ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၁)
Vol. 121 Ch. 1687
နာ့ရှင်းရီမှာ ဓားကို ပြန်လည် သိမ်းဆည်းဖို့ ကြိုးစားနေသော်လည်း အချည်းနှီး ဖြစ်နေသောကြောင့် မျက်နှာ တစ်ခုလုံး ဖြူဖပ်ဖြူရော် နေခဲ့၏။ အစွန်းရောက်ယင် နတ်မိမယ်က အံကို တင်းတင်း ကြိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များနှင့် လောင်မြိုက် နေခဲ့၏။
ဘုန်း... ဘုန်း...
ထိုအခိုက်တွင်ပင် အထက်ကောင်းကင်နှင့် မြေပြင် နှစ်နေရာစလုံး၌ ပေါက်ကွဲမှုများ ဖြစ်ပွား သွားခဲ့သည်။ နေကြယ် တစ်ဒါဇင်ကျော်ခန့်မှာ ၎င်းတို့၏ ပိုင်ရှင်များနှင့် အတူ ပေါက်ကွဲ သွားခဲ့ခြင်း ဖြစ်သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ စွမ်းအား တစ်ခုတည်းကို သုံးကာ စစ်မျက်နှာ ပေါင်းစုံ၌ တိုက်ခိုက်နေခဲ့ပေသည်။
“ဒီကောင်ကြီးက တော်တာ် အားကောင်းတာပဲ...”
လောကချည်နှောင် နေကြယ်များ၏ စုပေါင်း တိုက်ခိုက်မှုပင် ထိခိုက်မှု သိပ်မရှိခဲ့သည်ကို တွေ့မြင်ပြီးနောက် ရွှယ်ရီဖေးက မှတ်ချက်ချလိုက်၏။ ထိုအရာက အစစ်အမှန် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ဖြစ်သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်ပဲ လောကအတွင်း၌ စွမ်းအင်၊ အမတေနှင့် မန်နာအားလုံးကပါ သူနှင့် အတူ တိုက်ခိုက် နေခဲ့ခြင်း ဖြစ်သည်။ အာဏာရှင်များ၏ လောက နှလုံးသား ရည်ရွယ်ချက်များမှာ သေမျိုး အဆင့် ကျင့်ကြံခြင်း အခြေခံကိုသာ ကျားကန်ထားရလေရာ ၎င်းနှင့် ယှဉ်ဖို့ ဘယ်လိုမှ မစွမ်းသာပါချေ။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ဒုတိယမြောက် တိုက်ခိုက်မှုကို ပြုလုပ်ကာ အဖြူရောင်ဓားကို ရိုက်ချိုးဖို့ ရည်ရွယ်လိုက်ချိန်တွင်ပင် နာ့ရှင်းရီက လပ်ဟန် ချိပ်စည်း တစ်ခုကို ဖွဲ့စည်းလိုက်၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လက်ချောင်း ဓား၏ သတ္တု မျက်နှာပြင်ကို တူးဆွ ဝင်ရောက်လိုက်ချိန်မှာပင် ဓားမှာ မီးခိုးရောင် အေးစက်စက် မြူခိုးများ အဖြစ် လွင့်စဉ် သွားခဲ့၏။
“ပြန်လာခဲ့...”
နာ့ရှင်းရီက လက်ကို ဆန့်တန်းရင်း အမိန့်ပေးလိုက်သည်။ မြူခိုးများမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် မရှိတော့ သကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ဆုပ်ကိုင်မှု ရပ်ဝန်းမှ တွားသွား ထွက်ခွာ သွားခဲ့သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ၏ လက်ချောင်းများကြားမှ မြူခိုးများ စီးထွက်သွားသည်ကို ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ပေ။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ယင်အင်အားလဲ...”
သူ ချီးကျူးသည့် လေသံဖြင့် မှတ်ချက် ပြုလိုက်၏။
ဝှစ်...
