← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၈)

Vol. 121 Ch. 1684

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၈)

Vol. 121 Ch. 1684

တူလာရီ တစ်ယောက် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ သူတို့ အားလုံး၏ ကျင့်ကြံခြင်း နှလုံးသားများထဲ၌ နတ်ဆိုး အငွေ့အသက် တစ်ခုမှာ ခိုင်မာစွာ နေရာယူနေကာ တဖြည်းဖြည်းချင်း ကျူးကျော် ဖျက်ဆီးဖို့ ကြိုးပမ်းနေပေသည်။ ထိုမျိုးစေ့မှာ တန်ဘူမာထံမှ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

မှန်ပေသည်။ သူတို့ အားလုံးမှာ သေမျိုး အဆင့်ကို ကျော်လွန်ခဲ့ပြီးသည့် သက်ရှိများ ဖြစ်ကြသည်။ သို့သော်လည်း... ယနေ့တွင်တော့ သူတို့၏ ရာစုနှစ်ချီ ကြိုးပမ်း အားထုတ်မှုများက ဘာမှ တန်ဖိုး မရှိကြောင်း တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။ သူတို့ အားလုံးမှာ တစ်သက်တာ မှားယွင်းနေသည့် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်း နေခဲ့ခြင်း ဖြစ်ပြီး သေမျိုးများနှင့် ရင်ဘောင်တန်း တိုက်ခိုက်ဖို့ အတွက်ပင် အလှမ်းကွာ လွန်းလှသည်။

“ငါကတော့ ကြိုးစားကြည့်မယ်...”

တူလာရီက ကောင်းပင် ထောက်တိုင် တစ်ခု အလား ဖြောင့်တန်းစွာ ထရပ်လိုက်၏။ သူမ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ဝိညာဉ် အတွင်း၌ ခုန်နေကာ အရှုံးပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်သည်။ ချက်ချင်းပင် အဖွဲ့အတွင်းမှ စိတ်ဓာတ်ကျလောက်ဖွယ် မှတ်ချက်များနှင့် သူမ ကြုံတွေ့ခဲ့ရ၏။ သို့သော်လည်း... မိန်းကလေး၏ ကျင်ကြံခြင်း နှလုံးသားမှာ ကောင်းကင်ထက်ပင် ပိုမို ခိုင်မာနေဆဲ ဖြစ်ပေသည်။

ဘုန်း...

မိန်းကလေးက မြေပြင်ကို နင်းကန်လိုက်ရင်း လျှို့ဝှက် အော်ရာကို ဖြန့်ကျက်ကာ ပေါက်ကွဲသော အမြန်နှုန်းနှင့် ပျံသန်း သွားခဲ့သည်။ တူလာရီ တစ်ယောက် အနည်းဆုံးတော့ ကြိုးစားကြည့်လိမ့်မည် ဖြစ်သည်။

“ငါတို့ သူ့ကို တားကြမလား...”

အဖွဲ့အတွင်းရှိ တိုက်တန် မိန်းကလေး တစ်ဦးက စိုးရိမ်တကြီး မေးလိုက်၏။ တန်ဘူမာက ပြန်မဖြေပါချေ။ ထို့အစား တဖြည်းဖြည်း ဝေးကွာသွားနေသည့် တူလာရီ၏ နောက်ကြောကိုသာ ငေးကြည့် နေခဲ့၏။ သူ၏ မျက်ဝန်းများက သေဆုံးသွားသည့် မိတ်ဆွေ တစ်ယောက်၏ နောက်ဆုံးသော ခရီးကို ပို့ဆောင်နေသည့် အလား ရီဝေနေခဲ့သည်။

ထိုမြင်ကွင်းက တိုက်တန် မိန်းကလေးကို တုန်ရီ သွားစေခဲ့သည်။ နောက်ဆုံး၌ သူမသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားကာ စကားတစ်ခွန်းမှ မဆိုတော့ပါချေ။

...

ဖန်တီးခြင်း အဂ္ဂိရတ် အလင်းရောင် ထွက်ပေါ်လာသော အခိုက်၌ ရွေးချယ်ခံများနှင့် အာဏာရှင်များ အားလုံးမှာ နောက်ထပ် မကောင်းဆိုးဝါး စောင့်ကြပ်သူ လှိုင်းတစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့် ခဲ့ကြသည်။ သို့သော်လည်း... သူတို့ ရရှိလိုက်သည်က ထိုအရာ မဟုတ်ပါချေ။

ထင်...

