန် အနောက်ဘက်နယ်စပ်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူက အလယ်ပိုင်းကုန်းမြေမှတဆင့် ကောင်းကင်ဘုံကိုးလွှာသို့ ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူက အင်မော်တယ်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့ကာ နတ်ဘုရားကမ္ဘာကို ရိုက်ချိုးပစ်ခဲ့သည်။ ထိုခရီးစဉ်တစ်လျှောက်မှာ မိတ်ဆွေအများအပြားက သူ့အား အဖော်ပြုပေးခဲ့ကြသည်။

ထိုလူများက သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ အနှောင်အဖွဲ့များ ဖြစ်လာကြသော်လည်း သူတို့ကြောင့်ပင် သူက ဤမျှဝေးသော အကွာအဝေးထိ လျှောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။

အကြင်နာကင်းမဲ့သော ကျင့်ကြံခြင်းလမ်းစဉ်က သူနှင့် မသင့်တော်ကြောင်း ဟန်မူယဲ့ အမြဲခံစားမိသည်။ မိတ်ဆွေအပေါင်းအသင်းများ၏ အကူအညီဖြင့် လျှောက်လှမ်းခြင်းက သူ့အား အမြင့်ဆုံးနေရာထိ ရောက်စေလိမ့်မည်။

ကျူးရုန်၏ စကားများက အလွန်ရိုးရှင်းသည်။

သို့တိုင် ယင်းထဲမှာ စစ်မှန်သော အနှစ်သာရက ကိန်းအောင်းနေသည်။

ယင်းက ကျင့်ကြံခြင်း၏ အနှစ်သာရ ဖြစ်၏။

ဤလောကထဲမှ ကျင့်ကြံခြင်းလမ်းစဉ်အားလုံးကို စိတ်ဝိညာဉ်က ဦးဆောင်ရသည်။ သို့မဟုတ်လျှင် တစ်စုံတစ်ယောက်က အကြင်နာမဲ့ပြီး လိုအင်ဆန္ဒကင်းမဲ့သူ ဖြစ်လာလိမ့်မည်။ ထိုသို့လူများက နောက်ပိုင်းမှာ ကောင်းကင်ဘုံတာအို၏ ဝါးမျိုခံရလိမ့်မည်။

ဖြစ်နိုင်သည်မှာ ထိုအကြောင်းအရင်းကြောင့် မူလစကြာဝဠာ၏ ကောင်းကင်ဘုံတာအိုက အလွန်အမင်း သန်မာနေခြင်းလော။

သူ၏ အတွေးက မှန်မမှန် ဟန်မူယဲ့ မသေချာပေ။ သို့သော်လည်း ယင်းကို ကြိုးစားကြည့်ရန် သူဆုံးဖြတ်လိုက်သည်။

“ ကောင်းပြီ… ဒါဆိုရင် ဒီမှာ ငါတို့ခဏလောက် ထပ်နေကြမယ်… လျောင်ယွမ်မျိုးနွယ်စုရဲ့ အင်အားကို တိုးမြှင့်ဖို့ လက်နက်တချို့ ငါသန့်စင်ပေးမယ် ”

လျောင်ယွမ်မျိုးနွယ်စု၏ တိုက်ပွဲစွမ်းအားက သာမန်သာ ဖြစ်သည်။ သို့သော်လည်း သူတို့က ဟန်မူယဲ့သင်ပေးထားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် လက်နက်များဖြင့်ဆိုလျှင် သာမန်မိစ္ဆာသားရဲများကို ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ကြလိမ့်မည်။

ဤမူလစကြာဝဠာထဲတွင် တိုက်ပွဲစွမ်းအားမရှိသော လူသားများသည် ဟိုးယခင်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားကြပြီ ဖြစ်၏။

ဟန်မူယဲ့က လျောင်ယွမ်မျိုးနွယ်စုကို သူနှင့်အတူ ခေါ်ဆောင်သွားရန် သဘောတူကြောင်း ကြားသောအခါ ကျူးရုန်က အလွန်ဝမ်းသာပျော်ရွှင်သွားသည်။