နာ့ရှင်းရီက အဖြူရောင်ဓား၏ လက်ကို ပြန်လည်၍ ဆုပ်ကိုင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ တောက်ပသည့် ယင်အလင်းများကို ထုတ်လွှတ် နေခဲ့၏။ ထိုအခိုက်၌ မိန်းကလေးမှာ သေမျိုးကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် ယင်နတ်ဘုရားမ တစ်ပါး အလား ထင်မှတ်မှားရသည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ပိုမို ကြီးမြတ်သည့် နတ်ဘုရား တစ်ပါး ဆိုလျှင် သူမက သေးငယ်သည့် နတ်ဘုရားမ တစ်ပါးနှင့် ဆင်တူသည်။
“အိုး... မင်းမှာ လောက သင်္ကေတ မျိုးစေ့ ရှိနေတယ်ပေါ့...”
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အံ့အားသင့် သွားခဲ့၏။ မိန်းကလေး၏ လောက သင်္ကေတမှာ ယင်နှလုံးသား ရည်ရွယ်ချက် အမျိုးအစားနှင့် ပေါင်းစပ်နေကာ လောက ရည်ရွယ်ချက်နှင့် အလွန် ဆင်တူသည့် စွမ်းအားကို ပုံတူပွား နေခဲ့သည်။
“သူ တစ်ယောက်တည်း မဟုတ်ဘူး...”
ဝူပိုင်ကျိုးမှာ ပင်ပန်း နွမ်းနယ်နေသည့် မောဟိုက် ပင့်သက်ရှိုက်သံများ ကြားမှပင် တည်ငြိမ်စွာ ပြောလိုက်သည်။
“မလုပ်နဲ့...”
ရွှယ်ရီဖေးက အလျှင်အမြန်ပင် အော်ဟစ်လိုက်။ ဝူပိုင်ကျိုး၏ အော်ရာမှာ ပေါက်ကွဲတော့ မတတ် မြင့်တက်လာခဲ့ပြီးနောက်မှ ရုတ်တရက် ရပ်တန့်လိုက်ကာ ရွှေရောင် ပင်လယ်ကို ဖြတ်သန်း၍ ရွှယ်ရီဖေးအား ကြည့်လိုက်သည်။
သူမ တစ်ယောက်တည်း မဟုတ်...။ အပြောကျယ်လှသည့် နယ်မြေများ တစ်လျှောက်ရှိ မြင့်တက်လာသည့် အော်ရာပေါင်း များစွာမှာလည်း ရပ်တန့် သွားခဲ့သည်။
“သူက ငါ့အပိုင်...”
နာ့ရှင်းရီ၏ မျက်ဝန်းများမှာ ယင်အလင်းရောင်များဖြင့် လောင်ကျွမ်း နေခဲ့၏။ ကောင်းကင်တွင် ထွန်းလင်းနေသည့် သူမ၏ အစွန်းရောက်ယင် နေကြယ်မှာလည်း စတင်ကာ တုန်ခါ လာခဲ့သည်။
“...”
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ မျက်မှောင်ကြုတ် လိုက်မိ၏။ သူ ရင်ဆိုင်နေရသည့် သေမျိုး အားလုံးမှာ ပုံမှန် သေမျိုး ကန့်သတ်ချက်ထက် အဆပေါင်းများစွာ ကျော်လွန် နေကြသူများ ဖြစ်သည်။ စိတ်ကူးစိတ်သန်းကို ဖျက်ဆီးနိုင်သည့် ပုံမှန်မဟုတ်သော တည်ရှိမှုများ ဖြစ်ကြသည်။ အခြား မကောင်းဆိုးဝါး စောင့်ကြပ်သူ နှစ်ယောက် သူတို့ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ သို့သော်လည်း သူ့ အတွက်တော့ သူတို့ အားလုံးက ပုရွက်ဆိတ် ကလေးများသာ ဖြစ်ပေသည်။
“ဟမ့်...”
