← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ

Vol. 120 Ch. 1667

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ

Vol. 120 Ch. 1667

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသော လောကနယ်မြေတစ်လျှောက် နားဖြင့် မဆံ့လောက်အောင် ပေါက်ကွဲသံများ၊ မိုးကြိုးထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ လောကတစ်ခုလုံးမှာ မီးတောင်များ အဆက်မပြတ် ပေါက်ကွဲနေသလို တသိမ့်သိမ့် တုန်ဟီး နေခဲ့၏။

ဘုန်း... ဘုန်း... ဘုန်း...

မီးသွေးရောင် အသားအရေပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် (ကနဦး မြေကြီး ရှန့်ထို ကိုးဦးထဲမှ တစ်ဦး မဟုတ်သည့်) လူသား မျိုးနွယ် မြေကြီး ရှန့်ထို အဆင့်တို့ကြားမှ တိုက်ပွဲမှာ ခမ်းနားစွာပင် ဖြစ်ပေါ်နေခဲ့သည်။ များလှစွာသော ရွေးချယ်ခံများမှာ စိတ်ရှုပ်ထွေး နေကြ၏။ အထူးသဖြင့် အာဏာရှင် အင်ပါယာများ သတ်မှတ်ထားသည့် အထူး ခြွင်းချက်ကို မသိရှိထားကြသူများ အတွက်ပင်။

တန်ဘူမာမှာ ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ တိုက်တန်မျိုးနွယ် ရွေးချယ်ခံမှာ သူတို့နှင့် အဆင့်တူ ကျင့်ကြံသူ တစ်ဦး မည်ကဲ့သို့ ထွက်ပေါ်လာရသည်ကို နားလည်နိုင်စွမ်း မရှိပါချေ။ ထိုပုဂ္ဂိုလ်မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း အဆင့်တက်ခဲ့သည်လော။ သို့သော်... သေချာ စဉ်းစားကြည့်လိုက်တော့ မဖြစ်နိုင်ပါချေ။ ထိုကဲ့သို့ ဆိုပါက သူ အာရုံခံနိုင်ခဲ့သင့်သည်။

သို့တည်းမဟုတ်... သူ အာရုံ မခံခဲ့မိသည်လား။

သံသယ မျိုးစေ့တစ်ခုမှာ အစကတည်းက ပြိုလဲစပြုနေသည့် သူ့ နှလုံးသား အတွင်း မွေးဖွားလာခဲ့၏။ ဖြစ်နိုင်ချေ ရှိသည် ဆိုသည့် အတွေးဖြင့်ပင် သူ ကိုယ့်စွမ်းရည်ကို အထင်သေး လာခဲ့မိသည်။ မည်သို့ပင် ဆိုစေ... အခြားအရာများစွာကိုလည်း အာရုံခံရန် သူ ပျက်ကွက်ခဲ့သည် မဟုတ်ပါလား။

“သူ့ရဲ့ လျှို့ဝှက်အော်ရာက မတည်ငြိမ် နေသလိုပဲ...”

ဘေးနားရှိ တူလာရီက မျက်မှောင်ကြုတ်ရင်း ဝေဖန်လိုက်၏။ မကောင်းဆိုးရွား စောင့်ကြပ်သူနှင့် တိုက်ခိုက်နေသည့် မြေကြီးရှန့်ထိုမှာ အမှန်တကယ် အားကောင်းသော်လည်း သူ၏ အရှိန်အဝါတွင် ပုံမှန် မဟုတ်သည့် အရာတစ်ခု ရှိနေပုံရသည်။

“…”

တန်ဘူမာမှာ ဝိညာဉ်အာရုံကို အသုံးပြု၍ စစ်ဆေးကြည့်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း နှလုံးသားကို ရစ်သိုင်း လွှမ်းခြုံနေသည့် မိုးတိမ်ကြောင့်ပင် သူ၏ အာရုံ ခံစားမှုများမှာ ထက်ရှခြင်း မရှိတော့ချေ။ သူ မပြောနိုင်ပါချေ။

“ငါတော့ မထင်ဘူး...”

သူ၏ လေသံက မသေချာ မရေရာခြင်းများနှင့် ပြည့်နှက်နေ၏။ တစ်ချိန်က မျိုးဆက်တူ ကျင့်ကြံသူ များစွာကို လွှမ်းမိုးကာ ကြီးမားသည့် ခွန်အားမျိုးအား ပြသခဲ့သည့် မြေကြီးရှန့်ထို အဆင့် ရွေးချယ်ခံမှာ မိမိကိုယ်ကို ယုံကြည်ချက် ဆုံးရှုံးခြင်း၏ အကျိုးဆက်များကို ခံစားနေခဲ့ရပြီ ဖြစ်သည်။

“ဟမ်”

တူလာရီ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ အာရုံခံစားမှုများကပဲ မှားယွင်းနေပါသလော။

ဘုန်း...

