အခန်း (၁၅၂၄)
Vol. 109 Ch. 1524
ဘီဖန်၏ ဘေးမှာ ပျံသန်းနေစဉ် ဟန်မူယဲ့၏ အမူအရာက တဖြည်းဖြည်း ပိုပြီးလေးနက်သွားသည်။
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် အင်အားစုများက မရေမတွက်နိုင်အောင် ပြန့်ကျဲနေကြသည်။
အပျက်အစီးနယ်မြေထဲမှ နတ်သားရဲအများအပြားက ပြန်လည်မွေးဖွားရန်ဟူသော ရည်ရွယ်ချက်အတွက် ရှေးဦးအပျက်အစီးကုန်းမြေကို တိုက်ခိုက်နေကြသည်။
သူတို့က ရှေးဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားကို အသုံးပြု၍ ကျင့်ကြံခြင်းလောကဆီသို့ ပြန်သွားချင်ကြသည်။
ကျင့်ကြံခြင်းလောကက မကြာခင်မှာ စကြာဝဠာကပ်ဘေးဖြင့် ဖုံးလွှမ်းခံရတော့မည်ကို ၎င်းတို့သိထားသည့်တိုင် ထိုအတွက် ဆန္ဒရှိကြဆဲပင်။
ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲမှ နတ်သားရဲများသည် စကြာဝဠာကပ်ဘေးက နောက်တစ်ကြိမ် ပေါ်လျှိုးလာနေပြီဖြစ်ကြောင်း သိထားကြသည်။ ထို့ကြောင့် တချို့ကလန်များက အနောက်ဆုတ်သွားကြပြီး ကပ်ဘေးမရောက်နိုင်သော အကွာအဝေးမှာ နေထိုင်ကြသည်။
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက စကြာဝဠာကပ်ဘေးသည်ပင် မထိုးဖောက်နိုင်သောနေရာ ဖြစ်၏။
သို့သော်လည်း နတ်သားရဲအများအပြားက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ သွေးဆောင်ခံလိုက်ရပြီး ပြန်လည်မွေးဖွားရန် ဆန္ဒရှိလာကြသည်။
“ သူတို့က ဘယ်လိုငါးစာကို အသုံးပြုခဲ့လို့လဲ ”
ဟန်မူယဲ့က စူးစမ်းလိုစွာ မေးသည်။
ဘီဖန်က ခေါင်းခါလိုက်သည်။ ထို့နောက် ၎င်း၏ မျက်လုံးက ဝင်းလက်သွားသည်။
“ ပြောကြတာတော့ သူတို့က ကမ္ဘာဦးခေတ်က နဂါးမီကျောင်းဆီကနေ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်တဲ့ ”
နဂါးမီကျောင်းလား… ။
နဂါးမီကျောင်း၏ ဦးခေါင်းခွံက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲမှာ ဖိနှိပ်ခံထားရဆဲပင်။
တုံထျန်းအင်မော်တယ်ဘုရင်သည်လည်း ထိုနေရာမှာ ရှိသည်။
နဂါးမီကျောင်း၏ ကိုယ်ပေါ်မှာ ရှာတွေ့ခဲ့သော လျှို့ဝှက်ချက်က မည်သည့်အရာဖြစ်ကြောင်း ဟန်မူယဲ့ မသိပေ။ သို့သော်လည်း ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်သော နတ်သားရဲတစ်ကောင်၏ လက်ထဲမှ လျှို့ဝှက်ချက်က ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲမှ နတ်သားရဲများကို အမှန်တကယ် သွေးဆောင်နိုင်ပေသည်။
ဘီဖန်၏ စကားအရ ယခု ကမ္ဘာဦးအပျက်အစီးကုန်းမြေက မျိုးနွယ်မတူညီသော အစွမ်းထက်နတ်သားရဲအင်အားစုတစ်သောင်း၏ ပိုင်းခြားခံထားရသည်။
၎င်းတို့ထဲမှ တချို့အင်အားစုများက ရှေးဦးအပျက်အစီးကုန်းမြေကို တိုက်ခိုက်နေကြပြီး ထိုနယ်မြေအတွင်းသို့ ကျူးကျော်နေကြသည်။
တခြားအင်အားစုများသည်တော့ ၎င်းတို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေကြရင်း လာမည့်ကပ်ဘေးကို ရင်ဆိုင်ရန် အရင်းအမြစ်များ လိုက်လံစုဆောင်းနေကြသည်။
