← Chapters

အခန်း (၁၆၉၂)

Vol. 121 Ch. 1692

အခန်း (၁၆၉၂)

Vol. 121 Ch. 1692

၁၀:၀၁...

“နားလည်ပြီလား”

ရွှယ်ရီဖေးက သူမ၏ စကားလုံးကို အဆုံးသတ်လိုက်၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူမ အစီအစဉ်ကို အသေးစိတ် ပြောပြနေစဉ် အတွင်း များစွာသော လူများ၏ အမူရာများက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ကြသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူတို့က သက်ရောက်မှုများကို နက်နက်နဲနဲ စဉ်းစားခဲ့ရသည်။

“အဲဒါက ကံပေါ်မှာပဲ အခြေခံထားတာ မဟုတ်ဘူးလား...”

ရွှေဖုန်းပေါက်မှာ မူလ အာဏာရှင် တစ်ဦး ဖြစ်သော်လည်း မျက်နှာတစ်ခုလုံး ဖြူရော်သွားသူများထဲမှ တစ်ယောက် ဖြစ်ပေသည်။

ရွှယ်ရီဖေးက ခေါင်းညိတ်လိုက်၏။

“ဒါမှမဟုတ် ငါတို့ အားလုံး လက်လျှော့ပြီး ထာဝရ သရဖူ ပေါ်လာပြီးမှပဲ တိုက်ခိုက်ကြတာပေါ့...”

မိန်းကလေးက စကားကို ခဏရပ်ရင်း အံကို တင်းတင်းကြိတ်လိုက်သည်။

“ငါတော့ ဆန္ဒ မရှိဘူး...”

“ငါရောပဲ...”

တရှန်းကလည်း ပြောလိုက်သည်။ ထိုဆန္ဒကို သူမ လိုချင်သည်။

“ငါတို့ရောပဲ...”

အန်ပိရုနှင့် အန်ဖေးကျင်းတို့က စိတ်ဝိညာဉ်များ တစ်ထပ်တည်း ကျနေသလို ပြိုင်တူ ပြောလိုက်ကြသည်။ သူတို့အားလုံး လိုချင်ကြသည်။

ပိုကေက ခါးသီးစွာ ရယ်မောလိုက်၏။ ယောင်ဟုန်ရီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ဟုန်ချွင်းဟွာ၏ မျက်လုံးများက အလင်းတန်းဆီသို့ ရွေ့လျားသွားခဲ့၏။ သူမက ဓား၏ လက်ကိုင်ကို အသာအယာ ထိလိုက်သည်။

ပေ့ဝေဝေကတော့ ရင်ဘတ်ကို ထိလိုက်၏။ သူမက လည်ပင်းမှ ဆွဲကြိုးတစ်ခုကို ပွတ်သပ်နေပုံ ရသည်။ ၎င်းက ငွေရောင် အဆင်းရှိကာ ထိတွေ့ရသည်မှာ နွေးထွေးလှသည်။ မိန်းကလေး၏ အေးစက်စက် မျက်လုံးများမှာ မပျက်စီးနိုင်သည့် သံမဏိ တစ်ခု အလား မာကျောလာခဲ့၏။ သူမ၏ ပြတ်သားမှုကို မည်သူမှ မနှောက်ယှက်နိုင်ပါချေ။

“ကောင်းပြီလေ...”

ရွှေဖုန်းပေါင်က နှုတ်ခမ်းကို မဲ့လိုက်၏။

“…”

နာရှင်းရီမှာ ထိုအရာအားလုံးကို တိတ်ဆိတ်စွာပင် စောင့်ကြည့်နေခဲ့သည်။ သူမသည်လည်း ထိုဆန္ဒကို လိုချင်သည်။ ရွှယ်ရီဖေးကို ဘေးတိုက် ကြည့်ရင်း သူမ၏ နှလုံးသားမှာ ခဏတာမျှ တုန်ခါသွားသည်။ သို့သော်လည်း... သူမ ထိုအမူအရာကို ဖတ်ရ အလွယ်ဆုံး မျက်လုံးများ အတွင်းတွင်ပင် မပေါ်အောင် ထိန်းထားခဲ့သည်။

“သွားကြစို့”

ဝူပိုင်ကျိုးက လှံကို ပခုံးထက်၌ တင်ရင်း အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။ ကျန်လူများ အားလုံးမှာလည်း သဘောတူ လိုက်ကြလေသည်။

