← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၇)

Vol. 120 Ch. 1673

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၇)

Vol. 120 Ch. 1673

စန်းယွန်းလီ၏ မျက်လုံးများမှာ ကောင်းကင်ရှိ အလင်းတန်းများကို စူးစိုက်ကြည့်ရင်း တောက်ပနေခဲ့၏။ သူမ သတင်းစကား တစ်ခုကို ပေးပို့ခဲ့သော်လည်း ထိုသတင်းစကားက အမှန်တကယ် ရောက်၊ မရောက် သူမ မသိပါချေ?

“ရှောင်ယန်ယွဲ့ ဘယ်မှာလဲဆိုတာသာ ငါ သိနိုင်ရင်”

ရှောင်ယန်ယွဲ့အား ဆုံးရှုံးရမည့် အရေးကို တွေးတောရင်း သူမ၏ နှလုံးသားမှာ ပုံမှန်မဟုတ်ဘဲ တင်းမာနေခဲ့၏။ တကယ်ဆိုလျှင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို သတ်ဖြတ်ရန် အတွက် ထူးခြားသော ဝှက်ဖဲများကို သူမ သုံးခဲ့သင့်သည်။ ရှောင်ယန်ယွဲ့ကို ထိုမိစ္ဆာနှင့် တစ်ယောက်တည်း ယှဉ်ပြိုင်စေဖို့ သူမ ခွင့်မပြုခဲ့သင့်ချေ။

သူမ၏ စိတ်ထဲမှ အကြီးမားဆုံး ပြိုင်ဘက် အဖြစ် သတ်မှတ်ထားသည့် လောကီ ပြန်လည် မွေးဖွားသူ ဝေ့ဝူယင် အနီးကပ် စောင့်ကြည့်နေသည့် အနေအထားတွင် သူမ ဝှက်ဖဲများကို အလွန်အကျွံ မထုတ်ဖော်ချင်ခဲ့ပေ။

ဝေ့ဝူယင်မှာ မူလ အချိန်စီးကြောင်း အပေါ် ပြင်းထန်သည့် သက်ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့လေရာ သူမကဲ့သို့ပင် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်လိမ့်မည် ဟု စန်းယွန်းလီ အခိုင်အမာ ယူဆ ထားခဲ့သည်။ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ ရောက်ရှိလာခဲ့ခြင်းကလည်း အရာအားလုံးကို ပြောင်းလဲစေခဲ့လေရာ မည်သည့် အရာကို မဆို တိတိကျကျ ပြောဖို့ သူမ အတွက် ခက်ခဲလှပေသည်။ ကောင်းကင်လမ်းစဉ် စာအုပ်ကြောင့်သာလျှင် သူမ လမ်းကြောင်းတစ်ခု ချမှတ်ကာ ရှေ့ကို ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်လမ်းစဉ် စာအုပ်မှာ ကောင်းကင် ပါရမီရှင်များ၏ ဖြစ်နိုင်ချေ ရှိသည့် လမ်းကြောင်း အမျိုးမျိုးကို ပြသခဲ့သည်။ ထိုစာအုပ်ကို သူမ အပြည့်အဝ နားမလည်သေးသော်လည်း စာမျက်နှာထက်၌ နာမည်ပါသူများမှာ ကောင်းကင်ဘုံမှ ထောက်ခံထားသည့် ကြီးကျယ် ခမ်းနားသော ကံကြမ္မာ အမျိုးအစား တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူမ သိပေသည်။ ထိုကဲ့သို့ ပါရမီရှင်များနှင့် တွေ့ဆုံတိုင်း ကောင်းကင်လမ်းစဉ် စာအုပ်မှာ တုန့်ပြန်ခဲ့ကာ သူတို့၏ ကြိုတင် သတ်မှတ်ထားသော အနာဂတ်များကို ပြသခဲ့သည်။ ပြောရလျှင်... ၎င်းက အဆင်ပြေသည်။

စန်းယွန်းလီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းလာခဲ့၏။ သူမ၏ မွေးစားအဖြေက မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်သည်။ ထို့အပြင်... သူမသည်လည်း ကိုယ်ပိုင် နည်းလမ်းများနှင့် အတူ ထိပ်တန်း ရွေးချယ်ခံ တစ်ယောက် ဖြစ်သည်။ ထိုအချက်က အားကိုးရာရဖို့ သူမ မျှော်လင့် နေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်က သူမ၏ သတင်းစကားကို တုန့်ပြန်ပါမည်လော။

