အခန်း (၁၆၆၈)
Vol. 120 Ch. 1668
ရှေးဟောင်း ဝိညာဉ်မှာ ရှောင်ယန်ယွဲ့ကို ဆူပူချင် နေခဲ့သော်လည်း မနည်း ထိန်းထားရသည်။ ထိုသူတော်ကောင်းမလေးမှာ မကြာသေးခင်ကမှ ရင်းနှီးခဲ့သည့် သူငယ်ချင်း တစ်ဦးကို အသက်စွန့်ကာ ကူညီနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ရှောင်ယန်ယွဲ့ လတ်တလော ရင်ဆိုင်နေရသည့် အခြေအနေအရ သူမ၏ ဆူပူစကားများက အနှောက်အယှက် ဖြစ်ရုံသာ ရှိပေလိမ့်မည်။
ရှောင်ယန်ယွဲ့မှာ အလွန်အမင်း နာကျင်နေခဲ့၏။ သို့သော်လည်း သူမ အံသွားများကို တင်းတင်းကြိတ်ထားကာ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယာယီ မြေကြီးရှန့်ထို အဆင့် စွမ်းအား မီးခိုးအဖြစ်သို့ ပျောက်ကွယ်သွားမီ၊ သူမ၏ အသက် ဆုံးရှုံးသွားခြင်း မပြုမီ အချိန်များစွာ မရှိကြောင်း သူမ သိသည်။
သူမ အတွက် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်က မကောင်းဆိုးဝါး စောင့်ကြပ်သူ အာရုံလွဲမှု အမြင့်ဆုံး ရှိနေချိန်တွင်သာ ဖြစ်သည်။ ထိုအခြေအနေတွင် အမြစ်ပြတ် မဖြတ်နိုင်ခဲ့သည့် အတွက် ရှောင်ယန်ယွဲ့ ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ၏။ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များက နာကျင်မှုဖြင့် အော်ဟစ်နေချိန်တွင် မိန်းကလေးမှာ ပိုမိုပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်လိုက်ကာ ရှေ့ဆက်တိုး၍ တိုက်ခိုက် နေခဲ့တော့သည်။
အဝေးရှိ တောင်ထိပ် တစ်ခုတွင်တော့ ဝေ့ဝူယင်မှာ စဉ်းစားနေသည့် အမူအရာဖြင့် မေးစေ့ကို ပွတ်သပ် နေခဲ့၏။ ဤသည်က လျှို့ဝှက် ကြယ်တာရာ ခြေချခြင်းကို အသုံးပြု၍ တိုက်ခိုက်နေသည့် ရွေးချယ်ခံ တစ်ယောက်ကို သူ ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ၎င်းမှာ အလွှာအပြင်က လောကမှ အစစ်အမှန် ပါရမီရှင်များ အသုံးပြုသည့် နည်းလမ်း တစ်ခု ဖြစ်သည်။ ထို့အပြင်... မိန်းကလေးမှာ အလွန် ငယ်ရွယ်သည်။ သူမက အသက် သုံးရာခန့်သာ ရှိသေးသည်။
“ဒီကောင်မလေးက လျှို့ဝှက်လမ်းစဉ် သုံးခုကိုတောင် ပြည့်ပြည့်စုံစုံ နားလည်ထားပြီး နေပြီ... စိတ်ဝင်စားစရာပဲ”
ဝေ့ဝူယင် အကြည့်တစ်ချက်ဖြင့်ပင် အတည်ပြုလိုက်သည်။ သူမမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်ဖြင် ထိပ်တန်း ခြေချခြင်း အဆင့် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် ဆိုပါက လျှို့ဝှက် ဝိညာဉ် အဆင့်များနှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင်လျှင် သာမည ခြေချခြင်း အဆင့် ကျင့်စဉ်များကိုသာ အသုံးပြုနိုင်ကြသည်။