ထို့ပြင် ဟန်မူယဲ့က သူတို့အတွက် လက်နက်သန့်စင်ပေးလိမ့်မည်။

ကျူးရုန်က ထိုသတင်းကို မျှဝေလိုက်သည့်အခါ မျိုးနွယ်စုထဲမှ လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။

ကျူးထျန်းက မျိုးနွယ်စုထဲမှ အားကောင်းသန်မာသော လူတချို့ကို အမိန့်ပေး၍ သားရဲအရိုးများနှင့် သွားများကို ဟန်မူယဲ့ထံ ပို့ဆောင်စေသည်။

အသူရာကောင်းကင်ဘုံမှာကဲ့သို့ပင် ထိုပစ္စည်းများထဲမှာ ပြီးပြည့်စုံသော မူလစွမ်းအားက ကိန်းအောင်းနေလေရာ ယင်းတို့ကို လက်နက်များအဖြစ် သန့်စင်နိုင်ပေသည်။

ကျူးရုန်သည်လည်း အားလပ်မနေပေ။ ဟန်မူယဲ့က သူ့ကို သားရဲအမြူတေများအား အရည်ဖျော်ပေးရန် အလုပ်ပေးထားသည်။ ထို့ကြောင့် သူက မီးတောက်စွမ်းအားကို အသုံးပြု၍ သားရဲအမြူတေများကို အရည်ဖျော်ပေးလိုက်သည်။

အားကောင်းသန်မာသော လူသန်ကြီးများက တူများကို ကိုင်ဆောင်လိုက်ကြပြီး လက်နက်များ၏ အကြမ်းထည်ပုံစံကို ပုံသွင်းထုရိုက်လိုက်ကြသည်။

အားနည်းသော သက်ကြီးရွယ်အိုများသည်တော့ သားရဲအရိုးများနှင့် သွားများကို အချောပွတ်တိုက်ကြသည်။

အမျိုးသမီးများက အရောင်တင်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းကို လုပ်ဆောင်ကြသည်။

နောက်ဆုံးအဆင့်အနေနှင့် ဟန်မူယဲ့က ထိုလက်နက်များပေါ်မှာ နတ်ဘုရားအင်းသင်္ကေတများကို ရေးဆွဲလိုက်သည်။

ယဇ်ပလ္လင်ပေါ်မှ မီးတောက်နတ်ဘုရားအင်းသင်္ကေတများကို နားလည်သွားပြီးနောက် ဟန်မူယဲ့က တခြားနတ်ဘုရားအင်းသင်္ကေတများ၏ အကြမ်းဖျဉ်းပုံစံကို ရှာတွေ့သွားသည်။

သို့သော်လည်း ထိုလက်နက်များပေါ်တွင် ဟန်မူယဲ့က တခြားအင်းသင်္ကေတများကို ရေးထွင်းရန် မကြိုးစားခဲ့ပေ။ ယင်းအစား သူက မူကွဲအင်းသင်္ကေတချို့ကိုသာ ထပ်လောင်း ရေးထွင်းလိမ့်မည်။

ဥပမာ သူက တောင်ဖြိုဓားမော့၏ ကျောပေါ်မှာ မီးတောက်နတ်ဘုရားအင်းသင်္ကေတသုံးခုကို ရေးထွင်းပြီးလျှင် လေဒြပ်စင်နတ်ဘုရားအင်းသင်္ကေတတစ်ခုကို ထပ်လောင်း ရေးထွင်းလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင့် မီးတောက်စွမ်းအားက ယခင်ထက် သုံးဆတိုးမြှင့်သွားလိမ့်မည်။

မီးတောက်နတ်ဘုရားအင်းသင်္ကေတတစ်ခုသာ ရေးထွင်းထားသော အရိုးမြားတစ်စင်း၏ ထိပ်ဖျားပေါ်တွင် သတ္ထုဒြပ်စပ်နတ်ဘုရားအင်းသင်္ကေတတစ်ခု ရှိသည်။ ယင်းက မြား၏ ဖောက်ထွင်းနိုင်စွမ်းကို ကြီးမားစွာ တိုးမြှင့်ပေးလိမ့်မည်။

ထိုလက်နက်များက ကောင်းကင်ဘုံတာအို၏ ဖိနှိပ်ခံထားရသော ဤနေရာမှာ အစွမ်းမကြီးမားသော်လည်း အဆင့်နိမ့်ဘုံများတွင် ယင်းတို့က နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။

