← Chapters

အခန်း (၁၅၂၁)

Vol. 109 Ch. 1521

အခန်း (၁၅၂၁)

Vol. 109 Ch. 1521

အဝေးတွင် လျောင်ယွမ်မျိုးနွယ်ဝင်များက တိုက်ပွဲမြေပြင်မှ အကြွင်းအကျန်များကို ရှင်းလင်းသန့်စင်ပြီးနောက် ကျူးရုန်နှင့် အတောင်ပံပါကျားနက်၏ တိုက်ပွဲကို ကြည့်ရှုနေကြသည်။

၎င်းက နတ်သားရဲတစ်ကောင်ဖြစ်သည်။ အကယ်၍ ထိုနတ်သားရဲကို ကျူးရုန်က သတ်ဖြတ်နိုင်မည်ဆိုလျှင် သူတို့က ပစ္စည်းကောင်းမည်မျှကို ရရှိသွားလိမ့်မည်နည်း။

“ အတောင်ပံပါကျားနက်ရဲ့ အရေပြားကို အလံအကြီးကြီးတစ်ခု ပြုလုပ်နိုင်တယ် ”

မျိုးနွယ်ဝင်တစ်ယောက်က အော်ပြောလိုက်လေရာ သူ၏ မျက်လုံးက တလက်လက် တောက်ပသွားသည်။

“ ကျားရဲ့ အစွယ်ကိုလည်း လက်နက်တွေ ပြုလုပ်နိုင်တယ်… ဒါပေမဲ့ အဲ့ဒါက ဓားအတွက် သင့်တော်လား လှံအတွက် သင့်တော်လား ငါမစဉ်းစားနိုင်ဘူး ”

တခြားတစ်ယောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားမော့ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ ကျားအရိုးပေါ်မှာ နတ်ဘုရားအင်းသင်္ကေတတွေ ရေးထွင်းမယ်ဆိုရင် အဲ့ဒါက ရိုးရာတောင်ဝှေးတစ်ချောင်း ဖြစ်လာလိမ့်မယ်… အဲ့ဒီအခါ လျောင်ယွမ်မျိုးနွယ်စုထဲက လူတွေအများကြီး ရိုးရာတောင်ဝှေးကို ပိုင်ဆိုင်သွားကြလိမ့်မယ် ”

ကျူးထျန်း၏ လက်ထဲမှ အရိုးတုတ်ချောင်းက ရိုးရာတောင်ဝှေးဖြစ်ပြီး ယင်းထဲမှာ မူလစွမ်းအား တစ်စွန်းတစ်စ ကိန်းအောင်းနေသည်။ တစ်စုံတစ်ယောက်က ထိုရိုးရာတောင်ဝှေးဖြင့်ဆိုလျှင် မီးစွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည်။

“ ငါက ကျားအမြှီးကို ဖြတ်ဖို့ ဆန္ဒရှိတယ်… ရိုးရာနတ်ဆရာဟန် ပြောတာ မင်းတို့ကြားဖူးလား… ဒီနေရာကနေ အရမ်းဝေးတဲ့ နေရာမှာ ကျားမြှီးသေရည်လို့ခေါ်တဲ့ ရတနာတစ်မျိုးရှိတယ်တဲ့… အဲ့ဒီသေရည်ကို ပြုလုပ်ဖို့ဆိုရင် ကျားအမြှီးကို ရေစိမ်ထားရတယ်… ”

အရိုးချပ်ဝတ် ဝတ်ဆင်ထားသော လူငယ်က လိုချင်တောင့်တသော အမူအရာဖြင့် ပြောသည်။ ဖြစ်နိုင်သည်မှာ သူက ကျားမြှီးသေရည်ကို မြည်းစမ်းကြည့်ရန် ဆန္ဒပြင်းပြနေပုံပေါ်သည်။

