← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၄)

Vol. 121 Ch. 1690

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၄)

Vol. 121 Ch. 1690

“ဒီကောင်မလေးက လုံးဝ သာမန် မဟုတ်ဘူး...”

ထျန်းရီဝူက နာ့ရှင်းရီကို ငေးမောရင်း မှတ်ချက်ပြုလိုက်၏။ တစ်ချိန်တည်း၌ ရွှယ်ရီဖေးကတော့ လေးစားမှုနှင့် နှစ်သက်မှုတို့ ပါဝင်နေသည့် အပြုံး တစ်ခုကို ထုတ်ဖော်လိုက်သည်။

နာ့ရှင်းရီမှာ ‌ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ကိုင်တွယ် ဖြေရှင်းရာတွင် ဦးဆောင်ခဲ့သော်လည်း ထိုလုပ်ရပ်များက သူမအား ပြိုင်ပွဲ အတွင်းမှ ထွက်ခွာစေဖို့ သေချာစေခဲ့သည်ဟု ဆိုနိုင်ပေသည်။ သရဖူ အတွက် သူမ ဆက်လက်၍ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပါချေ။ သို့သော်လည်း... သူမသာ မလုပ်ဆောင်ခဲ့ပါက မူလ အာဏာရှင်များ၊ တပ်ရင်း ကွန်မန်ဒါများနှင့် ဗာကီရီ အဖွဲ့ဝင်များမှ လွဲ၍ ကျန် ရွေးချယ်ခံများနှင့် အာဏာရှင် အားလုံး သေဆုံး သွားနိုင်ချေ ရှိသည်။

ဝူပိုင်ကျိုးကတော့ လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နာ့ရှင်းရီကို စိုးရိမ်စွာဖြင့် စိုက်ကြည့် နေခဲ့၏။ မိန်းကလေးမှာ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သော်လည်း... သေမျိုး အဆင့် ကန့်သတ်ချက်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည့် စွမ်းအားများကို အတင်းအကြပ် အသုံးပြုမှုကြောင့် အတွင်းဒဏ်ရာများစွာ ရရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအချက်က ရှင်းလင်းပေသည်။

သို့သော်လည်း နာ့ရှင်းရီကတော့ ထိုလက္ခဏာများကို တစ်စွန်းတစ်စပင် ထုတ်ဖော် ပြသခြင်း မပြုချေ။ သူမ၏ ခန္ဓာကိုယ်က ယင်အော်ရာဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သလို မျက်ဝန်းများမှာလည်း တုန်လှုပ်ဖွယ်ရာ တောက်ပနေဆဲ ဖြစ်သည်။ သူမက ဦးခေါင်းကို ဆုပ်ကိုင်ရင်း ခန္ဓာကိုယ်ထံသို့ လျှင်မြန်စွာ ပျံသန်းသွားကာ လျှို့ဝှက် ဝိညာဉ်ကို ထုတ်ယူ သိမ်းဆည်းလိုက်၏။

ထိုအတောအတွင်း မည်သူမှ လှုပ်ရှားဝံ့ခြင်း မရှိကြချေ။ နာ့ရှင်းရီကို မည်သူမှ မတိုက်ခိုက်ခဲ့ကြချေ။ လှံရိုးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ဝူပိုင်ကျိုး၏ လက်က အနည်းငယ် ပြေလျော့ သွားခဲ့၏။

ဝှစ်...

နာ့ရှင်းရီမှာ နူးညံ့သည့် ခြေလှမ်းများနှင့် အတူ နတ်မိမယ် နှစ်ဦး၏ နံဘေးတွင် ဆင်းသက်လာခဲ့သည်။ ထိုမျှ နီးကပ်သည့် အကွာအဝေး၌ သူတို့ နှစ်ယောက်မှာ နာ့ရှင်းရီ၏ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ အစွန်းရောက်ယင် နတ်မိမယ်မှာ အော်ရာမှ တစ်ဆင့် ဖုံးကွယ်ရာတွင် ထူးချွန်သော်လည်း သူမ၏ မျက်ဝန်းများကတော့ ပင်ပန်း နွမ်းနယ်မှုများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။

နာ့ရှင်းရီက အာကာသ လက်စွပ် တစ်ခုကို ဝူပိုင်ကျိုးထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။ ဝူပိုင်ကျိုးက ၎င်းကို ဖမ်းယူရင်း ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ စကားလုံးများ မပြောသော်လည်း အဓိပ္ပာယ်ကို သူမ အပြည့်အဝ နားလည်ပေသည်။ လက်စွပ် အတွင်း၌ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လျှို့ဝှက် ဝိညာဉ်များကို ရရှိရန် အတွက် နာ့ရှင်းရီ၏ ကြိုးပမ်း အားထုတ်မှု အားလုံး ပါဝင်နေပေသည်။ ၎င်းက ပြိုင်ပွဲအတွင်း သူမ ဆက်လက် ပါဝင်နိုင်တော့မှာ မဟုတ်သည့် လက္ခဏာပင် ဖြစ်လေသည်။

ရွှယ်ရီဖေးက သူမကို ပြုံးပြလိုက်၏။

“ငါတို့ရဲ့ သဘောတူညီချက်ကို မလိုအပ်ပဲ ဖောက်ဖျက်မှာ မဟုတ်ပါဘူး...”

