အခန်း (၁၅၂၂)
Vol. 109 Ch. 1522
အတောင်ပံပါကျားနက်နှင့် မီးခိုးရောင်ဝံပုလွေသည် မိစ္ဆာသားရဲတချို့ကို တရွတ်တိုက်ဆွဲ၍ ပြန်ရောက်လာကြသည်။
အဝေးတွင် လျောင်ယွမ်မျိုးနွယ်ဝင်များက အစောန ဟန်မူယဲ့ပစ်လွှတ်ခဲ့သော လှံနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသေဆုံးသွားခဲ့သော အနက်ရောင်ငှက်၏ အလောင်းကို ဆွဲ၍ ဖြည်းဖြည်းချင်း ပြန်ရောက်လာကြသည်။
ထိုအနက်ရောင်ငှက်ကို မြင်လိုက်သောအခါ ကျူးရုန်၏ မျက်လုံးက ဝင်းလက်သွားသည်။
“ ညီအကိုဟန်… အဲ့ဒီအနက်ရောင်ငှက်ရဲ့ သွေးအနှစ်သာရက အရမ်းသိပ်သည်းတယ်… အဲ့ဒါကို စားလိုက်မယ်ဆိုရင် သေချာပေါက် အားရှိလိမ့်မယ် ”
ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအားရှိသွားလေရာ သူက နတ်သားရဲများ၏ စွမ်းအားအပေါ် တခြားလူများထက် ပိုပြီးရှင်းလင်းစွာ အာရုံခံနိုင်သွားသည်။
သူက နတ်သားရဲများ၏ သွေးမျိုးဆက်စွမ်းအားကိုလည်း သန့်စင်နိုင်သွားသည်။
“ ဟွမ်ယန်မျိုးနွယ်စုထဲမှာ လူဘယ်နှစ်ယောက်လောက် အသက်ရှင်နေသေးလဲ သွားကြည့်ရအောင် ”
“ တကယ်လို့ လွင့်မျောမိုးတိမ်သားရဲက သေဆုံးသွားမယ်ဆိုရင် အဲ့ဒီကောင်လေးကို ဆက်ထိန်းသိမ်းဖို့ ခက်ခဲလိမ့်မယ် ”
ဟန်မူယဲ့က အဝေးသို့ လှည့်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
သူ၏ စကားက ဟွမ်ယန်မျိုးနွယ်စုမှ လူများကို ခပ်သုတ်သုတ် ပြေးသွားစေသည်။
သူတို့၏ မျိုးနွယ်ဝင်များက မိစ္ဆာသားရဲများ၏ အမဲလိုက်ဖမ်းခံနေရဆဲပင်။
ကျူးရုန်က ခေါင်းညိတ်လိုက်သည်။ သူက အတောင်ပံပါကျားနက်ကို စီးနင်း၍ အရှေ့သို့ ဦးတည်သွားသည်။
တခြားမျိုးနွယ်ဝင်များက အချင်းချင်း ကြည့်လိုက်ကြသည်။ မည်သို့ဆက်လုပ်သင့်ကြောင်း သူတို့မသိကြချေ။
“ မင်းတို့က ဒီအနက်ရောင်ငှက်နဲ့ အဲ့ဒီသားရဲပေါက်စလေးကို ပြန်သယ်သွားပါ ”
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး လှံရှည်ကို ဆုပ်လိုက်သည်။ ထို့နောက် သူက မီးခိုးရောင်ဝံပုလွေကို ကြည့်လိုက်ပြီး ပြောသည်။
“ သူတို့ကို မင်းက ပြန်ခေါ်သွားပေးပါ ”
စကားဆုံးသည်နှင့် သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး ပေတစ်သောင်းအကွာအဝေးကို ဖြတ်ကျော်သွားသည်။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲမှာ ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာသည်။
ယင်းက လေထု အက်ကွဲသွားသော အသံဖြစ်သည်။
ထိုအလျင်က အလွန်ကြောက်စရာကောင်းသည်။
ယင်းကို မြင်သောအခါ လျောင်ယွမ်မျိုးနွယ်ဝင်များနှင့် မီးခိုးရောင်ဝံပုလွေက အနက်ရောင်ငှက်ကို သယ်ဆောင်၍ သူတို့၏ မျိုးနွယ်စုဆီသို့ ပြန်သွားကြသည်။
ဟန်မူယဲ့က ဟွမ်ယန်မျိုးနွယ်စု၏ ဦးတည်ရာဆီသို့ မသွားပေ။ ယင်းအစား သူက တခြားဦးတည်ရာဆီသို့ ပြေးသွားသည်။
