← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၉)

Vol. 121 Ch. 1685

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၁၉)

Vol. 121 Ch. 1685

ဟူး... ဟူး...

ရွှေရောင် ခန္ဓာကိုယ်နှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ကောင်းကင်ကိုပင် အရောင် ပြောင်းလဲ စေနိုင်လောက်သော လွှမ်းမိုး ချုပ်ကိုင်မှုနှင့် အတူ ဆင်းသက် လာနေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာ အမူအရာထက်တွင်တော့ သိသာ ထင်ရှားသည့် မျက်မှောင်ကြုတ်မှု တစ်ခု ရှိနေခဲ့၏။

စကျင်ကျောက် အသားအရေ ပိုင်ရှင်နှင့် မီးသွေးရောင် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ယောက် သေဆုံးသွားခဲ့ခြင်းကို မျက်မြင် တွေ့ခဲ့ရခြင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ သို့သော်လည်း... သူ့ထံတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။ ငွေရောင် မျက်လုံးများနှင့် လူငယ်မှာ သူ့ကို အခြား ရွေးချယ်ခွင့် မပေးခဲ့ချေ။

ထိုငွေရောင် မျက်လုံးများနှင့် လူငယ် ကတိတည်ဖို့ကိုသာ သူ စိတ်ထဲတွင် ဆုတောင်း လိုက်မိ၏။ မည်သို့ပင် ဆိုစေ... လက်ရှိတွင်တော့ သူ ပေးထားသည့် အမိန့်ကို ခိုင်မြဲစွာ လိုက်နာရမည် ဖြစ်သ်ည။

“ဖန်တီးခြင်း အလင်း ထွက်ပေါ်လာတာနဲ့ သူတို့ အားလုံးကို သတ်ပစ်...”

ရိုးရှင်းသည့် အမိန့် တစ်ခု...။ သို့သော်လည်း စကားလုံး တစ်လုံးချင်းစီတိုင်း၌ ပါဝင်နေသည့် သွေးအေးမှု၊ ရက်စက်မှုတို့က သူ့လို မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက် အတွက်ပင် မကြုံစဖူး ဖြစ်သည်။

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လောကနယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်ကြည့်လိုက်၏။ သူ တွေ့မြင်ရသလောက် အများစုက သေမျိုးများ ဖြစ်ကြသည်။ သေမျိုးများမှာ သူ့အတွက်တော့ နို့စို့ ကလေးငယ်လေးများ သဖွယ် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ယုတ်ညံ့သည့် သွေးများ လက်မှာ စွန်းထင်မှာ စိုးရိမ်သောကြောင့် သူ သတ်ချင်မှ သတ်ပေလိမ့်မည်။

သို့သော်လည်း... ယနေ့တွင်တော့ ငွေရောင် မျက်ဝန်းများနှင့် လူငယ်၏ အမိန့်ကို မဆန့်ကျင်ပဲ အားလုံးကို ချေမှုန်းဖို့ ဆုံးဖြတ်လိုက်၏။ သူ ရွှေအလင်း လောကသင်္ကေတကို လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နှင့် ချိတ်ဆက်ကာ လောက ရှန့်ထိုများထက် မနိမ့်သည့် ခွန်အားကို ဖွဲ့စည်းလိုက်၏။ ကျင့်ကြံခြင်း အခြေခံ အရ လောကရှန့်ထိုများနှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့် မရှိသေးသော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကတော့ မည်သို့မျှ မကွဲပြားချေ။ ၎င်းက ပြီးပြည့်စုံသည်။

ဘုန်း...

