ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၇)
Vol. 121 Ch. 1693
၀၉:၅၅...
စုစုပေါင်း အာဏာရှင် ၁၁၇ ဦး ရှိသည်။ ထို ၁၁၇ ဦးထဲတွင် ကြယ်တာရာ သခင်အောက် အဆင့် ၁၉ ဦးသာ ပါဝင်သည်။ သူတို့ အားလုံးမှာ အလွန်ပင် ထူးချွန်ထက်မြက်သူများ ဖြစ်ကာ ကောင်းကင်တာအို၏ ကောင်းချီးခံကို ခံထားများ၊ သို့မဟုတ် ထူးခြားသည့် ကံကြမ္မာများနှင့် မွေးဖွားလာကြသူများ ဖြစ်ကြသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ သူတို့မှာ အမျိုးမျိုးသော အခွင့်အရေးများကို အရယူနိုင်ခဲ့ကြသည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ဆိုင်ထားသည့် မြေကြီးရှန့်ထိုများ၏ တိုက်ခိုက်မှုများ အောက်တွင်ပင် ရှင်သန်နိုင်ခဲ့ကြသည်။
အာဏာရှင် အဖွဲ့အတွင်းတွင်ပင် သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ သာမန် မဟုတ်ပါချေ။
အန်ပိရုနှင့် အန်ဖေးကျင်တို့ နှစ်ဦးမှာ တစ်ယောက်လက်ကို တစ်ယောက် တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှ အပြောရောင် မီးလျှ့နှင့် အနီရောင် အလင်းများ စိမ့်ထွက်ခဲ့ကာ သဟဇာတ ဖြစ်စွာ ရောနှော၍ ခန္ဓာကိုယ် တစ်ခုလုံးကို ထူးခြားသော ခရမ်းရောင် အလင်းဖြင့် ဖုံးလွှမ်းလိုက်၏။ ဆန့်ကျင်ဘက် ရည်ရွယ်ချက် နှစ်ခု ဖြစ်သည့် ရေရည်ရွယ်ချက်နှင့် မီးရည်ရွယ်ချက်တို့ ပေါင်းစည်း၍ ပြိုင်စံရှား ရည်ရွယ်ချက် တစ်ခု မွေးဖွားလာခဲ့သည်
ရေမီးလျှံရည်ရွယ်ချက်...
နိဗာန မီးတောက် ရည်ရွယ်ချက်နှင့် နက်ခရို ရည်ရွယ်ချက်တို့ ကဲ့သို့ပင် ရေမီးလျှံ ရည်ရွယ်ချက်မှာ အလွန်ပင် နက်ရှိုင်းကာ လျှို့ဝှက် ဆန်းကြယ်သည်။ ညီအမ နှစ်ယောက်မှာ ရေ၏ ချောမွေ့မှုနှင့် ရွေ့လျား နေခဲ့သော်လည်း... တစ်ချိန်တည်း၌ နေကြယ်မီးလျှံ ကဲ့သို့ ပူးလောင်သည့် အရည်မီးလျှံတစ်ခု၏ ဝန်းရံမှု အလယ်တွင် ရှိနေခဲ့၏။
အရောင်အသွေး စုံလင်သော နေကြယ်များမှာ ကောင်းကင်ကို ဖုံးလွှမ်းထားကာ ၎င်းတို့ထဲမှ တစ်ခုချင်းစီမှာ အပြောကျယ်လှသည့် နယ်မြေများကို ဖြန့်ကျက်၍ ထူးခြားသော အလင်းရောင်များကို ထုတ်လွှတ် နေခဲ့လေသည်။ ထိုမြင်ကွင်း၏ အလှတရားက ပုံမှန် မဟုတ်ပဲ စိတ်ဝိညာဉ်များကိုပင် ဖမ်းစားနိုင်စွမ်း ရှိပေသည်။
ပိုကေ၏ ခန္ဓာကိုယ်မှာ အခက်အနွယ်နှင့် အရွက် တက်တူးများနှင့် ပြည့်နှက် နေခဲ့၏။ သူက လေပြင်းသစ်ရွက် နတ်ဆိုး မျိုးနွယ်၏ အမြင့်မားဆုံးသော စွမ်းရည်များကို အသုံးချ နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က သွယ်လျလာကာ နဖူးနှင့် ပါးပြင်များထက်တွင်ပင် မျိုးနွယ်စု တက်တူးများမှာ စိမ်းလန်းရောင် အလင်းတန်းများနှင့် အတူ နေရာယူ ထားခဲ့၏။
ပိုကေ၏ ခပ်ညိုညိုနှင့် အစိမ်းဖန့်သည့် အသားအရေမှာလည်း လောလတ်စွာ ပွတ်တိုက်ထားသလို ပိုမို ဖျော့တော့သည့် အရောင် တစ်ခုသို့ ပြောင်းလဲ သွားခဲ့၏။ သူ၏ ပိုးသားအလား ဖြူဖွေးနေသည့် ဆံပင်များကတော့ သူ ကိုယ်တိုင် ဖန်တီးထားသည့် လေပြင်းနှင့် အတူ လွင့်ပျံနေကာ အနည်းငယ် ပိုရှည်လာသယောင်ပင် ထင်ရသည်။