ဂီတ တူရိယာ တစ်ခု တီးခတ်လိုက် သကဲ့သို့ ဆင်တူသည့် ဂီတသံ တစ်ခုမှာ မိုးခြိမ်းသံ အလား ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။ ရွှေရောင် အလင်း တစ်ခုမှာ သရဖူ အလင်းတန်းများမှ ဆင်းသက်လာကာ အဂ္ဂိရတ် ရောင်စဉ်များကို ရွှေရောင် အဆင်းဖြင့် ညစ်ညမ်း သွားစေခဲ့သည်။ ထူးခြားမှု၊ နွေးထွေးမှုတို့ ပြည့်နှက်နေသည် ခံစားချက် တစ်ခုမှာ လောကို ဖုံးလွှမ်း သွားခဲ့သည်။ ထိုအလင်း အတွင်း၌ ရွှေရောင် နတ်ဘုရား ရုပ်တု တစ်ခုနှင့် ဆင်တူသည့် ပုံသဏ္ဌာန် တစ်ခု ရှိနေခဲ့၏။

အားလုံး၏ အမူအရာများက ကြီးမားစွာပင် ပြောင်းလဲ သွားခဲ့လေသည်။ ဝူပိုင်ကျိုး၊ ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့၏ မျက်ဝန်းများ အတွင်းရှိ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များမှာ လျှင်မြန်စွာပင် လျော့ကျသွားခဲ့သည်။ ရွှေဖုန်းပေါင်၏ မျက်လုံးများ အတွင်းရှိ မီးတောက်မီးလျှံများမှာ မီးခဲများ အဖြစ် ပြောင်းလဲ သွားကာ ငြိမ်းသေလုနီးပါးပင် ဖြစ်လာခဲ့သည်။

ယောင်ဟုန်ရီ၏ ညာဘက်လက်မှာ ဗလာဖြစ်နေသည့် မြှားတောင့်ထံသို့ လက်ကို လှမ်းလိုက်၏။ သို့သော်လည်း... ထိုလက်မှာ ပြင်ပအင်အား တစ်ခု၏ သက်ရောက်မှုကြောင့် တုန်ရီ နေခဲံသည်။

အန်ပိရုနှင့် အန်ဖေးကျင်းတို့ ညီအမ နှစ်ယောက်တို့ကတော့ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လိုက်ကြ၏။ သူတို့၏ အကြည့်များက လေးနက် စူးရှနေပေသည်။

တရှန်းမှာလည်း စစ်ပုဆိန်၏ လက်ကိုင်ရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ထိုအခိုက်၌ တိုက်ခိုက်လိုသည့် သူမ၏ စိတ်ဓာတ်မှာ ရုန်းကန် နေရသည်။ ပြိုင်ပွဲအား လက်လျှော့ကာ နောက်သို့ ဆုတ်ရန် ဆိုသည့် အတွေးက သူမကို ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက် နေခဲ့၏။

သို့သော်လည်း... နှလုံးသားထဲ၌ ရှိနေသည့် ဝေ့ဝူယင်ရှိ ပုံရိပ်ကို ပြန်လည် မြင်ယောင်မိသော အခိုက်၌ သူမ၏ ရွှေရောင် မျက်ဝန်းများမှာ ငြိမ်းသေရန် မဖြစ်နိုင်သည့် အလင်းတန်းများနှင့် ပြန်လည် ထွန်းလင်း လာခဲ့သည်။ ၇၆ ယောက်မြောက် မင်းသားနှင့် ရင်ဆိုင်ခဲ့ပြီး နောက်တွင် မိန်းကလေး၏ စိတ်နေ သဘောထားများမှာ များစွာ ပြောင်းလဲ သွားခဲ့ကာ ထိုမှ တစ်ဆင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။

ပိုကေ၏ နဖူး၊ လက်ဖဝါးနှင့် ကျောပြင်တို့မှာ ချွေးစေးများနှင့် စိုရွှဲ နေခဲ့၏။ ဤသည်က ထန်ဂူ သတ္တဝါကြောင့် နဂါးငွေ့တန်း ကြယ်ကွင်းပြင် ပျက်စီး သွားခဲ့ပြီးနောက် သူ့ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် မယုံကြည်နိုင်စရာ ထိတ်လန့် ကြောက်ရွံ့မှု အဆင့်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

ဟုန်ချွင်းဟွာ၏ မျက်လုံးများကတော့ နိုးထခြင်း အဆင့် ဓားရည်ရွယ်ချက်များနှင့် ပြင်းပြင်းထန်ထန် တောက်လောင် နေခဲ့၏။ သူမ၏ လက်ကတော့ ပန်းဖော်ထားသည့် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည်။ သို့သော်လည်း မိန်းကလေး၏ လက်များက မဆိုသလောက် ကလေး တုန်ရီ နေခဲ့၏။ ကြောက်ရွံ့မှုကြောင့်လား၊ စိတ်လှုပ်ရှားမှုကြောင့်လား ဆိုတာကိုတော့ သူမ တစ်ယောက်တည်းသာလျှင် သိပေလိမ့်မည်။