ကောင်းကင်၌ ရွှေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲလာခဲ့၏။ တမုဟုတ်ချင်းပင်... လောကရှိ စွမ်းအင်၊ အမတေနှင့် မန်နာ အားလုံးမှာ သူ၏ ဆန္ဒ အတိုင်းပင် အလင်းရွှေ စွမ်းအား အဖြစ် ပြောင်းလဲ သွားသည်။ ရွှေရောင် အသွေးမှာ တစ်လောကလုံးအား ပြီးပြည့်စုံစွာ လွှမ်းမိုး သွားခဲ့လေသည်။

ထွက်ပြေးရန် နေရာ မရှိပါချေ။ အာဏာရှင်များ ဖြစ်စေ၊ ရွေးချယ်ခံများ ဖြစ်စေ... အားလုံးမှာ ချက်ချင်းပင် အလင်းရွှေ စွမ်းအင်များ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရပြီ ဖြစ်သည်။

နတ်မိမယ် သုံးဦး၊ အန်ညီအမ နှစ်ယောက်၊ အာဏာရှင် ကွန်မန်ဒါများနှင့် ရွှေဖုန်းပေါင်တို့မှာ ထိတ်လန့် တုန်လှုပ် သွားကြ၏။ အစစ်အမှန် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် တစ်ခုမှာ လုံးဝ ဖိနှိပ် ချုပ်ခြယ်နိုင်စွမ်း ရှိသည်။ ထူးခြားသည့် နည်းလမ်းများကိုသာ ပိုင်ဆိုင် မထားပါက သူတို့ အားလုံး အတွေးတစ်ချက်ဖြင့်ပင် သေဆုံး သွားနိုင်ပေသည်။

သို့သော်လည်း.. သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မှ ထိုရလဒ်ကို ရိုးရှင်းစွာ လက်မခံခဲ့ကြချေ။ သူတို့က မီးလျှံ ပေါက်ကွဲမှုမှသည် နတ်ဆိုး ဖျက်ဆီးခြင်း၊ မဟာ ဧကရာဇ် တစ်ပါး၏ ခမ်းနားသည့် အရှိန်အဝါများနှင့် အစွန်းရောက် ယင်စွမ်းအင် တို့ အထိ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခဲ့ကြ၏။ ထိုနည်းဖြင့် ရွှေရောင် စွမ်းအင်များကို နောက်သို့ ပြန်လည် တွန်းပို့ကာ မားမားမတ်မတ် ရပ်တည် ခဲ့ကြလေသည်။

“ဟမ်...”

သနားစရာ သတ္တဝါလေးများ အပေါ် အဓိပ္ပာယ်မဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အားကောင်းသည့် ခုခံမှု အချို့ကို ခံစားလိုက်ရသောကြောင့် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အနည်းငယ် ရပ်တန့်သွားခဲ့၏။

သို့သော်လည်း... ၎င်းက အရေးမကြီးပါချေ။ သူ လျှို့ဝှက် စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ခုခံမှု အားလုံးမှာ လုံးဝ မကျန်သလောက် နီးပါး အထိ အားလျော့ ပျက်ပြယ် သွားခဲ့၏။

“မြန်မြန်လေး အဆုံးသတ်လိုက်တာပေါ့...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း ပြောလိုက်၏။ သူက အဆုံးမဲ့ သက်ရှိ သတ္တဝါလေးများကို ကွပ်မျက်တော့မည့် နတ်ဘုရား တစ်ပါး အလား လက်ဖဝါးကို မြေပြင်ဆီ ဖိလိုက်၏။

ရွှမ်း...

ရုတ်တရက် ဆေဘာဟိန်းသံ တစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့လေ၏။ ၎င်းက ရွှေရောင် အလင်း အတွင်းရှိ စိတ်ဆန္ဒကို ပစ်မှတ်ထားနေကာ တည်ရှိမှု အမှုန်အမွှားတိုင်းကို ပုံပျက် သွားစေခဲ့သည်။ ၎င်းမှာ အလင်း ကဲ့သို့ ပျံ့နှံ့နေကာ မှောင်မိုက်ခြင်း ကဲ့သို့ စွန်းထင်းနေပြီး ယုတ္တိကို ဆန့်ကျင်သည့် ဆန္ဒ တစ်ခုဖြင့် ထာဝရကို ဖျက်ဆီးနေ၏။ ၎င်းကို ရှင်းလင်း ဖော်ပြရန် အတွက် မဖြစ်နိုင်ပါချေ။

“ဟမ်...”

ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တုန်လှုပ်သွားကာ ရပ်တန့် သွားခဲ့၏။ လျှို့ဝှက်ဆန္ဒ အမျှင်က ရုတ်တရက် ပြတ်တောက် သွားသည်ကို သူ ခံစားနိုင်ပေသည်။ သူနှင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၊ အလင်းရွှေ လောက သင်္ကေတတို့ အကြားမှ ချိတ်ဆက်မှုမှာလည်း ခဏတာမျှ ပျက်စီး သွားခဲ့၏။ ဆက်တိုက်ဆိုသလိုပင် ရွှေဝါရောင် အရည်များမှာ သူ၏ ရွှေရောင် မျက်ဝန်းများထဲမှ ပါးပြင်ပေါ် သွေးမျက်ရည်များ အလား ယိုစိမ့်ကျလာခဲ့သည်။ လောကကို ဖုံးအုပ်ထားသည့် ရွှေရောင် အလင်းမှာ မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုကို ခံရသည့် အလား သိသိသာသာ မှေးမှိန်သွားခဲ့သည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်က ရွေးချယ်ခံများ အလွန် ထိတ်လန့် ခဲ့ကြသည် ဆိုလျှင် ယခုက ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အလှည့် ဖြစ်သည်။

၎င်းက မည်ကဲ့သို့ အယူလွဲမှားနေသည့် စွမ်းအားမျိုးနည်း။ သူ မတုန့်မဆိုင်းပင် လျှို့ဝှက် အော်ရာကို ပြင်းထန်စွာ ဖြန့်ကျက်လိုက်သည်။ လောကအဆင့် လျှို့ဝှက် စွမ်းအင်လှိုင်းများမှာ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။ လောက၏ စွမ်းအားကို သူ နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်ပြန်ပြီ ဖြစ်သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လှုပ်ရှားမှုများက လောကကို အစိုးရသည့် နတ်ဘုရား တစ်ပါး အလား ခမ်းနား ထည်ဝါလှ၏။

သို့သော်လည်း... ထျန်းတျန်နှင့် အသိစိတ် ပင်လယ် အတွင်းရှိ လောက သင်္ကေတနှင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်တို့ ခဏတာမျှ အဆက်ပြတ်သွားခြင်းက အောက်ဘက်ရှိ ရွေးချယ်ခံများကို ရုတ်တရက် လွတ်မြောက် သွားစေခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

တစ်ပြိုင်နက်တည်း ဆိုသလိုပင် အာဏာရှင်များ အားလုံးမှာ စတင် လှုပ်ရှားလာခဲ့ကြသည်။ သူတို့မှာ ရန်သူများကို ရင်ဆိုင်ရန် အတွက် တင်းကြပ်သည့် လေ့ကျင့်မှုများကို ရရှိခဲ့ကြသည်။ သူတို့သည် သေချာ လေ့ကျင့်ထားသည့် စစ်တပ် တစ်ခုထက် အဆပေါင်းများစွာ သာလွန်သော နှုန်းထားများဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြသည်။

ကောင်းကင်ထက်၌ နေကြယ် ဒါဇင်ပေါင်း များစွာမှာ ထွက်ပေါ်လာခဲ့ကာ ပြင်းထန်စွာ လောင်ကြွမ်းနေသည့် နေရောင်ခြည် အလင်းများကို ထုတ်လွှတ် လာခဲ့၏။ ကြယ်တာရာ သခင် အဆင့် အာဏာရှင်တိုင်းမှာ သူတို့၏ လောကချည်နှောင် နေကြယ်များကို ထုတ်လွှတ် လိုက်ကြပြီ ဖြစ်သည်။

