ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၉)
Vol. 120 Ch. 1675
“ကျေးဇူးတင်ပါတယ်... အနန္တရတနာ နတ်မိမယ်...”
မိမိ အသက်အား စန်းယွန်းလီ ကယ်တင်လိုက်သည်ကို တွေ့မြင်ပြီးနောက် ရွေးချယ်ခံက အလျှင်အမြန်ပင် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
စန်းယွန်းလီ၏ မျက်ခုံးများက မသိမသာ တွန့်ကွေးသွား၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိပြီးနောက်တွင် စန်းယွန်းလီမှာ သူမ ပိုင်ဆိုင်ထားသည့် အစစ်အမှန် ခွန်အားကို ဖုံးကွယ်ရန် အတွက် များလှစွာသော အပြင်ပန်း လက်နက်များကို ထုတ်၍ အသုံးပြုခဲ့သည်။ ထိုနည်းဖြင့် သူမမှာ အနန္တ ရတနာများကို ပိုင်ဆိုင်ထားသော နတ်မိမယ် တစ်ယောက် အဖြစ် ကျော်ကြား လာခဲ့သည်။ ရွှေရောင် ဂိတ်တံခါး နန်းတော် ထုတ်ပြန်သည့် တန်ခိုးရှင် နတ်မိမယ် စာရင်းနှင့် တန်ခိုးရှင် ဧကရာဇ် စာရင်းတို့ကလည်း ထိုနာမည်ကို ခိုင်မာစွာ အတည်ပြုခဲ့သည်။
စန်းယွန်းလီမှာ “အနန္တ ရတနာ နတ်မိမယ်” ဆိုသည့် ဘွဲ့ကို မကြိုက်သော်လည်း မုန်းတီးနေသည်တော့ မဟုတ်ပါချေ။
“ဒီနာမည်က သင့်တော်တယ်... ဟား ဟား...”
ဝိညာဉ် ကျောက်စိမ်း အတွင်းရှိ ရှေးဟောင်း ဝိညာဉ်က ရယ်သံဖြင့် ဝင်ရောက် ပြောလိုက်၏။
“နောက်နေရမယ့် အချိန် မဟုတ်ဘူး...”
စန်းယွန်းလီက ရှေးဟောင်း ဝိညာဉ်ကို ငေါက်လိုက်၏။ တစ်ချိန်တည်း ဆိုသလိုပင် သူမက ချိပ်ပိတ်နယ်မြေ အတွင်းမှ ရွေးချယ်ခံကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းကင်းအောင်နေပါ... အခမ်းအနားက ပိုရှုပ်ထွေး လာတော့မယ်...”
မိန်းကလေးက သတိပေးလိုက်၏။ ထိုအခိုက်၌ ဒုတိယလှိုင်း အဖြစ် ထွက်ပေါ်လာသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အလျှင်အမြန် ပြေးလွှား နေကြကာ အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် သေခြင်းတရားနှင့် နာကျင်မှု မျိုးစေ့များကို ပြန့်ကျဲချနေခဲ့သည်။
“ခ... ခဏလေး...”
ရွေးချယ်ခံမှာ တုန်လှုပ် သွားခဲ့၏။ တစ်ခုပ်တစ်ရ သတိပေးရလောက်သည် အထိ စန်းယွန်းလီမှာ သူ့ ဘေးကင်းမှုကို ဂရုစိုက်သည်လား။ သူ့ နှလုံးသားက တဒိတ်ဒိတ်ခုန် နေခဲ့ပြီ ဖြစ်သည်။
စန်းယွန်းလီ၏ မျက်မှောင်က ပို၍ နက်ရှိုင်းလာခဲ့၏။ ထိုအတွက် သူမထံတွင် အချိန် မရှိချေ။ သို့သော်လည်း သူမ ချက်ချင်း လှည့်ထွက် မသွားပဲ ကောင်းကင်တွင် ပျံဝဲ နေခဲ့၏။ ကောင်းကင် အလင်းတန်းများ၏ အောက်၌ မိန်းကလေး၏ ဝတ်ရုံများက ညင်သာစွာ လူးလွင့်နေကာ ထင်ရှားသည့် အလှတရား တစ်ခုကို ပေးစွမ်း နေခဲ့သည်။
ရွေးချယ်ခံနှစ်ဦးစလုံး မှင်တက်သွားကြ၏။ ထိုမိန်းကလေးမှာ အလွန် လှလွန်းသည်။ ကောင်းကင်၏ ကျက်သရေနှင့် ပြည့်စုံလွန်းလှသည်။
“ခင်... ခင်ဗျားက ရှောင်ယန်ယွဲ့ရဲ့ အသက် အတွက် အလဲအလှယ် လုပ်ဖို့ ကြိုးစားနေတာလား...”
