← Chapters

အခန်း (၁၅၁၄)

Vol. 109 Ch. 1514

အခန်း (၁၅၁၄)

Vol. 109 Ch. 1514

“ ဆရာ… လင်းရှောင်ကောင်းကင်နန်းတော်ဆီ အရင်ပြန်ကြရအောင် ”

ရှုကျွယ်က နူးညံ့စွာ ပြောသည်။

ဟန်မူယဲ့က မငြင်းပေ။ သို့ဖြစ်၍ တစ်ခဏကြာပြီးနောက် လူတိုင်းက လော့ခွန်းနှင့် ရှုကျွယ်နောက်သို့ လိုက်၍ လင်းရှောင်ကောင်းကင်နန်းတော်ဆီသို့ ဦးတည်သွားကြသည်။

ကောင်းကင်နှင့် မြေပြင်ကြားမှ ဝိညာဉ်အလင်းများက တဖြည်းဖြည်း လွင့်ပြယ်သွားကြသည်။ ရံဖန်ရံခါ မိုးမြေစွမ်းအား၏ တုံ့ပြန်မှုကြောင့် ပေါက်ကွဲသံတချို့ ထွက်ပေါ်လာလေ့ ရှိသည်။

ဤသည်မှာ ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုက နေရာမှာ လွင့်ပြယ်သွားနေသည့်အလားပင်။

…..

လင်းရှောင်ကောင်းကင်နန်းတော်… ။

သီးသန့်အခန်းတစ်ခုထဲဝယ်… ။

ဟန်မူယဲ့က အခန်းထဲမှာ ထိုင်နေသည်။

ရှုကျွယ်က စစ်သင်္ဘောကို အစိတ်အပိုင်းသေးသေးလေးများအဖြစ် တစ်စစီ ဖြုတ်လိုက်သည်။

ထိုဧရာမစစ်သင်္ဘောမှာ အမျိုးမျိုးသော တိုက်ပွဲဝင်္ကပါများနှင့် ကာကွယ်ရေးဝင်္ကပါများ ရှိသည်။ ထို့ပြင် သင်္ဘောကို အရေအတွက်များပြားသော သံချပ်ကာအပိုင်းအစများဖြင့်လည်း တပ်ဆင်ထားသေးသည်။

ဟန်မူယဲ့၏ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှင့် တိုက်ပွဲချပ်ဝတ်ကြောင့် မဟုတ်လျှင် ထိုစစ်သင်္ဘောကို သိမ်းပိုက်ရန် လော့ခွန်းနှင့် ရှုကျွယ်အတွက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ စစ်သင်္ဘောတွေက မဆိုးဘူးပဲ ”

ဟန်မူယဲ့က သူ့အရှေ့မှ စစ်သင်္ဘောအစိတ်အပိုင်းများကို စစ်ဆေးကြည့်နေရင်း နူးညံ့စွာ ရေရွတ်လိုက်သည်။

ယင်းက အရူးလော့၏ မှော်ယာဉ်ပျံကို မယှဉ်နိုင်သော်လည်း ဤစစ်သင်္ဘောမှာ သူ့ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိသည်။

အနည်းဆုံးတော့ ဤစစ်သင်္ဘောကို တည်ဆောက်ထားသော သံချပ်ကာများက အလွန်အားကောင်းသည်။

ထိုအချက်ကြောင့်ပင် ဟန်မူယဲ့က စစ်သင်္ဘောကို သိမ်းပိုက်ချင်ခြင်း ဖြစ်သည်။

ဤစစ်သင်္ဘောကို အရူးလော့ထံသို့ ပေးခြင်းက ကြီးမားသော အကျိုးအမြတ်ကို ရရှိစေလိမ့်မည်။

ရှုကျွယ်က ခေါင်းညိတ်လိုက်ပြီး သူ့အရှေ့မှ စစ်သင်္ဘောကို ကြည့်လိုက်သည်။

“ ဒီသင်္ဘောကြောင့်ပဲ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲက ကျုပ်တို့က အပြင်လောကက အဲ့ဒီကျင့်ကြံသူတွေကို ထိပ်တိုက် မရင်ဆိုင်နိုင်တာပါ ”