သူတို့ကြား၌ ကွဲပြားမှုများ မရှိတော့ချေ။ ဆင့်ကဲ သတင်းစကားပေးပို့မှု၊ နှုတ်ဖြင့် ဖလှယ်မှုနှင့် သိသာ ထင်ရှားသည့် အကြည့်များ မလိုတော့ပဲ သူတို့ အားလုံးမှာ တစ်ခုတည်းကိုသာ လုပ်ဆောင်ခဲ့ကြသည်။ စိတ်ဝိညာဉ် တစ်ခုတည်း ရှိနေသကဲ့သို့ သူတို့ အားလုံးမှာ နောက်ထပ် ညွှန်ကြားချက်များ မလိုပဲ တာဝန်ကို နားလည်ခဲ့ကြသည်။

များလှစွာသော လောကချည်နှောင် နေကြယ်များ အနက် အချို့မှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ထင်ရှားလှပေသည်။ ထိုအထဲမှ ပထမဆုံး တစ်ခုက ခေတ်ကာလ များစွာ အုပ်စိုးခဲ့သည့် မဟာ ဧကရာဇ် တစ်ပါးလိုမျိုး အဆုံးမဲ့စွာ ခန့်ညား ထည်ဝါလှကာ၊ ရောင်စုံ နေကြယ်များစွာကို အတွင်းပိုင်း၌ သယ်ဆောင်ထားသည့် နေဘီလူး အရွယ် နေကြယ်ကြီး ဖြစ်သည်။ ၎င်းထံမှ ဖြာထွက်နေသည့် အလင်းတန်းများကို ခံစား သိရှိပုံဖြင့်ပင် ဒူးထောက်ကာ အစေခံ တစ်ယောက်လိုမျိုး အမှုထမ်းလိုသည့် စိတ်က လူတိုင်းကို ဖိနှိပ်လာခဲ့၏။

နောက်ထပ် တစ်ခုက အလွန်တရာ ခွန်အား ကြီးမားကာ လေးလံလှပြီး နတ်ဆိုးတောင်တန်း တစ်ခု ကဲ့သို့ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် နေဘီးလူး အရွယ် နေကြယ်ကြီး တစ်ခု ဖြစ်သည်။

၎င်းတို့၏ အပြင်ဘက် တစ်နေရာတွင်တော့ ခရမ်းရောင် နတ်ဆိုး မီးလျှံများ ဖုံးအုပ်ထားကာ အဖြူရောင်နှင့် အနက်ရောင်ကိုမျှတစွာ ပေါင်းစည်းထားသည့် နေကြယ် တစ်ခု ရှိလေ၏။ အမြင်အာရုံဖြင့်ပင် အလင်းတန်းများ အတွင်း၌ နဂါးဟိန်းဟောက်သံများ ပါဝင်နေသလို လူတိုင်း ခံစားလိုက်ကြရသည်။

ထို့အပြင်... အရိုးထိ အေးစက်စေကာ ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်သည့် မီးခိုးရောင် အလင်းတန်းများနှင့် ဖုံးအုပ်ထားသော နေဘီးလူး အရွယ် အခြား နေကြယ် တစ်ခုလည်း ရှိလေသည်။ ၎င်းအတွင်း၌ ဆန့်ကျင်ဘက် ခံစားချက်များ ရောထွေးနေကာ အဆိုပါ နေကြယ်မှာ မစစ်မှန်ဟု ခံစားရသည်။ သို့သော်လည်း အစွမ်းထက်သည့် ယန်စွမ်းအင်ကို ပိုင်ဆိုင်ထားသူများကတော့ ၎င်းကို ကြည့်ရင်း မဖော်ပြနိုင်သည့် စိတ်ဆန္ဒများကို ခံစားလိုက်ရ၏။ ၎င်းက လိုချင်တက်မက်မှုများ။ သို့မဟုတ်... ကြောက်ရွံ့ ထိတ်လန့်ခြင်းလား။ သူတို့ မဝေခွဲနိုင်ကြပါချေ။

