ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၈)
Vol. 120 Ch. 1674
“ဒါက နည်းနည်းတော့ ပြဿနာ ရှိတယ်...”
ဝူပိုင်ကျိုး ပင်လျှင် အခြေအနေ၏ ပြင်းထန်မှုကို မှတ်ချက်ပေးလိုက်၏။ နာ့ရှင်းရီမှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရှာဖွေလို့ မရတော့လေရာ မိန်းကလေး နှစ်ယောက်ထံသို့ ပြန်လည်၍ ရောက်ရှိလာ၏။ သူမ၏ အမူအရာက အေးစက်နေကာ မျက်မှောင်ကြုတ် ထားခဲ့သည်။
“အဲဒီ နှစ်ယောက် ပူးပေါင်းမှာကို ငါတို့ ခွင့်ပြုလို့ မရဘူး...”
မိန်းကလေးက ဆိုလိုက်၏။ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်ကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။
ထိုစကားလုံးများမှာ မိန်းကလေး သုံးယောက်ထံတွင်သာ မကပဲ အာဏာရှင်တိုင်း၏ နှလုံးသားများထဲတွင် တစ်ပြိုင်နက်တည်း နီးပါး ပဲ့တင်ထပ် နေခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ် ကျင့်ကြံသူ တစ်ဦးနှင့် ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ဦး...
နှစ်ဦးစလုံးက မြေကြီး ရှန့်ထို အဆင့်များ ဖြစ်ကြကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ ၎င်းက ကြီးမားသည့် ပြဿနာများကို ဆောင်ယူလာနိုင်ပေသည်။
ဘုန်း... ဘုန်း...
ဒုတိယမြောက်လှိုင်း အဖြစ် ထွက်ပေါ်လာသည့် မကောင်းဆိုး စောင့်ကြပ်သူများမှာ သူတို့၏ ဆိုးယုတ်သော အရှိန်အဝါများဖြင့် ကောင်းကင်ကို ညစ်ညမ်းသွားစေပြန်၏။ သူတို့က ရှေ့သို့ အလျင်အမြန် တိုးလာသည်။ သို့သော်လည်း... ဤတစ်ကြိမ်တွင် သူတို့မှာ ယခင်ကထက် ပိုမို၍ အားကောင်းပုံရသည်။ ထို့အပြင် အရေအတွက်အားဖြင့်လည်း ပိုမို များပြားပေသည်။
...
“…”
တစ်ချိန်တည်း၌ စန်းယွန်းလီမှာ အလင်းရောင်များ အောက်ရှိ ကောင်းကင်တွင် ပျံသန်း နေခဲ့၏။ သူမ၏ သွယ်လျ လှပသည့် ခန္ဓာကိုယ်လေးမှာ အဂ္ဂိရတ် တာအို အလင်းရောင်များ၏ လွှမ်းမိုးမှု အောက်တွင် တင့်တယ်စွာ ပေါ်လွင် နေခဲ့သည်။ ထိုအခိုက်၌ မိန်းကလေး၏ စိတ်ခံစားချက်များမှာ ဒေါသထွက်ခြင်း ဆိုသည်ထက် ကျော်လွန် နေခဲ့သည်။ အမျက်ဒေါသများ အားလုံးကို ဖောက်ခွဲ၍ အော်ဟစ်လိုသည့် ဆန္ဒ တစ်ခုမှာ သူမ၏ နှလုံးသား အတွင်း၌ နေရာယူ ထားခဲ့၏။ ကံဆိုးစွာပင် ဝေ့ဝူယင်မှာ သူမ၏ သတင်းစကားကို လက်ခံ ရရှိခြင်း ရှိ၊ မရှိ သူမ မသိချေ။ သူမက တိမ်တိုက်များနှင့် စကားပြောဆိုနေခြင်း သက်သက်လည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့်ပင် မိန်းကလေးမှာ နှုတ်ဖြင့် ဖွင့်ဟ၍ တိုက်ရိုက် တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင်... အနီးအနားရှိ ပုဂ္ဂိုလ်များမှာ သူမကို သတိထားမိသွားကြ၏။
“အဲဒါ စန်းယွန်းလီမလား...”