အဝေးမှ တောင်ကုန်းပေါ်တွင် ဒဏ်ရာများဖြင့် ပြည့်နေသော အတောင်ပံပါကျားနက်က ပြင်းထန်စွာ တုန်ယင်သွားသည်။

၎င်းက မသေဆုံးသေးသော်လည်း ထိုလူများက ၎င်း၏ ခန္ဓာကိုယ်ကို မည်သို့အသုံးချမည်ဖြစ်ကြောင်း ဆွေးနွေးနေကြသည်။ အထူးသဖြင့် ကျားမြှီးသေရည်ပင်။

၎င်းက မသိစိတ်မှ အမြှီးကျုံ့လိုက်သည်။

ကျုးရုန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ လက်ထဲမှ လှံက အတောင်ပံပါကျားနက်၏ ဦးခေါင်းထိပ်ပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

ထိုလှံထိုးချက်အရ အတောင်ပံပါကျားနက်က မသေဆုံးသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။

အတောင်ပံပါကျားနက်က တိမ်းရှောင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေလေရာ ၎င်းမှာ ရှောင်တိမ်းရန် ခွန်အားမကျန်တော့ပေ။

“ မင်း အဲ့ဒီနတ်သားရဲကို စီးတော်သားရဲအဖြစ် မသိမ်းသွင်းချင်ဘူးလား ”

ထိုစဉ် အသံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။

ကျူးရုန်၏ လှံက အတောင်ပံပါကျားနက်၏ ဦးခေါင်းနှင့် သုံးလက်မအကွာမှာ ရပ်တန့်သွားသည်။

လှံပေါ်မှ မီးတောက်စွမ်းအားက ပေါ်လျှိုးလာလေရာ အတောင်ပံပါကျားနက်၏ ဦးခေါင်းက တုန်ယင်သွားပြီး ၎င်းက သတိမေ့သွားသည်။

…..

နှစ်နာရီကြာပြီးနောက် ဟန်မူယဲ့နှင့် ကျူးရုန်က ဘေးချင်းကပ်၍ ခရီးဆက်ကြသည်။ သူတို့က အတောင်ပံပါကျားနက်နှင့် မီးခိုးရောင်ဝံပုလွေကို စီးနင်းထားကြသည်။

အတောင်ပံပါကျားနက်မှာ နတ်သားရဲသွေးမျိုးဆက်ရှိသော်လည်း ယခု ၎င်းက ခေါင်းငုံ့ထားရသည်။ ၎င်းက မကျေနပ်မှုကို နည်းနည်းမှ ဖော်မပြဝံ့ချေ။

တစ်ဖက်မှာတော့ မီးခိုးရောင်ဝံပုလွေက ဂုဏ်ယူဝံ့ကြွားစွာ လမ်းလျှောက်နေသည်။ အမှန်မှာ ၎င်းက အလွန်စိတ်လှုပ်ရှားနေသည်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ အခွင့်အရေးကြုံကြိုက်လာမည်ဆိုလျှင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ နတ်သားရဲသွေးမျိုးဆက်ကို နိုးထပေးမည်ဟု ဟန်မူယဲ့က ၎င်းအား ကတိပေးခဲ့သောကြောင့် ဖြစ်၏။

ယင်းက ကြီးမားသော အခွင့်အရေး ဖြစ်သည်။

“ ဟွမ်ယန်မျိုးနွယ်စုက ငါတို့လျောင်ယွမ်မျိုးနွယ်စုထက် လူအရေအတွက်ပိုများပြီး သူတို့ရဲ့ တိုတမ်နတ်သားရဲက ငါတို့ရဲ့ မီးငှက်ထက် အများကြီး ပိုအားကောင်းတယ်… ဘာလို့ ဒီတစ်ကြိမ် သူတို့ရှုံးနိမ့်သွားတာလဲ ငါသိချင်မိတယ် ”