ချိပ်ပိတ်နယ်မြေ ရွေးချယ်ခံမှာ အံ့ဩမှင်သက် နေရာမှ ရုန်းထွက်ကာ မေးလိုက်သည်။
“…”
စန်းယွန်းလီမှာ သူ့ကို စိုက်ကြည့် နေခဲ့၏။ သူမ၏ မျက်လုံးများ အတွင်းရှိ အလင်းရောင်က တဖြည်းဖြည်းချင်း မနှစ်မြို့မှု အဖြစ်သို့ ပြောင်းလဲစ ပြုလာခဲ့သည်။ ၎င်းက ရွေးချယ်ခံကို ထိတ်လန့် သွားစေခဲ့၏။ နှလုံးသားထဲမှ နတ်သမီးလေး မုန်းတီးသွားမည့် အဖြစ်မျိုးကို သူ မလိုလားပါချေ။ ထို့ကြောင့်ပင် ရွေးချယ်ခံ လူငယ်က အလျှင်အမြန် ဆက်ပြောလိုက်၏။
“မဟုတ်ဘူး... ကျုပ် ပြောချင်တာက... ဟိုဟာ ကျုပ် ရှောင်ယန်ယွဲ့ကို သိတယ်... အသားမည်းမည်း မကောင်းဆိုးဝါး စောင့်ကြပ်သူ ဖမ်းသွားတဲ့ တစ်ယောက်မလား”
လုံးဝ မသေချာသော်လည်း... ဖြစ်စဉ် အစအဆုံးကို မြင်တွေ့လိုက်ရသူ တစ်ယောက် အနေဖြင့် သူ ၈၀ ရာခိုင်နှုန်းလောက်တော့ သေချာပေသည်။
“ရှင် သူ့ကို သိလား...”
စန်းယွန်းလီ အံ့အားသင့် သွားခဲ့၏။
“သိတယ်...”
ရွေးချယ်ခံမှာ စန်းယွန်းလီထံမှ အာရုံစူးစိုက်မှုကို ရရှိလိုက်သည့် အတွက် စိတ်လှုပ်ရှား လာခဲ့၏။
“သူ ကျုပ်ကို မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက်ဆီကနေ ကယ်ဖူးတယ်... ပုံးတစ်ခုကို ကျုပ် ဖွင့်လိုက်ပြီးတဲ့ နောက်မှာပေါ့... ရှောင်ယန်ယွဲ့က လျှို့ဝှက် အဆင့် တစ်ယောက်ပဲ... ကျုပ်ကိုကျုပ် သေပြီလို့ ထင်နေတဲ့ အချိန်မှာ သူ ရောက်လာပြီးတော့ အဲဒီ ယုတ်မာတဲ့ မကောင်းဆိုးဝါးကို သတ်ပစ်ခဲ့တယ်လေ”
ထိုအခိုက်အတန့်ကို ပြန်လည် တွေးတောရင်း ရွေးချယ်ခံမှာ လည်ချောင်းအတွင်းမှ တံတွေးကို မြိုချလိုက်မိသည်။
“…”
စန်းယွန်းလီကတော့ တိတ်ဆိတ်နေ၏။
“သူ အသက်ရှင်သေးလား...”
ရွေးချယ်ခံက မေးလိုက်သည်။
ရှောင်ယန်ယွဲ့ အသက်ရှင် နေသေးသလား စန်းယွန်းလီ မသိချေ။ သို့သော်လည်း သူမ၌ မျှော်လင့်ချက် ရှိသည်။ ထိုမျှဖြင့် လုံလောက်သည်။ မိန်းကလေးက ရိုးရှင်းစွာပင် ခေါင်းညိတ်လိုက်၏။ ရွေးချယ်ခံ၏ မျက်လုံးများကလည်း တောက်ပလာခဲ့သည်။
“ဒါဆို သူမ အဖမ်းခံရတာပဲ... တော်သေးတယ်... ဒါပေမဲ့ အဲဒီ မကောင်းဆိုးရွား စောင့်ကြပ်သူက သူ့ကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာတော့ ကျုပ် မတွေးဝံ့ဘူး”
“…”
စန်းယွန်းလီ ထွက်ခွာရန် ပြင်ဆင်လိုက်၏။ ဤသည်မှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။
“ခဏ... အနန္တ ရတနာ နတ်မိမယ်...”