သူမ၏ စကားလုံးများက စိတ်ချရသယောင် ထင်ရသော်လည်း နာ့ရှင်းရီကတော့ အပြည့်အဝ ယုံကြည်ခြင်း မရှိပဲ ပေါ့ပေါ့ဆဆ လက်ခံဟန်ဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။

“…”

ရွှယ်ရီဖေးက နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ချေ။ လတ်တလော အခြေအနေတွင် ယုံကြည်မှုကို တည်ဆောက်ရန် အလွန် ခက်ခဲကြောင်း သူမ သိပေသည်။ မည်သို့ပင် ဆိုစေ... သူမ စိတ်မပူချေ။ ဤပြိုင်ပွဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှကာ သူမ၏ အရှုံးမပေးလိုသည့် ဆန္ဒကို အဆက်မပြတ် လှုပ်နှိုးနေခဲ့သည်။ ထို့ကြောင့်ပင် သူမ ဝူပိုင်ကျိုးကို အလားတူ သေမျိုး လောက ရည်ရွယ်ချက် မထုတ်ဖော်သေးဖို့ တားဆီးခဲ့ခြင်း ဖြစ်သည်။

အပေါ်ယံ ကြည့်ပါက ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဝေ့ဝူယင် သူတို့ရှေ့တွင် ထားနိုင်သည့် အပြင်းထန်ဆုံး အတားအဆီးဟု ထင်ရသော်လည်း အမှန်တရားကို သူမ သိပေသည်။ မိန်းကလေး၏ ဖျော့တော့တော့ မျက်လုံးများမှာ မကြာသေးမီက ကြားခဲ့ရသည့် ဆေဘာဟိန်းသံကို ပြန်လည် ကြားယောင်ရင်း လေးနက်သည့် အလင်းများနှင့် ပြန်လည် တောက်ပလာခဲ့၏။

အကြီးမားဆုံး အတားအဆီးမှာ ယခုအချိန်အထိ သူ့ကိုယ်သူ ထုတ်ဖော်ပြသခြင်း မပြုသေးချေ။

နာ့ရှင်းရီ နည်းတူပင်... အခြား အာဏာရှင်များစွာမှာလည်း ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် တိုက်ပွဲ၌ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကာ ပြိုင်ပွဲမှ ထွက်ရဖို့ သေချာစေခဲ့သည်။ ကြယ်အမြုတေ အောက်အဆင့်များနှင့် သေမျိုး နယ်ပယ်၏ အထွတ်အထိပ် အဆင့်၌ ရပ်တည်နေသူများသာလျှင် ထာဝရ သရဖူ အတွက် ဆက်လက် တိုက်ခိုက်ရန် ခွန်အား ရှိနေဆဲ ဖြစ်ပေသည်။

၁၆:၄၂...

ကြိုတင် သဘောတူညီထားသည့် အလား တစ်ပြိုင်နက်တည်းပင် လူတိုင်းမှာ အချိန်ရှိခိုက် လုံ့လ စိုက်ကြကာ ထွက်ခွာရန် သို့မဟုတ်လည်း ရနိုင်သမျှ အရာများကို ရယူရန် ပြင်ဆင်ကြလေသည်။

ဝေ့ဝူယင်မှာ သူ၏ မူလ ကုဗတုံး သဏ္ဌာန် ပုံးထက်တွင်ပင် ရပ်နေခဲ့၏။ သူ့ ခန္ဓာကိုယ်ထက်၌ ထိခိုက် ဒဏ်ရာ တစ်ခုတစ်လေပင် မရှိပါချေ။ အစကတည်းကပင် ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူထံ၌ လှည့်ဖျားသည့် အတွေးများ ရှိကြောင်း ဝေ့ဝူယင် သိရှိခဲ့သည်။ ထိုသတ္တဝါလေးမှာ အမူအရာနှင့် အတွေးတို့ကို ထိန်းချုပ်ရာတွင် အလွန် ကျွမ်းကျင်သည်ဟု ဆိုနိုင်ပေသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် သူ၏ နောက်ဆုံးပန်းတိုင်က မည်သည့် အရာဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့ချေ။

“ကျန်တဲ့ကောင်တွေလည်း အတူတူပဲလား...”

