← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၅)

Vol. 121 Ch. 1691

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၅)

Vol. 121 Ch. 1691

အာဏာရှင်များ၏ ပတ်လည်ရှိ ပတ်ဝန်းကျင် လေထုမှာ ပိုမို၍ တင်းမာလာနေခဲ့၏။ တရှန်း ပြောခဲ့သော စကားလုံးများက သူတို့၏ နှလုံးသားများပေါ်တွင် လေးလံစွာ လွှမ်းမိုးနေခဲ့သည်။

“အစီအစဉ်က ဘာလဲ”

မေးခွန်းက ရိုးရှင်းသော်လည်း နောက်ကွယ်၌ ပြတ်သားမှု၊ အရှုံးမပေးလိုမှုနှင့် အနည်းငယ်သော ကူရာကယ်ရာမဲ့မှုတို့ ပါဝင်နေသည်။ အချိန်က ဆက်လက် စီးဆင်းနေကာ ထာဝရ သရဖူ၏ ပြီးပြည့်စုံလာမည့် အခိုက်အတန့်ကို တဖြည်းဖြည်းချင်း ရောက်ရှိနေသော်လည်း များလှစွာသော ထိပ်တန်း အာဏာရှင်များမှာ စုဝေး နေကြကာ ထိုမေးခွန်း အပေါ် အားကိုးတကြီး မျှော်လင့် နေကြသည်။

စန်းယွန်းလီနှင့် ယီယွင်တို့ ကဲ့သို့ လူများကတော့ အခြေအနေ တစ်ခုလုံး ပေါက်ကွဲ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်း နေကြကာ ရွှံ့နွံများ အတွင်းမှ ရွှေငါးကို ဖမ်းနိုင်ဖို့ မျှော်လင့် နေကြ၏။

သို့သော်လည်း... အာဏာရှင်တိုင်း လိုလိုမှာ သူတို့ရှေ့တွင် အကြီးမားဆုံးသော အတားအဆီးကြီး တစ်ခု ရှိနေကြောင်း သိရှိကြပေသည်။ သူတို့ တစ်ယောက်ချင်းစီ ဆိုပါက ထိုအတားအဆီးကို ဘယ်တော့မှ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အာရုဏ်ဦး အာဏာရှင် အင်ပါယာထံမှ ဆန္ဒတစ်ခုကို ဘယ်တော့မှ တောင်းဆိုနိုင်လိမ့်မည် မဟုတ်ချေ။

အံ့အားသင့်စရာ ကောင်းစွာပင်... ထိုအတွေးက သူတို့ အားလုံး၏ စိတ်များထဲ၌ စွဲကပ်နေကာ နေရာတစ်ခုတည်းကို စုစည်း လာခဲ့ပြီး ထိုမေးခွန်းကို မေးစေခဲ့သည်။

“အစီအစဉ်က ဘာလဲ”

“သူက အရမ်းမြန်တယ်”

ဟုန်ချွင်းဟွာက ပထမဆုံး စကားပြောလိုက်၏။ ရဲရင့် တည်ကြည်သည့် သူမ၏ ဟန်ပန်မှာ လူများစွာ၏ စိတ်ဝိညာဉ်များကို လှုပ်ခါစေနိုင်သလို မွှေးပျံ့သော သင်းရနံ့က ရာစုနှစ်ပေါင်းများစွာ စွဲလမ်းစေဖို့ လုံလောက်လိမ့်မည် ဖြစ်သည်။ မိန်းကလေးမှာ အာဏာရှင် အဖွဲ့၏ ပထမဆုံးသော တပ်ရင်း ကွန်မန်ဒါ ဖြစ်ကာ ကြောက်မက်ဖွယ် အကောင်းဆုံး အာဏာရှင်များကို ဦးစီးသည်။

“နင် သူ့ကို မယှဉ်နိုင်ဘူးလား...”

ပိုကေက ဖြည်းဖြည်းချင်း မေးလိုက်၏။ အနည်းငယ်ပင် စဉ်းစားစရာ မလိုပဲ ဟုန်ချွင်းဟွာက ခေါင်းခါပြလိုက်သည်။ သူမ၏ အဖြေက အလွန်ပင် တိုက်ရိုက်ဆန်လေရာ မည်သူမှ သံသယ မဝင်ခဲ့ချေ။

