ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၁)
Vol. 120 Ch. 1677
ဝူပိုင်ကျိုး တစ်ယောက် အသက်ရှူ ကြပ်သလို ခံစားနေရ၏။ ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေမှာ ဧရိယာအားဖြင့် အလွန် ကျယ်ပြန့်လှသည့် အပြင် ပစ်မှတ်မှာလည်း အလွန်ပင် ဉာဏ်ရည်ထက်မြက် ပါးနပ်သူ တစ်ယောက် ဖြစ်သည်။ သူမက သူတို့၏ ခွန်အားကို သတိပြုမိကာ တိုက်ရိုက် တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့သည်။ ၎င်းမှာ ဝိညာဉ် ကျင့်ကြံသူများ အသုံးပြုလေ့ ရှိသည့် မဟာဗျူဟာ တစ်ခု ဖြစ်ပေသည်။ ထိုအရာက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလွန်းလှသည်။
သို့သော်လည်း... မကောင်းဆိုးဝါး စောင့်ကြပ်သူကို အပြစ်တင်လို့ မရပါချေ။ သူမဖြစ်စေ... နာ့ရှင်းရီ ဖြစ်စေ... ရွှယ်ရီဖေး ဖြစ်စေ... သူတို့ အားလုံးမှာ ကိုယ်ပိုင် ခွန်အားများကို ထုတ်ဖော်ပြသခဲ့ကာ ရန်သူများကို အပြတ်အသတ် အနိုင်ယူ ပြသခဲ့သည်။ ထို့ကြောင့်ပင်... မကောင်းဆိုးဝါး စောင့်ကြပ်သူက ထိပ်တိုက် တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ခြင်းမှာ မျှော်လင့်ထားသည့် ဘောင်အတွင်း၌ ရှိပေသည်။
“…”
နာ့ရှင်းရီ၏ အဖြူရောင်ဓားမှာ တောက်ပသည့် ရောင်စဉ်များကို ထုတ်လွှတ် နေခဲ့၏။ ဓားအလင်း၏ ရောင်ပြန်ဟပ်မှု အောက်တွင် သူမ၏ လှပသည့် မျက်နှာကလေးက စိတ်ပျက်မှုများနှင့် ထင်ဟပ် နေခဲ့သည်။ ဝိညာဉ်အမြုတေကို သန့်စင်ခဲ့ကာ ကိုယ်ပိုင် ဝိညာဉ် အင်အားကို အဆပေါင်းများစွာ မြှင့်တင်ခဲ့သည့်တိုင် သူမက ဝိညာဉ် ကျင့်ကြံသူ တစ်ဦး မဟုတ်ပါချေ။ ထို့အပြင်... သူမ အသုံးပြုနိုင်သည့် နည်းလမ်းများမှာလည်း သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိပေသည်။ သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်နှင့်ပင် ယှဉ်ပြိုင်သည့် ပုဂ္ဂိုလ်တစ်ဦးမှာ သေမျိုးများနှင့် ယှဉ်ပြိုင်စဉ်တွင် ထိုမျှ သူရဲဘောကြောင်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ပါချေ။
“နင်တို့မှာ အစီအစဉ် တစ်ခုခု ရှိလား...”
နာ့ရှင်းရီက မေးလိုက်၏။ မဟာမိတ် နှစ်ယောက်နှင့် နှိုင်းယှဉ်ပါက ဖြတ်ထိုးဉာဏ်စွမ်းရည်တွင် အနည်းငယ် နိမ့်ကျကြောင်း နာ့ရှင်းရီ ကိုယ့်ကိုယ်ကို လက်ခံထားခဲ့ပြီး ဖြစ်သည်။ ထိုပြဿနာနှင့် ပတ်သက်၍ ထိုမိန်းကလေး နှစ်ယောက် စဉ်းစားထားသည့် အရာ တစ်ခုခု ရှိလေသလား သူမ သိချင်နေမိသည်။
“…”
သို့သော်လည်း... မိန်းကလေး နှစ်ယောက်စလုံးမှာ လုံးဝ တိတ်ဆိတ်နေကြ၏။ ကျုးဟိုင် ဆိုလျှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ယောက်စလုံးကို စက္ကန့်ပိုင်း အတွင်း သတ်ဖြတ်နိုင်လိမ့်မည် ဟု ရွှယ်ရီဖေး မဆီမဆိုင် တွေးလိုက်မိသည်။ ထိုရှို့ရန်မှာ တကယ့်ကို ကြမ်းတမ်းသည့် မုဆိုးတစ်ယောက် ဖြစ်သည်။