ကျူးရုန်က အတောင်ပံပါကျားနက်ကို စီးနင်းနေရင်း သူ၏ စိတ်ထဲမှ သံသယကို ထုတ်ဖော်ပြောသည်။

ယွမ်ယန်မျိုးနွယ်စုမှာ လူဦးရေငါးရာကျော်ရှိသည်။ သူတို့ဆီမှာ ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များ မရှိသော်လည်း သူတို့၏ အလုံးစုံအင်အားက အားမနည်းချေ။ ထို့ပြင် သူတို့ကို နတ်သားရဲတစ်ကောင်က ကာကွယ်စောင့်ရှောက်ပေးထားသည်။ သို့ဖြစ်လေရာ ဟွမ်ယန်မျိုးနွယ်စုက မည်သို့ရှုံးနိမ့်သွားခဲ့သနည်း။

သူ၏ စကားပြောသံကို ကြားသောအခါ အတောင်ပံပါကျားနက်က အကြိမ်ရေအနည်းငယ် ဟိန်းဟောက်လိုက်သည်။

၎င်းက မူလစွမ်းအားဖြင့် တုန်ခါမှုလှိုင်းများကို အသုံးပြု၍ အသံပို့လွှတ်လိုက်သည်။

ဟွမ်ယန်မျိုးနွယ်စု၏ အစောင့်နတ်သားရဲက လွင့်မျောမိုးတိမ်သားရဲဖြစ်ပြီး ၎င်းက မကြာသေးခင်ကမှ မီးဖွားထားသောကြောင့် အလွန်အားနည်းနေသည်။ ယင်းက တခြားနတ်သားရဲများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် နတ်သားရဲများကြားမှ တိုက်ပွဲများက မပြင်းထန်ပေ။ သို့ဖြစ်၍ မီးဖွားပြီးသော နတ်သားရဲကို ဝင်ရောက်တိုက်ခိုက်သည့် အဖြစ်အပျက်မျိုးက အလွန်ရှားပါးသည်။

“ လွင့်မျောမိုးတိမ်သားရဲရဲ့ ကလေးက နတ်ငှက်ဘီဖန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါတယ် ”

အတောင်ပံပါကျားနက်၏ အသံက အနည်းငယ် တုန်ယင်နေသည်။

နတ်ငှက်ဘီဖန်… ။

ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်ငှက်အများကြီးထဲတွင် ဘီဖန်က ဖီးနစ်ပြီးနောက် ဒုတိယအသန်မာဆုံးနတ်ငှက် ဖြစ်သည်။ ၎င်းက မီးဒြပ်စင်နတ်သားရဲများထဲမှာ ထိပ်တန်းအဆင့်တွင် ရှိသည်။

အတောင်ပံပါကျားနက်ကဲ့သို့ နတ်သားရဲသွေးမျိုးဆက် တစ်ထောင်ပုံတစ်ပုံသာ ပိုင်ဆိုင်ထားသော နတ်သားရဲများအတွက်တော့ ဘီဖန်၏ နတ်သားရဲစွမ်းရည်ကို လုယက်သိမ်းပိုက်ခြင်းက စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ် ဖြစ်သည်။

ထို့ကြောင့် ဟွမ်ယန်မျိုးနွယ်စုက နတ်သားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မည်သို့ဖြစ်ပါစေ တိုတမ်နတ်သားရဲများက ၎င်းတို့၏ မျိုးနွယ်စုနှင့် ချည်နှောင်ထားသည်မဟုတ်ပါလော။ သို့ဖြစ်၍ လွင့်မျောမိုးတိမ်သားရဲကို တိုက်ခိုက်ချင်သူများက ဟွမ်ယန်မျိုးနွယ်စုထဲသို့ ချိုးဖြတ်ဝင်ရောက်လာကြလိမ့်မည်။

အတောင်ပံပါကျားနက်ထံမှ သတင်းကို ကြားလိုက်ရသောအခါ ကျူးရုန်၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားသည်။

