ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၆)
Vol. 120 Ch. 1672
အခြားတစ်ဖက်၌ ဝမ်မင်ယာမှာ အလေးအနက်ပင် စဉ်းစား ဆင်ခြင်နေ၏။ သူမ၏ မျက်လုံးများက ရွှေရောင် အလင်းများဖြင့် တောက်ပနေကာ အချိန်၊ ကံကြမ္မာတို့နှင့် ရောနှော နေခဲ့သည်။
“မညီညွှတ်တာတွေ အရမ်းများနေတယ်... ဆန့်ကျင် ဖုံးကွယ်တဲ့ နည်းလမ်းများလား...”
သူမ မျက်မှောင်ကြုတ်လိုက်၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို မည်သူက ထိုသို့သော နည်းလမ်းများ သင်ကြားပေးနေပါသနည်း။ ကောင်းကင်တာအိုများ၏ အမြင်အာရုံများမှ ဖုံးကွယ်ရန် အတွက်လား။ ကံမကောင်းစွာပင် ဝမ်မင်ယာ၏ ကျင့်ကြံခြင်း အခြေခံမှာ လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ်နိုင်ဖို့ နိမ့်ကျလွန်း နေပေသေးသည်။
ဝှစ်...
စန်းယွန်းလီမှာ ဝမ်မင်ယာ၏ နံဘေးသို့ ဟင်းလင်းပြင် ဖြတ်သန်းခြင်းဖြင့် ကျော်ဖြတ်လာခဲ့၏။ သူမ၏ အမူအရာက အလွန် အရေးတကြီး ရှိနေပုံ ရသည်။
“ပုရောဟိတ်ဝမ်...”
ဝမ်မင်ယာက သက်ပြင်းချပြီး သူမကို ကြည့်လိုက်သည်။
“ငါ ကြိုးစားပြီးပြီ... သူ့ကို ရှာမတွေ့ဘူး...”
ဝမ်မင်ယာ၏ မျက်လုံးများ အတွင်းရှိ အကူအညီမဲ့သည့် အလင်းကို မြင်တွေ့လိုက်ရသော အခိုက်၌ စန်းယွန်းလီ၏ မျက်နှာ အမူအရာမှာ သိသိသာသာပင် ပြောင်းလဲ သွားခဲ့၏။ ဝမ်မင်ယာမှာ အမှန်တကယ် ရှာမတွေ့နိုင်ခြင်း ဖြစ်ကြောင်း သူမ ခံစားမိသည်။
“ဟိုမိန်းကလေးကိုရော...”
စန်းယွန်းလီက အလျှင်အမြန် မေးလိုက်၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရှာမတွေ့လျှင်ပင် ရှောင်ယန်ယွဲ့ကို ရှာဖွေနိုင်ပါက အဆင်ပြေသည်။ သို့သော်လည်း ဝမ်မင်ယာက ခေါင်းခါလိုက်၏။
“သူ့ကိုလည်း ဖုံးကွယ်ထားတယ်...”
“နည်းလမ်း မရှိတော့ဘူးလား...”
စန်းယွန်းလီက လက်သီးဆုပ်ရင်း မေးလိုက်သည်။ ရှောင်ယန်ယွဲ့ထံ၌ အခြေအနေကို ပြောင်းလဲနိုင်သည့် ထူးခြားသော ဝှက်ဖဲတစ်ခု ရှိကြောင်း သူမ သိရှိထားသည်။ စန်းယွန်းလီ၏ အမြင်၌ ရှောင်ယန်ယွဲ့မှာ ယီယွင်ထက် အဆပေါင်းများစွာ သာလွန်သည့် အလားအလာ ရှိသည်။ အကယ်၍ သူမသာ ရွေးချယ်ခွင့် ရှိပါက ရှောင်ယန်ယွဲ့ကိုသာ ရွေးချယ်မည် ဖြစ်သည်။ ယခုတွင်တော့ မြည်းကို ကယ်တင်ဖို့ ကြိုးစားရင်း နွားကို ဆုံးရှုံးရသည့် အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ နေခဲ့ရပြီ ဖြစ်သည်။
“ငါ့မှာ အချိန်အလုံအလောက်ရှိခဲ့ရင်တော့ နည်းလမ်းက အမြဲတမ်း ရှိပါတယ်…”
ဝမ်မင်ယာက ကောင်းကင်ကို မော့ကြည့်လိုက်၏။
၂၈:၀၈...