ယင်းတို့ပေါ်မှာ ရေးထွင်းထားသော နတ်ဘုရားအင်းသင်္ကေတများက ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။

သုံးလအတောအတွင်းမှာ လျောင်ယွမ်မျိုးနွယ်စုထဲမှ လူတိုင်းနီးပါးက သင့်လျော်သော လက်နက်များကို ကိုယ်စီပိုင်ဆိုင်သွားကြသည်။

ယခု သူတို့မှာ လက်နက်ရှိသွားရုံသာမက သံချပ်ကာအစိတ်အပိုင်းတချို့ကိုလည်း ဝတ်ဆင်နိုင်သွားကြသည်။

အတိတ်မှာ လျောင်ယွမ်မျိုးနွယ်စုသည် ထိုသို့လက်နက်များနှင့် စစ်ချပ်ဝတ်အစိတ်အပိုင်းများကို ပိုင်ဆိုင်နိုင်ရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော်လည်း သူတို့၏ ဘဝပေးအခြေအနေအရ သားကောင်များ အမဲလိုက်ခြင်းမှာသာ အာရုံစိုက်ထားနိုင်သည်။ သားရဲအကြွင်းအကျန်ပစ္စည်းများဖြင့် ထိုသို့လက်နက်များကို ဖန်တီးရန် သူတို့မှာ အချိန်မရှိခဲ့ပေ။

ပိုပြီးအရေးကြီးသည်မှာ သူတို့ဆီမှာ လက်နက်သန့်စင်ခြင်းနည်းလမ်းများနှင့် နတ်ဘုရားအင်းသင်္ကေတများ ရေးထွင်းနိုင်သော အရည်အချင်း မရှိပေ။ နတ်ဘုရားအင်းသင်္ကေတများ မရေးထွင်းထားသော လက်နက်များနှင့် သံချပ်ကာက မိစ္ဆာသားရဲများ၏ အရှေ့မှာ စက္ကူစုတ်တစ်ရွက်နှင့် မခြားပေ။

ယခု ကျူးရုန်တစ်ယောက်တည်း အမဲလိုက်ရုံဖြင့် သူတို့မျိုးနွယ်စုတစ်ခုလုံး အလုံအလောက်စားနိုင်သော စားစရာများကို စုဆောင်းနိုင်သွားသည်။ ထို့ပြင် ဟန်မူယဲ့၏ နတ်ဘုရားအင်းသင်္ကေတများ ရေးထွင်းပေးမှုကြောင့် သူတို့၏ လက်နက်များနှင့် ချပ်ဝတ်များ၏ အစွမ်းက သိသိသာသာ တိုးမြှင့်သွားသည်။

ဟန်မူယဲ့၏ ကျောက်တုံးအပြင်ဘက်တွင် ကျူးရုန်က လှံရှည်တစ်လက်ကို အဆက်မပြတ် လွှဲယမ်းနေသည်။

အစွမ်းထက်သော လက်နက်က သူတို့၏ ခွန်အားကို တိုးမြှင့်ပေးနိုင်ရုံမျှသာ ဖြစ်၏။ ယင်းက သူတို့၏ တိုက်ပွဲစွမ်းအားကို အပြည့်အဝ မထုတ်လွှတ်ပေးနိုင်ပေ။ သင့်တော်သော တိုက်ပွဲနည်းစနစ်များကို ကြိမ်ဖန်များစွာ လေ့ကျင့်မှသာလျှင် သူတို့က တိုက်ပွဲစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ကြလိမ့်မည်။

အစွမ်းထက် တိုက်ပွဲလက်နက်များကို ကိုင်ဆောင်ခြင်းက သူတို့ကို ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားအား ပေးနိုင်လိမ့်မည်ဟု ယခင်က ကျူးရုန် တွေးထင်ခဲ့သည်။ သို့သော်လည်း ယန်မူယဲ့ထံမှ ပညာသင်ကြားပေးမှုကို ရရှိပြီးနောက် တိုက်ခိုက်ရေးပညာရပ်များသည်လည်း အရေးကြီးကြောင်း သူနားလည်သွားသည်။