စန်းယွန်းလီနှင့် အလှမ်းကွာဝေးသည့် နေရာတစ်ခုတွင်တော့ ဝေ့ဝူယင်မှာ မေးစေ့ကို ပွတ်သပ်ကာ မျှော်လင့် မထားသည့် ကမ်းလှမ်းချက်ကို စဉ်းစား နေခဲ့သည်။ သူ၏ အတွေးများက အလွန် လျှင်မြန်နေကာ မီလီစက္ကန့် အနည်းငယ် အကြာတွင်တော့ ခေါင်းခါလိုက်သည်။

သူ လိုချင်သည့် မည်သည့် အရာကိုမှ စန်းယွန်းလီမှာ ပေးလိမ့်မည် မဟုတ်ချေ။ ဥပမာအားဖြင့်... ကောင်းကင်တာအို၏ အပိုင်းအစ တစ်ခု...။ ဝေ့ဝူယင်မှာ လက်ရှိ အချိန်အထိ ကောင်းကင်တာအို အပိုင်းအစ တစ်ခု ပိုင်ဆိုင်ထားခြင်း၏ အကျိုးကျေးဇူးများနှင့် လက်တွေ့၌ အသုံးပြုနိုင်ခြင်း ရှိ၊ မရှိတို့ကို နားမလည်သေးချေ။ ထို့အပြင်... အမွေခံအပြစ်သား တစ်ဦး အနေဖြင့် ၎င်းနှင့် ဆက်သွယ်ပါက ဖြစ်လာနိုင်ချေ ရှိသည့် အန္တရာယ်များကိုလည်း သူ မသိချေ။

စန်းယွန်းလီမှာ လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်သည့် အတွက် ဝေ့ဝူယင် လုံးဝ လျှော့မတွက်ရဲချေ။ သူက အမွေခံ အပြစ်သား တစ်ဦး ဖြစ်သော်လည်း ထိပ်တန်း အဆင့်နှင့် အလွန် အလှမ်ကွာလွန်းပေသေးသည်။ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု၊ တီထွင်ဖန်တီးမှုနှင့် ရဲရင့်သော အစွမ်းအစများမှတစ်ဆင့် သူ အံ့မခန်း လုပ်ရပ်များစွာကို အောင်မြင်ခဲ့သည့်တိုင် အမွေခံ အပြစ်သား တစ်ဦး အနေဖြင့် သူ၏ အခြေခံ လိုအပ်ချက်က သူတော်စင်တို့၏ အဆင့် ဖြစ်နေသေးဆဲ ဖြစ်သည်။ သူ အစစ်အမှန် အပြစ်သား ဝိညာဉ် နည်းလမ်းကိုပင် မကျင့်ကြံနိုင်သေးချေ။

အကယ်၍ စန်းယွန်းလီထံမှ ကောင်းကင်တာအို အပိုင်းအစကို ရယူနိုင်ခဲ့လျှင်ပင် ထိုအရာက သူ့ တည်ရှိမှုကို ဖော်ထုတ်လိုက်မိသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ဖြစ်နိုင်ချေမျှသာ ဖြစ်သည့်တိုင် ရလဒ်က သူ၏ သေဆုံးခြင်းပင် ဖြစ်နိုင်သည်။ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်ကြောင်း ဖော်ထုတ်ခံရခြင်း၏ အကျိုးဆက်များက ဘယ်တော့မှ သက်သာလိမ့်မည် မဟုတ်ပါချေ။

ဝေ့ဝူယင်ထံတွင် ထိုအန္တရာယ် အတွက် စွန့်စားရန် သတ္တိမရှိပါချေ။ ထို့အပြင်... ကောင်းကင်တာအို၏ အစိတ်အပိုင်းတစ်ခုကို သန့်စင်နိုင်သည်၊ သို့မဟုတ်... ထိန်းချုပ်နိုင်သည် ဟူသည့် မျက်ကန်း တစ္ဆေမကြောက် ယုံကြည်ချက်မျိုးလည်း မရှိချေ။ ဖူရှီ၏ ဝင်ရောက် စွက်ဖက်မှုကိုလည်း သူ အားမကိုးလိုတော့ချေ။ ဖူရှီ၏ အကြောင်းကို သူ များများစားစားပင် မသိချေ။ သူ၏ ဘဝ တစ်ခုလုံးကို နတ်ဘုရား ဆန်ဆန် တည်ရှိမှု တစ်ခု၏ ဆန္ဒအောက်၌ မြှုပ်နှံ မထားလိုချေ။