ထိုမိန်းကလေးမှာ သူမ၏ ကျင့်ကြံခြင်း အခြေခံထက် အဆင့်နှစ်ဆင့် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ လျှို့ဝှက် အာဏာရှင် အဆင့်မျိုး ချိပ်ပိတ်နယ်မြေအတွင်း သူ မကြုံခဲ့ဖူးချေ။ မိန်းကလေးမှာ အလွှာအပြင်က လောကမှ အစစ်အမှန် ရွေးချယ်ခံ တစ်ယောက်၏ လက္ခဏာများကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူမသာ သာမန် မြေကြီး ရှန့်ထို တစ်ယောက်နှင့် ယှဉ်ပြိုင်ရပါက အနိုင်ယူရန်ပင် ဖြစ်နိုင်ချေ ရှိသည်။ သို့တည်းမဟုတ်... အလွယ်တကူ ထွက်ပြေး လွတ်မြောက်နိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်းမှာ ခက်ခဲလှသည်။ မိန်းကလေး သွားနေသည့် လမ်းကြောင်းမှာ ပင်ပန်းသလို အကျိုးကျေးဇူးများလည်း အလွန် များပြားလှသည်။ အကယ်၍ သူမသာ ကောင်းချီးခံ တစ်ဦး မဟုတ်ခဲ့ပါက၊ ကောင်းကင်ဘုံထံမှ အခွင့်အရေးများကို မရရှိခဲ့ပါ... အလားတူ လမ်းကြောင်းမျိုးကို လျှောက်နိုင်ပါ့မလားဟု ဝေ့ဝူယင် သံသယဝင်မိသည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် ဘဝမှာတုန်းက အာဏာရှင်များကို ပုံမှန်နည်းလမ်းများဖြင့် ကျင့်ကြံစေသင့်သလော ဝေ့ဝူယင် တွေးခဲ့ဖူးသည်။ ကံကောင်းထောက်မစွာပင်... သူက လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာသည့် အပြင် မြေကြီး ရှန့်ထို အဆင့် ဖြစ်သည့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်လာခဲ့လေရာ ဆုံးဖြတ်ချက်မှာ လွယ်ကူခဲ့ပေသည်။
ရှောင်ယန်ယွဲ့နှင့် လူမည်းကြီးတို့ တိုက်ခိုက်နေချိန်တွင် အခြားသော မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ ပေါက်ပေါက်ဆုပ် စားရင်း အသာတကြည် ထိုင်ကြည့်နေခဲ့သည် မဟုတ်ချေ။ မြေကြီးရှန့်ထိုများ ကြားမှ တိုက်ပွဲမှာ သူတို့ ပါဝင်ရန် အလွန် စိတ်အားထက်သန်စရာ ကောင်းသော အရာများ မဟုတ်ပေ။ သူတို့သည် ငယ်ရွယ် သန်မာ၍ လတ်ဆတ် ရွေးချယ်ခံများထံကိုသာ ဆာလောင်နေသော သရဲတစ္ဆေများ ကဲ့သို့ တိုးဝင် သွားခဲ့ကြသည်။
“သတ်... သတ်... သတ်...”
“ငါ ဟိုအဝလွန်နေတဲ့ တစ်ယောက်ကိုပဲ လိုချင်တယ်... ခီး... ခီး... ခီး...”