ရန်သူက နတ်သားရဲတစ်ကောင်တည်း မဟုတ်ပေ။

သူက အတောင်ပံပါကျားနက်ကို ထိပ်တိုက် ရင်ဆိုင်ဝံ့သည်မှာ ၎င်းထံမှ မည်သည့်ခြိမ်းခြောက်မှုကိုမှ မခံစားမိသောကြောင့် ဖြစ်၏။

သို့သော်လည်း သူ့ကိုယ်ပိုင်အကန့်အသတ်ကို ကျူးရုန် သိသည်။

အတောင်ပံပါကျားနက်ကဲ့သို့ နတ်သားရဲတစ်ကောင်က ကင်းထောက်ရန်သာ တာဝန်ပေးအပ်ခံရလိမ့်မည်။ စစ်မှန်သော အစွမ်းထက် နတ်သားရဲများသာလျှင် ဘီဖန်သွေးမျိုးဆက်ကို ဝေမျှရန် အရည်အချင်းပြည့်မီကြလိမ့်မည်။

“ သွားကြစို့… ဘီဖန်သွေးမျိုးဆက်ကို ငါလည်း စိတ်ဝင်စားတယ် ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အရှေ့တွင် မီးတောက်တစ်ခုက အရွယ်အစား အလွန်ကျယ်ပြောစွာ ပေါက်ကွဲသွားသည်။

ဟန်မူယဲ့က ခြေထောက်ဖြင့် ပုတ်လိုက်လေရာ မီးခိုးရောင်ဝံပုလွေက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။

ကျူးရုန်က တစ်ခဏ တုံ့ဆိုင်းနေပြီးလျှင် ကြုံးဝါးအော်လိုက်ပြီး အရှေ့သို့ ပြေးသွားသည်။

စီးတော်သားရဲမရှိသော လျောင်ယွမ်မျိုးနွယ်ဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စိတ်လှုပ်ရှားမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မိုင်အနည်းငယ်ခန့် ခရီးဆက်ပြီးသောအခါ သားရဲအရေပြားကို အဝတ်အစားကဲ့သို့ ဝတ်ဆင်ထားကြသော လူတစ်အုပ်စုက သူတို့အနားသို့ ချဉ်းကပ်လာသည်။

ထိုလူအုပ်စုက သားရဲအရေပြားကို ဝတ်ဆင်ထားကြပြီး အရိုးတောင်ဝှေးနှင့်ဆင်တူသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့ထဲမှ တစ်ယောက်၏ ကျောပေါ်တွင် ခြင်းတောင်းကြီးတစ်လုံးရှိပြီး မီးတောက်စွမ်းအားက ခြင်းတောင်းထဲမှာ တအိအိလှုပ်ခတ်နေသည်။

“ ဦးလေး ”

ကျူးရုန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အတောင်ပံပါကျားနက်ကို အရှေ့သို့ အမြန်စီးနင်းသွားသည်။

အော်သံကို ကြားသောအခါ ခြင်းတောင်းသယ်ထားသော လူကြီးက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ အစတွင် သူက အံ့ဩသွားပြီး ထို့နောက် ဝမ်းသာပျော်ရွှင်သွားသည်။

“ ဟား ဟား ကျူးရုန် ”

အတောင်ပံပါကျားနက်ကဲ့သို့ အစွမ်းထက် နတ်သားရဲတစ်ကောင်ကို စီးနင်းလာသော ကျူးရုန်ကို မြင်သွားသောအခါ အစောနက စိုးရိမ်ကြောက်လန့်နေကြသော ဟွမ်ယန်မျိုးနွယ်စုမှ လူများက ဝမ်းသာပျော်ရွှင်သွားကြသည်။

ကျူးရုန်က အရမ်းသန်မာတာပဲ… ။

“ ဂရောင်း ”