ထိုစစ်သင်္ဘောတစ်ခုတည်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အင်အားကို ဖော်ညွှန်းရန် လုံလောက်ပေသည်။

“ မင်းရဲ့ လက်နက်သန့်စင်ခြင်းက ဘယ်အဆင့်ကို ရောက်ပြီလဲ ”

ဟန်မူယဲ့က စစ်သင်္ဘောထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရှုကျွယ်ကို ကြည့်လိုက်သည်။

ရှုကျွယ်သည် လက်နက်သန့်စင်ခြင်းပညာကို အလွန်စိတ်ပါဝင်စားသည်။ ထို့ကြောင့် သူက လက်နက်သန့်စင်ခြင်းပညာကို သင်ယူရန် ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ နေထိုင်နေခြင်း ဖြစ်သည်။

ဟန်မူယဲ့၏ မေးခွန်းကို ကြားသောအခါ ရှုကျွယ်က လက်မြှောက်လိုက်သည်။‌ ရွှေရောင်မီးပြင်းဖိုတစ်လုံးက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

ရွှေရောင်မီးပြင်းဖိုကို အသုံးပြုပြီး လက်နက်သန့်စင်ခြင်းသည် ရှေးဟောင်းအမွေအနှစ်များထဲမှ ဓလေ့တစ်မျိုး ဖြစ်သည်။

ကြယ်စင်စုစကြာဝဠာတွင်သာ ပစ္စည်းအစိတ်အပိုင်းများတပ်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပေသည်။

ရှုကျွယ်၏ လက်နက်သန့်စင်ခြင်းပညာကို ဟန်မူယဲ့က သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ယခု ကြည့်ရသည်မှာ ရှုကျွယ်က သူ့ကိုယ်သူတိုးတတ်အောင် အများကြီး ကြိုးစားခဲ့ပုံပေါ်သည်။

ယခု သူသန့်စင်လိုက်သော လှံရှည်က အင်မော်တယ်ရတနာအဆင့်သို့ ရောက်လုနီးပါးပင်။

ထိုသို့အရည်အချင်းက အလွန်အံ့ဖွယ်ကောင်းသည်။

“ အပျက်အစီးနယ်မြေကနေ ထွက်ခွာဖို့ မင်းစဉ်းစားဖူးလား ”

ဟန်မူယဲ့က လှံရှည်ကို ရှုကျွယ်ထံသို့ ပြန်ပေးလိုက်ပြီး နူးညံ့စွာ ပြောသည်။

ရှုကျွယ်က အံ့ဩသွားသည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ကျွန်တော် မသိဘူး… အခု အပျက်အစီးနယ်မြေကနေ ထွက်ခွာဖို့ ဖြစ်နိုင်သေးလို့လား ”

ဟန်မူယဲ့ကို လိုက်ရှာဖွေရန် အတိတ်မှာ ရှုကျွယ် စဉ်းစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း ယခု အပျက်အစီးနယ်မြေထဲမှာ တိုက်ပွဲများက ဆက်တိုက် ဖြစ်ပွားနေသည်။ အကယ်၍ သူနှင့် လော့ခွန်းထဲမှ တစ်ယောက်ယောက်က ထွက်သွားမည်ဆိုလျှင် အပျက်အစီးနယ်မြေက ဖျက်ဆီးခံရလိမ့်မည်။

သူတို့ထဲမှ မည်သူမှ မထွက်သွားနိုင်ပေ။

အကယ်၍ သူတို့ထွက်ခွာသွားမည်ဆိုလျှင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူများက သူတို့ကို လိုက်ဖမ်းကြလိမ့်မည်။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ ခြိမ်းခြောက်မှုကြောင့် မဟုတ်လျှင် သူနှင့် လော့ခွန်းက လင်းလုံနယ်မြေကို အစောကြီးကတည်းက သိမ်းပိုက်နိုင်ပြီးပြီ ဖြစ်၏။

လင်းလုံနယ်မြေက သူတို့၏ အာရုံစိုက်မှုရရန် မထိုက်တန်ပေ။

“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော် ”