အနက်ရောင် အရိုးစု၏ အဆိုအရ ဆိုလျှင် စန်းယွန်းလီမှာ ကောင်းကင်တာအို၏ ဆန္ဒကို လက်ခံ ရရှိထားသူ ဖြစ်သည်။ ၎င်းမှာ ကိုယ့်ကိုယ်ကိုနှင့် အချိန်မြစ်တို့ကို ထိခိုက်စေခြင်းအားဖြင့် သူမကို ဒုတိယ ဘဝ တစ်ခု ပေးခဲ့သည်။ ထိုအချင်းအရာကို ထောက်ချင့်ရပါက... အခြား အမွေခံ အပြစ်သားများပင် စန်းယွန်းလီထံမှ ကောင်းကင်တာအို အပိုင်းအစကို သိမ်းယူဖို့ လွယ်ကူလိမ့်မည်ဟု သူ မထင်ချေ။

“ဒါပေမဲ့ ငါက ခြွင်းချက် ဖြစ်နိုင်တယ်…”

ဝေ့ဝူယင် တွေးလိုက်မိ၏။ အပြစ်သား သွေးမျိုးဆက်ကို မဆက်ခံခင်တုန်းက သူက ကောင်းချီးခံ တစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချင်းအရာက သူ့ကို အကာအကွယ်များ ပေးနိုင်သည်။ ကောင်းချီးခံ တစ်ဦး အနေဖြင့် ကောင်းကင်တာအိုမှာ သူ့ကို အပိုင်းအစသစ်၏ ဆက်ခံသူ အဖြစ် လက်ခံနိုင်ပေမည်။ အခွင့်အရေးက သေချာပေါက် ရှိနေသေည်။

သို့သော်လည်း ၎င်းကို ရယူဖို့ ကမ္မတန်ဖိုး ဘယ်လောက်အထိ လိုအပ်မည်နည်း။ ကမ္မတန်ဖိုး ၂၀၀,၀၀၀ လော။ ကမ္မတန်ဖိုး ၅၀၀,၀၀၀ လော။ သို့မဟုတ် ၁,၀၀၀,၀၀၀ လော။ ကောင်းကင်တာအိုက တော်ရုံတန်ရုံလောက်နှင့်တော့ သူ့ကိုယ်သူနှင့် အချိန်မြစ်တို့ကို ထိခိုက်ခံလိမ့်မည် မဟုတ်ချေ။

ကမ္မတန်ဖိုး ... ၁၉၅,၇၅၄.၀

ဝေ့ဝူယင် အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်၏။ လတ်တလော၌ ၎င်းက လုံလောက်မှု ရှိသည်ဟု သူ မခံစားရချေ။

ထို့ကြောင့်ပင် စန်းယွန်းလီထံမှ ဝေ့ဝူယင် လိုချင်သည့် အရာ တစ်ခုမှ မရှိတော့ချေ။ မည်ကဲ့သို့ ရှိနိုင်မည်နည်း။ သူက လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အင်ပါယာ ဖြစ်သည်။ ချိပ်ပိတ် နယ်မြေ၏ အကန့်အသတ်များထက် ကျော်လွန်၍ ချမ်းသာ ကြွယ်ဝသူ ဖြစ်သည်။ ဆက်စပ်မှု စစ်အလံ တစ်ခုတည်းပင်လျှင် စန်းယွန်းလီ၏ လက်ရှိ နည်းလမ်းများကို အရှက်ရစေဖို့ လုံလောက်ပေလိမ့်မည်။

ထို့အပြင် ဝေ့ဝူယင်မှာ ပြိုင်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။ အာဏာရှင်များ အတွက် အာဏာရှင် အမှတ်အသား အကာအကွယ်မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် မည်သည့် အရာကိုမှ မစီစဉ်ရခင်ကတည်းက သူတို့ အပေါ် ရိုက်နှိပ်ထားခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ပြိုင်ပွဲ၏ တရားမျှတမှုကို မညစ်ညမ်းစေလိုသောကြောင့် ကျူးဟိုင်ကိုပင် သူ ပြိုင်ပွဲအတွင်းမှ ထုတ်ပစ်ခဲ့သည်။

လင်းကျိရန်မှာ ဗာကီရီ အဖွဲ့ဝင် တစ်ဦး ဖြစ်သော်လည်း မည်သည့် မျက်နှာသာပေးမှုမျိုးကိုမှ သူမ ရရှိလိမ့်မည် မဟုတ်ချေ။ ရွှယ်ရီဖေး၊ နာ့ရှင်းရီ၊ မူလ အာဏာရှင်များနှင့် တပ်ရင်း ကွန်မန်ဒါများ အတွက်လည်း အလားတူပင် ဖြစ်သည်။