ကျူးရုန်နှင့် တခြားလူများက ယင်းကို အာရုံမခံနိုင်သော်လည်း ဟန်မူယဲ့သည်တော့ ခြားနားပေသည်။
အစောနက မိုင်တစ်ထောင်အဝေးမှာ အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း သူအာရုံခံမိခဲ့သည်။
ယင်းက နတ်သားရဲများကြားမှ တိုက်ပွဲဖြစ်သည်။ နတ်သားရဲများက အနည်းဆုံး ငါးကောင်ရှိလိမ့်မည်။
၎င်းတို့က အစောနက အနက်ရောင်ငှက်ကဲ့သို့ နတ်သားရဲသွေးမျိုးဆက်ကို အပုံတစ်ထောင်ပုံတစ်ပုံသာ ပိုင်ဆိုင်ထားကြခြင်း မဟုတ်ချေ။ ၎င်းတို့က ပြီးပြည့်စုံသော နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် ကမ္ဘာဦးနတ်သားရဲများ ဖြစ်ကြသည်။
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ မှိန်ဖျော့သော ဝိညာဉ်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ထိုဝိညာဉ်အလင်းသည် အစောနက သားရဲပေါက်စထံမှ သူဆွဲထုတ်ခဲ့သောအရာ ဖြစ်သည်။
ထိုဝိညာဉ်အလင်းတန်းက ယခု သူ့အား အရှေ့မှ တိုက်ပွဲဆီသို့ သွားရောက်နိုင်ရန် လမ်းညွှန်ပေးနေသည်။
သူ၏ အလျင်က အဆုံးစွန်ထိ တိုးမြှင့်သွားလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက လေဟာနယ်ကူးပြောင်းဂိတ်တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားဟန် ရ၏။
ဤကမ္ဘာဦးလောကက အလွန်တည်ငြိမ်သည်။ သို့မဟုတ်လျှင် ဟန်မူယဲ့၏ လက်ရှိအလျင်က ဟင်းလင်းပြင်နှင့် လေဟာနယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားနိုင်စွမ်းရှိ၏။
အလျင်က ပိုပြီးမြန်ဆန်လေ လေဟာနယ်ဖိအားက ပိုပြီးကြီးမားလေပင်။
သူ၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်စွမ်းအားက လေဟာနယ်၏ ဖျစ်ညှစ်ခံနေရပြီး အဆုံးမဲ့စွာ အော်မြည်နေသည်။
အပြည့်အဝ မပေါင်းစည်းသေးသော နဂါးမီကျောင်းစွမ်းအားနှင့် အသစ်ပြန်လည်ဖွဲ့စည်းသွားသော ခွေသားရဲစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ နောက်တဖန် ထွက်ပေါ်လာသည်။
သူ၏ ရုပ်ခန္ဓာကိုယ်က လောင်ကျွမ်းနေဟန်ရပြီး မသန့်စင်မှုများကို အစဉ်အမြဲ စွန့်ထုတ်ပေးနေသည်။ ထိုနည်းဖြင့် သန့်စင်သော အနှစ်သာရသာလျှင် သူ၏ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိတော့လိမ့်မည်။
စွန့်ထုတ်ခံနေရသော ထိုအညစ်အကြေးများက သာမန်မဟုတ်ပေ။ ယင်းတို့က မူလစွမ်းအားဖြစ်သည်။
ဟန်မူယဲ့၏ အလျင်က ရူးသွပ်ဖွယ်ကောင်းစွာ တိုးမြှင့်သွားသည့်အခါ တောက်ပသော ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဒီတော့ အဲ့ဒီလိုကို… ။
ဤလောကထဲတွင် မူလဇစ်မြစ် အများကြီး ရှိသည်။ သို့သော်လည်း မူလဇစ်မြစ်အားလုံးကို အဆုံးစွန်ထိ မကျင့်ကြံနိုင်ပေ။