စကြာဝဠာကပ်ဘေး စတင်သည့်အခါ မည်သည်သက်ရှိမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ကမ္ဘာဦးအပျက်အစီးကုန်းမြေထဲမှ တချို့နတ်သားရဲများက စကြာဝဠာကပ်ဘေးထဲမှာ ပါဝင်လိုက်ကြသည်။ ၎င်းတို့က ကပ်ဘေးနှင့် ဆက်နွယ်ပြီးပြီ ဖြစ်၏။
“ အခု အားလုံးက ဖရိုဖရဲဖြစ်နေတယ်… မဟုတ်ရင် ဒီကို ငါပျံသန်းလာမှာ မဟုတ်သလို အဲ့ဒီကောင်တွေရဲ့ ချုံခိုတိုက်ခိုက်တာကိုလည်း ခံရမှာမဟုတ်ဘူး ”
“ မြွေနဂါးရဲ့ နောက်ကွယ်မှာ ငါ့ရဲ့ ဘီဖန်မျိုးနွယ်အကြောင်း ကောင်းကောင်းသိတဲ့ အင်အားစုတစ်ခု ရှိလောက်တယ် ”
နတ်ငှက်ဘီဖန်က လေးနက်စွာ ပြောသည်။
ရင်းနှီးတာလား… ။
တကယ်လို့ ရင်းနှီးတယ်ဆိုရင် သူတို့လုပ်ချင်တာက နတ်သားရဲတွေရဲ့ မူလနတ်ဘုရားအင်းသင်္ကေတတွေကို ဝါးမျိုဖို့ နည်းလမ်းတစ်ခု ရှာချင်တာလား… ။
ကြည့်ရသည်မှာ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများကြားတွင် ကြီးမားသော တိုက်ပွဲတစ်ခု ရှိလာတော့မည့်ပုံပေါ်၏။
ခွန်းဝူဆီသို့ ပြန်ရောက်လာကြသော ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲများက ထွက်ပေါ်လာကြမည်လော မသေချာပေ။
“ ဗုန်း ”
အဝေးတွင် မီးတောက်များက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ယင်းက ကျူးရုန်ဖြစ်သည်။
မီးတောက်များက ကျူးရုန်ကို ရစ်ပတ်ထားပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို လှုံ့ဆော်နေသည်။
“ အမ်… အဲ့ဒီကောင်လေး မဆိုးဘူး ”
နတ်ငှက်ဘီဖန်က ကျူးရုန်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို မြင်သွားသောအခါ နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒီသွေးမျိုးဆက်က နောက်ထပ် တိုးတတ်ဖို့ အလားအလာအများကြီး ရှိတယ်… ပြီးတော့ တိုက်ခိုက်စွမ်းအားလည်း အရမ်းကောင်းတယ် ”
ဘေးမှ လွင့်မျောမိုးတိမ်သားရဲက ပြောသည်။
နတ်ငှက်ဘီဖန်သည် အစောနက ဟန်မူယဲ့ကို ကျေးဇူးမတင်ခဲ့ဘဲ ယခု ကျူးရုန်ကို ချီးကျူးနေသည်။ ရှင်းလင်းစွာပင် ၎င်းက မောက်မာထောင်လွှားသော သားရဲတစ်ကောင် ဖြစ်သည်။
အရှေ့တွင် ကျူးရုန်သည် လှံရှည်ကို ကိုင်ဆွဲလျက် မိုးမြေစွမ်းအားကို လှုံ့ဆော်လိုက်ပြီး သူ့ကိုယ်ပိုင် သွေးမျိုးဆက်မီးတောက်နှင့် တစ်သားတည်း ပေါင်းစပ်စေသည်။ သူက ရွှေရောင်မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်လျက် နတ်သားရဲသုံးကောင်နှင့် တိုက်ခိုက်နေသည်။
ထိုနတ်သားရဲသုံးကောင်သည် ပြီးပြည့်စုံသော နတ်သားရဲသွေးမျိုးဆက်ကို မပိုင်ဆိုင်ထားကြချေ။ သို့သော်လည်း ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားသည် အတောင်ပံပါကျားနက်ထက် အားမနည်းချေ။