ဝေ့ဝူယင် တိတ်တဆိတ် ရေရွတ်လိုက်၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ဖြစ်စေ၊ စကျင်ကျောက် အသားအရေပိုင်ရှင် မိန်းကလေး ဖြစ်စေ... သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်ကမှ ပြိုင်ပွဲ၏ ထိပ်သီး ရွေးချယ်ခံများနှင့် တိုက်ခိုက်ဖို့ မကြိုးစားခဲ့ကြချေ။ သူတို့ အားလုံးမှာ ရည်ရွယ်ချက် ရှိရှိ လွယ်ကူသည့် ပစ်မှတ်များကိုသာ ရွေးချယ်ခဲ့ကြသည်။ အသေးအဖွဲ စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည့် မန္တာန်များကိုသာ ထုတ်ဖော်ခဲ့ကြသည်။

သူတို့ အားလုံးမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ စတင် လှုပ်ရှားသည့် အချိန် အထိ တွက်ချက်ကာ အတူတကွ ပူးပေါင်းဖို့ ကြံစည်ခဲ့ကြသည်လား။ အဖွဲ့ဖွဲ့ဖို့ ပြင်ဆင်ခဲ့ကြသည်လား။ ကံဆိုးစွာပင် ယောင်ဟုန်ရီနှင့် စန်းယွန်းလီတို့ကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။

“သူတို့က ဒီလောကနယ်မြေရဲ့ ဝင်္ကပါတွေကို သုံးပြီး သူတို့ကို ဖိနှိပ်မှာ ကြောက်နေခဲ့ကြတာ... ဒါကြောင့် ငါနဲ့ ပူးပေါင်းချင်ယောင် ဆောင်ပြီး လုံးဝ ယုံကြည် စိတ်ချသွားတဲ့ အခါကမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာပဲ...”

မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ အစီအစဉ်ကို ဝေ့ဝူယင် မလေးစားပဲ မနေနိုင်ခဲ့ချေ။ နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရသည့် အချိန် မတိုင်ခင် အထိ သူတို့၏ ဗျူဟာကို သူ မမြင်နိုင်ခဲ့ချေ။

“ဘယ်လိုပဲ ဖြစ်ဖြစ်... သူတို့က အာဏာရှင်တွေ အတွက် တကယ် ကောင်းတဲ့ ဓားသွေးကျောက်တွေ ဖြစ်ခဲ့ကြပါတယ်...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူများနှင့် တိုက်ခိုက်ခြင်းဖြင့် အာဏာရှင်များမှာ လုံလောက်သည့် သေခြင်းရှင်ခြင်း အခြေအနေများကို ရင်ဆိုင်ခဲ့ကြရသည်။ ထိုအချက်က ကျေနပ်စရာ ဖြစ်သည်။ ကိစ္စအားလုံး ပြီးဆုံးသွားနောက်တွင် သူတို့ အားလုံး၏ ကျင့်ကြံရန် စိတ်အားထက်သန်မှုမှာ ကောင်းကင် အထိ မြင့်တက်သွားကြပေလိမ့်မည်။

ကံဆိုးစွာပင်... မူလ အာဏာရှင်များနှင့် ဗာကီရီ အဖွဲ့ဝင် အများစုမှာ လက်ရှိ အချိန်ထိ ငြိမ်သက်နေဆဲ ဖြစ်သည်။ နာ့ရှင်းရီနှင့် ယောင်ဟုန်ရီတို့မှ လွဲ၍ ကုန်လူ အားလုံးမှာ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြခြင်း မရှိလေရာ သူတို့၏ အစစ်အမှန် စွမ်းအားနှင့် ကန့်သတ်ချက်များ အပေါ် ထိုးထွင်းသိမြင်မှုများကို မရရှိခဲ့ကြချေ။ သူတို့မှာ လောက သင်္ကေတ မျိုးစေ့၊ လောက ချည်နှောင် ကြယ်တာရာ နယ်မြေများ၏ အကျိုးကျေးဇူးများကို အပြည့်အဝ တူးဖော်နိုင်ခြင်း မရှိသေးပေ။

“အဆုံးမသတ်သေးပါဘူး...”

ဝေ့ဝူယင်က တစ်လောကလုံးကို လေ့လာရင်း ညင်သာစွာ တီးတိုး ရေရွတ်လိုက်လေ၏။ တိတ်ဆိတ်မှုက လောကနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံ နေခဲ့လေသည်။

၁၄:၀၂...

အသွင်ပြောင်းခြင်း အလင်းရောင်မှာ ကောင်းကင်တွင် တောက်ပလာခဲ့၏။

အချိန်များက တရွေ့ရွေ့ပင် ဆက်လက် ဖြတ်ကျော် နေခဲ့သည်။

၁၂:၂၂...