ဝေ့ဝူယင်က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် အတားအဆီးများ ဖန်တီးထားလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြချေ။ ဤသည်က အာဏာရှင် အင်ပါယာက သူတို့၏ စွမ်းရည် အကန့်အသတ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။ ထူးဆန်းစွာပင် ရွှယ်ရီဖေးမှာ အားအင် ပြည့်ဝ၍ လန်းဆန်းလာသလို ခံစားလိုက်ရ၏။ စိန်ခေါ်မှုများကို သူမ နှစ်သက်သည်။ ပဟေဠိများကို ပို၍ပင် နှစ်သက်သည်။
နောက်ဆုံး၌ ရွှယ်ရီဖေးက သူမ၏ အကြံကို ပြောလိုက်၏။
“ငါတို့ တစ်စုတစ်ဝေးတည်း နေရမယ်... ငါတို့ရဲ့ ဆုံးရှုံးမှုနှုန်းကို လျှော့ချဖို့ လိုတယ်... အနည်းဆုံး အဲဒီ ဝိညာဉ် ကျင့်ကြံသူ အမဲလိုက်နိုင်တဲ့ ဧရိယာကို ကန့်သတ်ဖို့ လိုတယ်... ငါက ငါတို့ကို ရှောင်နေတယ် ဆိုလည်း ခွင့်ပြုလိုက်... နောက်မှ သင့်တော်တဲ့ အစီအစဉ်ကို ငါတို့ ပြန်ဆွဲကြမယ်”
“အင်း...”
နာ့ရှင်းရီက ခေါင်းညိတ်ကာ လက်ခံလိုက်၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ဦးသာ ပူးပေါင်းသွားပါက အခြေအနေ ဘယ်လောက်အထိ ဆိုးရွားသွားမည် ဖြစ်ကြောင်း သူမ သိပေသည်။ ထိုစုံတွဲက သာမန် အိပ်မက်ဆိုး တစ်ခု မဟုတ်ပါချေ။
“ကောင်းတယ်...”
ဝူပိုင်ကျိုးကလည်း သဘောတူလိုက်၏။ ထို့နောက် သူမက လက်ထဲရှိ လှံတံကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ ချက်ချင်းပင် ဒုတိယမြောက် အသွင်ပြောင်းလဲခြင်း၏ ကြီးကျယ်ခမ်းနားသော အော်ရာမှာ ထွက်ပေါ်လာ၏။ လှံမှာ ကြယ်တံခွန် တစ်ခုလိုမျိုး ကောင်းကင်ကို ဖြတ်၍ ပြေးလွှားသွားသည်။ စက္ကန့်တိုင်း၌ ၎င်းမှာ အင်ပါယာ ကောင်းကင် အင်အားကို ထုတ်လွှတ်ရင်း မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်နေ၏။
“ဟမ်...”
ရုတ်တရက် စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အင်ပါယာ ကောင်းကင် အော်ရာ သတ်မှတ်ထားသည့် ဧရိယာအတွင်း ပေါ်လာခဲ့၏။ သူမ၏ ပတ်ဝန်းကျင် ပေါင်စည်းခြင်း ကျင့်စဉ်မှာ လုံးဝ ပြိလဲသွားခဲ့သည်။ သူမ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို လျှို့ဝှက်အော်ရာ အတွင်း အလျှင်အမြန် ပေါင်းထည့်ရင်း အဖြူရောင် အကာအကွယ် အလွှာ တစ်ခုကို တည်ဆောက်လိုက်၏။ ထိုအကာအကွယ်၏ မျက်နှာပြင်ထက်၌ ခရမ်းရောင် အစင်းကြောင်း တစ်ခု ရှိနေခဲ့သည်။
“အ...”
ညည်းသံ တစ်ချက်နှင့် အတူ သူမက လှံကို နောက်ပြန် တွန်းထုတ်ကာ နောက်သို့ ဆုတ်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်စွန်း၌ ခရမ်းရောင် အရည်အချို့ စီးကျလာခဲ့သည်။ သူမက ဒဏ်ရာ ရသွားခဲ့သည်မှာ ထင်ရှားသည်။ ထို့နောက်တွင်တော့ စကျင်ကျောက် အသားအရေနှင့် မိန်းကလေးမှာ အာကာသ အတွင်း အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။ သို့သော်လည်း... ခရမ်းရောင် အမျှင်တစ်ခု ကျန်ခဲ့ပြီး ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်။
“မိန်းမယုတ်... နင်ငါ့ပေါ်မှာ ဘာချန်ထားခဲ့တာလဲ.... ကောက်ကျစ်တဲ့ ခွေးမ...”