သူက လှောင်ပြောင်သည့် နှာခေါင်းရှုံ့သံ တစ်ချက်ကို ထုတ်လွှတ်လိုက်ရင်း အလင်းရွှေ လောက ရည်ရွယ်ချက်ကို အမြင့်ဆုံး အတိုင်းအတာအထိ ရောက်အောင် ထုတ်လွှတ် လိုက်သည်။ ထိုအခိုက်၌ လောက တစ်ခုလုံးမှာ ရွှေအလင်းများ ဖုံးလွှမ်းနေသည့် သမုဒ္ဒရာ တစ်ခု ကဲ့သို့ ဖြစ်တည်နေ၏။ စဉ်ဆက်မပြတ် တုန်ခါနေသည့် နေအလင်းတန်းများ ရှိသည့် နေရာများမှ လွဲ၍ ၎င်းမှာ အာဏာရှင် တစ်ယောက်ချင်းစီကို လောက အလင်းရောင်များမှ ခွဲထုတ်သည်။
ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသည့် နယ်မြေ အားလုံးမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ နတ်ဘုရား ဆန်ဆန် လောက ရည်ရွယ်ချက်ဖြင့် သိမ်းပိုက်၍ ကိုယ်ပိုင် နယ်မြေအဖြစ် ပြောင်းလဲခံလိုက်ရသည် ဆိုလျှင် ချဲ့ကားလွန်းရာ ရောက်လိမ့်မည် မဟုတ်ပါချေ။
နာ့ရှင်းရီမှာ မိုင်ပေါင်းများစွာ ကွာဝေးသည့် နေရာ တစ်ခုတွင် ပျံဝဲ နေခဲ့၏။ ရေတံခွန်အလား နေရောင်ခြည်များက သူမ အပေါ် ကျဆင်းနေကာ ယင်အလင်းဖြင့် ဝန်းရံထားသည်။ သူမ၏ ခန္ဓာကိုယ်မှာ အသိစိတ် ပင်လယ် အတွင်းရှိ အနက်ရောင် သင်္ကေတနှင့် ပေါင်းစည်း၍ ယင်ရည်ရွယ်ချက်ကို စဉ်ဆက်မပြတ် လှုပ်ရှား ထုတ်လွှတ်နေ၏။
နာ့ရှင်းရီမှာ ထိုအနက်ရောင် သင်္ကေတကို လွန်ကဲခြင်းယင် သင်္ကေတဟု အမည် ပေးထားသည်။ နာမည်အားဖြင့် ရိုးရှင်းသော်လည်း ၎င်းမှာ လောက၌ တည်ရှိနေသည့် လောကသင်္ကေတများ အနက် အရှားပါးဆုံး သင်္ကေတများထဲမှ တစ်ခု ဖြစ်သည်။ ကောင်းကင်ထံမှ အသိအမှတ်ပြုသည့် ထူးခြားသည့် ဖြစ်စဉ်များမှသာ ၎င်းကို ရရှိနိုင်သည်။
ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို လျှို့ဝှက် အာဏာရှင် အဆင့်ထက် ကျော်လွန်နေသည့် ထူးခြားသော နတ်ဘုရားများသာ ပုံဖော် နိုင်ကြသည်။ တစ်ခုတည်းသော ချွင်းချက်က အစစ်အမှန် လောက အသိအမှတ် အသိအမှတ် ပြုခြင်းလို အထူး ဖြစ်စဉ် ဖြစ်ပေသည်။
အစစ်အမှန် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည့် မြေကြီးရှန့်ထို တစ်ပါးကိုပင် စိတ်ရှုပ်ထွေး စေနိုင်သည့် နာ့ရှင်းရီ၏ ယင်စွမ်းအင်များမှာ ထိုလောက သင်္ကေတ အတွင်း ပါဝင်နေသည့် နက်ရှိုင်းသော ဉာဏ်အလင်းများမှ အဓိကအားဖြင့် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
လွန်ကဲခြင်းယင်နှင့် အစွန်းရောက်ယင်တို့မှာ ပေါင်းစပ် သွားခဲ့ပြီ ဖြစ်သည်။
လောကတစ်ခုလုံး ရွှေရောင် အလင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း နာ့ရှင်းရီ၏ တောက်ပမှုကို လောက တစ်ခုလုံး မြင်နိုင်ခဲ့သည်။ သူမ၏ ထူးခြားလှပသည့် ခန္ဓာကိုယ်နှင့် အလှတရားတို့မှာ လောက တစ်ခုလုံး၏ အာရုံများကို ဖမ်းစား သွားခဲ့သည်။ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့ကာ အားလုံး၏ မျက်လုံးများမှာ ကောင်းကင်ယံ၌ တောက်ပနေသည့် အဆုံးမဲ့ ယင်အလင်းများနှင့် ရောင်ပြန်ဟပ် နေခဲ့၏။
နာ့ရှင်းရီ၏ အစွန်းရောက်ယင် နေကြယ်သည် ကောင်းကင်ရှိ အခြား နေကြယ် ဒါဇင်ပေါင်းများစွာ၏ အလင်းရောင်များကိုပင် ဖိနှိပ်ထားနိုင်သည် အထိ တောက်ပနေခဲ့သည်။ သူမက ကောင်းကင်တွင် အဓိက နေကြယ် ဖြစ်လာခဲ့သည်။
ရွှမ်း...