သူတို့အားလုံးမှာ ရေကန်ပေါ်တွင် ပျံဝဲနေသည့် အလင်းတန်းဆီသို့ လှည့်ကြည့် လိုက်ကြ၏။ သူတို့ လှုပ်ရှားနေစဉ်မှာပင် အလင်းတန်းက တဖြည်းဖြည်းချင်း ရွေ့လျားသွားကာ ရေမျက်နှာပြင်ထက်၌ လှိုင်းတွန့်များ ပေါ်လာခဲ့သည်။ အားလုံး၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ အလင်းများက ဆက်လက်၍ ပျံ့နှံ့သွားခဲ့ကာ မကြာခင်မှာပင် အားလုံး သိရှိထားသည့် ပုံရိပ် တစ်ခုကို ဖော်ထုတ်လိုက်လေသည်။

ဗလာနတ္တိ ညဉ့်ကောင်းကင်ယံကဲ့သို့ နက်မှောင်ကာ သန့်စင် ကြည်လင်နေသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦး...

သူမက အနက်ရောင် ဆံပင်များကို မျက်နှာသွင်ပြင်နှင့် လိုက်ဖက်ညီစွာ ဖြတ်တောက်၍ အပြစ်အနာအဆာ မရှိသည့် ပုံစံသွင်းထားသည်။ အလင်းငွေရောင် သံချပ်ကာ၏ အောက်ဖက်တွင်တော့ သူမက အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူမ၏ ဘယ်ဘက်လက်တွင်တော့ အနက်ရောင် ဓားအိမ် တစ်ခု ရှိသည်။ မိန်းကလေးမှာ ကောင်းကင်ကို ဆန့်ကျင်ကာ နတ်ဘုရားများကို သတ်ဖြတ်တော့မည့် ပြိုင်ဘက်ကင်း စစ်သည်တော် တစ်ယောက်၏ ဟန်ပတ်ကို ထုတ်လွှတ် နေခဲ့သည်။

မိန်းကလေးမှာ လေကဲ့သို့ ပေါ့ပါးဟန် ရသလို ကြယ်တာရာ နယ်မြေ တစ်ခုလိုလည်း လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိပုံ ပေါ်သည်။ သူမ ပိုင်ဆိုင်ထားသည့် အလှတရားက လွန်ကဲခြင်း မရှိသလို နည်းလွန်းခြင်းလည်း မရှိချေ။ လက်တွေ့ကျသည်။ စစ်မှန်သည်။ ထိတွေ့နိုင်သည့် ခံစားမှုမျိုး ရှိသည်။ ထူထဲသည့် မျက်ခုံးများမှသည် နူးညံ့သည့် နှုတ်ခမ်းထောင့်စွန်းများ အထိ အရာအားလုံးက စစ်မှန်လွန်းလှသည်။

အားလုံး၏ နှလုံးသားများက ခုန်ပေါက်လာခဲ့၏။ ဤသည်က သူမပင်...။

ထိုအခိုက်၌ ရွှယ်ရီဖေးမှာ သူမ ခံစားနေရသည့် စိုးရိမ် ပူပန်မှုများကို ဖုံးဖိရန် ခက်ခဲနေခဲ့၏။ အခြားလူများ အားလုံး အတွက်လည်း အလားတူပင် ဖြစ်သည်။ ဖြည်းညင်းစွာပင် စကားလုံး နှစ်လုံးမှာ သူတို့၏ နှလုံးသားများ အတွင်း ဖွဲ့စည်းလာခဲ့လေ၏။

“စု... မေ့...”

...

စုမေ့က ဖြည်းညင်း တည်ငြိမ်စွာပင် သူတို့ အုပ်စုထံသို့ ရွေ့လျား လာခဲ့၏။ သူမ၏ လက်ထဲ၌ အနက်ရောင် ဓားအိမ် တစ်ခု ရှိနေကာ ခြေလှမ်းတိုင်းက ရေကန်ထက်၌ သေးငယ်သည့် လှိုင်းတွန့်ကလေးများကို ထုတ်လွှတ် နေခဲ့သည်။ စုဝေးနေသည့် အာဏာရှင်များ၏ ပတ်လည်တွင် လေးလံ အုံ့မှိုင်းသည့် လေထုတစ်ခုမှာ ဖွဲ့စည်းလာခဲ့၏။ ၎င်းက သူတို့၏ စိတ်ခံစားချက်များကို အပြည့်အဝ ကိုယ်စားပြု နေပေသည်။

စုမေ့မှာ အစောကြီးတည်းကပင် သူတို့၏ အကြံအစည်းများကို ရိပ်မိပြီး ဖြစ်ကြောင်း သူတို့ သဘောပေါက် လိုက်ကြသည်။ သူမဘက်က တုန့်ပြန်ပုံက ခိုင်မာသလို ရှင်းလင်းပေသည်။

“နင်တို့ အဆင်သင့်ဖြစ်ပြီလား...”