စန်းယွန်းလီက အလားတူ ဝိညာဉ် သတင်းစကား တစ်ခုကို ကောင်းကင်ရှိ အလင်းတန်းများထံသို့ နောက်တစ်ကြိမ် ပို့လွှတ် လိုက်ပြန်၏။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ စန်းယွန်းလီထံတွင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရှာဖွေရန် နည်းလမ်းများ ရှိပေသည်။ သို့သော်လည်း... ထိုအခိုက်၌ သူမမှာ ခေါင်းဖြင့် စဉ်းစား မနေကြောင်း ရှင်းလင်း ထင်ရှားပေသည်။ နှလုံးသား အတွင်းရှိ ထိတ်လန့်မှုနှင့် အပြစ်ရှိသည် ဆိုသည့် ခံစားချက်တို့က သူမ၏ ဆင်ခြင်ဉာဏ်ကို တိမ်တိုက်များ သဖွယ် ဖုံးကွယ်ထားနေခြင်းပင် ဖြစ်သည်။

၂၈:၀၁...

နောက်ထပ် အလင်းရောင် တစ်ခု ထွက်ပေါ်လာတော့မည် ဖြစ်သည်။ အသက်ရှင်သန်နေဆဲ ဖြစ်သည့် အာဏာရှင်များနှင့် ရွေးချယ်ခံများမှာ ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ဆင်ထားကြ၏။

နောက်ဆုံး၌ ဝေ့ဝူယင်မှာ ကျူးဟိုင်၏ အခြေအနေကို ကိုင်တွယ်ခဲ့ သလိုမျိုး အလားတူ ကူညီဖို့ ဆုံးဖြတ်လိုက်သည်။ သူက လင်းကျိရန်ထံသို့ ဝိညာဉ် ဆက်သွယ်မှု တစ်ခု ပေးပို့လိုက်၏။

“ငါ ဘယ်သူ့ကိုမှ ကယ်ဖို့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ငါ့ရဲ့ လုပ်ရပ် တစ်ခုခုကြောင့် ပြိုင်ပွဲရဲ့ ချိန်ခွင်လျှာ ပြောင်းလဲ သွားမှာမျိုးဆိုရင် ပိုဆိုးသေးတယ်... မကောင်းဆိုးဝါး စောင့်ကြပ်သူကလည်း အခမ်းအနားရဲ့ ပါဝင်သူတွေထဲက တစ်ယောက်ပဲ”

ဝေ့ဝူယင်က ထိုအချက်ကို အလေးပေး ပြောကြားလိုက်ပြီးနောက်မှ စကားဆက်လိုက်၏။

“ယီယွင်လို့ ခေါ်တဲ့ အာဏာရှင်ကိုရှာ... သူက အယ်ဗန် တစ်ပိုင်း လူတစ်ပိုင်း မျိုးစပ် တစ်ယောက်ပဲ... ဒါပေမဲ့ မင်းရဲ့ အလုပ် အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ... ပြီးတာနဲ့ မင်း ပြိုင်ပွဲထဲကနေ ထွက်ရမယ်... ယီယွင်က မင်းကို ကူညီမယ် ဆိုရင် သူလည်း ထွက်ရမယ်... ငါ မင်းတို့ကို ထာဝရ သရဖူ အတွက် ထပ်ပြီး တိုက်ခိုက်ခွင့် မပေးတော့ဘူး”

ဝေ့ဝူယင်ထံမှ သတင်းစကားကို လက်ခံ ရရှိပြီးနောက် လင်းကျိရန်၏ သမုဒ္ဒရာ အလား မျက်ဝန်းပြာများမှာ တောက်ပလာခဲ့သည်။ သူမ၏ လှပသော မျက်နှာထက်၌ အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဝေ့ဝူယင်က ပြိုင်ပွဲ အတွင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းအတွက် သူမ ဘယ်လိုမှ မခံစားရပေ။

ထာဝရသရဖူအတွက်လား...။

သူမမှာ ကံကြမ္မာမှ ဆောင်ကျဉ်းသည့် ဖူးစာဖက်နှင့် ပေါင်းဖက်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့် ပိုင်ဆိုင်မှုကိုမှ မလိုအပ်ပါတော့ချေ။ ထို့အပြင်... ဝေ့ဝူယင်၏ မိန်းကလေး တစ်ယောက် အနေဖြင့် သူမ လိုချင်သည့် အရာကို ဘယ်တုန်းက မရပဲ နေဖူးလို့နည်း။

“ကျွန်မ နားလည်ပါတယ်...”