ဗာကီရီ အဖွဲ့ဝင်များ၊ မူလ အာဏာရှင်များ၊ ကွန်မန်ဒါများနှင့် အာဏာရှင်မျာ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့သည်။ ဤနေရာတွင် ရှိနေသူတိုင်းမှာ ထိပ်တန်း အာဏာရှင်များ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုမှာ ဟုန်ချွင်းဟွာနှင့် ခေတ်ပြိုင်များ ဖြစ်ပြီး အာဏာရှင် အဖွဲ့တွင် တပ်ရင်း လေးခုနှင့် တိုးပွားနေဆဲ ဖြစ်သည့် ပဉ္စမမြောက် တပ်ရင်တို့ မရှိမီကတည်းက စတင် ခေါ်ယူခြင်း ခံခဲ့ရသူများ ဖြစ်သည်။

သူတို့ကြား၌ ဝေ့ဝူယင်ထံမှ အထောက်အပံ့များ အပြင် ထူးခြားသည့် အမွေအနှစ်များ၊ နည်းလမ်းများနှင့် သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသည့် ကောင်းချီးခံ အနည်းငယ်ပင် ပါဝင်သည်။

ယခုတွင်တော့ သူတို့ပင်လျှင် စိတ်ဓာတ် ညှိုးငယ်ကာ တွေဝေနေကြသည်။

“သရဖူ အပြည့်အဝ ပေါ်လာရင် သူ့ကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး... ငါတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က...”

ပေ့ဝေဝေက ပြောလိုက်၏။ သူမ၏ လေသံက မိခင် နတ်ဘုရားမ တစ်ယောက် အကြောင်း ပြောနေသကဲ့သို့ လေးစားမှု၊ နွေးထွေးမှု အရိပ်အယောင်တို့နှင့် ရစ်သိုင်းနေသော်လည်း ရည်မှန်းချက်ကတော့ ပါရှိနေဆဲ ဖြစ်သည်။ သူမ ထာဝရ သရဖူကို လိုချင်သည်။ ဝေ့ဝူယင်ထံမှ ဆုကို လိုချင်သည်။ အခြားလူများမှာလည်း မိန်းကလေး နည်းတူပင်။

အန်ပိရုက ညီမဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ရင်း စကားဝိုင်း အတွင်း ဝင်ရောက်လာ၏။

“သရဖူ ပုံမပေါ်ခင် သူ့ကို ဖယ်ရှားဖို့ပဲ... အဲဒီလိုမှ မဟုတ်ရင်...”

အန်ဖေးကျင်းက သူမ၏ ဝါကျကို သဘာဝ ကျစွာပင် အဆုံးသတ်လိုက်၏။

“သူ ယူသွားလိမ့်မယ် ဆိုတာ သံသယ ဝင်စရာ မလိုပဲ...”

အားလုံးမှာ ခေါင်းများ ညိတ်လိုက်မိကြသည်။ သူတို့၏ မျက်ဝန်းများက သဘောတူညီသည့် အလင်းတန်းများနှင့် တောက်ပနေခဲ့၏။ မူလ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် ခြားနားစွာပင်... ဤတစ်ကြိမ်က ထာဝရ သရဖူကို သန့်စင်ရန် မဟုတ်ချေ။ အရှင်ဝေ့ ပြောခဲ့သည့် စကားလုံးများက ရှင်းသည်။

“အခြေအနေက တစ်ခုတည်းပဲ... သရဖူ အပြည့်အဝ ပုံပေါ်လာတဲ့ အခါ ပထမဆုံး တိုက်ရိုက် ထိတွေ့နိုင်တဲ့သူက အားလုံးကို ရယူနိုင်လိမ့်မယ်...”

တိုက်ရိုက် ထိတွေ့...

ပထမဆုံး...

ထိုစကားလုံးများက ပြိုင်ပွဲ၏ တိုက်ရိုက် သော့ချက်များ ဖြစ်သည်။

“သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ဘယ်သူ သိသလဲ”

အာဏာရှင်တစ်ဦးက မေးလိုက်၏။ ထိုပုဂ္ဂိုလ်မှာ ထာဝရ သရဖူ အတွက် တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု မိမိကိုယ်ကို ယုံကြည်နေသည့် ရည်မှန်းချက်ကြီးသော အချိန်သခင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူက ထူးခြားသည့် အာကာသ ဝိညာဉ် ကျင့်စဉ် တစ်ခုကို ကျင့်ကြံထားကာ အခမ်းအနား အတွင်းရှိ ကပ်ဆိုး မုန်တိုင်းများအား ဖြတ်သန်း ရှင်သန်နိုင်ခဲ့သည်။

