← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၄)

Vol. 120 Ch. 1680

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၄)

Vol. 120 Ch. 1680

“ကောင်းပြီလေ...”

စန်ယွန်းလီက လက်ခံလိုက်ရင်း ပုလင်းကို ရှေ့ကို ပစ်ပို့လိုက်သည်။

“...”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲ သွားခဲ့၏။ သူက တွန့်ဆုတ်ခြင်း မပြုပဲ ခြေတစ်လှမ်းတည်းဖြင့်ပင် နောက်သို့ မိုင်ပေါင်း တစ်ရာခန့် ပြန်ဆုတ်သွားခဲ့သည်။ ပုလင်းလေးမှာ သူ မူလ ရပ်ခဲ့သည့် နေရာသို့ ရောက်ရှိလာကာ ရပ်တန့် သွားခဲ့၏။ ၎င်းမှာ နို့နှစ်ရောင် ကြယ်တာရာ စွမ်းအင်များ၏ ဝန်းရံမှုဖြင့် ပျံဝဲ နေခဲ့သည်။

ယီရွှယ်ဟန်နှင့် လင်းကျိရန်တို့ နှစ်ယောက်စလုံး အံ့ဩသွားကြ၏။

စန်းယွန်းလီက မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို လှမ်းကြည့်လိုက်သည်။

“ဘာလို့ မယူတာလဲ...”

သူမ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေကာ အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လူမိုက် တစ်ယောက် မဟုတ်ပါချေ။ ထိုပုလင်းလေးမှာ သူ့လို မြေကြီး ရှန့်ထို တစ်ယောက် မဆိုထားနှင့် လောကရှန့်ထိုများကိုပင် သွေးဆောင်ရန် လုံလောက်ပေသည်။ သူမက ထိုကဲ့သို့ ပစ္စည်းမျိုးကို ရိုးရှင်းစွာ ပေးအပ်နေသည်လား။ တစ်ခုခုတော့ မှားယွင်းနေသည်။ သာမန်လူ တစ်ယောက်ပင်လျှင် ထိုအရာကို မြင်နိုင်ပေသည်။

စန်းယွန်းလီက ပုလင်းကို ရှေ့သို့ ထပ်မံ၍ တွန်းပို့လိုက်၏။ ၎င်း တစ်လက်မ ရွေ့လျားသွားတိုင်း မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ နောက်သို့ သုံးလက်မ ရွေ့လျား သွားသည်။ သူ၏ လျှို့ဝှက် အော်ရာမှာ ပေါက်ကွဲလုနီးပါး ပွက်ပွက်ဆူ နေခဲ့၏။

“မလိုချင်ဘူးလား...”

စန်းယွန်းလီက မေးလိုက်သည်။

“ရှောင်ယန်ယွဲ့ကို တွေ့ပြီ”

ထိုအခိုက်တွင်ပင် သူမ၏ အသိစိတ် ပင်လယ် အတွင်းရှိ ဝိညာဉ်က ပြောလိုက်လေ၏။

ရှောင်ယန်ယွဲ့ အသက်ရှင် နေသေးကြောင်း အတည်ပြုပြီးနောက် စန်းယွန်းလီမှာ တွန့်ဆုတ် မနေတော့ပါချေ။ သူမက လက်ညိုးထိပ်ရှိ အာကာသ အမျိုးအစား ကောင်းကင် သင်္ကေတကို ထိတွေ့လိုက်၏။ ချက်ချင်းပင် သူမ၏ လက်တစ်ခုလုံးမှာ ငွေရောင် အလင်းများဖြင့် လွှမ်းခြုံ သွားလေသည်။

ထို့နောက်... သူမက ပုလင်းကို လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူထံ တွန်းလွှတ်လိုက်ပြန်သည်။

ဝှစ်...

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ နောက်သို့ ဆုတ်ခွာ သွားပြန်၏။ သို့သော်လည်း... ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားသည်။

ထိုမိန်းကလေး၏ ပစ်မှတ်က သူ မဟုတ်ပါချေ။ မမြင်နိုင်သည့် လက်တစ်ဖက်မှာ အာကာသ အလွှာ သုံးခု စလုံး အတွင်းကို တူးဆွ ဝင်ရောက်သွားကာ အသက်စွမ်းအင်များ ကြွယ်ဝစွာ ရှိနေသည့် ပုံရိပ် တစ်ခုကို ဆွဲထုတ် နေခဲ့ပြီ ဖြစ်သည်။ တည်ငြိမ်နေသည့် အာကာသမှာ ပင်လယ် အတွင်းမှ လှိုင်းတံပိုးများ အလား ပြင်းထန်စွာ လှုပ်ခတ် လာခဲ့လေ၏။

ဝှစ်...