တတိယမြောက် အပိုင်းအစ၏ တောက်ပမှုမှာ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နောက်ထပ် အလင်းတစ်ခု ထွက်ပေါ်လာတော့မည်။
“ဒါပေမဲ့ အဲဒါက ထာဝရသရဖူ အခမ်းအနား ပြီးဆုံးတဲ့ အထိ ကြာလိမ့်မယ်...”
ဝမ်မင်ယာက ထပ်လောင်းပြောလိုက်၏။ ကောင်းကင် ပရောဟိတ် အများဟု၏ နည်းလမ်းများမှာ ရိုးရာဓလေ့များနှင့် ဆင်တူကာ ကောင်းကင် တာအို၏ ဆန္ဒကို လေ့လာရန် အချိန်နှင့် အနှောင့်အယှက်ကင်းသော အာရုံစူးစိုက်မှု လိုအပ်သည်။ ယခုလက်ရှိ သူမ အသုံးပြုနေသည့် နည်းလမ်းများမှာ ဖြတ်လမ်း နည်းလမ်းများ ဖြစ်ကာ နှစ်ဆယ့် လေးနာရီ သို့မဟုတ် လေးဆယ့်ကိုးရက် အချိန်ယူရသည့် နည်းလမ်းများ ကဲ့သို့ အားကောင်းခြင်း မရှိပါချေ။ အစွမ်း အထက်ဆုံးသော ပညာရပ်များကို ထုတ်ဖော်ဖို့ အတွက် ဆိုလျှင် ရွှေရောင် ဂိတ်တံခါး နန်းတော်၏ နယ်မြေ အစီအရင်ကြီးများကိုပင် အသုံးချဖို့ လိုအပ်သည်။
“…”
စန်းယွန်းလီမှာလည်း ထိုကန့်သတ်ချက်များကို သိရှိထားပေသည်။ သို့သော်လည်း... ဝမ်မင်ယာမျာ အခြား ကောင်းကင် ပုရောဟိတ်များထက် သိသိသာသာ ပိုမို အားကောင်းသည်ဟု သူမ ယုံကြည်ထင်မြင်ခဲ့သည်။
“ပုရောဟိတ်ဝမ်က ပိုအားကောင်းရင်တောင် ငါတို့ အခု ရင်ဆိုင်နေရတာက လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတဲ့ မြေကြီးရှန့်ထိုလေ... သူ့ရဲ့ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က မပြည့်စုံသေးဘူး ဆိုရင်တောင်မှပေါ့... ငါ အများကြီး တောင်းဆိုမိနေတာ...”
သူမ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ရင်း ဆင်ခြင်တုံတရားဖြင့် တွေးလိုက်သည်။ လက်လျှော့လိုက်သည့် အခိုက်တွင်ပင် သူမ၏ ခန္ဓာကိုယ် တစ်လျှောက် ခံစားချက်တစ်ခုက ဆိုးနင့်စွာ စီးဝင်လာခဲ့သည်။ လောကနယ်မြေ ပြိုကျခဲ့သည့် နေ့တုန်းကလိုမျိုး အကူအညီ မဲ့မှု ကံကြမ္မာဆိုးကို သူမ နောက်တစ်ကြိမ် ပြန်လည် ခံစားလိုက်ရသည်။ စန်းယွန်းလီ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။ သူမ၏ လက်သည်းများက လက်ဖဝါးထဲ အထိ စူးနင့်စွာ ဝင်ရောက်သွားကာ သွေးများပင် စီးကျလာခဲ့သည်။
“ငါ လက်မလျှော့နိုင်ဘူး...”