“ဒီကိုလာ ကလေးလေး... မင်းရဲ့ အဖေတောင် ဘယ်တုန်းကမှ မပေးဖူးတဲ့ ပွေ့ဖက်မှုလေး ပေးပါရစေ... ငါ့ကို ယုံ... အဲဒါက သေလောက်အောင် ကောင်းတယ်”
မကောင်းဆိုးရွား စောင့်ကြပ်သူများမှာ ဆိုးယုတ်သည့် ရည်ရွယ်ချက်များနှင့် သတ္တဝါများ ဖြစ်ကြပြီး အများအပြားမှာ ရန်သူများကို အနှောင့်အယှက်ပေးရန် အတွက် အသံကို အခြေခံသည့် ဝိညာဉ်ပညာရပ်များကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ သူတို့က ရွေးချယ်ခံများ၏ ခံစားချက်များကို ကြိုးကိုင်ချယ်လှယ်ရင်း နှစ်ထပ်အာရုံလွဲများကို ဖန်တီးခဲ့သည်။
တိုက်ပွဲများမှာ နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့၏။ အာဏာရှင်များမှာ ယခင်ကတည်းက အဖွဲ့များ ဖွဲ့ထားပြီး ဖြစ်သည်။ သူတို့ထဲမှ အများစုမှာ အရေအတွက်ကို ကန့်သတ်ထားပြီး ဝူပိုင်ကျိုး၊ နာ့ရှင်းရီနှင့် သူတို့၏ အရှင် (ရွှယ်ရီဖေး) တည်းဟူသော အကြီးမားဆုံး ခြိမ်းခြောက်မှု သုံးခုကို ကိုင်တွယ်ရန် အတွက် ယာယီ အဖွဲ့များ ဖွဲ့စည်းထားသည်။ သေချာတာ တစ်ခုကတော့ သူတို့ထဲမှ မည်သူမှ ရွှယ်ရီဖေးကို တိုက်ခိုက်ရန် အထူးတလှယ် စိတ်အားထက်သန်မှု မရှိခြင်းပင်။
သူတို့ သတိရှိရှိ ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ ဝေ့ဝူယင်၏ ပုံရိပ်မှာ သူတို့၏ နှလုံးသားများထဲတွင် အလွန်နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီး ဖြစ်သည်။ ရွှယ်ရီဖေးကို တိုက်ခိုက်ခြင်းမှာ ဝေ့ဝူယင်ကို တိုက်ခိုက်ခြင်းနှင့် မကွာခြားပါချေ။ မူလ အာဏာရှင်များနှင့် ကွန်မန်ဒါများသာလျှင် ထိုစိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းကို ကျော်လွန်နိုင်လိမ့်မည် ဖြစ်သည်။
ရွှယ်ရီဖေးမှာလည်း အာဏာရှင်များ၏ အတွေးများကို သိရှိထားပေသည်။ ထို့ကြောင့်ပင် သူမမှာ အလွှာအပြင်က လောကမှ ရွေးချယ်ခံများနှင့် အသစ် ရောက်ရှိလာသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများကိုသာ အာရုံစိုက် တိုက်ခိုက်ခဲ့သည်။
ဘုန်း... ဘုန်း...
အားနူမှာ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ ခွန်အားမျိုးကို ပိုင်ဆိုင်ထားကာ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် အတူ ကောင်းကင်တွင် ပျံသန်း နေခဲ့၏။ သူမမှာ အခြား သေမျိုးတစ်ပိုင်း အရှင် အဆင့် ရွေးချဘ်ခံ နှစ်ဦးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ရွှယ်ရီဖေးမှာ ထိုတိုက်ပွဲကို ဘေးနားမှ ကြည့်ကာ ဝိညာဉ် အစီအရင်များကို အသုံးပြု၍ နှောက်ယှက်ခြင်းဖြင့် အကူအညီပေး နေခဲ့သည်။
သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်မှာ ရွှယ်ရီဖေးကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ် နေကြသော်လည်း အားနူ၏ နဂါးဖိအားနှင့် အင်အားတို့မှာ သူတို့ကို ခေါင်းမလှန်နိုင်အောင် ဖိအားပေး နေခဲ့သည်။ အလွန်ကြီးမားလွန်းလှသည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသော်လည်း အားနူမှာ ပယ်လယ်ထဲမှ ငါးတစ်ကောင်လို လေထုထဲတွင် ရွေ့လျား နေခဲ့သည်။ သူမက သူတို့၏ တိုက်ခိုက်မှုများကို အလွယ်တကူပင် ရှောင်တိမ်းနေခဲ့ကာ မည်သည့် အာရုံ စူးစိုက်မှုများကိုမှ ရွှယ်ရီဖေးထံ လွှဲပြောင်းပေးခွင့် မပြုခဲ့ချေ။
ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာလည်း အငြိမ်နေခဲ့ကြသည်တော့ မဟုတ်ချေ။ သူတို့က မကောင်းဆိုးရွား စောင့်ကြပ်သူများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေခဲ့၏။
“နှစ်ယောက် ရပြီ...”