စန်းယွန်းလီ သူမ၏ လက်ကို မိသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သွယ်လျကာ သွေးများ ပေကျံနေသည့် ခန္ဓာကိုယ် တစ်ခု...။ စန်းယွန်းလီ မိန်းကလေးကို ဆွဲထုတ်လိုက်ကာ ဘယ်ဘက်လက်ကို သုံး၍ သူမ၏ ခါးကို ဆုပ်ကိုင်လိုက်၏။ ရှောင်ယန်ယွဲ့၏ အသက်ရှူသံများမှာ အလွန်ပင် ဖျော့တော့ နေသော်လည်း သူမ အသက်ရှင်နေဆဲ ဖြစ်ပေသည်။

“...”

ဝမ်မင်ယာ တစ်ယောက် အံ့အားသင့် သွားခဲ့၏။ ကောင်းကင် အဆင့် သင်္ကေတကို စန်းယွန်းလီ ထိန်းချုပ်သွားသည့် ပုံစံက အပြစ်အနာအဆာ ကင်းလွန်းလှသည်။ သို့သော်လည်း... သူမက ရှောင်ယန်ယွဲ့၏ တည်နေရာ အတိအကျကို မည်ကဲ့သို့ အာရုံခံမိသနည်း။

“နင်...”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့လေ၏။

...

တစ်ချိန်တည်းတွင်ပင်...

မီးတောက်မီးလျှံများနှင့် မြူခိုးများ ဘေးနားတွင် ပေါက်ကွဲထွက် လာသည်နှင့် အမျှ ယောင်ဟုန်ရီမှာ နောက်ဆုံး၌ စတင် လှုပ်ရှား လာခဲ့လေတော့၏။ သူ၏ ဘယ်ဘက်လက် အတွင်း၌ လေးတစ်စင်းမှာ အစကတည်းက ထိုနေရာတွင် ရှိနေသည့် အလား ဖျပ်ခနဲ လှုပ်ခတ်သွားခဲ့၏။ အဆိုပါ လက်နက်မှာ စတင် ဖြစ်ပေါ်လာခဲ့သည့် အချိန်ကတည်းက စလို့ ယောင်ဟုန်ရီ၏ လက်ထဲမှ တစ်ခါမှ မထွက်ခွာဖူး သကဲ့သို့ပင်။

ထို့နောက်တွင်တော့ လေးသမားမှာ ညာဘက်လက်ကို အသုံးပြု၍ မျက်နှာစည်း၏ ဘယ်ဘက်ခြမ်းသို့ ညင်သာစွာ ဆွဲလိုက်ကာ ဘယ်ဘက် မျက်လုံးကို ထုတ်ဖော် ပြသလိုက်လေ၏။

အရာအားလုံးက အိပ်မက်ဆန်လွန်းလှသည်။ လှပသည်။ ညင်သာသည်။ ဖမ်းစားနိုင်စွမ်း ရှိသည်။

ထိုအခိုက်၌ စန်းယွန်းလီမှာ ကောင်းကင် အလင်းများဖြင့် ပုံဖော်ထားသည့် နတ်ဘုရားမ တစ်ပါး သဖွယ် ဖြစ်နေခဲ့၏။ သူမ၏ ရုပ်ရည်သွင်ပြင်က မည်သူမှ လွန်ဆန်၍ မရနိုင်လောက်အောင် ဆွဲဆောင်မှု ရှိကာ တည်ရှိမှုမှာလည်း အစွန်းရောက်အောင် နတ်ဘုရား ဆန်လှသည်။

စန်းယွန်းလီမှာ ကောင်းကင် သင်္ကေတများကို ထိန်းချုပ်ရင်း သူမ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ စီးဆင်းနေသည့် ကြောက်မက်ဖွယ် စွမ်းအားများကို ခံစား၍ ရနေခဲ့၏။ ထိုအခိုက်၌ သူမကိုယ် သူမ ကောင်းကင်နှင့် မြေကြီးကြား၌ ပြိုင်ဘက်ကင်းသလိုပင် တွေးထင် နေခဲ့မိ၏။ ဤသည်မှာ ကောင်းကင် ရှန့်ထို တစ်ဦး မိမိကိုယ်ကို ခံစားရသည့် ပုံစံလော။

သူမ အသက်တစ်ချက် ရှူလိုက်တိုင်း လျှို့ဝှက် တာအိုများက လှုပ်ရှားနေကာ အာရုံခံစားမှုများက နှိုင်းယှဉ်၍ မရအောင် ကြည်လင် ရှင်းလင်း လာနေခဲ့သည်။ ထိုခံစားချက်က သူမ၏ ဝိညာဉ်အတွင်း ထွင်းထုထားပေသည်။

စန်းယွန်းလီ မကောင်းဆိုးဝါး စောင့်ကြပ်သူကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ ထိုလူမည်းကြီးမှာ သူ့ထံတွင် ရှိသမျှ စွမ်းအားများအား အကုန်အစင် သုံးကာ ခြေချခြင်း အဆင့် လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို အသက်သွင်း နေခဲ့၏။ ထို့နောက်တွင်တော့ သူက မပြည့်စုံသေးသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကိုပါ အပြည့်အဝ အသုံးချကာ အဆုံးစွန်သော အမြန်နှုန်းနှင့် ပျံသန်း ထွက်ခွာ သွားခဲ့တော့သည်။