နေတစ်စင်း ပေါက်ကွဲသွားသည့် အလား မီးတောက်မီးလျှံများမှာ မိုင်ပေါင်း ရာနှင့်ချီ၍ ပျံ့နှံ့သွားကာ ၎င်းတို့နှင့် ထိတွေ့သည့် မည်သည့် အရာကို မဆို လောင်ကျွမ်း ပစ်လိုက်ကြသည်။ ရွေးချယ်ခံများမှာ ကြောက်လန့်တုန်လှုပ် နေကြကာ အဆက်မပြတ် ရွေ့လျားရင်း တိုက်ပွဲ၏ ဧရိယာအတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြသည်။ ကံဆိုးသည့် လူအနည်းကတော့ တိုက်ပွဲ၏ ရိုက်ခတ်မှု ဒဏ်အော်ကတွင် အော်ဟစ်နိုင်ခြင်း မရှိဘဲ အသက်ဆုံးရှုံး သွားခဲ့ကြရသည်။

ဘုန်း... ဘုန်း...

မြေကြီးရှန့်ထိုနှင့် လူမည်းကြီးတို့မှာ စကား တစ်ခွန်းမှ မဆိုပဲ တိုက်ခိုက် နေခဲ့ကြ၏။ တိုက်ပွဲက ထိပ်တိုက် ဖလှယ်မှုတိုင်းတွင် ပို၍ ပြင်းထန်လာခဲ့သည်။

ကနဦး၌ မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ အလစ်အငိုက် ဖမ်းကာ အချိန်ကိုက်တွင် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။ ထိုထိခိုက်မှုက သေးငယ်ခြင်း မရှိချေ။ သာမန် မြေကြီး ရှန့်ထို တစ်ယောက်သာ ဆိုပါက ကြီးမားစွာ အထိနာသွားနိုင်သည်။ သို့သော်လည်း... ဤထူးခြားသည့် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားရုံမျှသာ မက တိုက်ခိုက်ရေး အထူးပြု စစ်သည်တော်တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုမှာလည်း ထိပ်တန်း အဆင့်၌ ရှိပေသည်။

အပေါ်ယံ အရေပြား အချို့ လောင်ကြွမ်းခံထားရသည့်တိုင် အတွင်းပိုင်း အသွေး အသားများမှာ အလွန်ပင် သန့်စင်လှပေသည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် မရှိလျှင်ပင် သာမန် မြေကြီး ရှန့်ထို တစ်ဦး၏ တိုက်ခိုက်မှု အောက်၌ လောင်ကြွမ်းခံရမည့် အဆင့်မျိုး မဟုတ်ပါချေ။ သို့သော်လည်း... သူနှင့် တိုက်ခိုက်နေသူမှာ သာမန် မြေကြီး ရှန့်ထို တစ်ဦး မဟုတ်တာတော့ သေချာသည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အဆက်မပြတ် ကျရောက်လာသည့် တိုက်ခိုက်မှုများကို ကာကွယ်ရင်း အခြေအနေ၏ ထူးခြားမှုကို သတိပြုမိ၏။ အထူးသဖြင့်... ရန်သူ၏ အော်ရာပင်။ သူက အဆင့်သုံး ခြေချခြင်း နည်းလမ်းကို အသုံးပြု နေသော်လည်း ကနဦး စွမ်းအားက လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ဦးနှင့်ပင် ညီမျှနေပေသည်။

သူ့ ဘဝ တစ်လျှောက်လုံး စုဆောင်းထားခဲ့သည့် ကျင့်ကြံခြင်း ဗဟုသုတများနှင့် အတူ မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ရုတ်တရက် နားလည်သွားခဲ့၏။ သူသည် မီးလောင်ခံထားရသည့် လက်သီးကို အားမာန်အပြည့် ထိုးလိုက်ရင်း သူ့ လည်ပင်းဆီ ဦးတည် ဝင်လာနေသည့် မီးတောက် လှံတစ်ခုကို ချေမှုန်းလိုက်သည်။

“နို့သောက်မလား... မင်းရဲ့ ခန္ဓာကိုယ်က အားနည်းလွန်းတယ်...”

သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ သွေးစွန်းနေသည့် သူ့ အပြုံးက ကြည့်ရသူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။

လူမည်းကြီးမှာ စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် မီးတောက်များဖြင့် ဝန်းရံနေသည့် ပုဂ္ဂိုလ်ကို အကဲဖြတ်ဖို့ ကြိုးစားလိုက်၏။ မည်သူမည်ဝါ ဖြစ်ကြောင်း အတိအကျ သူ မဆုံးဖြတ်နိုင်သော်လည်း မီးတောက်များ အတွင်း ပါဝင်နေသည့် မူလယင် အော်ရာက တိုက်ခိုက်နေသူမှာ ကျား၊ မ ဖြစ်ကြောင်း ဆုံးဖြတ်ရန် သူ၏ အာရုံခံစားမှုများကို မတားဆီးနိုင်ခဲ့ပေ။

ထို့အပြင် ထိုမူလယင်မှာ မြေကြီးရှန့်ထိုတစ်ဦး ပိုင်ဆိုင်သည့် မူလယင် မဟုတ်ကြောင်း သူသိသည်။ အကယ်၍ မြေကြီး ရှန့်ထို တစ်ဦး၏ မူလယင် ဆိုပါက အော်ရာမှာ အလွန်အမင်း ပြင်းထန်ကာ မိုင်ပေါင်း သန်းနှင့်ချီသော အကွာအဝေးမှပင် အနံ့ခံနိုင်မည် ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်ကြယ်တာရာ အဆင့် တစ်ယောက်၏ အရှိန်အဝါမျှသာ ဖြစ်သည်။ တိုက်ခိုက်သူမှာ မူလယင်ကို မည်သည့် ယင်ကျင့်စဉ်မျိုးနှင့်မှ မြှင့်တင် မထားလေရာ ပိုမို၍ ဆုံးဖြတ်ရ လွယ်ကူသည်။

ဘုန်း...

လူမည်းကြီးမှာ မီးလောင်များသည့် နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း ခန္ဓာကိုယ်ထံ တိုးဝင်လာနေသည့် နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ပိတ်ဆို့လိုက်၏။ ထို့နောက် သူက ရူးသွပ်စွာပင် ရယ်မောလိုက်သည်။

သူက တစ်ချိန်လုံး ခုခံ ကာကွယ်ရန်သာ ကြိုးပမ်း နေခဲ့ကာ အာရုံများကို တိုက်ခိုက်သူ၏ အော်ရာနှင့် မြဲမြံစွာ ချိတ်ဆက်ထားရင်း တန်ပြန် တိုက်ခိုက်ဖို့ပင် မကြိုးစားခဲ့ချေ။ သူမမှာ မြေကြီး ရှ့န်ထို အဆင့် စွမ်းအားကို ယာယီ ချီးမြှင့်ပေးနိုင်သည့် နည်းပရိယာယ် တစ်ခုကို အသုံးပြုနေခြင်း ဖြစ်သည်။ ၎င်းမှာ မကြာခင် အဆုံးသတ်ပေတော့မည်။

စန်းယွန်းလီမှာ ဗလာဝတ်ရုံ၏ ဖုံးကွယ်မှု အောက်၌ ရှိနေခဲ့၏။ သို့သော်လည်း... တိုက်ပွဲ၏ အခြေအနေကို ကြည့်ရင်း သူမ၏ မျက်နှာ အမူအရာက မှောင်မိုက်လာခဲ့သည်။ ပုံမှန်အားဖြင့် ပတ္တမြား ရတနာအလား တဖျပ်ဖျပ် တောက်ပနေတတ်သည့် မျက်ဝန်းများ အတွင်းတွင် ဝမ်းနည်းသည့် အရိပ်အယောင် တစ်ခု လက်သွားခဲ့၏။ တိုက်ခိုက်နေသူမှာ မြေကြီးရှန့်ထို တစ်ယောက် မဟုတ်ကြောင်း စန်းယွန်းလီ သိသည်။

သူမမှာ ထျန်းတျန် အတွင်းရှိ ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်နှင့် ပေါင်းစည်းသော နည်းလမ်းကို အားကိုးနေသည့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။

ထိုမိန်းကလေးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ စတင်ပြီးနောက် ကောင်းကင်လမ်းစဉ် စာအုပ် အတွင်း အသစ် ဖြစ်ပေါ်လာသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ စန်းယွန်းလီမှာ ထိုမိန်းကလေးနှင့် အတူ ကံကြမ္မာကို မျှဝေရင်း အတူတကွ လုပ်ဆောင်ခဲ့ကာ အသက်ဘေး ကျရောက်နိုင်သည့် အန္တရာယ်တစ်ခုမှ လွတ်မြောက်အောင် ကူညီခဲ့ပေးသည်။

