ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃)
Vol. 120 Ch. 1669
ထာဝရသရဖူ အခမ်းအနား၏ အပြောကျယ်လှသော နယ်မြေများတစ်လျှောက် ရှုပ်ထွေးမှုနှင့် သေဆုံးမှုများမှာ နေရာအနှံ့ ပြန့်ကျဲ နေခဲ့၏။ မကောင်းဆိုးရွား စောင့်ကြပ်သူများမှာ ဆိုးယုတ်သော အရှိန်အဝါဖြင့် အမဲလိုက်ရန် ရောက်ရှိလာသော်လည်း အာဏာရှင်များ စတင် လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် သူတို့၏ သတ်ဖြတ်ပွဲများမှာ ဖြည်းဖြည်းချင်းပင် ထူးဆန်းသည့် ထွက်ပြေးမှု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားသည်။
“ဒီ သေမျိုးတွေက ဘယ်သူတွေလဲ... ပြေး... မဟုတ်ဘူး... ငါ့လက်...”
မကောင်းဆိုးရွား စောင့်ကြပ်သူတစ်ဦးမှာ မွှေးပျံ့ သင်းကြိုင်နေသည့် ဓားအလင်းရောင် တစ်ခုကြောင့် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့၏။
သူက ကောင်းကင်တစ်လျှောက် ရူးသွပ်စွာ အော်ဟစ်ရင်း ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်တွင် ရှိခဲ့သည့် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ တန်ဖိုး မရှိတော့ချေ။ အေးစက်စက် ဓားအလင်းရောင်တစ်ခုမှာ သူ၏ လည်ပင်းကို လှီးဖြတ်လိုက်ကာ ချက်ချင်းပင် ဦးခေါင်းကို ဖြတ်တောက်လိုက်၏။
မကောင်းဆိုးရွား စောင့်ကြပ်သူ၏ ဦးခေါင်းမပါသော ခန္ဓာကိုယ်မှာ ရိုးရှင်းစွာ အောက်သို့ ကျဆင်း မသွားပဲ ပိုမို တောက်ပသည့် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ဦးခေါင်းကတော့ ချာလပတ် လည်ကာ ပင်လယ် တစ်ခု အတွင်း ကျဆင်း သွားခဲ့၏။
“ဗွမ်း...”
ရေလှိုင်းများမှာ ပတ်ဝန်းကျင်သို့ ဖြာထွက် သွားခဲ့၏။
ရွှမ်း... ရွှမ်း...
မွှေးပျံသော အလင်းတန်းနှင့် လေးစက်စက် အလင်းတန်း နှစ်ခုမှာ အလွတ်မပေးပဲ နောက်မှ လိုက်လာခဲ့သည်။ မွှေးပျံသော ဓားအလင်းက ခန္ဓာကိုယ်နောက်ကို လိုက်ကာ အေးက်စက် ဓားအလင်းကတော့ ပင်လယ်ထဲကို ငုပ်ဆင်းသွားခဲ့၏။
“ရက်စက်တဲ့ မိန်းမတွေ... မင်းတို့...”
မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ့ဘဝ တစ်လျှောက်လုံး ကြုံတွေ့ဖူးသမျှ အနာကျည်းဆုံး ခံစားချက်များ ပြည့်နှက်နေသည့် အသံကြီးဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း... စကားမဆုံးခင်မှာပင် သူ့အသံက ပြတ်တောက် သွားခဲ့လေသည်။ အလင်းရောင် နှစ်ခုမှာ မကြာမီတွင်ပင် ပြန်လည် ရောက်ရှိလာကာ ပင်လယ်ဒေသအပေါ်တွင် ဝဲပျံနေခဲ့လေသည်။
“ခေါင်းထဲမှာ တွေ့တယ်”
ပေ့ဝေဝေ၏ ရေခဲတမျှ အေးစက်စက် မျက်နှာထက်တွင် ကျေနပ်သည့် အရိပ်အယောင် တစ်ချို့ ပေါ်လာခဲ့၏။ သူမ၏ လက်ထဲတွင်တော့ လျှို့ဝှက်အမြုတေတစ်ခုကို ဆုပ်ကိုင်ထားသည်။
ဟုန်ချွင်းဟွာက ပြုံးလိုက်ရင်း သူမ၏ ညာဘက်လက်ကို မြှောက်ပြလိုက်သည်။ သူမ၏ လက်ထဲ၌ တောက်ပသည့် ဓားအလင်း စက်ဝန်း တစ်ခု ရှိနေခဲ့၏။ မွှေးပျံ့သင်းကြိုင်သော ရနံ့မှာ ဝိညာဉ်ကိုပင် လှုပ်ခါစေနိုင်စွမ်း ရှိသည်။ အလင်းလုံး၏ အတွင်းတွင်တော့ ငွေရောင်ပုံရိပ်တစ်ခုမှာ သားရဲ တစ်ကောင်၏ သွားများ အလား ရူးသွပ်စွာ ကိုက်ခဲ နေခဲ့၏။
လျှို့ဝှက်ဝိညာဉ်...