သို့သော်လည်း... ကောင်းကင် ရှန့်ထို တစ်ယောက်၏ စွမ်းအားများကို စွဲကိုင်ထားသည့် သူမ အတွက်တော့ ထိုမီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လှုပ်ရှားမှုများမှာ ခရုတစ်ကောင် အလား...။

နှေးကွေးသည်။ အလွန် နှေးကွေးလွန်းသည်။

စန်းယွန်းလီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ အချိန်ကိုယ်တိုင်ကပင် အေးခဲနေသလို ခံစားလိုက်ရသည်။ မိန်းကလေး၏ နှလုံးသားထဲ၌ သိလိုစိတ် တစ်ခု ဖြစ်ပေါ်လာကာ ဝိညာဉ်အာရုံကို မြှင့်တင်လိုက်၏။ ထိုအခါ တောင်ထွတ် တစ်ခုတွင် ရပ်တန့်လျှက် ငေးမောကြည့်နေသည့် ငွေရောင် မျက်လုံးများနှင့် လူငယ် တစ်ဦးကို တွေ့လိုက်ရသည်။

ဝေ့ဝူယင်...

“ဒီစွမ်းအားနဲ့ ဆိုရင်ငါ...”

စန်းယွန်းလီ၏ မျက်လုံးများက တောက်ပသွားခဲ့၏။ ဝေ့ဝူယင်ကိုသာ ကိုင်တွယ် ဖြေရှင်းလိုက်ပါက နောင်အနာဂတ်တွင် ကြုံတွေ့ လာနိုင်သည့် အန္တရာယ် တစ်ခုကို ဖယ်ရှားလိုက်ပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူမ၏ အတွေးများ မဆုံးခင်မှာပင် ကြည်လင် ပြတ်သားသည့် အသံတစ်ခုကို ကြားလိုက်ရ၏။

“တိုက်ခိုက်မှု တစ်ခုတည်းကိုပဲ ခွင့်ပြုတယ်...”

“...”

စန်းယွန်းလီ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူမ ဝေ့ဝူယင်ကို မြင်လိုက်ရသည်။ သူက သူမကို တည်ငြိမ်စွာပင် လှမ်းကြည့် နေပေသည်။

“သူက လှုပ်ရှားနိုင်တာလား...”

ကျန်လောက တစ်ခုလုံး ရပ်တန့်လုနီးပါး အေးခဲ နေချိန်တွင် ဝေ့ဝူယင်ကတော့ နှုတ်ခမ်းများကို လှုပ်ကာ သူမထံ သတင်းစကား တစ်ခု ပေးပို့ခဲ့သည်။

“ကောင်းကင်ရှန့်ထို အဆင့် တိုက်ခိုက်မှု တစ်ခုထက် ပိုရင် ဒီကမ္ဘာတစ်ခုလုံး ပြိုကျသွားလိမ့်မယ်”

ဝေ့ဝူယင်က ပြောလိုက်ရင်း ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ ဥပဒေသ ခြောက်ခု အပေါ် အုပ်စိုးနိုင်သည့် သာမည အာဏာ အလင်းတန်းများက သူ၏ ငွေရောင် မျက်လုံးများ အတွင်း ပေါ်ထွက်လာကာ စန်းယွန်းလီကို စိုက်ကြည့်လိုက်သည်။

စန်းယွန်းလီ၏ နှလုံးသားမှာ ပိုမို ပြင်းထန်စွာ ခုန်လာခဲ့၏။ ဝေ့ဝူယင်မှာ သူမကဲ့သို့ပင် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်နိုင်သည် ဆိုသည့် ယုံကြည်ချက်က ထိုအခိုက်အတန့်တွင် လုံးဝ အတည်ပြုလိုက်သကဲ့သို့ပင်။ သူ့၌ သူမထက် မနိမ့်သော နည်းလမ်းများ ရှိသည်။ သူမက အားကောင်းသည့် ရန်သူ တစ်ယောက်ကို လှုပ်နှိုးမိလိုက်ပြီ ဖြစ်သည်။

စန်းယွန်းလီက ထိုအတွေးများကို နှလုံးသား အတွင်း၌ ပြန်လည် သိမ်းဆည်းလိုက်ရင်း ဝေ့ဝူယင်ကို အေးစက်စက် မျက်လုံးများဖြင့် ပြန်ကြည့်လိုက်၏။

“ငါသိတယ်...”

ထို့နောက် သူမက မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူဘက်သို့ ပြန်လှည့်ကာ လက်ချောင်းများကို ဆန့်ထုတ်လိုက်၏။

“နင်က အခြားလူတွေဆီက ယူရတာ ကြိုက်တယ်မလား... ဒါဆိုရင် နင့်ဆီက အားလုံးကို ငါ ပြန်ယူမယ်...”

***

All Chapters