ဝူပိုင်ကျိုးက လျှို့ဝှက် ကြယ်တာရာ အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက်၏ ဗိုက်မှ လှံကို ဆွဲနှုတ်လိုက်၏။ ထို့နောက် သူမက ကြယ်တာရာ ဝိညာဉ် ပါရှိသည့် လျှို့ဝှက် အမြုတေကိုပါ ထုတ်ယူလိက်သည်။ ၎င်းမှာ သဘာဝအားဖြင့် ဆိုးယုတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေကာ လောကကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
အမြုတေမှာ အစစ်အမှန် မကောင်းဆိုးရွား ကျင့်ကြံသူ တစ်ယောက်၏ လက္ခဏာရပ်များအားလုံးကို သယ်ဆောင်ထားသည်။ ၎င်း၏ အပေါ်၌ ပြင်ပစွမ်းအား အချို့ ရှိနေခဲ့၏။ သူက ၎င်းကို အခြားလူ တစ်ယောက်ထံမှ မကြာသေးမီကမှ ထုတ်ယူခဲ့ခြင်း ဖြစ်နိုင်သလို အပြည့်အဝ မသန့်စင်ရသေးတာလည်း ဖြစ်နိုင်ပေသည်။ ဝူပိုင်ကျိုး တစ်ယောက် ထိုအမြုတေကို ကြည့်ရင်း ပျို့တက် လာခဲ့မိ၏။
“သုံးယောက်...”
နာ့ရှင်းယီမှာ ယင်ဓားကို ကိုင်ဆောင်ထား၏။ သူမမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် သုံးဦးကို သတ်ဖြတ်ကာ သူတို့၏ လျှို့ဝှက် အမြုတေများကို ကျွမ်းကျင်စွာ ထုတ်ယူခဲ့ပြီး ဖြစ်သည်။ သူတို့က အသက် မဆုံးရှုံးမီ တုန့်ပြန်ရန်ပင် အချိန် မရခဲ့ကြချေ။ အချို့ကတော့ နာ့ရှင်းရီ၏ စိတ်နှင့် ဝိညာဉ်ကို အနှောက်အယှက်ပေးရန် အတွက် အသံကို အခြေခံသည့် ဝိညာဉ် နည်းလမ်းများကို အသုံးပြုဖို့ ကြိုးစားနေကြ၏။
“ငါ့နှစ်ယောက်ထဲက တစ်ယောက်က လျှို့ဝှက် ဝိညာဉ် အဆင့်လေ...”
ဝူပိုင်ကျိုးက သူမ ပထမမြောက် ရှိထားသည့် လျှို့ဝှက် အမြုတေကို ဝှေ့ယမ်းပြရင်း ပြုံးလိုက်သည်။ အတွင်းပိုင်းရှိ လျှို့ဝှက် ဝိညာဉ်ကိုတော့ မိန်းကလေးမှာ လောက နှလုံးသား ရည်ရွယ်ချက် သုံးခုကို အသုံးပြုကာ အင်ပါယာ ကောင်းကင်ဖိအားနှင့် ဖိနှိပ်ထားခဲ့သည်။
“...”