သားရဲဟိန်းသံက အနောက်မှ ပဲ့တင်ထပ်လာသည်။

ထို့နောက် အဝေးတွင် မိစ္ဆာသားရဲများ၏ ကြောက်မက်ဖွယ်ဟိန်းသံများက တစ်သံပြီးတစ်သံ ပဲ့တင်ထပ်လာသည်။

“ ကျူးရုန်… တိုတမ်နတ်သားရဲရဲ့ ကလေးကို ခေါ်ပြီး ထွက်သွားတော့… ငါ အဲ့ဒီမိစ္ဆာသားရဲတွေကို ထိန်းထားပေးမယ် ”

ကျူးရုန်၏ ဦးလေးတစ်ဖြစ်လဲ ယွမ်ဟန်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော ရှီချန်းက သူ့အနောက်မှ ခြင်းတောင်းကို ကျူးရုန်အား ပေးလိုက်ပြီး သူ၏ လက်ထဲမှ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

လက်ဖဝါးအရွယ်ခန့်ရှိသော အမွှေးထူထူသားရဲပေါက်စတစ်ကောင်က ခြင်းတောင်းထဲမှ ခေါင်းထွက်လာသည်။

ထိုစဉ် ဟန်မူယဲ့က ရောက်လာပြီး ဘေးဘီကို စစ်ဆေးကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ယင်းက အမှန်တကယ်ပင် ဘီဖန်သွေးမျိုးဆက်ဖြစ်သည်။ ထိုသွေးမျိုးဆက်က အလွန်သန့်စင်လေရာ ဘိုးဘေးသွေးမျိုးဆက်၏ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားသည်။

သို့သော်လည်း ဤသားရဲပေါက်စလေးက ယခုမှ မွေးဖွားလာလေရာ သွေးမျိုးဆက်စွမ်းရည်ကို မနိုးထရသေးချေ။ သို့ဖြစ်၍ ၎င်း၏ ခွန်အားက သာမန်သာ ဖြစ်၏။

“ အတောင်ပံပါကျားနက်နဲ့ မီးခိုးရောင်ဝံပုလွေက အဲ့ဒီမိစ္ဆာသားရဲတွေကို သွားတားဆီးမယ်… အနောက်က လိုက်လာတဲ့ အဲ့ဒီနတ်သားရဲက အားမနည်းဘူး… ဒီဟာကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး မင်းရဲ့ တိုက်ခိုက်စွမ်းရည်ကို လေ့ကျင့်ပါ ”

ဟန်မူယဲ့က ကျူးရုန်ကို ပြောသည်။

အစက အနည်းငယ် တုံ့ဆိုင်းနေသော ကျူးရုန်က ရုတ်တရက် ယုံကြည်မှုရှိလာသည်။ သူက ပြုံးလိုက်ပြီး ခြင်းတောင်းကို အောက်ချလိုက်ကာ အတောင်ပံပါကျားနက်ကို ပုတ်လိုက်သည်။ ထိုအခါ အတောင်ပံပါကျားနက်က အတောင်ပံဖြန့်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ခြင်းတောင်းထဲမှ သားရဲပေါက်စလေးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသော ကျူးရုန်ကို မော့ကြည့်လိုက်သည့်အခါ ၎င်း၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။

“ ဗုန်း ”

အဝေးတွင် မီးတောက်မီးလျှံများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ကျူးရုန်၏ ကျယ်လောင်သော ကြုံးဝါးသံကိုလည်း သူတို့ကြားနေရ၏။

ဟွမ်ယန်မျိုးနွယ်စုမှ လူများက မျက်နှာတည်ကြည်သွားကြပြီး မီးတောက်များ ထွက်ပေါ်လာသော အရပ်ဆီသို့ ကြည့်လိုက်ကြသည်။

“ ကျူးရုန် အနိုင်ရနိုင်လား ”

ရှီချန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ မေးသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

“ သူမနိုင်ဘူး ”

