နေမင်းနတ်ကျောက်တုံး
Vol. 160 Ch. 2274
ကမ္ဘာမြေဗဟိုချက်မသို့ ရောက်လူသူများထဲတွင် မီးလမ်းစဉ်ကို ကျင့်ကြံသူ အများအပြား ပါဝင်သည်။ သူတို့သည် မုန်တိုင်းရှေ့တွင်ရပ်ကာ အတွင်းမှ စွမ်းအားများကို ခံစားမိသောအခါ စိတ်တွင်းမှ တုန်လှုပ်ကြရ၏။ ဤသည်ကား မဟာလမ်းစဉ်၏ရင်းမြစ်စွမ်းအားများပါဝင်နေသော မီးတောက်မီးလျှံများ ဖြစ်ပေသည်။
သူတို့ ဝင်ရောက်ရဲပါသလော။
လူအများအပြားက တူညီသော အတွေးများရှိသော်လည်း မြန်ဆန်စွာ ငြင်းဆန်လိုက်ကြသည်။ ထိုကိစ္စကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ နေမင်းနတ်နန်းတော်သည်ပင် ဤနေရာတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ကြသော်လည်း သူတို့က ၎င်းရတနာကို ရယူနိုင်ခြင်းမရှိသည်ကို ကြည့်နိုင်ပေသည်။ အထက်ဘုံမှ နေမင်းတောင်ကုန်းသည်လည်း ဘာမှ မတတ်နိုင်ခဲ့။
မှန်သည်၊ သူတို့က နေမင်းတောင်ကုန်းမှ တန်ခိုးရှင်ကဲ့သို့ မီးလျှံရင်းမြစ်များကို ထုတ်ယူသုံးစွဲရန် နည်းလမ်း ရှာနိုင်ပေသည်။
တန်ခိုးရှင်များက မုန်တိုင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ ဖြစ်လာမည့် အကျိုးဆက်များအား ချိန်ဆနေသောအချိန်တွင် တချို့မှာ စတင်လှုပ်ရှားနေကြပြီဖြစ်သည်။ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးသည် နတ်မီးလျှံများ တောက်ပစွာဖြင့် မုန်တိုင်းအတွင်းသို့ လျှောက်လှမ်းသွားသည်။ သူ့အား မီးတောက်မီးလျှံများ ချက်ချင်း လွှမ်းခြုံသွားသော်လည်း သူ၏ပုံရိပ်ရေးရေးကို မြင်နေရဆဲဖြစ်သည်။ သူ၏မျက်လုံးများက ပင်မဗဟိုသို့ စူးစိုက်စွာကြည့်နေကာ ၎င်းနေရာသို့ ဦးတည်နေသည်။
ထိုအဖြစ်က တခြားတန်ခိုးရှင်များအား မသက်မသာ ဖြစ်စေသည်။ သူတို့က ကြိုးစားလိုစိတ်ပင် ရှိပါသလော။
မုန်တိုင်းထဲတွင် အန္တရာယ်များပင် ရှိနိုင်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်နေသည်။ ရန်ဟောင်ချန်းက မေးသည် “မင်း အထဲကို ဝင်မလား”
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါက အရမ်းအန္တရာယ်များတယ်” ရန်ဟောင်ချန်းက ပြောသည် “ဒီမီးတောက်ရဲ့စွမ်းအားက ထိပ်သီးတန်ခိုးရှင်တစ်ယောက်ရဲ့စွမ်းအားနဲ့အဆင့်တူလောက်ရှိတယ်။ ဒီထက်တောင် အားကောင်းနိုင်တယ်။ ငါသာ ဗဟိုချက်မနေရာသို့ ဝင်ရန် ငါလည်း အသက်ရှင်ဖို့ မသေချာဘူး။ ဒါ့ကြောင့်ပဲ နေမင်းနတ်နန်းတော်က လူတွေ မအောင်မြင်ခဲ့တာပဲ”