မူလဇစ်မြစ်အနည်းစုကသာ လမ်းအဆုံးထိ ကျင့်ကြံနိုင်ရန် အထောက်အပံ့ပေးနိုင်ကြသည်။
ထို့ပြင် ဘုံအားလုံးဆီမှာ အထောက်အပံ့မူလဇစ်မြစ်များ ကိုယ်စီရှိကြသည်။ ဘုံနှင့် သင့်လျော်သော မူလစွမ်းအားက ကျင့်ကြံသူများအား အကြွင်းမဲ့စွမ်းအားကို ထုတ်လွှတ်နိုင်စေလိမ့်မည်။
ယင်းက အုပ်ချုပ်သူအဆင့်ဖြစ်သည်။
ယခု ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းနေသော မူလစွမ်းအားက ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ အသုံးမဝင်သော မူလစွမ်းအားသာ ဖြစ်သည်။ သို့ဖြစ်၍ အသန်မာဆုံး မူလစွမ်းအားသာလျှင် သူ၏ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့လိမ့်မည်။
ယင်းက လက်နက်သန့်စင်ခြင်း၏ အညစ်အကြေးစွန့်ထုတ်ခြင်းနှင့် ဆင်တူသည်။
အကြိမ်တစ်ထောင် သန့်စင်ပြီးသွားသည့်အခါ အစစ်အမှန် အနှစ်သာရသာလျှင် ကျန်နေတော့လိမ့်မည်။
“ ဗုန်း ”
ကျယ်လောင်သော မြည်သံက အရှေ့တွင် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး တောင်ကုန်းတစ်ခုပေါ်မှာ ရပ်လိုက်သည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် သွေးချီစွမ်းအားက သွေးနီရောင်နဂါးတစ်ကောင်အဖြစ် သိပ်သည်းသွားသည်။
အစိမ်းရောင်တောင်ကုန်းပေါ်မှာ မတ်တတ်ရပ်နေစဉ် ဟန်မူယဲ့က သူ့အရှေ့မှ တိုက်ပွဲကို မြင်တွေ့သွားသည်။
ယင်းက နတ်သားရဲငါးကောင်ကြားမှ တိုက်ပွဲမဟုတ်ပေ။ ယင်းအစား ရှစ်ကောင်ဖြစ်သည်။
နတ်သားရဲငါးကောင်မှလွဲ၍ ကျန်သည့် နတ်သားရဲများမှာ မသန့်စင်သော နတ်သားရဲသွေးမျိုးဆက်ရှိလေရာ ၎င်းတို့က ကျူးရုန်တိုက်ခိုက်ခဲ့သော အတောင်ပံပါကျားနက်ထက် အနည်းငယ်မျှသာ ပိုသန်မာကြသည်။
အစစ်အမှန် နတ်သားရဲလေးကောင်က ဆယ်ပေရှည်လျားကြပြီး ခြေတစ်ချောင်းသာရှိသော အနီရောင်ငှက်သားရဲတစ်ကောင်ကို ဝိုင်းရံထားကြသည်။
ဘီဖန်… ။
ခြေတစ်ချောင်းသာရှိပြီး အတောင်ပံနှစ်စုံပါသော ထိုအနီရောင်ငှက်သားရဲက ကမ္ဘာဦးနတ်သားရဲဘီဖန် ဖြစ်သည်။
၎င်းက ခြင်းတောင်းထဲမှ သားရဲပေါက်စလေး၏ သွေးမျိုးဆက်ပိုင်ရှင်လည်း ဟုတ်၏။
ဘီဖန်၏ အနောက်တွင် အရွယ်အစား အနည်းငယ်ပိုသေးသော ရောင်စုံငှက်တစ်ကောင်က ထွန်းလင်းတောက်ပသော အလင်းကို ထုတ်လွှတ်နေသည်။
၎င်းက လွင့်မျောမိုးတိမ်သားရဲဖြစ်ပြီး သားရဲပေါက်စလေး၏ မိခင်ဖြစ်သည်။
ရှင်းလင်းစွာပင် ဘီဖန်က ၎င်းအနောက်မှ လွင့်မျောမိုးတိမ်သားရဲကို ကာကွယ်ပေးနေသည်။
ကြည့်ရသည်မှာ ယွမ်ယန်မျိုးနွယ်စု၏ တိုတမ်နတ်သားရဲဆီမှာ အထောက်အပံ့မရှိခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းက သတိလက်လွတ်ဖြစ်သွားသောကြောင့် ခံလိုက်ရခြင်းသာ ဖြစ်၏။
ထိုဘီဖန်က ၎င်း၏ အထောက်အပံ့ဖြစ်သည်။