စန်းယွန်းလီ ပြတ်သားစွာ ရေရွတ်လိုက်၏။ အတိတ်ဘဝတုန်းကလို အဖြစ်မျိုး သူမ ထပ်မံ၍ မကြုံတွေ့လိုတော့ချေ။ ကယ်တင်လိုသည့် လူတိုင်းကို သူမ ကယ်တင်နိုင်ရမည်။ သူမ လုပ်ကို လုပ်နိုင်ရမည်။
အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ ကောင်းကင်ရှိ ငွေရောင် မိုးရေစက်များကို ငေးကြည့် နေခဲ့၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လုပ်ဆောင်ချက်များက ချီးကျူးထိုက်ပေသည်။ ထိုလူမှာ အနည်းဆုံးတော့ ပြသားသည်။ သူ ရရှိနိုင်သမျှ အခွင့်အရေးတိုင်း အတွက် အရံ စွမ်းအားကို ထိန်းသိမ်းထားသည်။ ထို့အပြင်... အလွန်အမင်း သတိကြီးသည်။
သူက အသိစိတ် ပင်လယ်၏ တစ်စိတ်တစ်ပိုင်းကိုပင် သီးခြား ခွဲခြားကာ ချိပ်ပိတ်ထားသည်။ နာ့ရှင်းရီ၏ တိုက်ခိုက်မှု အောက်၌ ပင်မ အသိစိတ် ပင်လယ် ဝေဝါးသွားသည့် အချိန်တွင် ချိပ်ပိတ်ထားသည့် အပိုင်းမှာ အတိအကျပင် လှုပ်ရှားလာခဲ့ကာ အာရုံ စူးစိုက်မှုကို ထိန်းချုပ်ရန် ချက်ချင်း လုပ်ဆောင်ခဲ့သည်။
မိမိ၏ ကိုယ်ပိုင် အသိစိတ် ပင်လယ်ကို ချိပ်ပတ်ဖို့ ကြိုးပမ်းခြင်းမှာ မယုံကြည်နိုင်လောက်အောင် နာကျင်ရသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အခန့်မသင့်ပါက ကျင့်ကြံခြင်း သွေဖီမှုနှင့်ပင် ရင်ဆိုင်ရနိုင်သည်။ သို့သော်လည်း... မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
လူမည်းကြီး၏ လက်အတွင်း ပါသွားသည့် ကောင်းချီးခံ မိန်းကလေးကို ဝေ့ဝူယင် ပြန်လည် တွေးတောလိုက်မိ၏။
“ဘဝဆိုတာ ဒီလိုပါပဲ...”
တစ်ခဏ ကြာပြီးနောက် သူ ပခုံးတွန့်လိုက်သည်။ ကောင်းချီးခံများမှာ မရှုံးနိမ့်နိုင်သူများ မဟုတ်ပါချေ။ သူတို့သည်လည်း လွဲချော်မှုများ ဖြစ်တတ်သည်သာ ဖြစ်သည်။ ဤသည်က အလားတူ အခြေအနေ တစ်ခု ဖြစ်သည်။
မည်သို့ပင် ဆိုစေ... အသက် ၂၅ နှစ်လောက်က သူ သတ်ဖြတ်ခဲ့ဖူးသည့် တပ်မှူးမှာ ကောင်းချီးခံ တစ်ယောက်ကို သတ်ဖြတ်ထားသည့် အပြစ်သား တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ သာမန်လူများ ကဲ့သို့ပင် ကောင်းချီးခံများမှာလည်း သေဆုံးနိုင်သည်။
မိမိပြုလုပ်လိုက်သည့် ရွေးချယ်မှု သေးသေးလေးများမှာ တစ်ခါတစ်ရံ ဘဝတွင် ဆိုးရွားသည့် ရလဒ်များကို ယူဆောင် လာနိုင်သည်။ ကောင်းကင်တာအို၏ အကူအညီများမှာ အန္တရာယ်များနှင့် မျက်နှာချင်း မဆိုင်ခင်တွင်သာ ရောက်ရှိ လာတတ်ခြင်း ဖြစ်သည်။
နောင်တစ်ချိန်တွင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အပြစ်သား အဆင့်နှင့် ရိတ်သိမ်းနိုင်သည့် အကျိုးကျေးဇူးများ အတွက် မှတ်စုတစ်ခု ပြုလုပ်ဖို့ ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။
“ဝေ့ဝူယင်…”
ရုတ်တရက် ရှန့်ထိုလက်စွပ် အတွင်းမှ ဝိညာဉ်အာရုံ ပို့လွှတ်မှု တစ်ခုမှာ ရူးသွပ်စွာ ပဲ့တင်ထပ် ဝင်လာခဲ့၏။ ၎င်းမှာ လင်းကျိရန်၏ အသံ ဖြစ်ပေသည်။
“ရှောင်ယန်ယွဲ့က ကျွန်မရဲ့ သူငယ်ချင်းပါ... ရှင် သူ့ကို ကယ်ပေးလို့ရမလား... ကျေးဇူးပြုပြီးတော့...”