ချိပ်ပိတ်နယ်မြေ အတွင်းရှိ ရွေးချယ်ခံ တစ်ယောက်က အံ့ဩစွာဖြင့် မေးလိုက်၏။ ထိုပုဂ္ဂိုလ်မှာ ကြယ်တာရာ သခင် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ သူ၏ အကြီးအကဲ မဟာ ပျက်သုဉ်းခြင်း အင်ပါယာ ပေးလိုက်သည့် အကာအကွယ် အဆောင် လက်ဖွဲ့များနှင့် ဖုံးကွယ်ရေး ကိရိယာများကို သုံး၍ ယနေ့အချိန်အထိ ရှင်သန်ခဲ့ခြင်း ဖြစ်သည်။
“စန်း... ဟုတ်လား ဘယ်သူလဲ...”
အလွှာအပြင်က လောကမှ ရွေးချယ်ခံ တစ်ဦးက မေးလိုက်၏။ သူတို့ နှစ်ယောက်မှာ မကြာသေးခင် ကာလကမှ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကာ ထူးဆန်းစွာ ပြောင်းလဲသွားသည့် အခြေအနေများ အတွင်း လိုက်လျော ညီထွေစွာ နေနိုင်ရန် အတွက် မဟာမိတ် ဖွဲ့ခဲ့ကြသည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူများ ရုတ်တရက် တိုက်ခိုက်လာခြင်း၊ အစွမ်းထက်သည့် သေမျိုးများနှင့် ထိပ်တိုက် ရင်ဆိုင် နေရခြင်း... စသည်ဖြင့် ရှုပ်ထွေးလှသည့် အခြေအနေတွင် မဟာမိတ် ဖွဲ့ခြင်းမှာ ပုံမှန် မဟုတ်သည့် ဖြစ်ရပ် တစ်ခုတော့ မဟုတ်ချေ။
“စန်းယွန်းလီ... သူက သုံးလွှာ မြေကြီး အဂ္ဂိရတ် ရှန့်ထိုရဲ့ မွေးစားသမီးပေါ့... သုံးလွှာ အဂ္ဂိရတ် ရှန့်ထိုက ထာဝရ အစည်းအရုံးရဲ့ မဟာ အတွင်းရေးမှူးလေ”
ချိပ်ပိတ်နယ်မြေ ရွေးချယ်ခံက စန်းယွန်းလီ၏ အမာခံ ပရိသတ် တစ်ဦးလိုမျိုး စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။
“သူက ငါတို့ ကြယ်ကွင်းပြင်မှာ အလှဆုံးပဲ သေချာတယ်...”
“ထာဝရ အစည်းအရုံး ဟုတ်လား...”
အလွှာအပြင်က ရွေးချယ်ခံမှာ အံ့ဩသွားခဲ့၏။ ထာဝရ ဧကရာဇ်ကို ဆိုလိုခြင်းလော။ သူ နောက်ဆက်တွဲ မေးခွန်း တစ်ခုကိ မေးဖို့ ဟန်ပြင်လိုက်၏။ ထာဝရ ဧကရာဇ်မှာ အဇူရာ မူလ ကြယ်စင်စုတွင် ထင်ရှားသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ သူ ဖန်တီးသည့် ထာဝရ ကြယ်တာရာ နယ်မြေကိုလည်း မသိသူ မရှိပါချေ။ ၎င်းမှာ အဂ္ဂိရတ် ပညာရှင်များ အတွက် တော်ဝင် ကုန်းမြေ တစ်ခု ကဲ့သို့ ဖြစ်ကာ ကြယ်စင်စု တစ်လျှောက် ကျင့်ကြံသူများ၏ အိပ်မက်လည်း ဖြစ်ပေသည်။
“ဟေး... ကလေးလေးတွေ... မင်းတို့ ဖေဖေကြီး ရောက်လာပြီ... ဟီး ဟီး...”
ထိုအခိုက်တွင်ပင် ဆိုးညစ်ယုတ်မာသော်လည်း ထူးဆန်းစွာ နွေးထွေးနေသည့် အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံက ရွေးချယ်ခံ နှစ်ဦးစလုံး၏ မျက်လုံးများကို စိတ်ရှုပ်ထွေးသည့် အလင်းတန်းများနှင့် ပြည့်နှက် သွားစေခဲ့သည်။ သူတို့ မသိစိတ်၏ စေ့ဆော်မှုဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြ၏။ တစ်ချိန်တည်း၌ သူတို့၏ နှလုံးသားများကတော့ အသံထံမှ ထွက်ပြေးရန်နှင့် အသံလာရာသို့ ပြေးလွှားရန် ဆန္ဒနှစ်ကြားတွင် ရုန်းကန် နေရသည်။
ဝှစ်... ဝှစ်...