မနိုင်ဘူးလား…။

ရှီချန်းက တုန်ယင်သွားသည်။

“ ဒါပေမဲ့ သူ့ကိုယ်သူ လေ့ကျင့်တာက ပြဿနာမရှိ‌လောက်ပါဘူး ”

ဟန်မူယဲ့က ထပ်မံ ပြောသည်။

ထိုစဉ် အဝေးတစ်နေရာ၌ စူးရှသော အော်မြည်သံက ပဲ့တင်ထပ်လာသည်။ အနက်ရောင်ငှက်တစ်ကောင်က အတောင်ပံဖြန့်၍ မီးတောက်များ ထွက်ပေါ်လာသော အရပ်ဆီသို့ ပျံသန်းသွားသည်။

“ နောက်ထပ် နတ်သားရဲတစ်ကောင်လား ”

ရှီချန်းက တုန်ယင်သွားပြီး ရေရွတ်လိုက်သည်။

“ အခြေအနေမကောင်းတော့ဘူး… ”

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ သူ့ဘေးမှ ဟန်မူယဲ့က အပြာရောင်လှံကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အရှေ့သို့ ပစ်လွှတ်လိုက်ကြောင်း သူမြင်သွားသည်။

“ သူ့ကိုယ်သူ လေ့ကျင့်ပါစေလို့ ငါမပြောခဲ့ဘူးလား… ဘာလို့ မင်းက ကိုယ့်သေလမ်းကိုယ်ရှာချင်တာလဲ ”

ဟန်မူယဲ့၏ စကားသံ အဆုံးသတ်သွားသည်နှင့် လှံရှည်က အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းက အရွယ်အစားကြီးမားသော အနက်ရောင်ငှက်ကို တိုက်ရိုက် ထိမှန်သွားသည်။

လှံက အနက်ရောင်ငှက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး အဝေးမှ တောင်ကုန်းတစ်ခုပေါ်သို့ ထိုးစိုက်သွားသည်။

“ ဝုန်း ”

အနီရောင်အလင်းက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။

အနက်ရောင်ငှက်က စူးရှစွာ အော်ဟစ်ညည်းညူလိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ သို့သော်လည်း ၎င်းက ပေတစ်ထောင်အမြင့်သို့ ပျံသန်းပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

မီးခိုးငွေ့နှင့် ဖုန်မှုန့်က လွင့်စင်သွားသည်။

လျောင်ယွမ်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ကြပြီး အနက်ရောင်ငှက် ပြုတ်ကျသွားသော နေရာဆီသို့ အပြေးအလွှား သွားကြသည်။

အဝေးတွင် မိစ္ဆာသားရဲများကို ဟန့်တားထားသော အတောင်ပံပါကျားနက်က ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်လေရာ ၎င်း၏ ကျောရိုးက ချမ်းစိမ့်သွားသည်။

အကယ်၍ အစောနက ၎င်းသာ အညံ့မခံခဲ့လျှင် ထိုငှက်ကဲ့သို့ ၎င်းသေဆုံးသွားလိမ့်မည်လော။

၎င်းက အခြားတစ်ဖက်သို့ ခေါင်းလှည့်လိုက်လေရာ ဘေးမှ မီးခိုးရောင်ဝံပုလွေက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ၎င်းကို ကြည့်နေကြောင်း မြင်သွားသည်။

မင်းက နတ်သားရဲဖြစ်တော့ရော ဘာအရေးလဲ… ။

ငါ့သခင်က ဘယ်လောက်ကြမ်းလဲ မင်းမြင်ပြီလား… ။

ဟန်မူယဲ့၏ ဘေးမှ ဟွမ်ယန်မျိုးနွယ်ဝင်များက စိတ်ရှုပ်ထွေးမှုနှင့် ချောက်ချားမှုကို ခံစားမိသွားကြသည်။