ယခု သူက အတောင်ပံပါကျားနက်၏ ကျောပေါ်မှာ ထိုင်နေပြီး ကျားမိစ္ဆာ၏ သွေးမျိုးဆက်စွမ်းအားကို ထိန်းချုပ်ထားသည်။ ထို့ပြင် သူထုတ်ဖော်လိုက်သော လှံနည်းစနစ်များက သူ၏ တိုက်ပွဲစွမ်းအားကို အသစ်တဖန် မြင့်တတ်သွားစေသည်။
ထို့ကြောင့် နတ်သားရဲသုံးကောင်က ကျူးရုန်ကို မယှဉ်ပြိုင်နိုင်ပေ။
“ အဲ့ဒါလူသားမျိုးနွယ်ပဲ… ”
နတ်ငှက်ဘီဖန်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
၎င်းက ရှေးဦးအပျက်အစီးတောအုပ်၏ နတ်သားရဲတစ်ကောင်ဖြစ်လေရာ လူသားမျိုးနွယ်အပေါ် အထင်အမြင်သေးလေ့ ရှိသည်။
သို့သော်လည်း လူသားမျိုးနွယ်မှာ ကြီးမားသော အလားအလာရှိကြောင်း အစွမ်းထက် နတ်သားရဲအားလုံးက သိထားကြသည်။
“ ဝူး ”
နွားတစ်ကောင်နှင့် ဆင်တူသော နတ်သားရဲတစ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ ၎င်းက ဦးခေါင်းကို မြှောက်လိုက်ပြီး နာကျင်စွာ အော်မြည်လိုက်သည်။
ထိုအသံကို ကြားသောအခါ နတ်ငှက်ဘီဖန်နှင့် လွင့်မျောမိုးတိမ်သားရဲ၏ မျက်လုံးထဲမှာ နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
“ အဲ့ဒါက ကောင်းကင်ဝါးမျိုနွားမိစ္ဆာရဲ့ သွေးမျိုးဆက်စွမ်းအားပဲ ”
လွင့်မျောမိုးတိမ်သားရဲက အံ့ဩစွာ ပြောသည်။
နတ်ငှက်ဘီဖန်၏ ကိုယ်ပေါ်တွင် သွေးမျိုးဆက်ဖိအား ထွက်ပေါ်လာပြီး မီးတောက်များ ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်များက လေမုန်တိုင်းအသွင် စုဝေးသွားသည်။
“ မင်းတို့ အရင်သွားနှင့်ကြ… အဲ့ဒီကောင်းကင်ဝါးမျိုနွားမိစ္ဆာကို ငါရင်ဆိုင်လိုက်မယ် ”
၎င်းက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်ကာ နတ်ဘုရားစိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။
ကောင်းကင်ဝါးမျိုနွားမိစ္ဆာသည် အလွန်အားကောင်းသော သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထားပြီး နတ်သားရဲများကြားထဲမှာ နာမည်ကျော်ကြားသည်။
၎င်း၏ အဓိကကြောက်စရာအကောင်းဆုံးအရာမှာ အရေအတွက်တစ်ထောင်ခန့်အထိ အုပ်စုဖွဲ့နေထိုင်ကြခြင်း ဖြစ်၏။
အကယ်၍ ၎င်းတို့သာ ကောင်းကင်ဝါးမျိုနွားမိစ္ဆာတစ်ထောင်၏ ဝိုင်းရံတိုက်ခိုက်ခံရမည်ဆိုလျှင် နတ်ငှက်ဘီဖန်တစ်ကောင်ကို မဆိုထားနှင့် ဘီဖန်လေးငါးကောင်သည်ပင် အခြေအနေကောင်းလိမ့်မည် မဟုတ်ချေ။
ဤကောင်းကင်ဝါးမျိုနွားမိစ္ဆာက ရှားပါးသော သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယင်းက အထွတ်အမြတ် နတ်သားရဲများအပေါ်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။
ကောင်းကင်ဝါးမျိုနွားမိစ္ဆာ၏ အကျင့်စရိုက်များမှာ သွေးဆာခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ရူးမိုက်ခြင်းတို့ ဖြစ်ကြသည်။
ကောင်းကင်ဝါးမျိုနွားမိစ္ဆာမျိုးနွယ်တစ်ခုလုံး လှုပ်ရှားလိုက်သည်နှင့် ယင်းက သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်လာလိမ့်မည်။ ၎င်းတို့က အသက်ကို အဓိကမထားဘဲ ရူးမိုက်စွာ တိုက်ခိုက်ကြလိမ့်မည်။