ဘီဖန်ကို ဝိုင်းရံထားကြသည့် နတ်သားရဲလေးကောင်အနက် တစ်ကောင်မှာ နဂါးခန္ဓာကိုယ်နှင့် မြွေဦးခေါင်းရှိသည်။ အခြားတစ်ကောင်က ဝံပုလွေခန္ဓာကိုယ်နှင့် ကျားဦးခေါင်းရှိသော နတ်သားရဲဖြစ်ပြီး ၎င်း၏ ကျားအစွယ်များက အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက ကမ္ဘာဦးနတ်သားရဲတိမ်ကြောင် ဖြစ်သည်။
တခြားနတ်သားရဲနှစ်ကောင်၏ ကျောပေါ်တွင် ထူထဲသော အခွံတစ်ခုရှိပြီး ၎င်းတို့က ကမ္ဘာဦးရေလိပ်နှင့် အနည်းငယ် ဆင်တူကြသည်။ ၎င်းတို့ကို ကြေးမုံလိပ်ဟု ခေါ်သည်။
အလွန်အားကောင်းသော ခုခံကာကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ကြေးမုံလိပ်နှစ်ကောင်က အရှေ့ဆုံးမှာ နေရာယူထားကြပြီး ဘီဖန်၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးနေကြသည်။
တိမ်ကြောင်သည်တော့ လျှင်မြန်စွာ ရွေ့လျားနေရင်း ဘီဖန်ကို အဆက်မပြတ် ထိုးနှက်နေသည်။ အခြားတစ်ဖက်မှာတော့ မြွေနဂါးက ဘီဖန်၏ ချက်ကောင်းကို ထိထိမိမိ တိုက်ခိုက်နိုင်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်။
အစွမ်းထက် နတ်သားရဲလေးကောင်ထဲတွင် မြွေနဂါးသည်သာ ဘီဖန်၏ အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
မြွေနဂါးမှ မှုတ်ထုတ်လိုက်သော မီးခိုးရောင်မြူခိုးက ဘေးပတ်ဝန်းကျင်မှ နယ်မြေကို ဖုံးလွှမ်းသွားပြီး ပုံရိပ်အကြွင်းအကျန်များကို ထွက်ပေါ်စေသည်။ ထိုပုံရိပ်အကြွင်းအကျန်များက တိမ်ကြောင်၏ မြန်ဆန်လွန်းသော ရွေ့လျားမှုမှ ကျန်ရစ်ခဲ့သော အရိပ်များသာ ဖြစ်၏။
ကြေးမုံလိပ်နှစ်ကောင်က လိပ်အခွံထဲမှာ ပုန်းအောင်းနေကြပြီး ၎င်းတို့၏ အမြှီးရှည်ကို ကြာပွတ်သဖွယ် လွှဲယမ်းနေကြသည်။ ၎င်းတို့၏ အမြှီးရှည် ဖြတ်သန်းသွားသည့်နေရာတိုင်း စူးရှသော လေခွင်းသံက ထွက်ပေါ်လာလိမ့်မည်။
ထိုအစွမ်းထက် နတ်သားရဲများ၏ အရှေ့တွင် ဘီဖန်၏ တစ်ကိုယ်လုံးကို မီးတောက်များက အပြည့်ဖုံးလွှမ်းထားသည်။ ၎င်း အတောင်ပံဖြန့်ကားလိုက်သည့်အခါတိုင်း မီးလျှံတိမ်များက ရန်သူအားလုံးထံမှ တိုက်ခိုက်မှုများနှင့် တွေ့ဆုံသွားသည်။
ထို့ပြင် ၎င်းက ခြေထောက်တစ်ချောင်းကို အသုံးပြု၍ ပြင်းထန်သော ကန်ချက်များကို ထုတ်ဖော်နေသည်။ ယင်းက မီးခိုးရောင်မြူခိုးထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသော တိမ်ကြောင်ကို စိုးရိမ်ကြောက်လန့်စေသည်။ သို့ဖြစ်၍ ၎င်းက ဘီဖန်၏ အနားသို့ မဆင်မခြင် မချဉ်းကပ်သွားဝံ့ချေ။
ခုခံကာကွယ်မှုအားကောင်းသော ကြေးမုံလိပ်များသည်ပင် ဘီဖန်၏ ခြေကန်ချက်ကို တိုက်ရိုက် မခံယူဝံ့လေရာ ဂရုတစိုက် တိမ်းရှောင်နေကြသည်။
ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ တိုက်ပွဲဖြစ်ပြီး ဤနေရာတွင် မိုးမြေစွမ်းအား၏ ဖိနှိပ်မှုက အလွန်အားကောင်းသည်။ တစ်နည်းဆိုရသော် အကယ်၍ ဤနေရာမှာသာ မဟုတ်ဘဲ အပြင်လောကမှာဆိုလျှင် ထိုနတ်သားရဲများက ပေတစ်သောင်းအရွယ်အစားထိ ကြီးမားကြလိမ့်မည်။