သူမ၏ အော်ရာ လုံးဝ ပျောက်ကွယ်သွားသည့် အခိုက်၌ သူ ညစ်ညမ်းသည့် စကားလုံးများသာ ပျံ့နှံ့ ကျန်ခဲ့၏။ ရွှယ်ရီဖေး၏ မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ချိုးသွားသည်။
“နင်လည်း အတူတူပဲ...”
သူမက တံတွေးကို ထွေးထုတ်လိုက်၏။ ဝူပိုင်ကျိုးက ညည်းသံ အနည်းငယ် ပြုလိုက်သည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ တုန့်ပြန်မှုများကြောင့် သူမ၏ ဒုတိယမြောက် မဟာ အသွင်ပြောင်းခြင်းမှာ အချိန်မတိုင်မီ အဆုံးသတ် သွားခဲ့ရသည်။ မိန်းကလေးမှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းနေရ၏။
“တောင်းပန်ပါတယ်...”
ရွှယ်ရီဖေးက သူမကို နဂါး အော်ရာ အမျှင် တစ်ခု ပေးခဲ့သည်။ ဝူပိုင်ကျိုးက ထိုအရာကို အသုံးပြုကာ လောက နှလုံးသား ရည်ရွယ်ချက်နှင့် ဟန်ဆောင် တိုက်ခိုက်ရင်း... နဂါးအော်ရာကို သုံး၍ အမှတ်အသားပြုဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အစီအစဉ်က ကောင်းမွန်သော်လည်း... သူမ ပျက်ကွက်ခဲ့သည်။
“နင် တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို သုံးလို့ မရဘူးလား...”
ရွှယ်ရီဖေးက မေးလိုက်၏။ ဝူပိုင်ကျိုးမှာ သူမ၏ အစွမ်း အထက်ဆုံး အခြေအနေ ဖြစ်သည့် တတိယမြောက် မဟာ အသွင်ပြောင်းလဲခြင်းကို မထုတ်လွှတ်ပဲ ဒုတိယမြောက် မဟာ အသွင်ပြောင်းခြင်းကိုသာ ထုတ်ခဲ့သည်။ ထိုအခြေအနေက သူမကို အံ့အားသင့်စေသည်။
သူတို့ သုံးဦး အနက် ဝူပိုင်ကျိုးမှာ အစွမ်း အထက်ဆုံး တာဝေး တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း သံသယ ရှိစရာ မလိုချေ။ နာ့ရှင်းရီကတော့ အလယ်အလတ် အကွာအဝေးတွင် အကောင်းဆုံး ဖြစ်သည်။ အနီးကပ် တိုက်ပွဲတွင် ဆိုပါက ထိုနှစ်ယောက်ကို ချေမှုန်းနိုင်ရန် ရွှယ်ရီဖေး ယုံကြည်ချက် ရှိသည်။
“ငါ ကြိုးစားခဲ့ပါတယ်…”
ဝူပိုင်ကျိုးမှာ ကွယ်ဝှက်ထားခြင်း မရှိပါချေ။ သူမ၏ ခန္ဓာကိုယ်မှာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်း ဖြစ်စဉ် အတွင်းကို ယုံကြည် စိတ်ချစွာ ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ပြင်းထန်သည့် အတွင်း ဒဏ်ရာများကိုပင် သူမ ရရှိခဲ့သည်။ ခြွင်းချက်များ ရှိသည့်တိုင် ဝူယုကို မြေကြီးရှန့်ထို အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်စေခဲ့သည့် ထိုစွမ်းအားကို ထုတ်ဖော်ရန် လုံးဝ မလွယ်ကူပါချေ။
“သူက ငါတို့ ထောင်ချောက်ထဲ နောက်တစ်ကြိမ် ထပ်မကျနိုင်တော့ဘူး... ကံဆိုးတာပဲ”
ရွှယ်ရီဖေးက မှတ်ချက်ချလိုက်၏။ ဝူပိုင်ကျိုး၏ ကျရှုံးမှု အတွက် တိုက်ရိုက် နှစ်သိမ့်ပေးခြင်း မပြုသည့်တိုင် သူမက ကျရှုံးမှု အကြောင်းကို လျစ်လျူကာ အပြစ်တင် ပြောဆိုခြင်း မပြုခဲ့ချေ။ သို့သော်လည်း... ဒုတိယမြောက် အခွင့်အရေး ရှိတော့မည် မဟုတ်ကြောင်းကိုတော့ သူတို့ အားလုံး သိကြပေသည်။
“ကျန်တဲ့လူတွေကိုပဲ စုစည်းလိုက်ရအောင်...”