၎င်းက နတ်သားရဲတစ်ကောင် ဖြစ်သည်။

လူသားတစ်ယောက်က နတ်သားရဲတစ်ကောင်ကို အမှန်တကယ် အမဲလိုက်နိုင်သည်လား။

ဤကမ္ဘာဦးလောကထဲမှာ နတ်သားရဲများကသာလျှင် လူသားမျိုးနွယ်ကို အမြဲအမဲလိုက်ခဲ့ခြင်း မဟုတ်ပါလော။

ကျူးရုန်၏ ဦးလေးဖြစ်သော ရှီချန်း၏ နှုတ်ခမ်းက တုန်ယင်သွားသည်။ ယခု မည်သည့်စကားကို သူပြောသင့်ကြောင်း မသိတော့ပေ။

ခြင်းတောင်းထဲမှ သားရဲပေါက်စလေးက ကြောက်ရွံ့စွာ ခေါင်းပြန်ငုံ့သွားသည်။

အဝေးမှ သားရဲအရှိန်အဝါအများစုက ချက်ချင်း ပြန်ရုပ်သိမ်းသွားကြသည်။ ၎င်းတို့က အရှေ့တတ်လာရန် ဆန္ဒမရှိကြတော့ချေ။

မည်သို့ဖြစ်ပါစေ ထိုလှံပစ်ချက်ကို မည်သည့်နတ်သားရဲမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ ဗုန်း ”

ပေါက်ကွဲသံက အဝေးမှ ပဲ့တင်ထပ်လာသည်။

ထို့နောက် ကျူးရုန်က စိတ်လှုပ်ရှားစွာ ကြုံးဝါးလိုက်သည်။

ဤသည်မှာ သူက အနိုင်ရရှိတော့မည့်အလားပင်။

ရှီချန်းက ခေါင်းခါလိုက်သည်။

သူ၏ တူတော်က နတ်သားရဲတစ်ကောင်ကို အမှန်တကယ် အနိုင်မယူနိုင်ပေ။ ထိုနတ်သားရဲက အစောနက လှံပစ်ချက်ကြောင့် ၎င်း၏ တိုက်ခိုက်ချင်စိတ်ကို ဆုံးရှုံးသွားခဲ့ခြင်းသာ ဖြစ်၏။

တိုက်ခိုက်ချင်စိတ်မရှိမှတော့ ထိုနတ်သားရဲက မည်သို့ကြောင့် ကျူးရုန်ကို အနိုင်ယူနိုင်မည်နည်း။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။

တစ်ခဏကြာပြီးနောက် ဆူညံသံများနှင့် ပေါက်ကွဲသံများက ငြိမ်သက်သွားပြီး သွေးချီအလင်းနှင့် မီးတောက်များက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။

ကျူးရုန်သည် သူ၏ လှံကို တရွတ်တိုက်ဆွဲလျက် ပြန်ရောက်လာသည်။ သူ၏ မျက်နှာပေါ်မှာ ဆန္ဒမရှိသော အမူအရာ ထွက်ပေါ်နေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်စွမ်းအားက ယခုထိ မပျောက်ကွယ်သေးပေ။

“ အဲ့ဒီကောင်က ထွက်ပြေးသွားတာ အရမ်းမြန်တယ်… ငါသူ့ကို မထိန်းထားနိုင်ခဲ့ဘူး ”

ဟန်မူယဲ့အနားသို့ ချဉ်းကပ်လာပြီးနောက် ကျူးရုန်က နောင်တရစွာ ပြောသည်။

ထိုကောင်က နတ်သားရဲတစ်ကောင်ကို ဖမ်းဆီးချင်သည်လား။

ရှီချန်းက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖော်လိုက်သည်။ သူက မည်သည့်စကားမှ မပြောနိုင်ပေ။

ဟွမ်ယန်မျိုးနွယ်စုမှ တခြားလူများက ချောက်ကပ်ကပ် ရယ်မောလိုက်ကြသည်။

All Chapters