ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၀)
Vol. 120 Ch. 1676
“ဒါမှမဟုတ် အရံ အစီအစဉ် တစ်ခုလည်း ဖြစ်နိုင်တာပဲ...”
ဝမ်မင်ယာ၏ အတွေးများမှာ ချောမွေ့စွာ စီးဆင်းနေ၏။ စန်းယွန်းလီနှင့် ရှောင်ယန်ယွဲ့တို့၏ ဖြစ်ရပ်က ကောင်းကင်တာအို၏ ရေရှည် မျှော်လင့်နိုင်စွမ်းကို ပြသနေသည်။ ထိုဖြစ်ရပ် အပေါ် ပိုမို နက်ရှိုင်းစွာ ရှုမြင်နိုင်ရန် အတွက် ဝမ်မင်ယာ လက်ဟန် ချိပ်စည်းများစွာကို ဖော်ထုတ်လိုက်၏။ သို့သော်လည်း... ရုတ်တရက် သူမက ရပ်လိုက်ကာ ရွှေရောင် မျက်လုံးများမှာ အရောင်မှေးမှိန် သွားခဲ့သည်။
ဝှစ်...
စန်းယွန်းလီမှာ သူမ ရှေ့တွင် ဆင်းသက်လာ၏။
“ငါတို့ သွားဖို့ လိုပြီ...”
မိန်းကလေးက အလောတကြီး ပြောလိုက်သည်။ ဝမ်မင်ယာက ခေါင်းညိတ်လိုက်၏။
“နင် နည်းလမ်း ရှာတွေ့ပြီလား...”
စကားပြောနေစဉ်မှာပင် သူတို့ နှစ်ယောက်မှာ ကောင်းကင်ယံ၌ ပျံသန်း ခဲ့ကြပြီးသား ဖြစ်သည်။ စန်းယွန်းလီက ခေါင်းညိတ်လိုက်၏။
“ယီယွင်လို့ ခေါ်တဲ့ ကောင်လေး တစ်ယောက် ရှိတယ်... ငါ အရင်ဆုံး ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့သူလေ... သူ့မှာ အခြား ဘယ်သူ့ဆီမှာမှ မရှိတဲ့ ပင်ကိုယ်စွမ်းရည် တစ်ခု ရှိတယ်... သူက ရှောင်ယန်ယွဲ့ကို ရှာနိုင်လိမ့်မယ်”
ဝမ်မင်ယာ ခေါင်းညိတ်လိုက်၏။ ယီယွင် အကြောင်းကို သူမ သေချာပေါက် သိရှိထားပြီးသား ဖြစ်သည်။ ထိုလူငယ်မှာ အာဏာရှင် တစ်ဦး ဖြစ်ရုံမျှသာ မက ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသူ တစ်ယောက်လည်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့ ဝိသေသ လက္ခဏာ ရှိသူ အများအပြားကို ပစ်မှတ်ထားခဲ့ကာ အာဏာရှင် အဖွဲ့ အတွင်းကို စည်းရုံး သိမ်းသွင်းထားခဲ့သည်။ အခြား အာဏာရှင်များမှာ သူတို့နှင့် ပေါင်းသင်း ဆက်ဆံမှုမှ တစ်ဆင့် အကျိုးကျေးဇူး အချို့ကို မျှဝေ ရရှိခဲ့ကြပြီး ဖြစ်သည်။
“ကောင်းတယ်...”