“ ဗုန်း ”
“ ဝူး ”
“ မူး ”
အဝေးတွင် မီးခိုးနှင့် ဖုန်မှုန့်က ဖြည်းညင်းစွာ မြှောက်တတ်သွားသည်။
တလိပ်လိပ် မြှောက်တတ်နေသော ဖုန်မှုန့်များကြားတွင် အလွန်အားကောင်းသော အင်အားက ပေါ်လျှိုးလာသည်။
ရူးသွပ်သော အရှိန်အဝါက ထွက်ပေါ်လာသည်။
ကျူးရုန်သည်လည်း ထိုစွမ်းအားကို ခံစားမိသွားသည်။ သူက လှံကို ကိုင်ဆွဲလျက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက ပိုပြီး တည်ကြည်လေးနက်သွားသည်။
နတ်ငှက်ဘီဖန်၏ ကိုယ်ပေါ်တွင် မီးမုန်တိုင်းက အလွန်အားကောင်းစွာ လှည့်ပတ်သွားသည်။
“ မင်းတို့တွေ အမြန်ထွက်သွားကြတော့ ”
“ ဒီမှာ ဆက်မနေကြနဲ့ ”
ဟန်မူယဲ့ မလှုပ်ရှားသေးသည်ကို မြင်သောအခါ နတ်ငှက်ဘီဖန်က အော်ပြောလိုက်သည်။
“ ဒီနေရာက ရှေးဦးအပျက်အစီးတောအုပ်… အဲ့ဒါကို မင်းနားလည်လား ”
ရှေးဦးအပျက်အစီးတောအုပ်… ။
လက်ရှိ ရှေးဦးအပျက်အစီးတောအုပ်ထဲတွင် မည်သည့်စည်းမျဉ်းမှ မရှိတော့သလို ကောင်းကင်ဘုံတာအို၏ ချုပ်ချယ်မှုလည်း မရှိတော့ချေ။
တစ်ယောက်ချင်းဖြစ်စေ သို့မဟုတ် အဖွဲ့လိုက်ဖြစ်စေ ၎င်းတို့၏ လှုပ်ရှားမှုက ၎င်းတို့၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုပေါ်မှာသာ အခြေခံသည်။
ထိုအင်အားစုများကို ထိန်းသိမ်းနိုင်သော စွမ်းအားက မရှိတော့ချေ။
“ ကမ္ဘာဦးအုပ်ချုပ်သူတွေ ရှေးဦးအပျက်အစီးတောအုပ်ကနေ ထွက်သွားတဲ့အချိန်ကစပြီး ဒီနေရာက ပရမ်းပတာ ဖြစ်လာတယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကမ္ဘာဦးအုပ်ချုပ်သူတွေလား… ဟွန့်… ရှေးဦးအပျက်အစီးတောအုပ်က ဟိုးအရင်ကတည်းက ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေအဖြစ် ပြိုကွဲပျက်စီးသွားခဲ့ပြီ ”
နတ်ငှက်ဘီဖန်၏ အသံထဲမှာ ရူးသွပ်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
“ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ဘယ်လိုလုပ် အုပ်ချုပ်သူတွေ ရှိနိုင်မှာလဲ ”
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် အုပ်ချုပ်သူများ မရှိကြချေ။
ဟန်မူယဲ့၏ မျက်လုံးထဲမှ နတ်ဘုရားအလင်းက ကြယ်များသဖွယ် ထွန်းလင်းတောက်ပလာသည်။
ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ အုပ်ချုပ်သူများရှိကြောင်း သူအာရုံခံနိုင်သည်။ ၎င်းက တစ်ယောက်တည်း မဟုတ်ပေ။
သို့သော်လည်း နတ်ငှက်ဘီဖန်က ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ အုပ်ချုပ်သူများမရှိကြောင်း ပြောသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
“ အုပ်ချုပ်သူတွေ မရှိဘူးလား ”
ဟန်မူယဲ့၏ အကြည့်က ကောင်းကင်ကို ဖောက်ထွင်းသွားသည်။