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒါကို ငါဖြေရှင်းလိုက်မယ် ”

ဤတစ်ကြိမ် ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ ထွက်ခွာခြင်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် နတ်ဘုရားကမ္ဘာကို တိုက်ရိုက် တိုက်ခိုက်တော့မည်ဟု အဓိပ္ပာယ်ရ၏။

နှစ်ပေါင်းများစွာကြာပြီးနောက် နတ်ဘုရားကမ္ဘာနှင့် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ ရန်ငြိုးများကို ဖြေရှင်းရန် အချိန်ကျလာချေ၏။

အခန်းအပြင်သို့ ထွက်သွားသည့်အခါ တံခါးအရှေ့မှာ စောင့်ဆိုင်းနေသော လော့ခွန်းကို ဟန်မူယဲ့ မြင်သွားသည်။

ဤနှစ်များတွင် ရှုကျွယ်၏ လက်နက်သန့်စင်ခြင်းပညာရပ်က တိုးတတ်လာသလို လော့ခွန်း၏ ကျင့်ကြံခြင်းသည်လည်း ပိုပြီးသန်မာလာသည်။

ဓားတာအိုဖြစ်စေ သို့မဟုတ် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းဖြစ်စေ ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အကန့်အသတ်ထက် ကျော်လွန်သွားပြီ ဖြစ်၏။

ဟန်မူယဲ့က သူတို့ကို ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ ခေါ်သွားရန် ဆန္ဒရှိကြောင်း ကြားသောအခါ လော့ခွန်းက အံ့ဩသွားပြီး ဇဝေဇဝါဖြစ်သွားသည်။

သူတို့က အပျက်အစီးနယ်မြေ၏ သက်ရှိများ ဖြစ်ကြသည်။ အကယ်၍ သူတို့က ထွက်သွားချင်သည်ဆိုလျှင် နည်းလမ်းများ ရှိပေသည်။

အတိတ်မှာ အပျက်အစီးနယ်မြေများထဲတွင် အမြစ်ဖြတ်သုတ်သင်ခြင်းစစ်ပွဲများ မရှိလေရာ ထိုသက်ရှိများက မထွက်ခွာနိုင်ကြချေ။ ယခု အပျက်အစီးနယ်မြေများထဲတွင် စစ်ပွဲများက မရပ်မစဲ ဖြစ်ပွားနေလေရာ နယ်မြေနှစ်ခု မပေါင်းစည်းခင် တခြားနယ်မြေများဆီသို့ သူတို့ရွှေ့ပြောင်းနိုင်သရွေ့ အပျက်အစီးနယ်မြေထဲမှ ထွက်ခွာနိုင်ကြလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် တခြားနယ်မြေဆီသို့ ရွှေ့ပြောင်းခြင်းက သူတို့နေထိုင်သော အပျက်အစီးနယ်မြေထဲမှ ခွဲထွက်သွားခြင်းကို ဆိုလိုသည်။

သို့သော်လည်း ထိုသို့လုပ်ဆောင်သည့်အခါ သူတို့နေထိုင်သော အပျက်အစီးနယ်မြေ၏ မူလစွမ်းအားက တဖြည်းဖြည်း အားနည်းသွားလိမ့်မည်။

အထူးသဖြင့် လော့ခွန်းနှင့် ရှုကျွယ်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ထွက်သွားသည်နှင့် ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အလုံးစုံအင်အားက နိမ့်ကျသွားလိမ့်မည်။

“ မူလစွမ်းအားပြဿနာအတွက် နည်းလမ်းတစ်ခု ငါရှာလိုက်မယ် ”

ဟန်မူယဲ့က အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ရှုကျွယ်နှင့် လော့ခွန်းကို ကြည့်လိုက်သည်။

“ လင်းလုံနယ်မြေကို ဖြေရှင်းဖို့ မင်းတို့မှာ ပြဿနာရှိလား ”

လင်းလုံနယ်မြေကို ဖြေရှင်းဖို့လား… ။

ရှုကျွယ်နှင့် လော့ခွန်းက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းခါလိုက်ကြသည်။

