← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၆)

Vol. 121 Ch. 1682

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၆)

Vol. 121 Ch. 1682

“…”

ထူးထူးခြားခြား တိတ်ဆိတ်မှုတစ်ခုက ဇာတ်ပွဲတစ်ခု၏ အဆုံးသတ်တွင် ထူထဲသည့် ကတ္တီပါစ တစ်ခု အလား ကျဆင်းလာခဲ့၏။ သို့သော်လည်း... စန်းယွန်လီ၊ ယီယွင်၊ ယီရွှယ်ဟန်နှင့် အခြား စောင့်ကြည့်နေသူများကတော့ ဖြစ်ပျက်သွားခဲ့သည့် အရာများနှင့် သဟဇာတ ဖြစ်ဖို့ ခက်ခဲနေခဲ့သည်။ သူတို့မှာ အရာအားလုံးကို လိုက်မှီနိုင်ခြင်း မရှိပါချေ။

စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ရှောင်လွှဲ၍ မရနိုင်သည့် အဆုံးသတ်နှင့် ရင်ဆိုင် ကြုံတွေ့ သွားခဲ့ရပြီ ဖြစ်သည်။

ဘုန်း...

ထိုအခိုက်တွင်ပင် ပိုမို လေးလံသည့် အသံတစ်ခုမှာ လူတိုင်း၏ အာရုံများကို လန့်နိုးလာစေခဲ့၏။ မီးသွေးရောင် မကောင်းဆိုး စောင့်ကြပ်သူ၏ ခန္ဓာကိုယ် မြေရိုင်း လွင်ပြင် တစ်ခုပေါ်ပြုတ်ကျသွားရာမှ ထွက်ပေါ်လာခဲ့သည့် အသံပင် ဖြစ်သည်။ ထိုနေရာ၌ မည်သည့် အသက်ဓာတ်မှ ရှိမနေပဲ ထို့အစား.. အရိုးများ၊ သွေးများနှင့် ကြေမွနေသည့် အသားစများသာ ရှိနေခဲံသည်။ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ထုတ်ယူ ခံခဲ့ရပြီး နောက်တွင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ သန့်စင်ထားသော ခန္ဓာကိုယ် ပင်လျှင် သေမျိုး တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အမြင့်မှ ပြုတ်ကျလာခြင်းက သူ့ကို မြေရိုင်းလွင်ပြင်တွင် သွေးကွက်တစ်ခုနီးပါး ပြောင်းလဲ သွားစေခဲ့သည်။

သူသည်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ အဖြစ် ထွက်ပေါ်လာခဲ့သည့် ကြောက်မက်ဖွယ် အကောင်းဆုံး မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ဦးမှာ ကျောချင်းကပ်လျှင်ပင် သေဆုံး ပျက်စီး သွားခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း... စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ သေဆုံးသွားရသည့် အကြောင်းရင်း အစစ်အမှန်ကို သိရှိသူ အနည်းငယ်သာ ရှိပေသည်။

အများစုကတော့ စန်းယွန်းလီ ထုတ်လွှတ်ခဲ့သည့် ကောင်းကင် အလင်းတန်းကြောင့်ဟု မှတ်ယူခဲ့ကြသည်။ သို့သော်လည်း ထိုအရာက မည်ကဲ့သို့သော စွမ်းအား ဖြစ်ကြောင်း သူတို့ နားမလည်ကြပါချေ။ အလွှာအပြင် ကျင့်ကြံသူ အနည်းငယ်သာလျှင် ထိုနတ်ဘုရားဆန်သည့် အလင်းတန်း၏ အရေးပါမှုကို သိနားလည်ကြသည်။

ဖြစ်ရပ်များမှာ အလွန် မြန်ဆန်လွန်းလှသည်။ သေမျိုးများ စိတ်ကူးယဉ်နိုင်သည်ထက် အဆပေါင်းများစွာ ပိုမို လျှင်မြန်သည်။

ဝှစ်...