သူ၏ မျက်လုံးက ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ ပုံရိပ်ယောင်များကို တိုက်ရိုက် ထိုးဖောက်မြင်သွားဟန် ရ၏။
ကမ္ဘာဦးအုပ်ချုပ်သူများက ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ရှိကြသည်။
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ အုပ်ချုပ်သူများ မရှိကြချေ။
ယင်းက ဝိရောဓိမဟုတ်ပေ။
ကမ္ဘာဦးအုပ်ချုပ်သူများက အမြဲတမ်း တည်ရှိကြသည်။ သို့သော် သူတို့က အပျက်အစီးနယ်မြေထဲသို့ တစ်ခါမှ မဝင်ရောက်ကြပေ။
သူတို့က ဤအပျက်အစီးနယ်မြေကို ထောက်ပံ့ကြသည်။
မည်သို့ကြောင့် ကမ္ဘာဦးခေတ်မှာ အုပ်ချုပ်သူများမရှိဘဲ နေမည်နည်း။
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ဒီကမ္ဘာဦးလောကထဲမှာ မုန်တိုင်းဖန်တီးနိုင်နေတာ မထူးဆန်းတော့ပါဘူး ”
“ ဘာလို့လဲဆိုတော့ အဲ့ဒီအုပ်ချုပ်သူတွေက ကမ္ဘာဦးခေတ်ကို ပြန်ရောက်ဖို့ ဆန္ဒရှိကြတယ် ”
ယင်းက အဓိကအကြောင်းအရင်း ဖြစ်သည်။
အုပ်ချုပ်သူအဆင့် ပုဂ္ဂိုလ်များသာလျှင် အနာဂတ် ကမ္ဘာဦးလောကကို လွှမ်းမိုးခြယ်လှယ်နိုင်ကြလိမ့်မည်။
ဟန်မူယဲ့ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားသည့်အချိန်မှစ၍ သူ၏ ရန်သူများက သာမန်နတ်သားရဲများ မဟုတ်ကြတော့ချေ။
သူ၏ ရန်သူများက ကမ္ဘာဦးလောကထဲမှာ ပုန်းအောင်းနေကြသော ထိုအုပ်ချုပ်သူများ ဖြစ်ကြသည်။
ထိုအချက်ကို သူနားလည်သွားသည့်အခါ မိုးမြေကြားထဲတွင် ရွှေရောင်အလင်းစီးကြောင်းများ ထွက်ပေါ်လာပြီး သူ့အပေါ် တိုက်ရိုက် ကျဆင်းလာသည်။
မိုးမြေစွမ်းအားက သူ့အပေါ် ဖိနှိပ်လိုက်သည်။
ယင်းမှာ မိုးမြေက သူ့ကို ဖိနှိပ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူနားလည်သွားသော သတင်းအချက်အလက်က မိုးမြေစွမ်းအားကို လှုံ့ဆော်လိုက်ခြင်း ဖြစ်၏။
မိုးမြေက သူ၏ အစစ်အမှန် စွမ်းအားကို အသိအမှတ်ပြုလိုက်သည့်အခါ သူတို့က မိုးမြေ၏ အလေးချိန်ကို အတူတကွ ထမ်းပိုးကြရတော့မည်။
ထိုအလေးချိန်က သူ့အပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေရုံသာမက သူ့ကိုယ်ပိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးသည်။
“ ဒါ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
နတ်ငှက်ဘီဖန်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်လေရာ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
ဤအခိုက်အတန့်မှာ ၎င်း၏ သွေးမျိုးဆက်က အမှန်တကယ် တုန်ယင်နေသည်။
မည်သည့်သွေးမျိုးဆက်စွမ်းအားက နတ်ငှက်ဘီဖန်၏ သွေးမျိုးဆက်စွမ်းအားကို တုန်ယင်စေနိုင်သနည်း။
အုပ်ချုပ်သူအဆင့်လား… ။
သို့သော်လည်း ကမ္ဘာဦးလောကထဲမှာ အုပ်ချုပ်သူများ မရှိကြပေ။
“ ဗုန်း ”
ပုံရိပ်ယောင်ရွှေရောင်ချပ်ဝတ်တစ်စုံက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက မိုးမြေ၏ ဖိအားကို တောင့်ခံနိုင်သော စွမ်းအားဖြစ်သည်။