အာဏာရှင် အဖွဲ့၏ ဒုတိယ ကွန်မန်ဒါမှာ ထူးခြားသည့် ရုပ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးဆန်သည့် မယုံကြည်နိုင်စရာ ခွန်အားများကို ထုတ်လွှတ် နေခဲ့ပြီ ဖြစ်သည်။
“ကြည့်ရတာ ငါ အရင် စရမယ် ထင်တယ်”
ပိုကေက ခါးသီးစွာ ရေရွတ်လိုက်ရင်း ကြီးထွားနေဆဲ ဖြစ်သည့် တရှန်း၏ ပုံရိပ်ကို မော့ကြည့်လိုက်၏။ စိတ်ခံစားချက်များကို ထုတ်ဖော် ပြောဆိုခြင်း မပြုသော်လည်း သူ၏ အမူအရာက တူမ တစ်ယောက်ကို ကြည့်နေသည့် ဦးလေးတစ်ယောက်၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားခဲ့သည်။
အာဏာရှင် အဖွဲ့ဝင်များမှာ သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မှ ထိန်းချုပ်ထားခြင်း မရှိကြောင်း သဘောပေါက် လိုက်ကြ၏။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ထူးခြားသည့် အသွင် ပြောင်းလဲမှုများကို ဖော်ဆောင်ထားကြကာ အများစုမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း၏ မဟာ အသွင်ပြောင်းခြင်းနှင့် ဆင်တူသည့် အခြေအနေများကို ဝင်ရောက်ထားကြ၏။
အာဏာရှင် အဖွဲ့ဝင် အားလုံးမှာ ထူးခြားသည့် ကျင့်ကြံခြင်း နည်းလမ်းများကို ကျင့်ကြံထားကြကြောင်း ရှင်းလင်းပေသည်။ ရွှေဖုန်းပေါင်၏ အသွင်ပြောင်းလဲမှုသည်ပင် တတိယမြောက် မဟာ အသွင်ပြောင်းခြင်းနှင့် ထူးခြားစွာ ဆင်တူသည်။
သူတို့ အားလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
လေထုအတွင်း၌ လောကနှလုံးသား ရည်ရွယ်ချက် အမျိုးမျိုးမှာ ထွက်ပေါ်လာခဲ့ကြ၏။ ထိုအာဏာရှင်များမှာ (ဆက်စပ်မှု စစ်မြေပြင်မှ ဝေ့ဝူယင် စစ်ဝိညာဉ်နှင့် လဲယူလာသည့်) ဉာဏ်အလင်း ကျောက်တိုင်ထံမှ ကံကောင်းခြင်းများကို လက်ခံ ရရှိထားကြသူများ ဖြစ်ကာ မယုံကြည်နိုင်စရာ ဉာဏ်အလင်းများကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင်.. အာရုဏ်ဦး လေပွေဇုန် ဆေးလုံး၏ အကူအညီဖြင့် ကျင့်ကြံခြင်း အခြေခံများကို ဆယ်စုနှစ်ချီ သိပ်သည်းနိုင်ခဲ့ကြပေသည်။
ဖျပ်... ဖျပ်... ဖျပ်...
စုမေ့က တတိယမြောက် ခြေလှမ်း အရောက်တွင် ရပ်လိုက်၏။ ထို့နောက် သူမက ကောင်းကင်တွင် ဒေါသတကြီး ထွန်းလင်းနေသည့် လောကချည်နှောင် နေကြယ်များကို မော့ကြည့်လိုက်သည်။ မျက်ဝန်းများ အတွင်း၌ ဖော်ပြ မထားသော်လည်း နှလုံးသား အတွင်းတွင်တော့ ဂုဏ်ယူမှုနှင့် ကျေနပ်မှုတို့ကို ခံစားလိုက်ရ၏။
ထိုအာဏာရှင်များမှာ ဝေ့ဝူယင်၏ အထောက်အပံ့များနှင့် အတူ သူမ ပျိုးထောင်ထားခဲ့သည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ယခုလက်ရှိ ခွန်အားကို အနည်းငယ်မျှပင် ထိန်းချုပ်ထားခြင်း မရှိပဲ အပြည့်အဝ ထုတ်ဖော်နေသည်ကို မြင်တွေ့ရခြင်းက သူတို့ အောင်မြင်ခဲ့ကြသည် ဆိုသည့် သက်သေ ဖြစ်သည်။ အာဏာရှင်များ၏ အောင်မြင်မှုကို ကိုယ်ပိုင် အောင်မြင်မှုလိုမျိုး သူမ ခံစားရသည်။
သို့သော်လည်း...