ဝေ့ဝူယင်ကဲ့သို့ပင် သူမမှာ ရင်းနှီးမြှုပ်နှံရန် အတွက် မဟာမိတ်များကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ စန်းယွန်းလီ၏ အကူအညီဖြင့် မိန်းကလေးမှာ အကျိုးကျေးဇူးများ ရရှိခဲ့ကာ ၎င်းမှာ မူလက ရရှိသင့်သည့် အရာထက် များစွာ ပိုမိုများပြားခဲ့သည်။ ဤသည်မှာ ကောင်းကင်လမ်းစဉ် စာအုပ်၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခုဖြစ်သည်။ ၎င်းမှာ သူမကို ကံကောင်းခြင်းဆီသို့ ပို့ဆောင်ပေးနိုင်ရုံသာမက ကြိုတင်သိရှိထားမှုမှတစ်ဆင့် ကောင်းချီးခံများကို အကူအညီပေးရင်း ပိုမိုကြီးမားသော အကျိုးကျေးဇူးနှင့် (အနာဂတ်တွင် အထွတ်အထိပ်ကို ရောက်ရှိမည့်) မိတ်ဆွေများ ရရှိနိုင်သည်။

အဆိုပါ ဆက်ဆံရေးကြောင့်ပင် ထိုပုဂ္ဂိုလ်မှာ သူမကို ကူညီလိမ့်မည် ဖြစ်ကြောင်း စန်းယွန်းလီ သိရှိခဲ့သည်။ ထို့ကြောင့်ပင် သူမမှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အာရုံများကို သူမ တစ်ဦးတည်းထံသို့ ဆွဲဆောင်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အသေသတ်ကွက် တစ်ခုကို ဖော်ထုတ်ရန် အခွင့်ကောင်း တစ်ခု ဖြစ်ပေလိမ့်မည်။

ကံဆိုးစွာပင်...

ဘုန်း... ဘုန်း...

စစ်မြေပြင်တွင် မိန်းကလေးမှာ အဆက်မပြတ် ဆိုသလိုပင် အပြင်းထန်ဆုံးသော၊ အရက်စက်ဆုံးသော တိုက်ခိုက်မှုများကို ဖော်ထုတ် နေခဲ့၏။ သို့သော်လည်း ကနဦး တိုက်ခိုက်မှု အပြီးတည်းက သူမ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများမှာ အနည်းငယ် အားနည်း သွားခဲ့သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ရုပ်ခန္ဓာ အပေါ် သိသာ ထင်ရှားသည့် ထိခိုက်မှုများ ဖြစ်ပေါ်လာစေရန် ခက်ခဲသွားခဲ့သည်။

“ရှောင်ယန်ယွဲ့... နင့်ရဲ့ လျှို့ဝှက်စွမ်းအား အသုံးပြုတဲ့ပုံစံက အဆင့်နိမ့်လွန်းတယ်... နင် ငါ့စွမ်းအားရဲ့ အပုံ တစ်ထောင်ပုံ တစ်ပုံကိုတောင် ကောင်းကောင်း အတုမယူနိုင်ဘူး... ဒီလူယုတ်မာက နင်အားကုန်အောင် ကြိုးစားနေတာ... ထွက်ပြေးဖို့ အခွင့်အရေး ရှာ”

မိန်းကလေး၏ ထျန်းတျန် အတွင်းမှ ရင့်ကျက်သည့် အမျိုးသမီးသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ အသံမှာ တည်ငြိမ်သော်လည်း စိုးရိမ် ထိတ်လန့်သည့် အငွေ့အသက် အချို့ ပါရှိနေသည်။

တစ်ချိန်တည်း၌ ရှေးဟောင်း ဝိညာဉ်မှာ သူမ၏ စွမ်းအား အစိတ်အပိုင်းတစ်ခုကို ရှောင်ယန်ယွဲ့၏ လျှို့ဝှက် အမြုတေ အတွင်း ပေးပို့ရန် သိမ်မွေ့ နူးညံ့သည့် နည်းလမ်းတစ်ခုကို အသုံးပြုနေခဲ့သည်။ သို့သော် အလွှာအပြင် ကောင်းချီးခံ မိန်းကလေး အတွက် ၎င်းအား ကိုင်တွယ် အသုံးပြုဖို့ ခက်ခဲလှပေသည်။

ထို့အပြင်... ရှေးဟောင်း ဝိညာဉ်မှာ လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို အဆင့် စွမ်းအားကို ယူဆောင်လာခဲ့လျှင်ပင် မကောင်းဆိုးရွား စောင့်ကြပ်သူကို ကိုင်တွယ်ရန် မလုံလောက်ပေ။ လူမည်းကြီးမှာ လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်နှင့် အလွန်မာကျောသည့် ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် ရှောင်ယန်ယွဲ့၏ ကိုယ်ခန္ဓာမှာ ထိုမျှ အစွမ်းထက်သည့် စွမ်းအားများကို အချိန်အကြာကြီး ကိုင်တွယ်နိုင်စွမ်း မရှိပေ။ သူမ၏ လျှို့ဝှက်အော်ရာမှာ အချိန်တိုင်း၌ ပိုမို မတည်မငြိမ် ဖြစ်လာနေကာ အခြေအနေမှာ ပိုမို၍ ဆိုးရွား လာနေခဲ့လေ၏။

***

All Chapters