ဟူ၍...။ မိန်းကလေးမှာ စကားတစ်ခွန်းမှ မဆိုသည့်တိုင် အာဏာရှင်တိုင်းမှာ သူမ၏ လှုပ်ရှားမှုများမှ တစ်ဆင့် ထိုစကားလုံးများကို ကြားယောင် နေနိုင်ခဲ့သည်။

“သူ လာနေပြီ...”

ရွှေဖုန်းပေါင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအခိုက်၌ သူ၏ နှလုံးသားမှာ သာမန်နားဖြင့်ပင် ကြားနိုင်သည် အထိ တဒိတ်ဒိတ် ခုန်နေခဲ့သည်။

စုမေ့...

ပထမဆုံးသော အာဏာရှင်...

အာဏာရှင် အင်ပါယာ သူ၏ ပထမဆုံးသော ဂိုဏ်းမှ ထွက်ခွာကာ လောကကို စတင် ခရီးနှင်ခဲ့သည့် အချိန်ကတည်းက စလို့ သူတို့ နှစ်ယောက်မှာ အတူ ရှိခဲ့ကြသည်ဟု ဆိုသည်။ တကယ်တမ်းအားဖြင့်... သူတို့ နှစ်ယောက်မှာ ဂိုဏ်းမှ မထွက်ခွာခင် ပဝေဏသီ အချိန်ကတည်းက စလို့ အတူတူ ရှိခဲ့ကြခြင်း ဖြစ်သည်။

“…”

လူတိုင်းမှာ ငြိမ်သက် တိတ်ဆိတ် နေကြ၏။ အာဏာရှင်များ အတွက်တော့ စုမေ့မှာ မိခင် သဖွယ် ဖြစ်သည်။ သူမမှာ ဝေ့ဝူယင်ကိုယ်စား သူတို့နှင့် ဆက်သွယ်ခဲ့သူ ဖြစ်သည်။ မကြာခဏဆိုသလို သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်။ တာဝန်များစွာ၌ ကြီးကြပ်ပေးခဲ့သည်။ သူတို့ထဲ၌ သူမနှင့် မရင်းနှီးသူ မရှိချေ။ သူတို့ သူမနှင် ယှဉ်ပြိုင်တိုက်ခိုက်ဖူးသည်။ အတူတကွ စားသောက်ကာ ခရီးထွက်ခဲ့ဖူးသည်။ သူမထံမှ အရင်းအမြစ်များ၊ ကျင့်ကြံခြင်း နည်းလမ်းများ၊ ကျင့်စဉ်များ၊ အစီအရင်များနှင့် ညွှန်ကြားချက်များ ရရှိခဲ့သည်။ သူမက လူတိုင်း လေးစားရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သ်ည။

ဝေ့ဝူယင်မှာ ကောင်းကင်တွင် ခမ်းနား ထည်ဝါစွာ တောက်ပကာ လောကကို အလင်းပေးနေသည့် နေကြယ် တစ်စင်း ဆိုလျှင် စုမေ့မှာ သူတို့အားလုံးကို နှစ်သိမ့်မှု၊ အေးချမ်းမှု ပေးနိုင်သည့် အရိပ် တစ်ခုနှင့် အတူသည်။

စုမေ့ အကြောင်းကို မသိပါက သူတို့ မည်ကဲ့သို့ စုဝေးကြမည်နည်း။ အာဏာရှင်တိုင်းမှာ လွှမ်းမိုးချုပ်ကိုင်လိုသည့် အကျင့်စရိုက် ရှိကြသူများ ဖြစ်သ်ည။ သူတို့က မာန ကြီမားကာ မဟာမိတ် ဖွဲ့ဖို့ စိတ်ဝင်စားကြသူများ မဟုတ်ကြချေ။ ရွေးချယ်စရာ မရှိသည့် အဆုံးမှသာလျှင် သူတို့ ဤလမ်းကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ရွှယ်ရီဖေးက အသက်ကို ရနိုင်သမျှ ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် အသက်ကို ရှူထုတ်ကာ ကြောက်ရွံ့မှုများ၊ သံသယများနှင့် တွန့်ဆုတ်မှု အားလုံးကို ဖယ်ရှားဖို့ ကြိုးပမ်းလိုက်သည်။

၀၉:၅၇...