ရုတ်တရက် အလွှာအပြင်က ရွေးချယ်ခံက ရိုသေသည့် လေသံဖြင့် စကားပြောလိုက်၏။ မိန်းကလေးမှာ သေမျိုး တစ်ယောက်သာ ဖြစ်သော်လည်း သူ့ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမအား လေးလေးစားစား ဆက်ဆံခြင်းအပေါ် နိမ့်ကျသည်ဟု သူ မယူဆချေ။
“သူ့ကို ခင်ဗျား ရှာမတွေ့ဘူး မလား... သူနဲ့ ပတ်သက်တဲ့ ပစ္စည်း တစ်ခုခု ခင်ဗျားမှာ ရှိလား...”
ရွေးချယ်ခံက မေးလိုက်၏။ စန်းယွန်းလီ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ ထိုရွေးချယ်ခံမှာ ကောင်းကင် ပုရောဟိတ် တစ်ဦးလော။ သူက သူမကို စုံစမ်းဖို့ ကူညီပေးနိုင်မည်လော။
“ရှိတယ်...”
မိန်းကလေးက ပြောလိုက်ရင်း နတ်ဆိုး အလင်းရောင်များ တောက်ပနေသည့် ခရမ်းရောင် ပုလဲတစ်ခုကို ထုတ်ယူ လိုက်၏။ ၎င်းမှာ ရှောင်ယန်ယွဲ့ ကိုယ်တိုင် နတ်ဆိုးမြူမှ သန့်စင်ထားသည့် ရတနာ တစ်ခု ဖြစ်သည်။ သူမထံ၌ ထိုကဲ့သို့ ရတနာ လေးခု ရှိသည့် အနက် တစ်ခုကို စန်းယွန်းလီအား ပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင် ပုရောဟိတ်များမှာ သူတို့၏ ပစ်မှတ်နှင့် သက်ဆိုင်သည့် အရာများကို မကြာခဏ ဆိုသလို လိုအပ်လေ့ ရှိကြောင်း သူမ သိရှိထားပြီး ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ပုလဲ အတွင်း၌ ရှောင်ယန်ယွဲ့၏ အငွေ့အသက်များ ရှိနေပေသည်။
“ဒါက အလုပ်ဖြစ်မယ် ထင်ပါတယ်...”
အလွှာအပြင်က ရွေးချယ်ခံက အနည်းငယ် နောက်သို့ ဆုတ်လိုက်၏။ ပုလဲ အတွင်း၌ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်များ ပါဝင်နေကြောင်း သူ ခံစားနိုင်သည်။ ၎င်းမှာ မည်သည့် လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူကို မဆို သတ်ဖြတ်နိုင်စွမ်း ရှိသည်။
“ရှင်က ကောင်းကင် ပုရောဟိတ်လား...”
စန်းယွန်းလီ၏ ပတ္တမြား ရတနာ အလား မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြန်လည် တောက်လောင် လာခဲ့၏။
“မဟုတ်ဘူး...”
အလွှာအပြင်က ရွေးချယ်ခံက များစွာ မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ စန်းယွန်းလီ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ သို့သော်လည်း.... ရွေးချယ်ခံက ထိုအရာကို သတိမထားမိပဲ ဆက်ပြောလိုက်သည်။
“ကျုပ်က လင်းကန်ရဲ့ အဖွဲ့ဝင်တွေထဲက တစ်ယောက်ပါ... အခမ်းအနား အလယ်ပိုင်းလောက်မှာတုန်းက ထူးခြားတဲ့ စွမ်းရည် ပိုင်ဆိုင်ထားတဲ့ သေမျိုးတစ်ယောက်နောက်ကို ကျုပ်လို့ လိုက်ဖူးတယ်... အဲဒီ သေမျိုးက ဘယ်အရာကိုပဲ ဖြစ်ဖြစ် အစွန်းရောက်လောက်အောင် အနံ့ခံနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်... အဲဒီ စွမ်းရည်ကို သုံးပြီး သူက ကျုပ်တို့ အဖွဲ့လက်ကနေ အချိန် အကြာကြီး လွတ်ခဲ့ဖူးတယ်... သူ အသက်ရှင်နေသေးလားတော့ မသိဘူး... ဒါပေမဲ့ ခင်ဗျား သူ့ကို ရှာနိုင်ရင် ရှောင်ယန်ယွဲ့ကို ခြေရာခံနိုင်လိမ့်မယ်... ဒါပေမဲ့ မကောင်းဆိုးဝါး စောင့်ကြပ်သူလို ကျင့်ကြံသူ တစ်ယောက် လက်ကနေ အချိန် မနှောင်းခင် ရှာတွေ့ဖို့တော့ အရမ်း ခက်ခဲလိမ့်မယ် ဆိုတာ ကျုပ် သိပါတယ်”
စန်းယွန်းလီ၏ မျက်လုံးများမှာ တဖြည်းဖြည်း အရောင် တောက်ပလာခဲ့၏။ မည်သူ့ကို ရည်ညွှန်းနေကြောင်း သူမ ချက်ချင်း သိလိုက်ပြီ ဖြစ်သည်။
မှန်သည်။ ထိုအရာက အချက်ပင်။ မြည်းအတွက် နွားကို မဆုံးရှုံးခဲ့ကြောင်း သူမ သဘောပေါက်လိုက်ပြီ ဖြစ်သည်။ မြည်းမှာ နွားကို အမြဲတမ်း ရှာတွေ့နိုင်ပေသည်။ မိန်းကလေး၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန် ခုန်လာခဲ့၏။ စန်းယွန်းလီ မတုန့်ဆိုင်းတော့ပဲ အော်ရာကို ပြင်းထန်စွာ ဖြန့်ကျက်ကာ လောကမန်နာများကို လှုံ့ဆော်လိုက်သည်။
ဘုန်း...