မိန်းကလေးက လက်ထဲရှိ အဖြူရောင်ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်၏။ သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးကာ လေအလား လျှင်မြန်လှသော်လည်း တစ်ချိန်တည်း၌ မယှဉ်သာသည့် လွှမ်းမိုးချုပ်ကိုင်မှု၊ ရက်စက် ကြမ်းကြုတ်မှုများကို သယ်ဆောင်ထားသည်။
ယင်အလင်းတန်းများနှင့် လောင်ကြွမ်းနေသည့် သူမ၏ မီးခိုးရောင် မျက်ဝန်းများမှာ ပစ်မှတ်ထံကို ရောက်ရှိရန် (အကယ်၍ လိုအပ်ခဲ့ပါက) လောကတစ်ခုလုံးကိုပင် သတ်ဖြတ်ရန် ပြင်းပြ ဆာလောင်မှုတို့နှင့် ပြည့်နှက် နေခဲ့သည်။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက နာ့ရှင်းရီကို ခဏတာမျှ စိုက်ကြည့် နေခဲ့၏။ ထိုမိန်းကလေးမှာ သေမျိုးမူဘောင် အတွင်းမှာပင် လောက သင်္ကေတ မျိုးစေ့နှင့် လောက နှလုံးသား ရည်ရွယ်ချက်တို့၏ ပေါင်းစပ်မှုတို့ကို ထုတ်လွှတ် နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အလွှာအပြင်က လောကတွင် ဆိုပါက သူမမှာ အမြင့်မားဆုံးသော ပါရမီရှင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ကောင်းကင်၌ ထွန်းလင်းနေသည့် လောကချည်နှောင် နေကြယ်၏ အရွယ်အစားကိုပါ ထောက်ချင့်ရလျှင် သူမမှာ အစွမ်းထက် မြေကြီး ရှန့်ထိုများကိုပင် ယှဉ်ပြိုင် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထိုအရာများမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ လတ်တလော အတွေးများ ဖြစ်သည်။ ယင်တို့မှာ အခြေအနေ၏ အမှန်တရားများလည်း ဖြစ်သည်။ သူမက သူ ထည့်သွင်း စဉ်းစားရလောက်အောင်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။
သို့သော်လည်း... သူက သာမန် ကျင့်ကြံသူ တစ်ဦး မဟုတ်ပါချေ။ လောက သင်္ကေတ တစ်ခုနှင့် အစစ်အမှန် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည့် မြေကြီး ရှန့်ထို တစ်ဦး ဖြစ်သည်။ လောကရှန့်ထို အဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းစာမျှသာ ကွာဝေးပေတော့သည်။ တကယ်တမ်းအားဖြင့် သူ့ကို လောရှန့်ထို တစ်ယောက်လို့ပင် ပြောလို့ရသည်။ သူက သူမ အတွက်တော့ မကျော်လွှားနိုင်သည့် တောင်ကြီး တစ်လုံး ဖြစ်ပေသည်။
ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ညာဘက် လက်ဖဝါးကို မြှောက်ကာ ကောင်းကင်ကို ရိုက်ချလိုက်လေ၏။
ဘုန်း...
***