သူ ကျင့်ကြံထားသည့် အာကာသ ဝိညာဉ် ကျင့်စဉ်မှာ သူ့ကို ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် စကျင်ကျောက် အသားအရေ ပိုင်ရှင် မကောင်းဆိုးဝါး စောင့်ကြပ်သူတို့ နှစ်ယောက်၏ လက်မှပင် လွတ်မြောက်စေခဲ့သည်။

ယောင်ဟုန်ရီက ခေါင်းခါလိုက်၏။

“သူက ပုန်းနေတာ မဟုတ်ဘူး... အစကတည်းက ပုန်းနေတာ မဟုတ်ဘူး”

“…”

ဂြိုဟ်တစ်ခု အလား လေးလံလှသည့် ဖိစီးမှု တစ်ခုက သူတို့၏ နှလုံးသားများ အတွင်း တဖန် ပြန်လည် တိုးဝင် လာပြန်သည်။

တရှန်းက ညာဘက်လက်ကို အနောက်ဖက် အရပ်သို့ ညွှန်ပြလိုက်၏။

“အဲဒီ အလင်းတန်းပဲ...”

အားလုံးမှာ မတိုင်ပင်ရပဲ တစ်ပြိုင်နက်တည်းလိုပင် ထိုအရပ်ကို လှမ်းကာ ကြည့်လိုက်ကြ၏။ အလင်းစွမ်းအင် တစ်ခုမှာ သန့်ရှင်း ကြည်လင်သည့် ရေကန် တစ်ခု၏ မျက်နှာပြင်ထင်သို့ ကျဆင်းနေသည်။ ထိုဧရိယာတစ်ဝိုက်၌ ရွှေရောင် စွမ်းအင် အကြွင်းအကျန် တစ်ခုမှပင် မကျန်ရစ်ပါချေ။ ၎င်းတို့မှာ အစကတည်းကပင် မချဉ်းကပ်နိုင်ခဲ့သည့်ပုံ ရသည်။ ဤသည်မှာ အစကတည်းကပင် သူမ၏ နယ်မြေ ဖြစ်သည်။ ထာဝရ သရဖူ စတင် ပုံပေါ်ခြင်း မရှိမီ လွန်ခဲ့သည့် နာရီဝက်ကတည်းက သူမမှာ ရွေ့လျားခြင်း မရှိပဲ ထိုနေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

“အဲဒါက သူလား...”

ကြယ်တာရာ သခင် တစ်ဦးက ကြောက်လန့် တုန်လှုပ်စွာ မေးလိုက်၏။ ထိုပုဂ္ဂိုလ်မှာ ဆေဘာ ဟိန်းသံနှင့် အတူ အလင်းရွှေ စွမ်းအင်များကို စက္ကန့်မျှ ပုံပျက်စေခဲ့ကာ သူတို့အားလုံး အတွက် လောကချည်နှောင် နေကြယ်များ ဆင့်ခေါ်နိုင်စေခဲ့သည်။ သူမက သူတို့၏ ကယ်တင်ရှင် ဖြစ်သည်။

ထို့အပြင် သူမမှာ အစကတည်းက ပုန်းနေခဲ့ခြင်း မဟုတ်ချေ။ တရှန်း ပြောခဲ့သလိုပဲ... သူမက ထိုနေရာတွင်သာ ရိုးရိုးလေး ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမက စောင့်ဆိုင်း နေခဲ့ပေသည်။

“သူက ဝင်ပါမှာရော ဟုတ်လို့လား...”

အာဏာရှင် တစ်ဦးက မျှော်လင့်ချက် ရေးရေးကလေးကို ဆွဲထုတ်ဟန်ဖြင့် မေးလိုက်၏။ သို့သော်လည်း ရွှယ်ရီဖေးက ထိုမျှော်လင့်ချက်ကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

“သူ ဝင်ပါလိမ့်မယ်...”

ဝူပိုင်ကျိုးက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ အမြင်၌ ထိုဖြစ်နိုင်ချေမှာ သံသယ ဖြစ်စရာ မလိုပါချေ။ တရှန်းကလည်း ပြင်းထန်စွာပင် ထောက်ခံလိုက်၏။

“သူ ဝင်ပါမှာ သေချာတယ်...”

ထိုမိန်းကလေး ဘေးဖယ်ရပ်နေကာ ဝင်ပါမည်မဟုတ် ဟူသော အတွေးမှာ ပစ္စုပ္ပန်တွင် မည်သူမျှ နှစ်ခြိုက်ရန် မတတ်နိုင်သည့် စိတ်ကူးယဉ်မှုလေး တစ်ခုသာ ဖြစ်သည်။ တစ်ချက်တည်းဖြင့်ပင် သူတို့အားလုံး ကိုယ်ပိုင် အခွင့်အရေးများကို ဆုံးရှုံးသွားနိုင်သည်။

အာဏာရှင် အင်ပါယာ၏ လက်ယာရံ အဖြစ် ကျော်ကြားသည့် ထိုပုဂ္ဂိုလ်၏ ဂုဏ်သတင်းကို သိရှိထားသော အာဏာရှင်ငယ် တစ်ဦးက မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်တို့ ဘာလို့ သူ့ကို အစတည်းက မဖယ်ရှားခဲ့ကြတာလဲ...”