ထိုအခိုက်တွင်ပင် သေမျိုးတစ်ပိုင်း အရှင်အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးမှာ သူတို့ နှစ်ယောက်၏ နောက်၌ ပေါ်လာကာ လည်ပင်းကို ပုတ်သက်လိုက်၏။ စကားတစ်ခွန်းမှ မဆိုနိုင်ခင်မှာပင် သူတို့ နှစ်ဦးစလုံး ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။
“ဖေဖေကြီးက မင်းတို့ နှစ်ယောက်ကို ဂရုစိုက်ပေးမယ်... အရမ်းကောင်းအောင်ကို ဂရုစိုက်ပေးမှာပါ... ဟီး ဟီး...”
မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အရပ်ရှည်၍ ပိန်သွယ်ကာ လက်သည်းရှည်များကို ပိုင်ဆိုင်ထားသည့် ယောက်ျား တစ်ဦး ဖြစ်သည်။ သူက အစိမ်းရောင် မျက်လုံးများနှင့် ဖြစ်ကာ ညာဘက် မျက်လုံးက ပြင်းထန်သည့် အေးစက်မှုများကို ထုတ်လွှတ်နေပြီး ဘယ်ဘက် မျက်လုံးကတော့ နူးညံ့သည့် နွေးထွေးမှုများကို ထုတ်လွှတ်နေခဲ့သည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူများစွာ ထွက်ပေါ်လာခြင်းနှင့် အတူ အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် အခြေအနေများက ပွက်လောရိုက် သွားကြတော့သည်။ များစွာသော ရွေးချယ်ခံများမှာ ကွာခြားလှသည့် ကျင့်ကြံခြင်း အခြေခံများကြောင့် ကောင်းစွာ ခုခံ ကာကွယ်နိုင်ခြင်း မရှိခဲ့ကြချေ။ သူတို့ မတုန့်မဆိုင်းပင် ဘိုးဘေးများ ချီးမြှင့်လိုက်သည့် အကာအကွယ် အဆောင်များ၊ အစီအရင်များ၊ ဖုံးကွယ်ရေး နည်းလမ်းများကို သုံးကာ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြသည်။ အားလုံး အောင်မြင်နိုင်ခဲ့ခြင်း မရှိခဲ့ကြသည့်တိုင် အောင်မြင်သူများလည်း ရှိပေသည်။
စန်းယွန်းလီ၏ မျက်လုံးများက ကျဉ်းမြောင်းနေကာ မျက်နှာ အမူအရာမှာ မဟူရာ ည၏ ပွေ့ဖက်မှုကို ခံထားရသည့် အလား မှောင်မိုက် နေခဲ့၏။ အစိမ်းရောင် မျက်လုံးများနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရွေးချယ်ခံ နှစ်ယောက်ကို ဖမ်းဆီးပြီးနောက်၌ ထိုအချင်းအရာကို ချက်ချင်း သတိပြုလိုက်မိသည်။ ထိုအခိုက်တွင်ပင် စန်းယွန်းလီမှာ သူ့ဘက်သို့ ပြန်လည် လှည့်ကြည့်လာကာ အကြည့်ချင်း ဆုံသွားကြ၏။
မျက်လုံးစိမ်းမှာ အသက်များကို ခိုးယူ၍ ဝိညာဉ်များကို ရိတ်သိမ်းရာတွင် အတွေ့အကြုံ အလွန် ကြွယ်ဝသူ ဖြစ်သည်။ သူက ထိပ်သီး ပါရမီရှင်များအား သတ်ဖြတ်ကာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သူ ဖြစ်သည်။ နုနယ် ပျိုမြစ်သည့် ဝိညာဉ်များ အားလုံးကို ဝါးမြို၍ လောကတစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်စေရုံမှ တစ်ပါး သူ အခြား မည်သည့် အရာကိုမှ မလိုချင်ခဲ့ပါချေ။
သို့သော်လည်း... ပတ္တမြား ရတနာ အလား တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများနှင့် ဆံပင်ဖြူ မိန်းကလေးကို မြင်လိုက်ရသော အခိုက်၌ အန္တရာယ် ခံစားချက် တစ်ခုက သူ၏ ဝိညဉ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့သည်။ ထိုမိန်းကလေးမှာ ရက်စက်ခြင်းနှင့် ကံကောင်းခြင်း အနှစ်သာရ နှစ်မျိုးစလုံးကို ပေါင်းစပ်ထားပုံ ရသည်။ သူမမှာ သူ့ထက် ပိုမို၍ ကြောက်စရာ ကောင်းသည့် ဖြစ်တည်မှု တစ်ခု ဖြစ်ကာ မမြင်နိုင်သည့် ကပ်ဘေးများအား ယူဆောင်လာနေသလို ပင်ကိုယ်ဗီဇက ခံစားနေရသည်။ ထိုအရာက သူ့ကို ထိတ်လန့် စေခဲ့၏။
သူ တွန့်ဆုတ်ခြင်း မပြုတော့ပဲ ချက်ချင်း ထွက်ခွာဖို့ ပြင်လိုက်သည်။
“ရပ်စမ်း...”