ဝမ်မင်ယာက စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်၏။ ကောင်းကင်တာအို၏ လုပ်ဆောင်ချက်များ အပေါ် သူမ ပိုမို၍ အထင်ကြီး သွားမိသည်။
“ငါတို့ အမြန်လုပ်မှ ဖြစ်မယ်... ရှောင်ယန်ယွဲ့ ဒုက္ခရောက်တော့မယ်လို့ ငါ ခံစားရတယ်... အဲဒါကို ပြောင်းလဲဖို့ ဒါမှမဟုတ် တားဆီးဖို့ အတွက် ငါတို့ ကြိုးစားနေကြတယ် ဆိုပေမဲ့ ရန်သူရဲ့ ကျင့်ကြံခြင်း အခြေခံက အရမ်း မြင့်မားလွန်းတယ်... အချိန် ကြာကြာခံမှာ မဟုတ်ဘူး”
ဝမ်မင်ယာက လောလိုက်၏။ ကောင်းကင်တာအို မည်ကဲ့သို့ လုပ်ဆောင်နေကြောင်း သူမ မသိသော်လည်း ၎င်းက ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်ကတော့ သေချာသည်။
စန်းယွန်းလီက ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများထဲ၌ ကျေးဇူးတင်သည့် အလင်းတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ ကောင်းကင် ပုရောဟိတ်များမှာ အန္တရာယ်များကို ထူးပြား ဆန်းကြယ်သည့် နည်းလမ်းများဖြင့် ရှောင်ရှားနိုင်ကြောင်း သူမ သိပေသည်။ ဝမ်မင်ယာမှာ မင်ရှုဖုန်းထက် အများကြီး ပို၍ အားကောင်းသည်။ ကောင်းကင်လမ်းစဉ် စာအုပ်မှာ မကြာခဏ ဆိုသလို အပြောင်းအလဲများ ဖြစ်ပေါ်တတ်လေရာ အစွမ်းထက်သည့် ကောင်းကင် ပုရောဟိတ် တစ်ယောက်ကို ဘေးနားတွင် ထားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
စန်းယွန်းလီက ယီယွင်၏ တည်နေရာကို ခြေရာခံရန် အတွက် ရတနာ တစ်ခုကို ထုတ်ယူလိုက်၏။ သူမနှင့် ယီယွင်တို့သည် ဝေ့ဝူယင် အကြောင်း အသစ် ရရှိထားသည့် အချက်အလက် အမျိုးမျိုးနှင့် အာဏာရှင်များ၏ အတွင်းရေးများကို ဆွေးနွေးရန် အတွက် ထိုရတနာကို မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိသည်။ ယီယွင်ထံမှ ရရှိသည့် အချက်အလက်များကြောင့်ပင် စန်းယွန်းလီမှာ ဝေ့ဝူယင် ကောင်းချီးခံများကို စည်းရုံး သိမ်းသွင်းနေကြောင်း သေချာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်ကာ ကောင်းကင်လမ်းစဉ် စာအုပ်၏ နောက်ထပ် အစိတ်အပိုင်း တစ်ခုကိုပင် ပိုင်ဆိုင်ထားနိုင်သည်။
အခြားတစ်ဖက်တွင်တော့... ဝေ့ဝူယင်မှာ ထိုအရာများ ဖြစ်ပေါ်နေသည်ကို ကြည့်ရင်း ပြုံးလိုက်သည်။ စန်းယွန်းလီနှင့် ရွေးချယ်ခံ နှစ်ဦး တွေ့ဆုံရန် ကောင်းကင်တာအို၏ စီမံခဲ့ပုံက အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ သို့သော်လည်း... စန်းယွန်းလီသာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါက ကောင်းကင်တာအို၏ အစီအစဉ်များမှာ ပျက်စီးပေလိမ့်မည်။ ကောင်းချီးခံ တစ်ဦးမှာ သူတို့၏ ကိုယ်ပိုင် အခွင့်အရေးများကို ဖျက်ဆီးပစ်နိုင်သည် ဟူသည့် အချက်ကို ဝေ့ဝူယင် တဖန် ပြန်လည် ထိတွေ့ခဲ့ရသည်။ အကယ်၍ သူမထံတွင်သာ စိတ်မရှည်မှု အနည်းငယ် ရှိနေပါက အခွင့်အရေးက လုံးဝ အသက်ဝင်လာလိမ့်မည် မဟုတ်ပါချေ။
တစ်ချိန်တည်း၌ စန်းယွန်းလီနှင့် ဝမ်မင်ယာတို့မှာ ယီယွင်နှင့် သူ့ဘေးနားရှိ သေမျိုးတစ်ပိုင်း အရှင် အဆင့် မိန်းကလေးတို့ကို ရှာတွေ့ သွားခဲ့ကြပြီ ဖြစ်သည်။ အံ့အားသင့်စရာ ကောင်းစွာပင် သူတို့ နံဘေး၌ ဒေါသအပျက် ချောင်းချောင်း ထွက်နေသည့် မိန်းကလေး တစ်ဦး ရှိနေခဲ့လေသည်။
“သူက နင့်ရဲ့ အသက်ကို ကယ်ခဲ့တဲ့လူလေ... အဲဒါကိုတောင် နင်က ဂရုမစိုက်ပဲ နေမှာလား...”
....
“ငါ့ဆီကို လာခဲ့စမ်း... လူယုတ်မာ...”
“သတိထား... မင်း နောက်မှာ...
“သေစမ်း... သေစမ်း...”
“ငါ့ကို အစာကျွေးပါ... ငါ အရမ်းဆာနေပြီ... မင်းကို ကြည့်ရတာ အရသာ ရှိမယ့်ပုံပဲ...”