ထိုချပ်ဝတ်ကို ပိုင်ဆိုင်ထားမှသာလျှင် မိုးမြေစွမ်းအား၏ ကောင်းချီပေးမှုကို ရရှိလိမ့်မည်။
“ အဲ့ဒါက စစ်မှန်တဲ့ ကမ္ဘာဦးစစ်ချပ်ဝတ်ပဲ ”
ဤအခိုက်အတန့်မှသာ ဟန်မူယဲ့က ကမ္ဘာဦးစစ်ချပ်ဝတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားသည်။
ကမ္ဘာဦးစစ်ချပ်ဝတ်က ကမ္ဘာဦးခေတ်မှ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်နိုင်စေရန် မရည်ရွယ်ပေ။ ယင်းအစား စစ်ချပ်ဝတ်၏ တည်ရှိမှုက ကမ္ဘာဦးလောကကို ထောက်ပံ့ပေးရန် ဖြစ်သည်။
ထိုသို့ဆိုလျှင် အတိတ်မှာ သူစုဆောင်းခဲ့သော ကမ္ဘာဦးစစ်ချပ်ဝတ်ထောင်သောင်းချီက မပြည့်စုံသေးခြင်း မဟုတ်ပါလော။ ယင်းတို့က နောက်ဆုံးအကြိမ် သန့်စင်မှုကို လိုအပ်နေဆဲပင်။
ကမ္ဘာဦးလောကမှ မိုးမြေ၏ ဂုဏ်ကျက်သရေကို ထောက်ပံ့ပေးခြင်း… ။
ထိုဂုဏ်ကျက်သရေကို ကမ္ဘာဦးလောကမှ သက်ရှိများ သို့မဟုတ် ကမ္ဘာဦးသွေးမျိုးဆက်ကို အမွေဆက်ခံထားကြသူများသာ ထောက်ပံ့ပေးနိုင်ကြသည်။
ယခု ဟန်မူယဲ့၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အနက်ရောင် ကမ္ဘာဦးစစ်ချပ်ဝတ်တစ်စုံ ထွက်ပေါ်လာသည်။
ထိုစစ်ချပ်ဝတ် ထွက်ပေါ်လာသည့်အခိုက် မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက ကြက်ခြေခတ်သဏ္ဍာန် ယှက်ထွေသွားကြပြီး ချပ်ဝတ်၏ မျက်နှာပြင်ပေါ်မှာ နက်ရှိုင်းစွာ ရေးထွင်းသွားကြသည်။
ထိုချပ်ဝတ်မှ ထုတ်လွှတ်နေသော စွမ်းအားက အစောနက ထွက်ပေါ်လာခဲ့သော ပုံရိပ်ယောင်ရွှေရောင်စစ်ချပ်ဝတ်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် မှိန်ဖျော့သော ရွှေရောင်နတ်ဘုရားအလင်းက ချပ်ဝတ်ကို ဖုံးလွှမ်းသွားသည်။
ယင်းက စစ်မှန်သော ကမ္ဘာဦးစစ်ချပ်ဝတ် ဖြစ်သည်။
ထိုစစ်ချပ်ဝတ်ထဲမှာ ဝတ်ဆင်သူကို အစွမ်းတိုးမြှင့်ပေးနိုင်သော ကမ္ဘာဦးစွမ်းအား ရှိသည်။
ထိုစစ်ချပ်ဝတ်ဖြင့်ဆိုလျှင် စကြာဝဠာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်များသည်ပင် ဤကမ္ဘာဦးလောကထဲမှာ သူ့ပြိုင်ဘက် ဖြစ်လာနိုင်လိမ့်မည် မဟုတ်တော့ချေ။
“ ဒီကောင်က တကယ်ပဲ ဘယ်သူလဲ… ”
ဘီဖန်က မိုးမြေ၏ ဖိအားကို မတောင့်ခံနိုင်သည့်အလား ခေါင်းငုံ့လိုက်ရသည်။
ကမ္ဘာဦးစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လှံကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
လှံကို အရှေ့သို့ ထိုးသွင်းလိုက်သည်နှင့် အလင်းတန်းတစ်ခုက လှံထိပ်ဖျားပေါ်မှ ထွက်ပေါ်လာပြီး အဆုံးမဲ့သော မီးတောက်အဖြစ် ပြောင်းလဲသွားသည်။
ရွှေကျီးကန်းနတ်ဘုရားမီးတောက်အစွမ်း… ။
သို့သော်လည်း ဤတစ်ကြိမ်တွင် မီးတောက်စွမ်းအားက အကြမ်းပတမ်း မပေါ်လျှိုးလာချေ။ ယင်းအစား မီးတောက်က အရွယ်အစားကြီးမားသော နတ်ဘုရားအင်းသင်္ကေတတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။