“မူလဘုံရဲ့ဘုံကိုးခုထဲမှာ အချင်းချင်း လိုက်ဖက်တဲ့ဘုံနှစ်ခုရှိတယ်။ ဒါက အရိပ်ဘုံနဲ့ နေမင်းဘုံပဲ။ ဘုံနှစ်ခုက သဘာဝအားဖြင့် တူညီကြတယ်။ ကျွန်တော်က ဒီမတိုင်ခင် အရိပ်ဘုံရဲ့ပင်မထဲကို ဝင်ဖူးတယ်” ရီဖူရှင်းက ရန်ဟောင်ချန်းကို ပြောသည်။ သူ့ထံမှ အေးစက်သော လှိုင်းများ စတင်ပျံ့လွင့်လာသည်။ ရန်ဟောင်ချန်းက ထိုအရှိန်အဝါကို ခံစားမိသည်တွင် မျက်လုံးများက အရောင်တောက်သွား၏။
ကြည့်ရသည်မှာ ရီဖူရှင်းသည် စီဝေ့အင်ပါယာ၏အမွေကို မဆက်ခံခင်က ကြီးမားသော အခွင့်အလမ်းများအား ရှာဖွေတွေ့ရှိခဲ့ဟန်ရသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက သူ၏အခြေအနေကို ကောင်းကောင်း နားလည်ဟန်ရသည်။
“နန်းတော်သခင်မှာ အရင်ကတည်းက အတွေ့အကြုံရှိတယ်ဆိုတော့ ကျုပ်လည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ သေချာပေါက် သတိထားရမယ်။ ဘယ်လိုပြောပြော အန္တရာယ်ကတော့ ရှိနေတုန်းပဲ။ ဒါကြောင့် ကျုပ်ကိုလည်း လိုက်ခွင့်ပြုစေချင်တယ်။ တစ်ခုခုဖြစ်ရင် ကျုပ်က အကူအညီဖြစ်မှာပါ” ရန်ဟောင်ချန်းက ပြောသည်။
“သေချာတာပေါ့” ရီဖူရှင်းက ရန်ဟောင်ချန်းအား မငြင်းပေ။ သူက ရှေ့ကို ဆက်လျှောက်သွားသည်တွင် ရန်ဟောင်ချန်းနှင့် တခြားလူများကလည်း နောက်မှ လိုက်ပါကြသည်။ အထူးသဖြင့် ရန်ဟောင်ချန်းသည် ရီဖူရှင်းအနီးတွင် နေ၏။
သူတို့က မုန်တိုင်းထဲကို မဝင်ရောက်မှီကပင် ရီဖူရှင်းထံမှ ထူးခြားသော အားလှိုင်းများကို ခံစားမိခဲ့၏။ မမြင်ရသော လှိုင်းများသည် အကိုင်းအခက်များအသွင်ဖြင့် ဖြန့်ကျက်နေကြကာ ၎င်းတို့သည် မီးတောက်မီးလျှံများနှင့်တွေ့ပါက အမှန်တကယ်ပင် ဝါးမျိုလိုက်ကြသည်။
ထိုအဖြစ်က ရန်ဟောင်ချန်းအား ပိုမို၍ ထူးဆန်းစေသည်။ သည်ဆံပင်ဖြူလူငယ်ကား သူထင်ထားသည်ထက်ပင် ထူးခြားသော လူငယ်ဖြစ်သည်။
ဝုန်း…
ပြင်းထန်သော အရှိန်အဝါတစ်ခု ရီဖူရှင်းထံမှ ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် လမ်းစဉ်ဖြစ်လာကာ မဟာလမ်းစဉ်၏အော်သံများ ဖြစ်ပေါ်လာသည်။ နတ်အလင်းသည် သူ့ထံမှ ဖြစ်ထွက်လာကာ သူသည် မုန်တိုင်းထဲကို သည်အတိုင်း လမ်းလျှောက်ဝင်သွားသည်။ ထူးဆန်းစွာပင် ကြောက်မက်ဖွယ်မီးလျှံများမှာ ရီဖူရှင်းအား အနည်းငယ်မျှ ထိခိုက်အောင် မတတ်နိုင်ကြပေ။
သူ့အား ဗဟိုပြုလျှက် ထူးဆန်းဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။ မုန်တိုင်းထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနေကြသော မီးလျှံမီးတောက်များသည် သူ့အနီးတွင် လှည့်ပတ်ကြ၏။ တဖြေးဖြေးဖြင့် ၎င်းတို့သည် ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ပျောက်ကွယ်သွားကြတော့သည်။
ထိုအခိုက်တွင် ရန်ဟောင်ချန်းက တခြားလူများ မသိသော ရီဖူရှင်း၏လျှို့ဝှက်ချက်အား ရိပ်မိလိုက်၏။ စီဝေ့အရှင်က သူ့အား ရွေးချယ်ခဲ့သည်မှာ ထိုလျှို့ဝှက်ချက်နှင့် သက်ဆိုင်ရပေမည်။