သတ္တုစွယ် လျှို့ဝှက်ဝိညာဉ်...
ပေ့ဝေဝေ၏ အေးစက်စက် မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွား၏။ သူမက အနည်းငယ် နှုတ်ခမ်းဆူလိုက်ရင်း အကြည့်လွှဲ လိုက်သည်။
“ကလိမ်ကကျစ် ခွေးမသား...”
“...”
ဟုန်ချွင်းဟွာက ပြုံးလိုက်ရင်း လျှို့ဝှက် ဝိညာဉ်ကို လှမ်းပေးလိုက်သည်။ ပေ့ဝေဝေက ၎င်းကို လျှို့ဝှက် အမြုတေ အတွင်း ထည့်သွင်းကာ နိုးထခြင်း အဆင့် ဓားရည်ရွယ်ချက်နှင့် ချိပ်ပိတ်လိုက်သည်။
“မကောင်းဆိုးရွား စောင့်ကြပ်သူတွေ အားလုံးနီးပါး ကုန်နေပြီ...”
သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း မှတ်ချက်လိုက်သည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အလွှာအပြင်က လောကမှ ရွေးချယ်ခံများနှင့် အခြား အာဏာရှင် အဖွဲ့ဝင်များ၏ နည်းပေါင်းစုံဖြင့် ဖိနှိပ်မှုများကို ခံနေရသည်။ ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြု၍ အစွန်းရောက်သည်အထိ လေ့ကျင့်နေသော လူဆိုးများ၏ အသက်များမှာ သိမ်းယူခံနေရသည်။ မိန်းကလေးက ဘေးနားရှိ ဓားသမားကို ကြည့်လိုက်၏။
“ငါတို့ လုပ်သင့်ပြီလား...”
ဟုန်ချွန်ဟွာက ခေါင်းခါလိုက်သည်။
“အချိန်မကျသေးဘူး...”
ထို့နောက်... သူမက ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ၏ နီညိုရောင် ဆံနွယ်များမှာ လေပြေနှင့် အတူ ဝှေ့ယမ်း ယိမ်းနွဲ့နေခဲ့သည်။ တတိယမြောက် အလင်းရောင် အထွတ်အထိပ်ကို ရောက်ရှိလာနေပြီ ဖြစ်ကြောင်း သူမ သတိပြုမိပေသည်။
၂၉:၀၂...
၂၉:၀၁...
၂၉:၀၀...
၂၈:၅၉...
“နောက်ထပ် တစ်မိနစ်”
ဟုန်ချွင်းဟွာက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထာဝရ သရဖူ အခမ်းအနား၌ စိတ်ထဲမှ အချိန်ကို ရေတွက် မထားသည့် ရွေးချယ်ခံ တစ်ယောက်မှ မရှိပါချေ။ ထို့အပြင်… ဝေ့ဝူယင်မှာ ပြိုင်ပွဲကို လွယ်လွယ်ကူကူ ဖြတ်ကျော်ခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း သူတို့ အားလုံး သိပေသည်။
“ပထမလှိုင်းလား…”
ပေ့ဝေဝေက ညင်သာစွာ မေးလိုက်၏။ အာဏာရှင် အင်ပါယာ ဖန်တီးလေ့ ရှိသည့် စိန်ခေါ်မှုများကို သူမ ကောင်းစွာ ရင်းနှီးသည်။ စတုတ္ထ ကွန်မန်ဒါ ရာထူးကို ရရှိရန် အတွက် မိန်းကလေးမှာ မရေမတွက်နိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားခဲ့ရသည်။ စင်မြင့်အောက်ရှိ ရည်မှန်းချက် ကြီးသည့် အာဏာရှင် များစွာ၏ မျက်လုံးများနှင့် ရင်ဆိုင်ခဲ့ရသည်။
“...”