အာဏာရှင်များ၊ ရွေးချယ်ခံများနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ရှင်သန်လိုမှု သို့မဟုတ် လောဘများ အတွက် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ အသက်ပေါင်းများစွာမှာ စက္ကန့်ပိုင်း အတွင်း ရိတ်သိမ်းခံနေရလေရာ လောကတစ်ခွင်လုံးမှာ ပြင်းထန်သည့် သွေးထွက်သံယိုမှုများနှင့် ပြည့်နှက် နေခဲ့သည်။ ထိုအခိုက်၌ အပြောကျယ်လှသည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ နယ်မြေပေါင်းများစွာမှာ သွေးများဖြင့် စွန်းထင်း နေခဲ့လေသည်။
ကောင်းကင်ယံ၌ ပေါ်ထွက်လာသည့် စတုတ္ထမြောက် အလင်းတန်းမှာ ဖော်ပြ၍ မရနိုင်သည့် အပြောင်းအလဲများကို ယူဆောင် လာခဲ့သည်။ ၎င်းက မကောင်းဆိုးဝါး စောင့်ကြပ်သူများစွာကို အနှောင်အဖွဲ့မဲ့ လွှတ်ပေးလိုက်ကာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်သည့် အရေအတွက်ဖြင့် ထွက်ပေါ်လာခဲ့သည်။ သူတို့ကို ခေါင်းဆောင်နေသူကတော့ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ဝိညာဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လူတစ်ယောက်၏ နှလုံးသားနှင့် စိတ်တို့ကို ဖျက်ဆီးနိုင်စွမ်း ရှိသည့် ဝိညာဉ် အော်ဟစ်သံများကို ထုတ်လွှတ် နေခဲ့သည်။ အသံ၏ သက်ရောက်မှု အောက်၌ ရွေးချယ်ခံ အချို့မှာ ရူးသွပ်သွားကြကာ သူတို့၏ မဟာမိတ်များကိုပင် တန်ပြန် တိုက်ခိုက်နေကြသည်။ အချို့မှာလည်း အသိစိတ်ပင်လယ် ကျူးကျော် ခံရကာ အကာအကွယ် အစီအရင်များ ပြိုကျ၍ အကူအညီမဲ့စွာ သေဆုံး သွားကြသည်။
“အဲဒီကောင်မ ဘယ်မှာလဲ...”
ငါးမန်း ရှို့ရန် မျိုးနွယ်ဝင် အာဏာရှင် တစ်ဦးက မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက်ကို ကိုက်ခဲကာ အပိုင်းပိုင်း ဆွဲဖြတ်လိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်၏။
“သူ့ကိုရှာကြ...”
အခြား အာဏာရှင် တစ်ဦးကလည်း အော်ဟစ်လိုက်သည်။ သူက မျက်လုံးများ နီရဲနေသည့် အာဏာရှင် တစ်ဦးနှင့် တိုက်ခိုက် နေခဲ့ခြင်း ဖြစ်သည်။ ထိုသနားစရာ အာဏာရှင်မှာ အသံ အခြေခံ ခြေချခြင်း ဝိညာဉ် ကျင့်စဉ် တစ်ခု၏ လွှမ်းမိုးမှုအောက်၌ စိတ်ဖောက်ပြန်ကာ မိတ်ဆွေကို ရန်သူ ထင်မှတ် နေခဲ့ခြင်း ဖြစ်သည်။
“မင်း သေရင်သေ... မသေရင် ငါ သေရမယ်...”
သူ့ထံမှ ထွက်ပေါ်လာသမျှ တိုက်ခိုက်မှုတိုင်းက အလွန်တရာ ရက်စက်ကာ သေကွင်းသေကွက်ကို ဦးတည်နေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ တစ်ဆင့် နိမ့်ပါးနေခြင်း မရှိပါက... အခြား အာဏာရှင်မှာ အသေသတ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ နည်းပါးသွားလိမ့်မည် ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
အာဏာရှင်များစွာမှာ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရှာဖွေဖို့ အတွက် အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် အလျှင်အမြန် လှုပ်ရှား နေခဲ့၏။ ကံဆိုးစွာပင်... သူတို့အားလုံးမှာ ပြဿနာ တစ်ခုနှင့် ရင်ဆိုင် နေရသည်။ ၎င်းက သူတို့အားလုံးမှာ သေမျိုးများ ဖြစ်နေကြခြင်းပင်။
အချို့သော အာဏာရှင်မျာထံတွင် ထူးခြားသည့် အာရုံခံ နည်းလမ်းများ၊ ရတနာများ ရှိသည့်တိုင် ရန်သူမှာ သာမန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မဟုတ်ပါချေ။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည့် လူတစ်ယောက် ဖြစ်ပေသည်။ သူမက အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ထက် နည်းနည်းလေးမျှ နိမ့်ကျခြင်း မရှိပါချေ။
အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထို့ကြောင့်ပင် အာဏာရှင်များမှာ သိသာသည့် အားနည်းချက်များနှင့် ရင်ဆိုင် လာရ၏။
ထို့အပြင် အဆိုပါ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တစ္ဆေတစ်ကောင်လိုမျိုး လှုပ်ရှားနေရသည်။ သူမက သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ တစ်ခါတစ်ရံ အာဏာရှင်များနှင့် ရွေးချယ်ခံများ အနား၌ ပေါ်လာကာ သတ်ပွဲများကို ဆင်နွှဲလေ့ ရှိသည်။ သူမက ဝိညာဉ် နည်းလမ်းများနှင့် ကျင့်စဉ်များကို အသုံးပြုနေကာ ဒဏ္ဍရီလာ တစ္ဆေ နတ်ဘုရား တစ်ကောင် အလား အသက်များကို ရိတ်သိမ်း နေခဲ့၏။
တစ်ချိန်တည်း၌ နတ်မိမယ် သုံးယောက်မှာ အတူတကွ ရှိနေခဲ့ကြ၏။ ဝူပိုင်ကျိုး၏ ရဲရင့်သည့် အမူအရာ၊ ရွှယ်ရီဖေး၏ ဆွဲဆောင်မှု ရှိသည့် ပုံသဏ္ဌာန်နှင့် နာ့ရှင်းရီ၏ ကျက်သရေရှိမှုတို့မှာ လောကကို လှုပ်ခါနိုင်သည့်တိုင် ထိုအခိုက်၌ သူတို့ သုံးဦးစလုံး၏ ရင်သပ် ရှုမောဖွယ် မျက်နှာများ ပေါ်တွင် လေးပင်သည့် ဖိအားများ ရှိနေခဲ့လေ၏။
၂၇:၂၁...
ဒုတိယလှိုင်း စတင်ပြီးနောက် ၃၉ စက္ကန့်သာ ကုန်လွန်သေးသည်။ သို့သော်လည်း... အခြေအနေမှာ မခန့်မှန်းနိုင်လောက်အောင် ပရမ်းပတာ ဖြစ်လာနေခဲ့၏။
“သူက တော်တော်လေး ပါးနပ်တယ်...”
နာ့ရှင်းရီက ခါးသီးစွာ မှတ်ချက်ပြုလိုက်၏။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကို သူမ ခြေရာခံနိုင်ခြင်း မရှိချေ။ ထို့အပြင်... မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကိုလည်း ရှာမတွေ့ချေ။
ဝိညာဉ် ကျင့်ကြံသူ ဖြစ်ပုံပေါ်သည့် ထိုတစ္ဆေမမှာ ပေါ်လာပြီးနောက် စက္ကန့်ဝက် အတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားလေ့ ရှိသည်။ သူမက အသက်တစ်ခုကို ရယူရာတွင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်လည် ပုန်းအောင်း သွားခဲ့သည်ချည်း ဖြစ်သည်။
“ငါ ပြင်ဆင်ထားတဲ့ ဝိညာဉ်နဲ့ အာကာသ နည်းလမ်းတွေလည်း အလုပ်မဖြစ်ဘူး”
ရွှယ်ရီဖေးက စိတ်ပျက်စွာ ပြောလိုက်၏။ သူမ၏ မျက်လုံးများမှာ ခရမ်းရောင် နတ်ဆိုး အလင်းများဖြင့် တောက်ပ နေခဲ့သည်။ ပစ်မှတ်မှာ ဝိညာဉ် ကျင့်စဉ်များ၊ နည်းလမ်းများကို အသုံးပြုရာတွင် သာမန်ထက် အဆပေါင်းများစွာ ပိုမို ကျွမ်းကျင်သည့် ဝိညာဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ထို့အပြင်... သူမမှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကိုလည်း ပိုင်ဆိုင်ထားကာ ဝိညာဉ်နှင့် အာကာသ လျှို့ဝှက် သင်္ကေတများကို ရှင်းလင်းစွာ နားလည်ထားသည်။ မိန်းကလေးမှာ အကူအညီမဲ့မှုကို ခံစားနေရ၏။
အခြားတစ်ဖက်၌ ဝူပိုင်ကျိုးက သူမ၏ လှံကို တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်ထားသည်။ အင်ပါယာ ကောင်းကင် အော်ရာမှာ ပြင်းထန်စွာပင် ထွက်ပေါ်နေ၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်က စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူကို သူမ အာရုံခံမိကာ လောက နှလုံးသား ရည်ရွယ်ချက် သုံးခုဖြင့် တိုက်ခိုက်ခဲ့သေးသည်။ သို့သော်လည်း... ထိုမိန်းမမှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးကာ ချက်ချင်း ထွက်ပြေး သွားခဲ့သည်။ ဝူပိုင်ကျိုးမှာ သူမကို လှံဖြင့် ပစ်လွှတ်ခဲ့သေးသည်။ သို့သော်လည်း... လှံတံ ကျဆင်းချိန်တွင် ထိုမိန်းမက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
***