နာ့ရှင်းရီကလည်း အပြစ်မတင်ပါချေ။ သို့သော်လည်း... ထိုမိန်းကလေး နှစ်ဦးစလုံးထံတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြောင်း၊ လတ်တလော၌ မဟာမိတ်များ အဖြစ် ပေါင်းစည်းထားသော်လည်း သူတို့ကို သတိထားရန် ကိုယ့်ကိုယ်ကို သတိပေးလိုက်မိသည်။
ဝှစ်... ဝှစ်... ဝှစ်...
ထို့နောက်တွင်တော့ သူတို့ သုံးဦးမှာ ပျံသန်း ထွက်ခွာသွားကြ၏။ လမ်းတစ်လျှောက်၌ တွေ့ဆုံရသည့် မည်သည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများကို မဆို သူတို့က သတ်ဖြတ်ခဲ့ကြလေသည်။
လောကနယ်မြေ တစ်ခုဆုံး အဆုံးမဲ့ ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေချိန်တွင် ထူးဆန်းစွာ ငြိမ်းချမ်းနေဆဲ ဖြစ်သည့် နေရာငယ်လေး တစ်ခု ရှိလေသည်။
“သူက နင့်ရဲ့ အသက်ကို ကယ်ခဲ့တဲ့လူလေ... အဲဒါကိုတောင် နင်က ဂရုမစိုက်ပဲ နေမှာလား...”
လင်းကျိရန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ယီယွင်မှာ မျက်မှောင်ကြုတ် နေခဲ့သည်။ ယီရွှယ်ဟန်ကတော့ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ သူမ၏ မျက်နှာက ဖျော့တော့နေကာ သွေးမရှိသလောက် ဖြစ်နေခဲ့သည်။ သူမ ရရှိခဲ့သည့် ဒဏ်ရာများက မသေးငယ်လှချေ။ မဟုတ်ပါက... ယီယွင်အား ရိုင်းစိုင်းစွာ အော်ဟစ်နေသည့် ထိုအမျိုးသမီးကို သူ သတ်ပစ်ပြီးလောက်ပြီ ဖြစ်သည်။ တဝီဝီ မြည်နေသည့် ယင်ကောင် အလား စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းသည်။
“ဘယ်သူ့ကို ကယ်တာလဲ... ငါတို့ကို ကယ်တင်ခဲ့တဲ့လူက ဆံပင် အဖြူရောင်နဲ့ စန်းယွန်းလီပဲ... ရှောင်ယန်ယွဲ့ မဟုတ်ဘူး”
ယီရွှယ်ဟန်က တင်းမာစွာပင် ပြန်လည်၍ ပြောလိုက်၏။
“ခင်ဗျား သူ့ကို သိတာလား...”
ယီယွင်က အနည်းငယ် အံ့အားသင့်သွားကာ ယီရွှယ်ဟန်ဘက်ကို လှည့်ရင်း မေးလိုက်၏။
“အင်း... သူက အထွတ်အမြတ် တိုင်းပြည်မှာ နာမည်ကြီး ပြဿနာကောင် တစ်ယောက်ပဲလေ... မကြာသေးခင်ကတောင် အရှုပ်ထုပ်တွေ အများကြီး လုပ်ပြီး ထိပ်သီး အင်အားစုတွေကို စော်ကားခဲ့သေးတယ်... သူ့ကို သေစေချင်နေကြတဲ့ လူတွေမှ အများကြီးပဲ... ကြည့်ရတာ အခု သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝ သွားတော့မယ် ထင်တယ်...”
ယီရွှယ်ဟန်က လှောင်ပြောင်သည့် လေသံဖြင့် ဆိုလိုက်၏။
“...”
လင်းကျိရန် တစ်ယောက် ဘာလုပ်ရမှန်း မသိတော့ချေ။ အမှန်စင်စစ် ယီယွင်တို့ကို ကယ်တင်ခဲ့သူက စန်းယွန်းလီ ဖြစ်သည်။ ရှောင်ယန်ယွဲ့မှာ နောက်မှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ဖြစ်သည်။
ယီယွင်ကို စည်းရုံးရန် ခက်ခဲနေပြီ ဖြစ်ကြောင်း လင်းကျိရန် သိရှိလိုက်၏။ အင်အားသုံး ခိုင်းစေရန် အတွက်လည်း ထိုအမျိုးသမီးသာ ကြားဝင်လာပါက ပြဿနာများက ပိုမို၍ပင် ရှုပ်ထွေးနိုင်ပေသည်။ သို့သော် အခြား ရွေးချယ်စရာကလည်း မရှိပါချေ။ လင်းကျိရန် လှုပ်ရှားတော့မည့် ဆဲဆဲတွင်ပင် ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။
“ငါ့ကို မသိသလိုပဲနေ...”
“...”
***