ဟုန်ချွင်းဟွာက ထိုမေးခွန်းကို မတုန့်ပြန်ချေ။ ထို့အစား… ရှောင်ယန်ယွဲ့နှင့် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူတို့၏ တိုက်ပွဲကိုသာ လှမ်းကြည့်လိုက်၏။ ထိုအခိုက်၌ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ခုခံ ကာကွယ်ရုံမျှသာ မကပဲ မြေစမ်း ခရမ်းပျိုး တိုက်ခိုက်မှုများကိုပါ စတင် ပြုလုပ် လာနေခဲ့ပြီ ဖြစ်သည်။ ထိုနည်းဖြင့် သူက ဖြည်းညင်းစွာပင် ရှောင်ယန်ယွဲ့ကို ခုခံ ကာကွယ်ရသည့် အနေအထားသို့ တွန်းပို့ နေခဲ့သည်။
“ဒုတိယလှိုင်း မရောက်ခင် ဒီ မကောင်းဆိုးရွား စောင့်ကြပ်သူကို ဖယ်ရှားသင့်လား…”
ပေ့ဝေဝေက အကြံတောင်းဟန်ဖြင့် မေးလိုက်၏။
“…”
ဟုန်ချွင်းဟွာကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်ပေသည်။
…
အလားတူပင်…
“အကိုကြီးယောင်… နောက်တစ်လှိုင်း မလာခင် ဒီလူကို ဂရုစိုက်သင့်လား…”
ရွှေဖုန်းပေါင်က မေးလိုက်၏။
“…”
ဟုန်ချွင်းဟွာ ကဲ့သို့ပင် ယောင်ဟုန်ရီက ငြိမ်သက်စွာ စဉ်းစား နေခဲ့လေသည်။
…
တူညီသည့် ကံကြမ္မာ အလားပင် အန်ပိရုနှင့် အန်ဖေးကျင်းတို့ ညီအမ နှစ်ဦးမှာ လျှို့ဝှက် ဝိညာဉ် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးထံမှ လျှို့ဝှက် အမြုတေကို ထုတ်ယူ နေခဲ့ကြလေသည်။
“မမ… တစ်မိနစ်ပဲ ကျန်တော့တယ်… အဲဒီလူကို လွှတ်ထားရင် ဒုက္ခပေးလာနိုင်တယ်”
အန်ဖေကျင်းက စိုးရိမ်ဟန်ဖြင့် ပြောလိုက်လေ၏။
…
တရှန်းမှာ သူမ၏ ကြေးဝါရောင် စစ်ပုဆိန်ကို ပခုံးထက်၌ တင်ရင်း ရပ်နေခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပကာ လောင်ကျွမ်း နေခဲ့သည်။ သူမမှာ လင်းကျိရန်နှင့် ပိုကေတို့ နှစ်ယောက်ကို ဘယ်နှင့် ညာတွင် ထားကာ ကြမ်းတမ်း ခက်ထန်သည့် မြေကြီးရှန့်ထို အဆင့် တိုက်ပွဲကို ငေးမောကြည့် နေခဲ့သည်။
လင်းကျိရန်၏ သေသပ်စွာ ရိတ်သင်ထားသော မျက်ခုံးများက အနည်းငယ် တွန့်ကွေး သွားသည်။
“ငါ ရှောင်ယန်ယွဲ့ကို မသေစေချင်ဘူး…”
သူမက အခိုင်အမာ ဆိုလိုက်ရင်း လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။
“နင် အဲဒီ မြေကြီးရှန့်ထို အတုကို သိတာလား…”
ပိုကေ အံ့အားသင့်စွာ မေးလိုက်၏။ ထိုအခိုက်၌… တဖြည်းဖြည်း အားနည်း လာနေသည့် ရှောင်ယန်ယွဲ့၏ အခြေအနေမှန်ကို လူတိုင်းနီးပါး အလွယ်တကူ သိမြင်နိုင်နေပြီဖြစ်သည်။
လင်းကျိရန်က ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများကတော့ တိုက်ပွဲကို တစ်စက္ကန့်မျှ အလွတ်မပေးပဲ စောင့်ကြည့်နေဆဲ ဖြစ်သည်။
“ငါ သူနဲ့ အရင်တည်းက တွေ့ဖူးတယ်… ငါတို့ အတူတူ ခဏလောက် ခရီးသွားခဲ့ဖူးပြီးတော့ ထမင်းတောင် စားခဲ့ဖူးတယ်… ရှောင်ယန်ယွဲ့က စိတ်ကောင်းရှိတဲ့ အထဲမှာ ပါတယ်… အဲဒီ မကောင်းဆိုးဝါး စောင့်ကြပ်သူရဲ့ စုပ်ယူ ဝါးမြိုတာ ခံရဖို့ မထိုက်တန်ဘူး”
ထာဝရ သရဖူ အခမ်းအနား၏ ပထမဆုံး ရက်အနည်းငယ်မှာတုန်းက လင်းကျိရန်မှာ အပန်းဖြေ ခရီးထွက်သကဲ့သို့ အပြောကျယ်လှသော နယ်မြေများကို စူးစမ်း ရှာဖွေခဲ့သည်။ ကိုယ်ပိုင် စွန့်စားခန်း အချို့ကို ဖြတ်သန်းခဲ့သည်။ ထိုအတောအတွင်း သူမ ရှောင်ယန်ယွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ပိုကေက သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါ နားလည်ပါတယ်… ကျိရန်… သူ မသေသင့်သေးဘူး… ဒါပေမဲ့ သူ သေမယ်ဆိုရင် နင် တားဆီးနိုင်မှာ မဟုတ်ဘူး”
“ဘာလို့လဲ…”
“...”
ပိုကေက ခေါင်းကို ခါရုံသာ ခါလိုက်၏။ ထိုထက် ပိုမို၍ မတုန့်ပြန်ချေ။
ဒုတိယ ကွန်မန်ဒါက တရှန်းကို လှမ်းကြည့်လိုက်၏။ ထိုခရမ်းရောင် နတ်ဆိုးမ၏ အာရုံစိုက်နေသည့် အမူအရာက ပတ်ဝန်းကျင် လေထုကို တင်းမာစေသည်။
“…”
တရှန်းကတော့ တိတ်ဆိတ်၍သာ နေခဲ့၏။
***