“သူ လာနေမှတော့ စဉ်းစားစရာ ဘာရှိသေးလဲ...”

မိန်းကလေးက တည်ငြိမ်စွာ ရေရွတ်လိုက်ရင်း မတုန့်မဆိုင်းပင် နတ်ဆိုးနဂါး သံချပ်ကာကို ထုတ်လွှတ်လိုက်လေ၏။

တရှန်းကလည်း ခေါင်းညိတ်လိုက်သည်။ ရွှယ်ရီဖေး၏ စကားလုံးများက သူမ၏ အတွေးများ အတိုင်း အတိအကျပင် တူညီပေသည်။ ချက်ချင်းပင် မိန်းကလေးမှာ တိုက်တန် မျိုးနွယ်၏ အနက်ရှိုင်းဆုံး စွမ်းအားများကို ထုတ်ဖော်ကာ ခရမ်းရောင် တောင်တန်း၏ လေးလံမှုများကို ထုတ်လွှတ်လိုက်၏။ သူမက ခန္ဓာကိုယ်ကို ပေ ၅,၀၀၀ အထိ မတုန့်မဆိုင်းပင် တိုးချဲ့လိုက်လေသည်။

“ခင်ဗျားရဲ့ အစီအစဉ်အတိုင်းပဲ လုပ်တာပေါ့...”

ယောင်ဟုန်ရီကလည်း ဆိုလိုက်၏။ ထို့နောက် သူက လေးကို ထုတ်ယူကာ မျက်နှာစည်းကို ဆွဲတင်လိုက်ရင်း ပိတ်ထားသည့် မျက်လုံး နှစ်ဖက်စလုံးကို ဖော်ထုတ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖြင့် လေးကြိုးကို အသာအယာ ထိလိုက်၏။

ဟုန်ချွင်းဟွာကလည်း ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူမ၏ ပတ်လည်တင် အသန့်စင်ဆုံး၊ အဦးဆုံးသော အလင်းမှ ပုံဖော်ထားသည့် ဝိညာဉ်ပန်းပွင့်များ ပွင့်လန်း လာခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ပွင့်ချပ်တိုင်း၏ အစွန်းများမှာ ဓားအလား ချွန်ထက် နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ဓားနှလုံးသား ရည်ရွယ်ချက်...

ဘုန်း...

ရွှေဖုန်းပေါင်၏ ခန္ဓာကိုယ်မှာလည်း သန့်စင်သည့် မီးတော်မီးလျှံများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုအခိုက်၌... သူ၏ အသွေး၊ အသား၊ အရိုးနှင့် စွမ်းအင်များသာ လောင်ကျွမ်းနေခြင်း မဟုတ်ပဲ ဆဲလ် အစိတ်အပိုင်းလေးများက အစ ထျန်းတျန်နှင့် အသိစိတ် ပင်လယ်တို့ပါ အသန့်စင်ဆုံး မီးတောက်များနှင့် လောင်ကြွမ်း နေခဲ့ခြင်း ဖြစ်သည်။

အကြွင်းမဲ့ မီးတောက် အသွင်ပြောင်ခြင်း...

ရွှေဖုန်းပေါင်မှာလည်း သူ၏ အစွမ်း အထက်ဆုံး အခြေအနေကို ထုတ်ဖော် နေခဲ့ပြီ ဖြစ်လေသည်။

အာဏာရှင် အဖွဲ့တွင် သင်ကြားရသည့် အရေးအကြီးဆုံးသော အရာများထဲမှ တစ်ခုမှာ အခြေအနေကို လိုက်၍ လိုက်လျောညီထွေ ပြောင်းလဲ တတ်စေရန်နှင့် တင်းကြပ်သည့် စည်းမျဉ်းများနှင့် မိမိကိုယ်ကို ဘယ်တော့မှ ကန့်သတ် မထားရန် ဖြစ်သည်။ လူသား တစ်ယောက်၏ အစီအစဉ်က မကြာခဏ ဆိုသလို ကောင်းကင်အတွက် ရယ်စရာ ဖြစ်နေတတ်သည်။

“...”

အာဏာရှင် အဖွဲ့၏ သင်ရိုး တစ်ခု အနေဖြင့် အာဏာရှင် အားလုံးမှာ ထိုအချက်ကို နှလုံးသွင်း ထားကြပေသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့က အဆုံးစွန်သော စွမ်းအားများနှင့် မိမိကိုယ်ကို အဆင်သင့် ပြင်ဆင် လိုက်ကြလေ၏။

***

All Chapters