သူမ၏ နံဘေးတွင် ရှိသည့် ပေ့ဝေဝေ၏ မျက်လုံးများကတော့ ရေခဲကဲ့သို့ အေးစက်စက် အငွေ့အသက်များကို ထုတ်လွှတ် နေခဲ့၏။ မိန်းကလေး၏ နှလုံးသားကတော့ တည်ငြိမ်နေသည်။ သူမသည်လည်း ဝေ့ဝူယင်၏ ပုံရိပ်ကို နှလုံးသားထဲ၌ ပြန်လည် မြင်ယောင် နေခဲ့သည်။ ဝေ့ဝူယင်မှာ သူမကို ခေါင်းကိုင်ဖခင် တစ်ယောက်လို မြေတောင်မြှောက်ပေးခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ဖခင်တစ်ယောက် နောက်၌ ရှိနေချိန်တွင် သူမ မည်သူ့ကိုမှ ကြောက်လန့်လိမ့်မည် မဟုတ်ပါချေ။ သေဆုံးခြင်းနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် သူမ၏ နှလုံးသားက လှုပ်ခါလိမ့်မည် မဟုတ်ပါချေ။

အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက် ပြန့်ကျဲနေသည့် အာဏာရှင်များမှာ ရွှေရောင် ပုံရိပ် ဆင်းသက်လာခြင်းနှင့် အတူ ပြင်းထန်သည့် စိတ်ခံစားချက်များကို ခံစားနေခဲ့ကြရသည်။ သို့သော်လည်း... သူတို့ထဲက တစ်ဦးတစ်ယောက်ကမှ နောက်ဆုတ်ခြင်း မရှိကြပါချေ။

ရှူး... ရှူး...

ရွှေရောင် ပုံရိပ်၏ အရှိန်အဝါကို ခံစားရင်း ယီရွှယ်ဟန် တစ်ယောက် အသက်ကို ပင်ပန်း နွမ်းနယ်စွာ ရှိုက်ရှူ နေရသည်။ သူမ၏ နှလုံးသားနှင့် လျှို့ဝှက် ဝိညာဉ်တို့မှာ လျှင်မြန်စွာ လှုပ်ခါ နေခဲ့၏။ ဤသည်က မည်ကဲ့သို့ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမျိုးနည်း။ ရူးသွပ်စရာ ကောင်းလွန်းလှသည်။

ယီယွင်၏ မျက်လုံးများကတော့ ကျဉ်းမြောင်း၍ နေခဲ့၏။ သူ၏ အနံ့ခံ အာရုံက ဤသတ္တဝါ၏ အော်ရာမှာ သူ ရင်ဆိုင်ဖူးသမျှ တည်ရှိမှုတိုင်းထက် အဆပေါင်းများစွာ ကျော်လွန်ကြောင်း ပြောပြနေခဲ့သည်။ နတ်ဘုရား အင်ပါယာပင်လျှင် မနီးစပ်ပါချေ။

စန်းယွန်းလီ၏ မျက်နှာမှာ ဖျော့တော့နေ၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူမ အလွန်ပင် ပင်ပန်း နွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ နောက်ထပ်တစ်ဖန် စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပါချေ။

အခြားတစ်ဖက်၌ ရှောင်ယန်ယွဲ့မှာ ပြန်လည် နိုးနေခဲ့ပြီ ဖြစ်သည်။ မိန်းကလေး၏ မျက်နှာ အသားအရေမှာ သိသိသာသာ ပြန်လည် ကျန်းမာလာကာ ပန်းရောင် သမ်းနေခဲ့၏။ သို့သော်လည်း အော်ရာ ဆင်းသက်လာသော အခိုက်တွင်တော့ သူမ၏ မျက်နှာက ပြန်လည်၍ ပြောင်းလဲသွားကာ သရဲတစ္ဆေ တစ်ကောင်ထက်ပင် ပိုမို၍ ဖျော့တော့ လာခဲ့သည်။

“မဖြစ်နိုင်တာ...”

မိန်းက‌လေးက ကောင်းကင်ကို မော့ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

ဝှစ်...