“ ကျူးရုန်… ဟွမ်ယန်မျိုးနွယ်စုက လူတွေ အကူအညီတောင်းဖို့ ရောက်လာကြတယ် ”

အဝေးတွင် ကြီးမားသော လေးတစ်လက်ကို ကိုင်ထားသည့် လျောင်ယွမ်မျိုးနွယ်ဝင်တစ်ယောက်က အော်ပြောလိုက်သည်။

ကျူးရုန်က လှံသိုင်းလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ပြီး အမြန်ပြေးသွားသည်။

တစ်ခဏကြာပြီးနောက် သူက သွေးစိုရွှဲနေသော လူတစ်ယောက်ကို ထမ်း၍ ဟန်မူယဲ့၏ ကျောက်တုံးအိမ်ထဲသို့ ဝင်သွားသည်။

“ ညီအကိုဟန်… ဟွမ်ယန်မျိုးနွယ်စုက မိစ္ဆာသားရဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာခံလိုက်ရတယ်… သူတို့ရဲ့ အစောင့်အရှောက်နတ်သားရဲက ရှုံးနိမ့်သွားပြီး မျိုးနွယ်ဝင်အများကြီး အသတ်ခံလိုက်ရတယ် ”

ကျူးရုန်က ဝမ်းနည်းစိတ်မကောင်းသော လေသံဖြင့် ပြောသည်။

ဟွမ်ယန်မျိုးနွယ်စုသည် ဤနေရာနှင့် မိုင်ငါးရာအကွာအဝေးမှာ တည်ရှိပြီး လျောင်ယွမ်မျိုးနွယ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။

ကျူးရုန်၏ အမေက ဟွမ်ယန်မျိုးနွယ်စုမှ ဖြစ်သည်။

ဟန်မူယဲ့က ကျူးရုန်၏ လက်ထဲမှ ဟွမ်ယန်မျိုးနွယ်ဝင်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူက ပမာဏများပြားသော သွေးကို ဆုံးရှုံးထားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ အလွန်ဆိုးဝါးသော ဒဏ်ရာများရှိသည်။ သူက မူလစွမ်းအားကိုပင် ဆုံးရှုံးထားသည်။

သူက ဤနေရာသို့ ရောက်လာရန် အလွန်အားကောင်းသော စိတ်ဓာတ်ခွန်အားကို အမှီပြုခဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည့်အခါ အစိမ်းရောင်အလင်းတန်းက ဟွမ်ယန်မျိုးနွယ်စုမှ လူငယ်ပေါ်သို့ ကျရောက်သွားသည်။

အစိမ်းရောင်အလင်းက သူ့ကို လွှမ်းခြုံသွားသည့်အခါ သူ၏ ဒဏ်ရာများက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။

ယင်းက လူငယ်ကို အံ့ဩသွားစေသည်။

ဒဏ်ရာများကို ချက်ချင်း ပြန်ကောင်းမွန်စေသော မှော်ပညာက ဤလောကမှာ တကယ်ရှိသည်လော။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ အစိမ်းရောင်ဆေးတစ်လုံးက ကျူးရုန်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ဒီဆေးလုံးက ဆုံးရှုံးသွားတဲ့ မူလစွမ်းအားကို အားပြန်ဖြည့်ပေးနိုင်တယ်… မဟုတ်ရင် သူသေသွားလိမ့်မယ် ”

ကျူးရုန်က ဆေးလုံးကို လူငယ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

သို့သော်လည်း လူငယ်က ဆေးလုံးကို မသောက်ဘဲ အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

“ ကျူးရုန်… ငါ့ရဲ့ ဟွမ်ယန်မျိုးနွယ်စုကို မင်းကယ်ပေးရမယ်နော်… ဟွမ်ယန်မျိုးနွယ်စုက မင်းရဲ့ လျောင်ယွမ်မျိုးနွယ်စုထဲ ပေါင်းစည်းသွားလိမ့်မယ်လို့ ငါ့အဖေက ပြောလိုက်တယ် ”

“ ကျူးရုန်… ငါ့အဖေက မင်းရဲ့ ဦးလေးပါ… မင်း ငါတို့ကို လျစ်လျူရှုလို့ မရဘူး ”

All Chapters