လောကတစ်ခုမှ ရွေးချယ်ခံများ၊ အာဏာရှင်များ၊ ဗာကီရီ အဖွဲ့ဝင်များနှင့် အာဏာရှင်များမှာ သူတို့၏ ခွန်အားများကို စုဆောင်းနေကြ၏။ ဝေ့ဝူယင်က ပြိုင်ပွဲအား လုယူစေခဲ့ကာမူ၊ စည်းမျဉ်း အသစ်များ ချမှတ်စေခဲ့ကာမူ ထာဝရ သရဖူမှာ ကျင့်ကြံသူများ အတွက် အဆုံးမဲ့ လိုချင်တပ်ဖွယ်ရာ ဖြစ်နေဆဲပင်။ ဆန္ဒကို ဘေးဖယ်ထားလျှင်ပင် သူတို့ သရဖူကို ပိုင်ဆိုင်ချင် ကြသည်။

၁၁:၁၁...

နာ့ရှင်းရီမှာ လညချောင်းအတွင်း ပြို့တက်လာသည့် သွေးများကို မျိုချလိုက်၏။ ရင်ဘတ်က အနည်းငယ် ချောင်ချိသွားလေရာ သူမ သက်ပြင်း တစ်ချက် ချလိုက်သည်။

“သူ (မ) ခုထိ ပေါ်မလာသေးဘူး”

သူမ၏ စကားလုံးများက လေးနက်မှုများနှင့် ပြည့်နှက် နေ၏။ ရွှယ်ရီဖေး၏ အမူအရာကလည်း နှိုင်းယှဉ်၍ မရနိုင်လောက်အောင် မည်းမှောင်နေသည်။

“ငါတို့ ကျရှုံးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးက ထာဝရ သရဖူ ပုံပေါ်လာတဲ့ အချိန် သူ့ကို လုပ်ဆောင်ခွင့် ပေးလိုက်တာပဲ”

“...”

ဝူပိုင်ကျိုး တစ်စုံတစ်ရာ မဆိုရသေးခင်မှာပင် အရိပ်များမှာ အရပ်မျက်နှာ များစွာမှ သူတို့ထံသို့ ဦးတည်ကာ ပျံဝဲလာသည်ကို သတိထားလိုက်မိ၏။

အနောက်ဖက် အရပ်မှ ပေါ်လာသည်က မျက်နှာကို စီးထားသည့် လေးသမားနှင့် မီးတောက်မီးလျှံများ ဝန်းရံနေသည့် လူငယ်လေးတို့ ဖြစ်သည်။

ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်...

တစ်ချိန်တည်း နီးပါးပင် ဆန့်ကျင်ဘက် ခံစားမှုနှစ်မျိုးကို ပေးစွမ်းသော်လည်း ထူးခြားစွာ သဟဇာတဖြစ်နေသည့် အော်ရာကို ပိုင်ဆိုင်ထားသည့် လှပသော ပုံရိပ်မှာ မြောက်ဘက်မှ ရောက်ရှိလာသည်။

တောင်ဘက်အရပ်ကမူ နှစ်မျိုး နှစ်ပါး...

တစ်ပါးက တိုက်တန်နှင့် မျိုးစပ်ကာ တစ်ပါးက ဆံပင် မရှိ ကတုံးပြောင်ပြောင်နှင့် ဖြစ်သည်။

အရှေ့ဘက် အရပ်ကမူ မွှေးကြိုင်သော ပန်းများ၏ ရနံ့နှင့် ရေခဲကဲ့သို့ အေးစက်စက် အော်ရာ တစ်ခုတို့ပင်။

ပုံရိပ်များမှာ မရပ်တန့် ခဲ့ကြချေ။

အရှေ့တောင်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက် အရပ်တို့မှ ကျင့်ကြံသူများမှာလည်း ရောက်ရှိလာကြကာ နတ်မိမယ် သုံးဦး အနားတွင် ဆင်းသက် လာကြ၏။ ထိုမြင်ကွင်းမှာ ကြည့်ရှုသူတိုင်း၏ နှလုံးသားများနှင့် ဝိညာဉ်များကိုပင် လှုပ်ခါစေနိုင်သည်။

ရွှယ်ရီဖေး၏ မျက်နှာ အမူအရာမှာ ပို၍သာ လေးနက် လာခဲ့၏။ သူတို့ထဲမှ မည်သူကမှ လူမိုက်များ မဟုတ်ကြပါချေ။

“အစီအစဉ်က ဘာလဲ”

တရှန်းက ရှေ့သို့ ခြေလှမ်း လှမ်းလိုက်၏။ စစ်သုံးတူကြီးကို ပခုံးထက်၌ ရိုးရှင်းစွာ တင်ထားရုံဖြင့်ပင် အာကာသမှာ ပုံပျက်သွားခဲ့၏။ သူမက တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

***

All Chapters