စန်းယွန်လီက ပတ်ဝန်းကျင် မန်နာများကို ထိန်းချုပ်ရင်း ဝမ်မင်ယာ၏ ရှေ့နားသို့ ဆင်းသက်လာကာ လဲလျောင်းနေသည့် အလောင်းကို စိုက်ကြည့်လိုက်သည်။ နားထင်ရှိ ဒဏ်ရာကို လေ့လာရင်း သူမ၏ မျက်လုံးများက ထိစပ်လုမတတ် ကျဉ်းမြောင်း နေခဲ့၏။ ရေခဲတမျှ အေးစက်သည့် ခံစားချက်က သူမ၏ နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသည့် သတ်ဖြတ် လုပ်ကြံမှု စွမ်းရည်နည်း။

အကယ်၍ ထိုမြှားသာ သူမကို ပစ်မှတ်ထားခဲ့ပါက…

ထူးဆန်းသည့် အတွေးနှင့် အတူ မိန်းကလေး၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လာခဲ့၏။ စန်းယွန်းလီ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးလိုက်သော်လည်း ရွှယ်ရီဖေးနှင့် တိုက်ခိုက်ခဲ့သည့် လေးသမားကို ရှာမတွေ့ပါချေ။ သို့သော်လည်း... ထိုပုဂ္ဂိုလ်မှာ တရားခံ ဖြစ်နိုင်ကြောင်း သူမ ပြင်းထန်စွာ ခံစားနေရ၏။ အလွန်ရှုပ်ထွေးနေသည့် အတွေးများကို ဖိနှိပ်ရင်း တံတွေးအား မြိုချလိုသည့် စိတ်ကို သူမ ထိန်းချုပ်လိုက်သည်။

“သူ အဆင်ပြေရဲ့လား...”

စန်းယွန်းလီက ဝမ်မင်ယာကို တစ်ချက် ကြည့်လိုက်ရင်း ရှောင်ယန်ယွဲ့၏ သတိလစ် မေ့မြောနေသည့် ပုံရိပ်ကို လေ့လာလိုက်သည်။ ပျက်စီးသွားခဲ့ပြီ ဖြစ်သည့် သူမ၏ အခြေခံ အုတ်မြစ်မှာ အလွန် လျှင်မြန်စွာပင် ပြန်လည် ပျောက်ကင်းနေကာ ခန္ဓာကိုယ် အတွင်း ကျန်ရှိနေသော စွမ်းအားများမှာလည်း အလွန် မြန်ဆန်သော နှုန်းဖြင့် ချေဖျက်ခံနေရသည်။ ထိုဖြစ်စဉ်တစ်ခုလုံးက သဟဇာတ ဖြစ်စွာ ချောမွေ့နေပေသည်။

“ပြေသွားပါလိမ့်မယ်...”

ဝမ်မင်ယာက ညင်သာစွာ ပြောလိုက်၏။ ကောင်းကင် ပုရောဟိတ် တစ်ယောက်၏ စကားများမှာ ကောင်းကင်ဘုံ၏ အမိန့်နှင့် ဆင်တူလေရာ စန်းယွန်းလီမှာ စိတ်သက်သာရာ ရစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“အစ်မကြီး ယွန်းလီ...”

ယီယွင်က သူတို့ အနားသို့ ချဉ်းကပ်လာ၏။ ထို့နောက် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အလောင်းကို ကြည့်လိုက်သည်။ သူ့ နှလုံးသားက တဒိတ်ဒိတ် တုန်ရီနေ၏။ ထိုအမျိုးသမီးမှာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကဲ့သို့ အားကောင်းသည်ဟု ဆိုသည်။ သို့သော်လည်း ယခုတွင်တော့ ပြန်လည် ခုခံနိုင်စွမ်းပင် မရှိပဲ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

စန်းယွန်းလီက ယီယွင်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ဝန်ခံချင်သည် ဖြစ်စေ၊ ဝန်မခံချင်သည် ဖြစ်စေ... ယီယွင်မှာ ရှောင်ယန်ယွဲ့အား ကယ်တင်ရာတွင် အက္ခရာ ကျခဲ့သည်။ ယီယွင်သာ မရှိပါက သူမ ရှောင်ယန်ယွဲ့ကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပါချေ။

နွေးထွေးမှု၊ ကျေးဇူးတင်မှုတို့နှင့် ထုံလွှမ်းနေသည့် စန်းယွန်းလီထံမှ ရိုးသားသော စကားလုံးများကို ရရှိလိုက်သောကြောင့် ယီယွင်၏ မျက်နှာမှာ အနည်းငယ် ရီရဲသွားခဲ့၏။ ယီရွှယ်ဟန်မှာ ထိုအရာကို ဘေးနားမှ တိတ်တဆိတ် စောင့်ကြည့် နေသော်လည်း သူမ၏ နှလုံးသား အတွင်း ခံစားနေရသည့် မကျေနပ်စိတ်ကို ပြသဖို့ မဝံ့ရဲခဲ့ပါချေ။ ထိုမိန်းကလေးမှာ သေမျိုး တစ်ယောက်သာ ဆိုသော်လည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထို့အပြင်... သူမထံ၌ သုံး၍ မကုန်နိုင်သည့် ဝှက်ဖဲများ ရှိနေသည့်ပုံ ပေါ်သည်။