နောက်ထပ် အလံ တစ်ခုကို စိုက်ထူပြီးနောက် ထျန်ရီဝူ သူ့ နဖူးမှ ချွေးစက်ကို သုတ်လိုက်သည်။ ထို့နောက်... ကျေနပ်စွာပင် သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ရွှေရောင်အလင်း ဆင်းသက်လာသော အခိုက်၌ သူ ခေါင်းကို မော့လိုက်၏။ သူ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။

“လောက သင်္ကေတ ပါတဲ့ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားတဲ့ မြေကြီးရှန့်ထို တစ်ယောက်...”

သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်ခြင်း ဖြစ်သော်လည်း စကားလုံး တစ်လုံးချင်းစီတိုင်းက အလွှာအပြင်က ရွေးချယ်ခံများကိုပင် လှုပ်ခါစေရန် လုံလောက်ပေလိမ့်မည်။

မြေကြီး ရှန့်ထို...

လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...

လောက သင်္ကေတ

သူတို့ အားလုံး နားလည်လိုက်သည်က ထိုပုဂ္ဂိုလ်ထံ၌ မပြည့်စုံသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် မရှိတော့ခြင်း ဖြစ်သည်။ သူက အစောပိုင်း အဆင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ လောကရှန့်ထို အဆင့်ကို တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။ ထူးဆန်းစွာ ဖိနှိပ်ထားသည့် နည်းလမ်း တစ်ခုကြောင့်သာလျှင် သူက မြေကြီးရှန့်ထို အဆင့်၏ အနားစွန်းတွင် ပျံဝဲ နေရခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ထိုပုဂ္ဂိုလ်မှာ လောကရှန့်ထို အဆင့် တည်းဟူသော စင်မြင့်ကို တက်လှမ်းရန် ကံကြမ္မာ ပါနေသူ ဖြစ်သည်။ ထိုအချက်ကို ငြင်းစရာ မရှိပါချေ။

တန်ဘူမာ၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခါ နေခဲ့၏။

“သူက လောက လောက သင်္ကေတကို ဖွဲ့စည်းထားနိုင်တယ်ပေါ့...”

မြေကြီးရှန့်ထို တစ်ဦး အနေဖြင့် တန်ဘူမာမှာ လောက သင်္ကေတ တစ်ခုကို ဖွဲ့စည်းရန် မည်မျှ ခက်ခဲကြောင်း သိပေသည်။ အခြေခံ လိုအပ်ချက် များစွာထဲမှ အလွယ်ဆုံး တစ်ခုမှာ ‘သွေးမူလ နည်းလမ်း’ ကဲ့သို့ လောက အဆင့် နည်းလမ်း တစ်ခုကို ကျင့်ကြံ အောင်မြင်ထားရန် ဖြစ်သည်။

သို့သော်လည်း... ထိုအဆင့် နည်းလမ်းကို ရရှိရန် အတွက်မှာ မယုံကြည်နိုင်လောက်အောင် ခက်ခဲသည်။ ဆက်စပ်မှု စစ်မြေပြင်၏ လဲလှယ်ရေး ကဏ္ဍ၌ အထွတ်အထိပ် အဆင့် မြေကြီး နည်းလမ်း တစ်ခုပင်လျှင် စစ်ဝိညာဉ် ၈၀၀၀ ကုန်ကျသည်။ အဆင့်နိမ့် လောက နည်းလမ်း ဖြစ်သည့် သွေးမူလ နည်းလမ်း အတွက်မူ စစ်ဝိညာဉ် ၁၁၀,၀၀၀ အထိ ကုန်ကျသည်။ သူ၏ ဘိုးဘေးပင်လျှင် ထိုသို့သော နည်းလမ်းကို မကျင့်ဖူးချေ။ တန်ဘူမာ အတွက်တော့ ထိုအကြောင်း အိပ်မက် မက်နေရုံသာ တတ်နိုင်သည်။

လောက သင်္ကေတကို ဖွဲ့စည်းရန် အတွက် လောက အဆင့် နည်းလမ်း တစ်ခုကို ကျင့်ကြံရုံဖြင့် မလုံလောက်ချေ။ ၎င်းအား ပြီးပြည့်စုံခြင်း အဆင့်ထိ ကျွမ်းကျင်ဖို့လည်း လိုအပ်သည်။ ထို့နောက်မှသာ အတုအယောင် လောက သင်္ကေတ တစ်ခု ပေါ်လာလိမ့်မည် ဖြစ်သည်။ ဝူယုမှာ သွေးမူလ နည်းလမ်းကို အောင်မြင်ရန် အတွက် ဝေ့ဝူယင် ထောက်ပံ့ပေးသည့် လျှို့ဝှက် လောက အဆင့် ရင်းမြစ်များစွာ အပြင် သူပိုင်ဆိုင်ထားသည့် ထူးခြားသော ပါရမီတို့ အပေါ် မှီခိုခဲ့ရသည်။