မိန်းကလေး၏ အသံက ပြင်းထန်သည့် ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
“…”
ဝေ့ဝူယင် ယုတ္တိရှိသည့် ဆင်ခြေ တစ်ခုဖြင့် ထိုတောင်းဆိုမှုကို ငြင်းဆိုရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် အခြား ဝိညာဉ်အာရုံ တစ်ခုမှာ ကောင်းကင်ကို ဦးတည်၍ အော်ဟစ်လိုက်ကာ အဂ္ဂိရတ် အလင်းတန်းများကိုပင် တုန်ခါ သွားစေခဲ့သည်။
ဝေ့ဝူယင် လှမ်းကြည့်လိုက်ကာ စန်းယွန်းလီမှာ ဝိညာဉ်အင်အားများဖြင့် ကောင်းကင်ရှိ အလင်းတန်းများအား တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ သူမမှာ ထာဝရ သရဖူ အလင်းတန်းများမှ တစ်ဆင့် ဝိညာဉ်အာရုံ ပေးပို့မှု တစ်ခု ပြုလုပ်ရန် ကြိုးပမ်း နေသည်လား။ ကောင်းကင်ရှိ တိမ်တိုက်များထဲတွင် အလွန် အစွမ်းထက်သည့် နတ်ဘုရားများ ရှိနေသည်ဟု သူမက ထင်မြင် နေသည်လား။ ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။
ဝေ့ဝူယင် လက်ဖဝါးကို ကောင်းကင်ထံသို့ မြှောက်လိုက်ကာ ဝိညာဉ်အာရုံကို အလင်းတန်းများနှင့် ချိတ်ဆက်လိုက်သည်။ ထိုနည်းဖြင့်... စန်းယွန်းလီ၏ ဝိညာဉ်အင်အားကို ပြန်လည် ပုံဖော်ကာ စတင်းစကား တစ်ခုကို သူ လက်ခံ ရရှိလိုက်၏။
“ရှောင်ယန်ယွဲ့ရဲ့ အသက်အတွက် လဲလှယ်ဖို့ ကျွန်မ ဆန္ဒရှိတယ်...”
မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ဝေ့ဝူယင် လုယူထားသည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း စန်းယွန်းလီ သိပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ စောင့်ကြည့်နေကြောင်း သူမ သေချာနေခဲ့သည်။ လုံလောက်သည့် ခွန်အားနှင့် ယုံကြည်မှုတို့ မရခင် အချိန်အထိ ဝေ့ဝူယင်ကို သူမ ရှောင်ရှားလိုခဲ့သော်လည်း လက်ရှိ၌ ရှောင်ယန်ယွဲ့၏ အသက်မှာ အန္တရာယ် ရှိနေလေရာ သူမ ထိုကဲ့သို့ မလုပ်ဆောင်နိုင်တော့ချေ။
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ စိတ်ဝင်စားသော အလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပလာခဲ့လေ၏။
***