မုန်တိုင်းထဲကို ဝင်ရောက်လာကြသူများထဲတွင် တချို့မှာ သည်နေရာ၌ ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့က ငြိမ်သက်စွာ ထိုင်ကာ မဟာလမ်းစဉ်စွမ်းအားများကို ဆင်ခြင်လျှက် ကျင့်ကြံကြ၏။ တစ်ခါတစ်ရံ တန်ခိုးရှင်တချို့က ထရပ်ကာ ရှေ့ဆက်တိုးလျှက် သူတို့၏အကန့်အသတ်ကို ချိုးဖျက်ကြ၏။
တခြားလူများမှာလည်း ပိုမိုနက်ရှိုင်းသော နေရာသို့ တိုးဝင်ရန် ကြိုးစားနေကြသည်။
ရီဖူရှင်းနှင့် ရန်ဟောင်ချန်းတို့သည်လည်း ဆက်လက်၍ ရွေ့လျားလာကြသည်။ ကြောက်မက်ဖွယ်မုန်တိုင်းထဲတွင် ပိုမိုနက်ရှိုင်းသော နေရာသို့ ရောက်လေလေ မီးလျှံများမှာ ပိုမိုနက်မှောင်လေဖြစ်သည်။ အတွင်းပိုင်းအကျဆုံးနေရာတွင်ကား မီးလျှံများမှာ သွေးကဲ့သို့ နီရဲကာ ကြောက်မက်ဖွယ် အရှိန်အဝါများအား ထုတ်လွှတ်၏။
သူတို့က ရှေ့ကို ဆက်သွားသည်တွင် ရီဖူရှင်းသည်လည်း တဖြေးဖြေး နှေးကွေးလာခဲ့ကာ တခြားသော တန်ခိုးရှင်များမှာကား ရပ်တန့်လိုက်ကြရသည်။ သူတို့က အလွန်နက်ရှိုင်းသော နေရာသို့ ရောက်လာခဲ့ကာ သူတို့ထဲမှ အသန်မာဆုံးသော တန်ခိုးရှင်မှာပင် အတွင်းသို့ ထပ်မဝင်နိုင်တော့။ မိုးကြိုးကဒ်ဘေးကို ဖြတ်ကျော်ဖူးသူများသည်သာလျှင် ပိုမိုနက်ရှိုင်းသော နေရာသို့ ဝင်နိုင်လောက်ပေသည်။
ရီဖူရှင်းနောက်မှ လိုက်လာသော ရန်ဟောင်ချန်းသည်လည်း ခံစားမိသည်။ သူသည်လည်း ဆက်သွားရန် မဖြစ်နိုင်တော့သလို ခံစားရသည်။
ရီဖူရှင်းထံမှ တော်ဝင်အငွေ့အသက်များ စတင် ထွက်ပေါ်လာခဲ့သည်။ သူ့ထံမှ မီးတောက်နတ်အလင်းများလည်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် မီးလျှံစွမ်းအားများ၏တဖြေးဖြေးဝါးမျိုခြင်းကို ခံရဟန်ရှိသည်။
သူက ခဏမျှ ရပ်လိုက်သည်။ ထိုစဉ်က သူ၏ကျင့်ကြံဆင့်မှာ ယခုလောက် မမြင့်မားသော်လည်း သူသည် အသက်သေလုနီးပါး ဖြစ်ခဲ့သည်။ လက်ရှိတွင် သူ၏ကျင့်ကြံဆင့်မှာ မြင်မားနေပြီဖြစ်သော်လည်း နေနတ်ဘုရား၏စွမ်းအားမှာ အရိပ်စွမ်းအားထက် အားမနည်းပေ။ အကယ်၍ သူသည်သာ မခံနိုင်ပါက အေးခဲသွားမည်မဟုတ်ဘဲ ပြာမှုန်အဖြစ်သို့ လောင်ကျွမ်းခံရကာ ပြန်အသက်ရှင်ရန် လမ်းရှိမည် မဟုတ်တော့။
သူ၏သက်စောင့်ဟော်နန်းထဲတွင်ကား မူမမှန်သော လှုပ်ရှားမှုများ ရှိနေသည်။ ရှေးဟောင်းသစ်ပင်သည် လှုပ်ယမ်းနေကာ မမြင်နိုင်သော အခြေအနေများမှ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည်။ တချိန်တည်းတွင် အကိုင်းအခက်များသည် မမြင်ရသော စွမ်းအားလှိုင်းအသွင်ဖြင့် ပတ်ဝန်းကျင်များသို့ ပျံ့လွင့်သွားကြသည်။