ချက်ချင်းပင် သူမမှာ ပေါက်ကွဲနေသော အရှိန်ဖြင့် ပျံသန်း ထွက်ခွာသွားတော့၏။ ယီယွင်၏ တည်နေရာကို ရှာဖွေရန် သူမထံတွင် နည်းလမ်းများစွာ ရှိသည်။
လောကနှစ်ခုမှ ရွေးချယ်ခံ နှစ်ဦးမှာ ထွက်ခွာသွားသည့် စန်းယွန်းလီကို ငေးကြည့် နေကြသည်။ မိန်းကလေး၏ ထူးခြားသော အလှတရား၊ ထက်မြက်မှုနှင့် တည်ရှိမှုတို့မှာ သူတို့၏ ဝိညာဉ်များပေါ်တွင် ဖျောက်ဖျက်၍ မရသည့် အမှတ်အသား တစ်ခုကို ချန်ရစ် ထားခဲ့ပေသည်။
“ကျေးဇူးတင်ပါတယ်”
ရုတ်တရက် စန်းယွန်းလီ၏ အသံက ၎င်းတို့၏ နားများ အတွင်း လှိုင်းထန်လာ၏။ ၎င်းက နူးညံ ချိုမြိန်ကာ ဝိညာဉ်များကိုပင် အရည်ပျော်စေနိုင်သည်။ ရွေးချယ်ခံ နှစ်ယောက်စလုံး၏ ပါးများမှာ ရှက်သွေးဖြင့် နီရဲ လာခဲ့၏။
ဝှစ်... ဝှစ်...
ရုတ်တရက်... အာကာသ လှိုင်းနှစ်ခု ဖြစ်ပေါ်လာကာ အဆောင်လက်ဖွဲ့နှစ်ခု ထွက်ပေါ်လာသည်။ နှစ်ခုစလုံးမှာ တူညီသော အရည်အသွေးနှင့် ပုံပန်းသဏ္ဌာန်တို့ကို ပိုင်ဆိုင်ထား၏။
“ဒါတွေက မင်းတို့ အသက်ရှင်နိုင်ဖို့ ကူညီပေးပါ့လိမ့်မယ်...”
ထို့နောက် သူမမှာ သူတို့၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။
ရွေးချယ်ခံနှစ်ဦးသည် အသက်ကယ် အဆောင်လက်ဖွဲ့များကို ဖမ်းယူလိုက်ကြ၏။ စစ်ဆေးကြည့်လိုက်သော အခိုက်၌ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေသည်။ ၎င်းတို့မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များကိုပင် ခုခံ ကာကွယ်နိုင်သည်။ အံ့ဖွယ် ရတနာများပင်။
ထိုတွေ့ဆုံမှု တစ်လျှောက်လုံး ဝမ်မင်ယာမှာ ရွှေရောင်မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။ ဤတစ်ကြိမ်တွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုသော်လည်း သူမမှာ အလွန် အံ့သြနေခဲ့၏။
“ကောင်းကင်တာအိုတွေက မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့ပြီး ခု အဆင်သင့် ဖြစ်နေပြီ...”
တာအိုများမှာ ပထမဆုံး ကျောက်တုံးအား မည်သည့် အချိန်၌ ပစ်ချခဲ့သည်ကို ဝမ်မင်ယာ စဉ်းစား နေခဲ့မိ၏။ ယီယွင်နှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူတို့ ပထမဆုံး စတင် တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းကလား။ သို့မဟုတ်... ထိုထက် ပိုစောသလား။
***