သင်းပျံ့သည့် မွှေးရနံ့များကို တောက်ပသည့် အလင်းတန်းများနှင့် အတူ ထုတ်လွှတ်နေသည့် နေဘီးလူး အရွယ် အညိုရောင် နေကြယ် တစ်စင်းလည်း ရှိ၏။ ၎င်း၏ မျက်နှာပြင်ထက်၌ ထူးဆန်းစွာပင် ပန်းကနုတ်များ ပေါ်လွင်နေလေရာ ထိုအရာက လူများကို စိတ်လှုပ်ရှားစေသည်။ အဝေးမှ ကြည့်ပါက ထိုနေကြယ်မှာ နေကြာပန်း တစ်ခုနှင့် တူသော်လည်း ပန်းပွင့်လွှာ တစ်ခုချင်းစီမှာ မှောင်မိုက်ခြင်းကို လှီးဖြတ်၍ ထာဝရ အာရုဏ်ဦးကို ဆောင်ကျဉ်း ပေးနိုင် သကဲ့သို့ နှိုင်းယှဉ်၍ မရနိုင်အောင် ခမ်းနား ထည်ဝါလွန်းလှပေသည်။

ထို့အပြင်... ခရမ်းရောင်နှင့် အလင်းရောင် မီးလျှံများကို ထုတ်လွှတ်နေသည့် နေဘီလူး အရွယ် နေကြယ်လည်း ရှိသည်။ ၎င်းမှာ ပတ်ဝန်းကျင်ရှိ လေစွမ်းအင်များကို ရူးသွပ်စွာ လှုပ်ခါစေကာ အဆုံးမဲ့ လေဆင်နှာမောင်းနှင့် လေပွေများကို ဖြစ်ပေါ် လာစေခဲ့သည်။ ၎င်းမှာ အလွန် လေးလံသည့် အရွယ်အစားမျိုး ရှိသော်လည်း အလွယ်တကူ ပင့်မြှောက်နိုင်လိမ့်မည် ဆိုသည့် ခံစားချက်က လူတိုင်း၏ နှလုံးသားများ အတွင်း တုန့်ဆိုင်းခြင်း မရှိပဲ ဖြစ်ပေါ်လာခဲ့သည်။

၎င်းတို့အပြင် အထွတ်အထိပ် တိုက်တန် အရွယ် နေကြယ် နှစ်လုံးလည်း ရှိသေးသည်။ တစ်လုံးက သမုဒ္ဒရာ အပြာရောင် ရှိကာ အခြား တစ်လုံးက အနီရောင် အဆင်းဖြင့် တောက်ပနေသည်။ ယင်းတို့ နှစ်ခုမှာ ရေနှင့် မီးတို့ကို ကိုယ်စားပြုရင်း တောက်ပစွာ ထွန်းလင်း နေခဲ့၏။ ထူးခြားချက် တစ်ခုက ထိုနေကြယ် နှစ်စင်းမှာ ပြီးပြည့်စုံသည့် သဟဇာတ ဖြစ်မှုနှင့် အတူ တစ်ခုနှင့် တစ်ခု လှည့်ပတ် နေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ပူးပေါင်းမှုမှ ထုတ်လွှတ်နေသည့် အလင်းတန်းများမှာ နေဘီလူး အရွယ် နေကြယ်များထက် လျော့နည်းခြင်း မရှိပါချေ။

ကောင်းကင်၌ ထိုနေဘီလူး အရွယ် နေကြယ်များ အပြင် အရောင် အဆင်း အမျိုးမျိုးနှင့် တောက်ပနေသည့် နေကြယ်ပု အရွယ်၊ တိုက်တန် အရွယ် နေကြယ်ပေါင်းများစွာလည်း ရှိပေသေးသည်။ အကယ်၍ ရေတွက်ကြည့်ပါက အလွယ်ကလေးပင် တစ်ရာကျော် သွားပေလိမ့်မည်။

“ဘာလဲ...”

၎င်းတို့ကို မော့ကြည့်ရင်း အလွှာအပြင်က ရွေးချယ်ခံများနှင့် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူတို့မှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြလေ၏။

***

All Chapters