ချက်ချင်းပင် အားလုံး၏ မျက်လုံးများက သူ့ကို လူမိုက် တစ်ယောက်လိုမျိုး ဝိုင်းကြည့် လာခဲ့ကြသည်။ ကံကောင်းစွာပင် အာဏာရှင် အဖွဲ့ဝင်များမှာ အတော်လေး ခွင့်လွှတ်တတ်ပြီး သည်းခံတတ်ကြသည်။

ရွှယ်ရီဖေးက ညင်သာစွာ သက်ပြင်း တစ်ချက် ချလိုက်၏

“အခုလက်ရှိ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲရဲ့ အခြေအနေက အရင်က ထာဝရ သရဖူ ပြိုင်ပွဲနဲ့ မတူဘူး... ငါတို့ အားလုံးမှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိခဲ့ပေမယ့် အခု ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက ငါ့ယောက်ျားရဲ့ ဆန္ဒ အတိုင်း ပြောင်းလဲ သွားပြီ... လက်လှမ်းမမီတော့တဲ့ အတိတ် အကြောင်းတွေကို ပြန်ပြီး ဆွေးနွေးဖို့ မလိုပါဘူး... ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ...”

ဝေ့ဝူယင်မှာ သူ့ကိုယ်သူ ပြိုင်ပွဲ၏ စောင့်ကြပ်သူ အသစ်အဖြစ် ကိုယ့်ကိုယ်ကို ကြေညာခဲ့သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို လုံးလုံးလျားလျား ပြောင်းလဲ ပစ်ခဲ့သည်။ ထိုအရာက အားလုံး၏ ကြိုတင် ပြင်ဆင်မှုများကို ကမောက်ကမ ဖြစ်စေခဲ့သည်။

၁၀:၂၃...

“ဒါဆို အစီအစဉ် မရှိဘူးလား”

တရှန်းက ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ကို ကြည့်ရင်းမေးလိုက်၏။ ဝေ့ဝူယင်က သူတို့ နှစ်ယောက်ကို ဉာဏ်ကောင်းသူများ၊ မဟာဗျူဟာ ချမှတ်သူများ အဖြစ် မကြာခဏ ဆိုသလို ချီးကျူးခဲ့သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း သူတို့၏ အကြံအစည်များထဲ၌ ဖမ်းဆီးခြင်း မခံရစေဖို့ပင် သတိပေးခဲ့ဖူးသည်။

တရှန်း ပထမတုန်းက ထိုအရာကို သတိမထားခဲ့သော်လည်း ယခုအခါတွင်တော့ ဝူပိုင်ကျိုးမှာ ကြောက်စရာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်းသိရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ရွှယ်ရီဖေးမှာ စကားလုံးများနှင့် စည်းရုံးရာတွင် ထူးခြားသည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

“တစ်ခုတည်းပဲ...”

ရွှယ်ရီဖေးက စကားဝိုင်းကို စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု အဖြစ် ပြောင်းလဲလိုက်လေ၏။ ထိုအတွက် သူမမှာ စိတ်ပို့ဆောင်ခြင်း ပုလဲကို သုံးခဲ့ရသည်။ ၎င်းမှာ ဝေ့ဝူယင်ထံမှ သူမ တောင်းဆိုထားခဲ့သည့် အနည်းငယ်သော ရတနာများထဲမှ တစ်ခု ဖြစ်ပေသည်။ စိတ်ပို့ဆောင်ခြင်း ပုလဲနှင့် ဆိုပါက ထိပ်တန်း ဝိညာဉ်အင်အား ပိုင်ဆိုင်ထားသူများနှင့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များပင် သူမ၏ စကားလုံးများကို ခိုးယူ နားထောင်နိုင်လိမ့်မည် မဟုတ်ချေ။ အစီအစဉ်အကြောင်း ပြောကြားရာတွင် သူမ နည်းနည်းလေးမျှ မပေါ့ဆရဲခဲ့ချေ။

အလင်းတန်းကတော့ မူလ နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေခဲ့လေ၏။

***

All Chapters