မိုးမြေစွမ်းအား၏ ဖိနှိပ်မှုသာမရှိလျှင် ၎င်းတို့၏ တိုက်ခိုက်မှုတစ်ခုစီက ကြယ်များနှင့် ကြယ်စင်စုများကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
ယင်းက အထက်ဘုံနှင့် အဆင့်နိမ့်ဘုံကြားမှ ကွာခြားမှုလည်း ဟုတ်၏။ အထက်ဘုံမှ တိုက်ပွဲများသည် မူလစွမ်းအားပေါ်မှာ အဓိကအခြေခံပြီး အလွန်အန္တရာယ်များသည်။
ဟန်မူယဲ့၏ ရောက်ရှိလာမှုက တိုက်ပွဲကို တစ်ခဏ ရပ်တန့်သွားစေသည်။
ဘီဖန်က ဟန်မူယဲ့ကို ကြည့်လိုက်လေရာ အလင်းစီးကြောင်းတစ်ခုက ၎င်း၏ သုံးရောင်ခြယ်မျက်လုံးများထဲမှာ ပေါ်လျှိုးလာသည်။
ဘီဖန်၏ အနောက်မှ လွင့်မျောမိုးတိမ်သားရဲက အော်ဟစ်လိုက်ပြီး ၎င်း၏ အတောင်ပံများကို ညင်သာစွာ တဖျပ်ဖျပ်ခတ်လိုက်သည်။
အစစ်အမှန် နတ်သားရဲလေးကောင်ထဲတွင် မြွေနဂါးက တရှဲရှဲ နှာမှုတ်လိုက်ပြီး မီးခိုးရောင်မြူခိုးကို ထုတ်လွှတ်လိုက်သည်။ ထိုစဉ် မီးခိုးရောင်မြူခိုးထဲမှာ ပုန်းအောင်းနေသော တခြားသားရဲနှစ်ကောင်က ဟန်မူယဲ့ဆီသို့ ဦးတည်သွားကြသည်။
ထိုသားရဲနှစ်ကောင်သည် လွင့်မျောမိုးတိမ်သားရဲကဲ့သို့ပင် ၎င်းတို့ဆီမှာ အစွမ်းထက် နတ်သားရဲသွေးမျိုးဆက် မရှိပေ။
၎င်းတို့ထဲမှ သားရဲတစ်ကောင်ကို မီးခိုးဖြူရောင်အမွှေးရှည်များဖြင့် ဖုံးလွှမ်းထားပြီး ၎င်းက မြင်းနှင့် ဆင်တူသည်။ တခြားသားရဲသည်တော့ သံမဏိမျောက်ဖြစ်ပြီး ၎င်း၏ တစ်ကိုယ်လုံးကို သံမဏိအကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ လက်မောင်းနှစ်ဖက်က အလွန်ထွားကြိုင်းပြီး ၎င်း၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သည်။
ထိုသားရဲနှစ်ကောင်က သန္ဓေပြောင်းသားရဲများဖြစ်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှာ နတ်သားရဲသွေးမျိုးဆက် တစ်စွန်းတစ်စ ရှိသည်။ ၎င်းတို့၏ မျိုးနွယ်က ခွန်အားကို အဓိကအလေးထားသည်။
ဤအခိုက်အတန့်မှာ အပြာရောင်အလင်းက အမွှေးရှည်မြင်း၏ ဦးချိုထံမှ ပေါ်လျှိုးလာပြီး မရေမတွက်နိုင်သော ကြိုးများအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့ထံသို့ ပျံသန်းသွားသည်။
၎င်းတို့က မည်သည့်စကားမှ မပြောဘဲ စတင်တိုက်ခိုက်လိုက်ကြသည်။
ယင်းက ရှေးဦးအပျက်အစီးတောအုပ်၏ လုပ်ပုံကိုင်ပုံ ဖြစ်သည်။ ဤနေရာမှာ မည်သည့်ဥပဒေမှ မရှိပေ။
ဟန်မူယဲ့၏ အရှေ့တွင် ကြိုးများက လေထဲမှာ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ ချွန်ထက်သော သံမဏိအကြေးခွံများက သူ့ဆီသို့ ချဉ်းကပ်လာကြသည်။
ကြိုးများက လျော့တိလျော့ရဲပုံပေါ်သော်လည်း ယင်းတို့က ပစ်မှတ်ကို စွပ်သွားသည်နှင့် အစွမ်းထက် နတ်သားရဲတစ်ကောင်သည်ပင် ယာယီချုပ်နှောင်ခံရလိမ့်မည်။