ရီဖူရှင်းသည် ရှေးဟောင်းသစ်ပင်၏အသွင်ပြောင်းမှုနှင့်အတူ ရှေ့ကို ဆက်တိုးသွားခဲ့သည်။
ရန်ဟောင်ချန်းက သူ့အား ကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ သူ့နောက်ကို လိုက်ပါကာ ဗဟိုပင်မ၏ပိုမိုနီးကပ်သော နေရာသို့ ဦးတည်လိုက်ကြသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် သားရိုင်းတစ်ကောင်အလား ထင်မှတ်ရသည်။ ရန်ဟောင်ချန်း၏အကြည့်အောက်တွင် သူသည် မီးလျှံများကို အရူးအမူး ဝါးမျိုနေသည်။ မီးလျှံများက သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် ဝင်ရောက်သည်တွင် သူ့ခန္ဓာကိုယ်မှာ အဆုံးမဲ့သော ချောက်နက်တစ်ခုအလား ထင်မှတ်ရ၏။
“ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ” ရန်ဟောင်ချန်းက ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩမင်တက်မိသည်။ သည်နေရာတွင် သူသည် ရီဖူရှင်းထက်သန်မာသည့်ဟန်မရှိတော့။ ယခုတွင် သူသည် ဖိအားတချို့ကို ခံစားနေရပြီဖြစ်ကာ သူ၏ကြယ်တာရာအရံအတားမှာ ပြိုပျက်တော့မည့် အရိပ်အယောင်ကို တွေ့နေရသည်။ သူက ဆက်သွားရန် ဖြစ်နိုင်ဖွယ် မရှိတော့။
“နန်းတော်သခင်…” ရန်ဟောင်ချန်းက ထိုသို့တွေးကာ ရီဖူရှင်းအား ခေါ်သည်။ ရီဖူရှင်းက ပြန်ကြည့်လျှင် သူက ပြောသည် “ကျုပ် ဒီထက် ဆက်သွားနိုင်မယ် မထင်တော့ဘူး”
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ ရှေ့ကို ဆက်သွားသည်။ ဤတွင် ရန်ဟောင်ချန်းမှာ မည်သို့ ဆက်ပြောရမည် မသိတော့။
သူသည်သာမဟုတ်၊ တခြားသော ထိပ်သီးပုဂ္ဂိုလ်များမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ မျက်လုံးများ အရောင်တောက်သွားကြသည်။ ရီဖူရှင်းက အဘယ်ကြောင့် ထိုသို့ စွမ်းဆောင်နိုင်သနည်း။
ရီဖူရှင်းအနေဖြင့် ဗဟိုချက်မနေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ အနီရောင်မီးတောက်များမှာ နက်မှောင်ကာ ကြောက်စရာကောင်း၏။ ၎င်းတို့က လူတစ်ဦးကို မြန်ဆန်စွာ ဝါးမျိုပစ်နိုင်၏။ နတ်အလင်း၏အောက်တွင် ထိုနေရာတွင်ရှိသမျှသော အရာအားလုံးမှာ လောင်ကျွမ်းပျက်စီးထားပြီးဖြစ်သော်လည်း ရီဖူရှင်းရပ်နေရာ တစ်နေရာတည်းသာ သီးခြားမထိမခိုက် ကျန်ရစ်သည်။
ရီဖူရှင်းသည် သလင်းကျောက်ကဲ့သို့ မုန်တိုင်း၏မျက်လုံး(ဗဟိုချက်မ) ကို ကြည့်သည်။ အကြည့်တစ်ချက်မျှက ကြည့်မိသူ၏မျက်လုံးများအား နာကျင်စေသည်။
“ဒါက နေမင်းနတ်ကျောက်တုံးလား” ရီဖူရှင်းက တီးတိုးရေရွက်သည်။ ဤစွမ်းအားကား ယန်ဓာတ်စွမ်းအားထက် အားမနည်းပေ။ ဤနေမင်းမီးလျှံမှာ အဆုံးမဲ့သော သန့်စင်ခြင်း ရှိသည်။