ထိုအခိုက်တွင်ပင် အမိန်းပေးသံတစ်ခုမှာ မိုးခြိမ်းသံ အလား ထွက်ပေါ်လာခဲ့၏။ အစိမ်းရောင် မျက်လုံးများနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ ကပ်ဘေးကြီး တစ်ခုနှင့် ကြုံတွေ့လိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ သေမျိုးတစ်ဦးက သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်အား အမိန့်ပေးနေခြင်း ဖြစ်သော်လည်း သူ၏ ဝိညာဉ်မှာ သတိပေး အချက်ပေးသံ များစွာနှင့် မြည်ဟီး နေခဲ့သည်။
မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ နည်းနည်းလေးမျှ တုန့်ဆိုင်းခြင်း မရှိပါချေ။ ရွေးချယ်ခံ နှစ်ဦး၏ ခန္ဓာကိုယ်များ အတွင်းကို လျှို့ဝှက် စွမ်းအင်များ ထည့်သွင်းလိုက်ကာ လမ်းကြောင်းအတိုင် ပစ်ပေါက်လိုက်၏။ ရွေးချယ်ခံ နှစ်ယောက်စလုံးမှာ စွမ်အားများဖြင့် တုန်ခါနေကာ ပေါက်ကွဲလုနီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူက လက်ဟန် ချိပ်စည်းများကို ဆက်တိုက် ဆိုလို ဖန်တီးလိုက်ကာ သာမည ခြေချခြင်း ကျင့်စဉ်ကို အသုံးပြု၍ ဆက်တိုက် အာကာသ ရွှေ့ပြောင်းမှု ဆယ်ခုကို ဖော်ဆောင်လိုက်၏။ တစ်ချိန်တည်း၌ ပတ်ဝန်းကျင်နှင့်ပါ တားဆီးလိုက်သည်။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စန်းယွန်းလီမှာလည်း အလွန်ပင် လျှင်မြန်လှ၏။ သူမက လက်ကို ဆန့်ထုတ်ကာ ကြယ်တာရာ စွမ်းအင်များကို အသုံးပြုရင်း ရွေးချယ်ခံ နှစ်ဦးစလုံးကို ဖမ်းဆီးလိုက်သည်။ ထို့နောက် သူမ ပိုင်ဆိုင်ထားသည့် ကောင်းကင် သင်္ကေတများထဲမှ ဆက်သွယ်ခြင်း သင်္ကေတ၏ စွမ်းအားကို သုံးကာ ထိုနှစ်ဦး၏ ခန္ဓာကိုယ် အတွင်း ထည့်သွင်းထားသည့် စွမ်းအားများကို ဖယ်ရှားလိုက်သည်။
မျက်စိအောက်တွင်ပင် အစိမ်းရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ တောက်တစ်ချက် ခေါက်လိုက်မိ၏။ ထို့နောက် ချိပ်ပိတ်နယ်မြေမှ ရွေးချယ်ခံဘက်ကို လှည်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူမမှာ အခြားလူများကို လိုက်လံ ကယ်တင်လေ့ ရှိသည့် သူတော်စင် တစ်ဦး မဟုတ်ပါချေ။ သို့သော်လည်း... ဤရွေးချယ်ခံမှာ သူမကို ကြယ်ကွင်းပြင်ထဲ၌ အလှဆုံးအဖြစ် ကြေညာခဲ့သည်။ ထိုအချက်က သူမ၏ လုပ်ရပ် အပေါ် သက်ရောက်မှု မရှိဟု ဆိုပါက လိမ်ညာရာ ကျလိမ့်မည် ဖြစ်သည်။ နာ့ရှင်းရီ၊ ရွှယ်ရီဖေး၊ ထန်ရှင်းယွင်၊ ယွီစွန်းလီနှင့် အခြား နတ်မိမယ်ကလေးများစွာ ရှိနေချိန်တွင် သူမအား အလှဆုံး အဖြစ် ချီးမွမ်းခြင်းကို မည်ကဲ့သို့ မနှစ်သက်ပဲ နေမည်နည်း။
***