လင်းကျိရန် ခေါင်းညိတ်လိုက်၏။ အကယ်၍ ကျရှုံးခဲ့ပါက ရှောင်ယန်ယွဲ့ သေဆုံးသွားနိုင်ကြောင်း သူမ သိထားပေသည်။ ထိုမိန်းကလေး၏ ကံကြမ္မာက သူမ အပေါ်တွင် လုံးဝ မူတည်နေခဲ့ပြီ ဖြစ်သည်။ လင်းကျိရန်က အသင့်ပြင်ဆင်သည့် သဘောဖြင့် လက်ကောက်ဝတ်ကို ပွတ်သက်လိုက်၏။

ယီယွင်...

ထိုနာမည်ကို သူမ မသိချေ။ သို့သော်လည်း လူတစ်ပိုင်း အယ်ဗန်တစ်ပိုင်း မျိုးစပ် ကောင်လေး တစ်ယောက်မှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ပစ်မှတ်ထား ခံနေရသည်ကို သူမ မြင်ခဲ့ရသည်။ ထို့အပြင်... သူ့ထံ၌ အာဏာရှင် အမှတ်အသား အော်ရာ ရှိသည်။

“စိတ်မကောင်းပါဘူး... ထာဝရ သရဖူကို ယူဖို့ ငါ မကူညီနိုင်တော့ဘူး...”

လင်းကျိရန်က ပိုကေနှင့် တရှန်းတို့ကို ပြောလိုက်၏။ တရှန်းက မိန်းကလေးကို လှည့်ကြည့်လိုက်၏။ လင်းကျိရန်မှာ သူမ၏ သူငယ်ချင်းကို ကယ်တင်ဖို့ အတွက် ဝေ့ဝူယင်ကို သွားရောက် ရှာဖွေတော့မည်လော။ သို့သော်လည်း... သူမက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လင်းကျိရန်မှာ အချိန်ဆွဲနေခြင်း မရှိပါချေ။ ယီယွင်ကို ရှာဖွေဖို့ အတွက် အလျှင်အမြန်ပင် ထွက်ခွာ သွားခဲ့တော့၏။ လက်၌ ဝတ်ဆင်ထားသည့် လက်ကောက်ကလေး အတွင်းရှိ အာကာသ စွမ်းအင်များမှာ သူမကို တမုဟုတ်ချင်း ဝါးမြိုကာ နေရာ အသစ်ကို ရွှေ့ပြောင်းလိုက်လေတော့သည်။

၂၈:၀၀...

၂၇:၅၉...

“ခစ်... ခစ်... ခစ်...”

လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်တို့ စိမ့်ဝင်နေသည့် မိန်းကလေးသံ တစ်ခုမှာ လေထုအတွင်း ဖြတ်သန်း မြည်ဟီးလာ၏။ အသံက မနှစ်မြို့ဖွယ် ဝိညာဉ် ခွန်အားများကို သယ်ဆောင်ထားသည်။

ဘုန်း...

ဘုန်း...

ဘုန်း...

ချိပ်ပိတ်နယ်မြေနှင့် အလွှာအပြင်က လောကမှ အားနည်းသည့် ရွေးချယ်ခံ အချို့မှာ ထိုအသံကို ကြားရုံဖြင့်ပင် ကျင့်ကြံခြင်း သွေဖီမှုများကို ခံစားလိုက်ရ၏။ သူတို့၏ ကျင့်ကြံခြင်း ဝိညာဉ်နှင့် အမြုတေများမှာ ထိန်းချုပ်မှုကို ဆုံးရှုံးကာ နေရာတွင်ပင် ပေါက်ကွဲ သွားကြသည်။ မပေါက်ကွဲခင် သူတို့ အားလုံးမှာ နာကျင်စွာ အော်ဟစ် မြည်တမ်းဖို့ပင် မတတ်နိုင်ခဲ့ကြချေ။

ရွှယ်ရီဖေး၏ မျက်နှာ အမူအရာမှာ သိသိသာသာပင် ပြောင်းလဲ သွားခဲ့၏။ ပထမ တစ်ယောက်က ရုပ်ခန္ဓာ ကျင့်ကြံသည့် သိုင်းပညာရှင်... ယခုတစ်ယောက်က ဝိညာဉ် ကျင့်ကြံသူလော။

***

All Chapters