စကြာသဖွယ် လှည့်ပတ်နေသော သံမဏိအကြေးခွံများသည်တော့ ယင်းတို့က တောင်တစ်လုံးကိုပင် အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။ ယခု ထိုအကြေးခွံများက ဟန်မူယဲ့ထံသို့ အရပ်မျက်နှာအဘက်ဘက်မှ ဦးတည်သွားနေလေရာ သူ့အတွက် တိမ်းရှောင်ရန် မလွယ်ကူပေ။
ဤကမ္ဘာဦးလောကတွင် မိုးမြေစွမ်းအား၏ ဖိနှိပ်မှုက အလွန်ပြင်းထန်လေရာ ထိုနတ်သားရဲများ၏ စွမ်းအားက ကြီးမားစွာ ကန့်သတ်ခံထားရသည်။ သို့သော်လည်း ယင်းက ထိုနတ်သားရဲများက အလုံအလောက် မသန်မာဘူးဟု မဆိုလိုပေ။
၎င်းတို့၏ မူလစွမ်းအားဖြစ်စေ သို့မဟုတ် တိုက်ခိုက်ရေးနည်းလမ်းများဖြစ်စေ အံ့မခန်း အစွမ်းထက်ကြသည်။
ဟန်မူယဲ့က အရှေ့သို့ စိုက်ကြည့်လိုက်လေရာ သူ၏ ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်နေသော သွေးချီစွမ်းအားက ရုတ်တရက် နိုးထလာသည်။
“ ဘန်း ”
နီညိုရောင်မီးတောက်များက သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်သွားပြီး နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ယင်းက သူ၏ ရွှေကျီးကန်းသွေးမျိုးဆက်စွမ်းအား ဖြစ်သည်။ ထို့ပြင် ထိုသွေးမျိုးဆက်စွမ်းအားက ဤနေရာမှ မိုးမြေစွမ်းအား၏ ဖိနှိပ်မှုကြောင့် အလွန်သန့်စင်သွားသည်။
နီညိုရောင်မီးတောက်များက တစ်ဟုန်းဟုန်း တောက်လောင်လာသည်။
မူလစွမ်းအား… ။
အပြာရောင်ကြိုးများက ဟန်မူယဲ့အနားသို့ မရောက်မီ ဆယ်ပေအကွာမှာ မီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရသည်။ ထိုမျှသာ မဟုတ်ပေ။ မီးတောက်များက အမွှေးရှည်မြင်းဆီသို့ ဆက်လက် ဦးတည်သွားသည်။
ထိုမီးတောက်ကို မငြိမ်းသတ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်များက အမွှေးရှည်မြင်းကို ဖုံးလွှမ်းသွားသည်။
အခြားတစ်ဖက်တွင်တော့ မီးတောက်များက စက်ကွင်းသဖွယ် လှည့်ပတ်သွားပြီး ထက်ရှသော အကြေးခွံများကို ခုခံတားဆီးလိုက်သည်။
ထိုအကြေးခွံများ အရှေ့သို့ တိုးဝင်လာသည်နှင့် မီးတောက်များကြောင့် အရည်ပျော်သွားလိမ့်မည်။
ယင်းတို့က ဟန်မူယဲ့အနားသို့ ရောက်ရှိသွားသည်နှင့် လုံးဝ အရည်ပျော်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ထိုအကြေးခွံများကို ပစ်လွှတ်ခဲ့သော သံမဏိမျောက်က တုန်ယင်သွားပြီး နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။
အမွှေးရှည်မြင်းက သံမဏိမျောက်ထက် ပိုပြီးအခြေအနေဆိုးသည်။ ၎င်းက ခန္ဓာကိုယ်ပေါ်မှ မီးတောက်ကို ငြိမ်းသတ်ရန် မြေပြင်ပေါ်မှာ လူးလွန့်လိုက်သည်။ သို့သော်လည်း ၎င်း၏ ကြိုးစားမှုက အချည်းနှီးသာဖြစ်၏။
ရွှေကျီးကန်းနတ်ဘုရားမီးတောက်ကို မည်သို့ကြောင့် အလွယ်တကူ ငြိမ်းသတ်နိုင်မည်နည်း။