နာ့ရှင်းရီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူမ၏ မျက်လုံးများက ရွေ့လျားသွားကာ လျှို့ဝှက်ဝိညာဉ် အဆင့် ရွေးချယ်ခံ တစ်ဦး၏ ခေါင်းကို ဖြတ်နေသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးကို လှမ်းတွေ့လိုက်သည်။ သူက လည်ချောင်းမှ လျှံထွက်လာသည့် သွေးများကို ရွံရှာဖွယ် တရှိုက်မက်မက် သောက်သုံး နေခဲ့၏။ သို့သော်လည်း... ထိုနည်းလမ်းမှာ သူ၏ ကိုယ်ပိုင် လျှို့ဝှက် အော်ရာနှင့် ရုပ်ခန္ဓာကိုယ် စွမ်းအားတို့ကို စိတ်ကူးမယဉ်နိုင်လောက်သည့် အရှိန်ဖြင့် သိသိသာသာ မြှင့်တင်ပေးနေခဲ့လေသည်။
မကောင်းဆိုးရွား စောင့်ကြပ်သူများ၏ နည်းလမ်းများမှာ ဆိုးယုတ်သော်လည်း လုံးဝ ရိုးရှင်းခြင်း မရှိပေ။ ၎င်းတို့မှာ ချိပ်ပိတ် နယ်မြေ အတွင်းရှိ နည်းလမ်းများစွာထက် ပိုမို၍ အားကောင်းပေသည်။
ဝှစ်... ဝှစ်...
လျှို့ဝှက် အာဏာရှင် တစ်ဦး၏ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နာ့ရှင်းရီမှာ ရွေ့လျားသွားခဲ့ကာ ထိုမကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် ရူးသွပ်စွာ တိုက်ခိုက် နေခဲ့ပြီ ဖြစ်သည်။
“ဟ... ဟ...”
ဝူပိုင်ကျိုးက အခြား လျှို့ဝှက် အမြုတေ တစ်ခုကို ချိပ်ပိတ်ရင်း ရယ်မောလိုက်၏။ ရုတ်တရက် သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ဘေးကို လှည့်ကြည့်လိုက်သည်။
“ကွန်မန်ဒါ နှစ်ယောက်...”
အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်၏ မျက်လုံးများက နေရာ ရွှေ့ပြောင်းသွားကာ အခြား တစ်နေရာကို ထပ်မံ ကြည့်လိုက်သည်။ ထိုနေရာ၌ တရှန်းမှာ စစ်သုံးတူကြီးကို အသုံးပြုကာ ရန်သူကို ပြင်းထန်စွာ ရိုက်ပုတ်ချေမှုန်း နေခဲ့သည်။ သူမနှင့် တိုက်ခိုက်နေသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ဦးသာ ဖြစ်လေရာ အသားစနှင့် အရိုးများ အဖြစ် ကြေမွ သွားခဲ့သည်။ သူတို့မှာ လျှို့ဝှက် ဝိညာဉ် အဆင့်များလို အစစ်အမှန် လျှို့ဝှက် ဝိညာဉ်ကို ပိုင်ဆိုင် မထားလေရာ သေမျိုးများ၏ အသက်ကဲ့သို့ မထိမခံပါချေ။
မီးနှင့် ရေတို့ ထူးဆန်းစွာ သဟဇာတဖြစ်နေသည့် အော်ရာ တစ်ခုမှာလည်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ် လာခဲ့၏။ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းမျာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အဝေး၌ ရှိနေသည့် အော်ရာများ ပျောက်ကွယ်သွားသည်နှင့်အမျှ လေထုထဲတွင် လှုပ်ရှားမှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
“မြှားတွေ…”
ဝူပိုင်ကျိုး ညင်သာစွာ ရေရွတ်လိုက်သည်။ ထိုအခိုက်၌ အစစ်အမှန် ကျင့်ကြံသူများမှာ မကောင်းဆိုးရွား စောင့်ကြပ်သူများ၏ လျှို့ဝှက်အမြုတေများကို သိမ်းယူနေကြောင်း သူမ သိရှိလိုက်ပေသည်။ မကောင်းဆိုးရွား စောင့်ကြပ်သူများက အမဲလိုက် နေကြချိန်တွင် အာဏာရှင်များမှာလည်း သူတို့ကို ရှာဖွေ နေကြလေသည်။
***