သုံးရက်ကြာပြီးနောက် လင်းရှောင်ကောင်းကင်နန်းတော်မှ စစ်တပ်များက မိုင်သုံးသောင်းကျယ်ဝန်းသော စစ်မြေပြင်ကို စတင်သိမ်းပိုက်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က လင်းရှောင်ကောင်းကင်နန်းတော်၏ အနောက်တောင်ပေါ်မှ မဟာနန်းတော်တစ်ခု၏ အပြင်ဘက်မှာ မင်းသမီးမိုယွဲ့နှင့်အတူ မတ်တတ်ရပ်နေသည်။

မဟာနန်းတော်အပြင်ဘက်တွင် တိမ်တိုက်များက စုဝေးနေကြပြီး လေနှင့် မြူခိုးက တရွေ့ရွေ့ လှုပ်ရှားနေသည်။

“ ရှင်ပြောပြတဲ့ ပုံပြင်က တကယ်ထူးခြားတာပဲ ”

မင်းသမီးမိုယွဲ့က သူ့ဘေးမှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ မနာလိုသော အမူအရာ ထွက်ပေါ်လာသည်။

“ တကယ်လို့ ကျွန်မက တကယ်ပဲ ညီမမူဝမ်ဆိုရင်… ”

သူ၏ မျက်လုံးက တလက်လက် တောက်ပနေသည်။

“ ရှင့်ကို မနာလိုဖြစ်မိလိမ့်မယ် ”

ဟန်မူယဲ့က ဘေးသို့ ခေါင်းလှည့်လိုက်ပြီး မင်းသမီးမိုယွဲ့ကို ကြည့်လိုက်ကာ ညင်သာစွာ ပြုံးလိုက်သည်။

ညီမမူဝမ်က အပြင်လောကမှ မှတ်ဉာဏ်များကို တမင်ပြန်မယူခဲ့ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သူက သာမန်သေမျိုးများ၏ ချစ်ခြင်းမေတ္တာကို တဖန်ပြန်ခံစားချင်သောကြောင့် ဖြစ်သည်။

ထိုနှစ်များတွင် ညီမမူဝမ်က တူညီစွာ ခံစားခဲ့ရသည်။ ဟန်မူယဲ့က စကြာဝဠာအများအပြားဆီသို့ ခရီးထွက်သွားခဲ့သော်လည်း သူကတော့ တစ်နေရာတည်းမှာ ဆက်လက်ရှိနေသည်။ သူက မည်သည့်နေရာကိုမှ မထွက်သွားခဲ့ပေ။

“ သွားကြစို့… ကိုယ်မင်းကို မိုချူး၊ ကောင်းကင်ဘုံထန်အင်ပါယာနဲ့ ရွှမ်ချင်ဆီ ခေါ်သွားပေးမယ် ”

“ မင်းက မိုချူးတော်ဝင်မိသားစုမှာ မွေးဖွားလာခဲ့ပြီး အပြင်လောကက ဘယ်လိုပုံစံလဲဆိုတာ တစ်ခါမှမမြင်ဖူးဘူးလို့ ပြောခဲ့တယ် မဟုတ်လား ”

ဟန်မူယဲ့က မင်းသမီးမိုယွဲ့၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို အဝေးသို့ ခေါ်ဆောင်သွားသည်။

အဝေးတွင် မိုချူးမှ အမှုထမ်းနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းယမ်းလိုက်ကြသည်။

ယင်းက သူတို့ဖြေရှင်းနိုင်သောကိစ္စ မဟုတ်ပေ။

ဟန်မူယဲ့သည် ကျားဝိညာဉ်အပျက်အစီးနယ်မြေနှင့် လင်းလုံအပျက်အစီးနယ်မြေကြားမှ တိုက်ပွဲကို စိတ်မဝင်စားပေ။ သူက မင်းသမီးမိုယွဲ့ကို ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှ နေရာအသီးသီးဆီသို့ အလည်အပတ် ခေါ်ဆောင်သွားသည်။