အခြားသော နည်းလမ်း အချို့ ရှိသော်လည်း ပို၍ပင် ခက်ခဲသည်။ ဥပမာအားဖြင့်... အစစ်အမှန် လောက အသိအမှတ် ပြုခြင်း ဖြစ်စဉ် ကဲ့သို့ ထူးဆန်းသည့် ဖြစ်စဉ်များမှ ဉာဏ်အလင်း ရရှိခြင်းမျိုး ဖြစ်သည်။ သို့သော်လည်း... အစစ်အမှန် လောက အသိအမှတ် ပြုခြင်း လိုမျိုး ဖြစ်စဉ် တစ်ခုပေါ်ပေါက်လာဖို့က လုံးဝ မလွယ်ကူသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။ ထိုထက် စာလျှင် လောကအဆင့် နည်းလမ်း တစ်ခုကို ကျင့်ကြံခြင်းကပင် ပိုမို ဖြစ်နိုင်ချေ ရှိသည်။

တန်ဘူမာ တစ်ယောက် ကောင်းကင်ကို ကြည့်ရင်း ထိုရွှေရောင် ပုံရိပ်မှာ မြေကြီး ရှန့်ထိုများ၏ နတ်ဘုရား ဖြစ်နိုင်သည်ဟု တွေးလိုက်မိ၏။ သူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ဤကစားပွဲ အတွင်း သူ လုံးဝ ဝင်ပါလိမ့်မည် မဟုတ်ပါချေ.

ရွှယ်ရီဖေး၏ မျက်လုံးများက လျှို့ဝှက်ပင် ပြန်လည် တောက်ပလာခဲ့၏။ သူမ၏ ခင်ပွန်း ဖြစ်သူမှာ မည်ကဲ့သို့ စဉ်းစားနေသနည်း။ ဤပုဂ္ဂိုလ်မှာ နတ်ဘုရား အင်ပါယာထက်ပင် ကျော်လွန်နေသည့် တည်ရှိမှု ဖြစ်သည်။ အော်ရာသက်သက်ဖြင့်ပင် သူ ထိုအရာကို ခံစားနိုင်သည်။

ဝူယုပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါချေ။ သူမ သိရှိထားသလောက် အာရုဏ်ဦး မဟာ သူရဲကောင်းထံတွင် မြေကြီး ရှန့်ထို အဆင့်ထက် ကျော်လွန်သည့် လောက သင်္ကေတ၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်သည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် မရှိသေးချေ။

“အဆင်သင့်ပဲလား...”

ဝူပိုင်ကျိုးက သူမ၏ လှံတံကို လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် သုံးခုဖြင့် လွှမ်းခြုံရင်း နှိုင်းယှဉ် မရနိုင်အောင် လေးလံသော ခြေလှမ်းများနှင့် ရှေ့ကို တစ်လှမ်း တိုးလိုက်၏။ သူမ ကြောက်ရွံ့ခြင်း မရှိပါချေ။

တစ်ချိန်တည်းတွင်ပင် နာ့ရှင်းရီမှာ ဓားကို ဆွဲထုတ်ထားပြီးသား ဖြစ်၏။ မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်နှင့် အတူ သူမသည်လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ရွှယ်ရီဖေးက အားနူ၏ ခေါင်းလေးကို ပွတ်သပ်လိုက်၏။ နဂါးပေါက်စလေး၏ မျက်လုံးများက သားရဲတစ်ကောင်၏ မာန်မာန၊ ရက်စက် ကြမ်းကြုတ်မှုတို့နှင့် အတူ အဆက်မပြတ် လောင်ကြွမ်းနေခဲ့သည်။

“ငါ့ယောက်ျားကတော့ ဘယ်အရာကိုမှ လွယ်လွယ်ကူကူ မဖြစ်စေဘူးပဲ...”

မိန်းကလေးက ညင်သာစွာ ရယ်မောလိုက်ရင်း ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ မိန်းကလေး သုံးဦးစလုံး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။

အပြောကျယ်လှသည့် လောကနယ်မြေ အတွင်း၌ လောကသခင် အဆင့်မှ ကြယ်တာရာ သခင် အဆင့် အထိ အာဏာရှင် အားလုံး ခြေတစ်လှမ်းမျှ မဆုတ်ခဲ့ကြချေ။

တစ်လှမ်းမှ...

***

All Chapters