ယင်းထက် ပိုမိုသည်က စန်းယွန်းလီမှာ ကောင်းကင်ရှန့်ထို တစ်ယောက်၏ အမတေ သွေးစက်ကို အသုံးပြုခဲ့ကာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထိုသွေးကို အစောကတည်းကပင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် သန့်စင်ထားခဲ့ခြင်း ဖြစ်ရမည်။ အလွန် အစွမ်းထက်သည့် ထိပ်သီး ပညာရှင်များမှာ သူတို့၏ မျိုးဆက်များ၊ တပည့်များနှင့် ချစ်သူများကို ထိုကဲ့သို့ အဆောင်များ ပေးထားလေ့ ရှိသည်။ သို့သော်လည်း... ၎င်းအား သန့်စင်ရန်မှာ အလွန်ပင် ခက်ခဲလှကာ ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရလေ့ ရှိသည်။

သို့သော်လည်း... စန်းယွန်းလီမှာ အလွန် အစွမ်းထက်သည့် ထိပ်သီး ပုဂ္ဂိုလ် တစ်ယောက်၏ ချစ်မြတ်နိုးခြင်း ခံရသော မျိုးဆက် တစ်ယောက် ဖြစ်နေနိုင်သည်ဟု ယီရွှယ်ဟန် ယုံကြည်သည်။ ထိုပုဂ္ဂိုလ်က လျှို့ဝှက် အရှင်သခင် တစ်ယောက်ပင် ဖြစ်နေနိုင်ချေ ရှိသည်။

ယီရွှယ်ဟန်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် ရွေးချယ်ခံ တစ်ယောက် ဖြစ်သော်လည်း သူမ၏ နောက်ခံမှာ လျှို့ဝှက် အရှင်သခင် အဆင့်နှင့် နည်းနည်းလေးမျှ မနီးစက်ပါချေ။ သူမ၏ အဘိုးမှာ လောကရှန့်ထို တစ်ယောက် ဖြစ်ကာ သူမ၏ မိဘ နှစ်ပါးလုံးကတော့ မြေကြီး ရှန့်ထိုများ ဖြစ်ကြသည်။ သူတို့မှာ ယီမျိုးနွယ်၏ အကြီးအကဲနှင့် ဘိုးဘေးများလည်း ဖြစ်ကြသည်။

ကျင့်ကြံခြင်းက ခက်ခဲသည်။ ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တိုးလာတိုင်း ထိုအဆင့်ရှိ အရေအတွက်က သိသိသာသာ လျော့နည်း သွားသည်။ အလွှာအပြင်က လောကတွင်ပင် မြေကြီး ရှန့်ထိုများမှာ နက်ရှိုင်းသည့် စွမ်းအားနှင့် အခွင့်အာဏာတို့ကို ပိုင်ဆိုင်ထားကြသည်။ သူတို့မှာ အစွမ်းထက်သည့် အင်အားစုများတွင် အကြီးအကဲများ အဖြစ် မကြာခဏ ဆိုသလို ရှိနေတတ်ကြသည်။

ကျင့်ကြံခြင်း သမိုင်းကြောင်း၌ များလှစွာသော ပါရမီရှင်များမှာ မြေကြီးရှန့်ထို အဆင့်ကို တက်လှမ်းဖို့ ကျရှုံးခဲ့ကြသည်။ ပန်းတိုင်က ပိုမို၍ ကြီးမားလေလေ ခြေလှမ်းတိုင်း၌ ပိုမို၍ ခက်ခဲလေလေပင်။

ချိပ်ပိတ်နယ်မြေ အတွင်း၌ ကျင့်ကြံသူ ကွာထရီလျံနှင့် ချီ၍ ရှိသော်လည်း မြေကြီး ရှန့်ထို အရေအတွက်က သုံးရာပင် မပြည့်ချေ။ ရှိနေသည့် မြေကြီး ရှန့်ထို အများစုမှာလည်း ကျန်းကျိရီတို့ ကဲ့သို့ လမ်းစဉ် တစ်ခု မြေကြီး ရှန့်ထိုများသာ ဖြစ်သည်။