ဤလောကက ပုံရိပ်ယောင်ဖြစ်သည်။ သို့တိုင် ယင်းက အစစ်အမှန်နှင့် မခြားပေ။

ဤနေရာမှ လူများက ပုံရိပ်ယောင်ဖြစ်သော်လည်း သူတို့က အတိုင်းအတာတစ်ခုထိ စစ်မှန်ကြသည်။

သို့ဖြစ်၍ ဤမင်းသမီးမိုယွဲ့က ပုံရိပ်ယောင်ဖြစ်သလို အစစ်အမှန်ဆိုလည်း ဟုတ်၏။

ထိုအကြောင်းကို မသိခင် အတိတ်မှာ ဟန်မူယဲ့ကိုယ်တိုင်သည်ပင် သူက ပုံရိပ်ယောင်လော သို့မဟုတ် အစစ်အမှန်လော မခွဲခြားနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်က ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ သာမန်သေမျိုးများသဖွယ် နေထိုင်ကြသည်။

တစ်ခါတစ်ရံ သူတို့က မြို့ငယ်တစ်မြို့မှာ အခြေချပြီး သုံးလေးနှစ်ခန့် နေထိုင်ကြလိမ့်မည်။

တခြားအချိန်များတွင် သူတို့က ကောင်းကင်နှင့် မြေပြင်ကြား မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်သွားပြီး မနက်ခင်းနှင်းစက်များကို ကြိုဆိုကြလိမ့်မည်။ ညနေခင်းတွင်တော့ စိမ်းစိုစိုတောင်တန်းများကို ကြည့်ရှုကြလိမ့်မည်။

ယင်းက အနှစ်ငါးရာကြာမြင့်သွားသည်။

ထိုအနှစ်ငါးရာအတွင်းမှာ သူတို့နှစ်ယောက်က သာမန်သေမျိုးဘဝကို နှစ်ချိုက်စွာ ရှင်သန်နေထိုင်ခဲ့ကြသည်။

…..

ရွှမ်ချင်၏ အနောက်ဘက်စွန်း… ။

မူလနဂါးပြည်နယ်ထဲမှ ချန်းယန်နယ်မြို့တစ်မြို့တွင်…။

“ ဗုန်း ”

ဟင်းလင်းပြင်ထဲမှာ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။

လူတိုင်းက ခေါင်းမော့လိုက်ကြပြီး အာရုံစိုက်လိုက်ကြသည်။ ထိုစဉ် အလင်းတန်းများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။

ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ဧရာမအဖြူရောင်ကျားပုံရိပ်များ ထွက်ပေါ်လာကြပြီး အပေါ်သို့ ခုန်တတ်လိုက်ကြသည်။

“ အဲ့ဒါရဲ့ ဆိုလိုရင်းက ငါတို့ရဲ့ ကျားဝိညာဉ်အပျက်အစီးနယ်မြေက တခြားအပျက်အစီးနယ်မြေကို သိမ်းပိုက်နိုင်သွားပြီလို့ အဓိပ္ပာယ်ရတယ်… မိုးမြေစွမ်းအားက နောက်တစ်ကြိမ် တိုးမြှင့်သွားတော့မယ် ”

ချန်းယန်နယ်မြို့၏ ဂိတ်တံခါးဝတွင် မုတ်ဆိတ်ဖြူအဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေပြီး ပြုံးလျက် ပြောသည်။

“ အဖိုးဟူ… အဖိုးက အတိတ်မှာ အပျက်အစီးနယ်မြေစစ်ပွဲထဲမှာ ပါဝင်ခဲ့ဖူးတယ်မလား… အပျက်အစီးနယ်မြေစစ်ပွဲဆိုတာ ဘယ်လိုပုံစံလဲဟင် ”

ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်က အဖိုးအိုကို မော့ကြည့်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။

သူတို့၏ ဘေးတွင် လူအများအပြားက ခေါင်းမော့လိုက်ကြသည်။

“ အပျက်အစီးနယ်မြေစစ်ပွဲ… ”

အဖိုးအိုက အတိတ်ကို ပြန်လည်စဉ်းစားလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ အပျက်အစီးနယ်မြေဆိုတာ အစစ်အမှန် မဟုတ်ဘူး… တကယ်တော့ ငါတို့တွေက… ”

မနီးမဝေးတွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့နှင့် ဂါဝန်အဖြူဝတ်ဆင်ထားသော မိုယွဲ့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ ယောင်္ကျား… ကျွန်မတို့ ပြန်ဖို့ အချိန်ကျပြီမလား ”

မိုယွဲ့က သူ့ဘေးမှ ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စကြာဝဠာကပ်ဘေးက အပျက်အစီးနယ်မြေထဲမှာ အစပျိုးလာနေပြီ… အခု ကိုယ်တို့ ထွက်သွားရတော့မယ် ”

မိုယွဲ့က ခေါင်းငုံ့လိုက်ပြီး ဟန်မူယဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

သူက ဟန်မူယဲ့၏ ရင်ဘက်ပေါ်မှာ မျက်နှာပုံအပ်လိုက်သည်။

“ ဒီကနေ ကျွန်မတို့ ထွက်သွားတဲ့အခါ ကျွန်မက ကျွန်မဖြစ်နေဦးမှာလား… ရှင်က ရှင်ဖြစ်နေဦးမှာလား မသိနိုင်ဘူး… ”

“ ဒါမှမဟုတ် ကျွန်မတို့နှစ်ယောက်စလုံး ပျောက်ကွယ်သွားမှာလား… ”

ဟန်မူယဲ့က မိုယွဲ့၏ ခေါင်းကို ဖွဖွလေး ပုတ်လိုက်ပြီး နူးညံ့စွာ ရယ်လိုက်ကာ ခေါင်းခါလိုက်သည်။

ထို့နောက် တောက်ပသော အလင်းရောင်က သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

“ အမ်… ဆရာဟန်နဲ့ မိန်းကလေးယွဲ့က ဘာဖြစ်တာလဲ ”

“ သူတို့က အင်မော်တယ်တွေ ဖြစ်တော့မှာလား ”

“ ဆရာဟန်… မင်းပြန်လာဦးမှာလား ”

…..

ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင်… ။

ရှုကျွယ်နှင့် လော့ခွန်းက ဘေးချင်းယှဉ်၍ မတ်တတ်ရပ်နေကြစဉ် စိတ်ရှုပ်ထွေးမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။

မနီးမဝေးတွင် ဟန်မူယဲ့နှင့် ညီမမူဝမ်သည်လည်း ဘေးချင်းယှဉ်လျက် မတ်တတ်ရပ်နေကြသည်။

သူတို့၏ အရှေ့တွင် မှိန်ဖျော့သော ရွှေရောင်ဝိညာဉ်အမျှင်တန်းက ပျံဝဲနေသည်။

“ စီနီယာအကို… ညီမ ဒီဝိညာဉ်နဲ့ မပေါင်းစပ်ချင်ဘူး ”

ညီမမူဝမ်က ဟန်မူယဲ့ကို ရုတ်တရက်‌ ခေါင်းမော့ကြည့်လိုက်သည်။

ထိုရွှေရောင်ဝိညာဉ်အမျှင်တန်းက မိုယွဲ့၏ ဝိညာဉ်ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါဆိုလည်း အပျက်အစီးနယ်မြေကနေ ဒီအတိုင်းပဲ ထွက်သွားကြတာပေါ့ ”

ထိုဝိညာဉ်အမျှင်တန်းကို ဆုံးရှုံးခြင်းက သူတို့အတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ညီမမူဝမ်က ချိုသာစွာ ပြုံးလိုက်သည်။

“ မိုယွဲ့က မိုယွဲ့… ညီမက ညီမ… ကြည့်ရတာ အခု တစ်စုံတစ်ခုကို ညီမနားလည်သွားသလိုပဲ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

သူ့ဝိညာဉ်အမျှင်တန်းကို အပျက်အစီးနယ်မြေထဲသို့ ပထမဆုံးအကြိမ် ပို့လွှတ်ခဲ့စဉ်က ယင်းကို သူခံစားမိခဲ့သည်။ ဤအခိုက်အတန့်မှာ သူက ယင်းကို ပိုပြီးရှင်းလင်းစွာ နားလည်သွားသည်။

ယင်းက ကျင့်ကြံခြင်းလမ်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

All Chapters