ယီရွှယ်ဟန် နှလုံးသားထဲမှ လေးပင်စွာ သက်ပြင်းချလိုက်မိ၏။ စန်းယွန်းလီမှာ မငြင်းပယ်နိုင်လောက်အောင် လှပကာ ထူးခြားသည့် နောက်ခံကို ပိုင်ဆိုင်ထားသည်။ သာမန် သေမျိုး တစ်ဦး အနေဖြင့်ပင် သူမ၏ ကျင့်ကြံခြင်း အခြေခံက မယုံကြည်နိုင်လောက်အောင် ခိုင်မာသည်။ ပုံမှန်အားဖြင့် သူမလို သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ပါးပင် ကောင်းကင် သင်္ကေတများကို ထိန်းချုပ်ဖို့ မလွယ်ကူချေ။

သို့စေကာမူ... စန်းယွန်းလီထံမှ တန်ဖိုးရှိသည့် အရာ တစ်ခုကို ခိုးယူလိုသည့် ဆန္ဒ တစ်ခုမှာ ယီရွှယ်ဟန်၏ နှလုံးသား အတွင်း ဖြစ်ပေါ်လာနေခဲ့၏။ ယီယွင်ကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများက တိတ်တဆိတ် တောက်ပလာခဲ့သည်။

“သူ့ရဲ့ လျှို့ဝှက် ဝိညာဉ်ကိုတော့ တစ်ယောက်ယောက်က ယူသွားပြီ...”

ဝမ်မင်ယာက ပြောလိုက်ရင်း ရှောင်ယန်ယွဲ့ကို ပွေ့ဖက်ကာ ညင်သာစွာ ထူလိုက်သည်။ ထိုကောင်းချီးခံ မိန်းကလေးအား သယ်ဆောင်ရန် တာဝန်ကို ယူဖို့ သူမ ဆုံးဖြတ်လိုက်သည်။

လင်းကျိရန်ကတော့ ရှောင်ယန်ယန်ယွဲ့ကို တိတ်ဆိတ်စွာပင် စစ်ဆေး နေခဲ့၏။ မိန်းကလေး မသန်မစွမ်း မဖြစ်ပဲ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေကြောင်း သေချာသွားသော အခါတွင်မှ သူမ စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဆိုးညစ် ယုတ်မာသည့် လူများကြောင့် မသန်မစွမ်း ဖြစ်သွားရသည့် ခံစားချက်ကို သူမ ကောင်းစွာ သိပေသည်

စန်းယွန်းလီနှင့် အခြားလူများမှာ အလောင်းကို နောက်တစ်ကြိမ် ထပ်ကြည့်ကာ သူမ၏ လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေတို့ကို တစ်စုံတစ်ယောက်က ထုတ်ယူသွားခဲ့ကြောင်း ထပ်မံ အတည်ပြုလိုက်ကြသည်။

လင်းကျိရန်ကတော့ ထိုအရာကို ဂရုမစိုက်ပါချေ။

“ငါသွားတော့မယ်... ရှောင်ယန်ယွဲ့ကို ငါ့အတွက် ပိုပြီး ဂရုစိုက်ပေးလိုက်ပါ”

မိန်းကလေးမှာ အများကြီး လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ရှောင်ယန်ယွဲ့ကို ကယ်တင်ပေးဖို့ အတွက် ဝေ့ဝူယင်ထံတွင် အကူအညီ တောင်းခဲ့သည်။ ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ ယခု ရှောင်ယန်ယွဲ့ အသက်ရှင်ခဲ့ပြီ ဖြစ်ရာ သူမ ထွက်ခွာရတော့မည် ဖြစ်သည်။

စန်းယွန်းလီက လင်းကျိရန်ကို ခဏတာမျှ လှမ်းကြည့်ကာ ခေါင်းညိတ် အသိအမှတ်ပြုလိုက်၏။ ဝမ်မင်ယာကတော့ ရှောင်ယန်ယွဲ့ကို သက်တောင့်သက်သာ ဖြစ်စေရန် ကူညီရင်း အလုပ်များ နေခဲ့လေရာ လင်းကျိရန်ကိုပင် သတိ မထားလိုက်မိပါချေ။

လင်းကျိရန်က အခြားလူများကို မစောင့်တော့ပဲ ငွေရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက်... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမမှာ ဝိညာဉ်အာရုံ ဆန်းစစ်မှုများ အတွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

***

All Chapters