ဘုန်း...
ပိုကေမှာ ပထမဆုံး စတင် လှုပ်ရှားလာခဲ့၏။ လေပြင်းသစ်ရွက် နတ်ဆိုး ဘိုးဘေးမှာ သူ၏ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် လူသိများသည်။ မသေဆုံးခင် အချိန်အထိ နှစ်ရာပေါင်းများစွာ တိုင်အောင် ထိုပုဂ္ဂိုလ်မှာ ထာဝရ ကြယ်တာရာ နယ်မြေတွင် အမြန်ဆုံးသော နတ်ဆိုး အဖြစ် လူသိများခဲ့သည်။ သူက လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ရှိခဲ့သည့်တိုင် သေမျိုး အဆင့်ဖြင့် အသူရာ နတ်ဆိုး သခင်ကို ပြစ်မှားပြီးနောက် ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုစဉ်အခါက အသူအရာ နတ်ဆိုး တောင်တန်း သခင်မှာ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ပေသည်။ သူ၏ အစွမ်းအစကြောင့်သာလျှင် လေပြင်းသစ်ရွက် နတ်ဆိုး မျိုးနွယ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်သည့် အနန္တ ဧကရာဇ်ဂိုဏ်လို နေရာမျိုးတွင် ခြေကုပ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ပိုကေမှာ လေပြင်းသစ်ရွက် နတ်ဆိုး မျိုးနွယ်၏ ဂုဏ်သတင်းကို ကိုယ်စားပြုကာ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
ဝှစ်...
သူက လေကဲ့သို့ ပေါ့ပါးကာ လျှပ်စီးကဲ့သို့ လျှင်မြန်လှ၏။ လောကနှစ်ခုမှ ရွေးချယ်ခံများစွာ လိုက်မှီရန် ခက်ခဲသည့် အမြန်နှုန်းမျိုးဖြင့် သူမက စုမေ့ထံသို့ တိုးဝင် သွားခဲ့သည်။ အသက်ရှင် ကျန်ရစ်နေဆဲ ဖြစ်သည့် မြေကြီးရှန့်ထို အဆင့် ရွေးချယ်ခံများပင် သူ့ အမြန်နှုန်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။
အထက်ကောင်းကင်တွင်တော့ အစိမ်းရောင်နှင့် ခရမ်းရောင်တို့ကို ပေါင်းစပ်ထားသည့် လေပြင်းသစ်ရွက် နေကြယ်မှာ လင်းထိန်စွာ တေက်ပနေကာ မယုံကြည်နိုင်စရာ ခွန်အားများကို ပိုကေထံ ပို့ဆောင် ပေးနေခဲ့သည်။ ပြေးလွှား သွားရင်းကပင် ပိုကေက လှံတို တစ်ချောင်းကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း နတ်ဆိုးလေပြင်း ကြယ်အင်အားများကို ထုတ်လွှတ် လိုက်လေ၏။
ဟူး... ဟူး...
စုမေ့၏ ဝတ်ရုံစများနှင့် ဆံပင်တိုများမှာ တိုးဝင် တိုက်ခတ်နေသည့် လေပြင်းများနှင့် အတူ လွင့်ပျံ နေခဲ့သည်။ သို့သော်လည်း သူမ၏ အမူအရာကတော့ ကြယ်မရှိသည့် ညဉ့်ကောင်းကင် ကဲ့သို့ တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်သည်။ သူတို့ နှစ်ယောက် အကြား၌ မိုင်ပေါင်း ထောင်ချီ ကွာဝေးနေသော်လည်း ပိုကေမှာ သေမျိုးတစ်ဦး အတွက် မကြုံစဖူး အမြန်နှုန်းဖြင့် ထိုအကွာအဝေးကို ဖြတ်ကျော် သွားလေ၏။
တစ်ချိန်တည်းတွင်ပင် အခြား အာဏာရှင်များမှာလည်း စတင် လှုပ်ရှားလာကြသည်။ သူတို့က ထူးခြားသော နည်းလမ်းများနှင့် အတူ အဆုံးစွန်သော စွမ်းအင်များကို ထုတ်ဖော် လာကြ၏။
သူတို့၏ ခန္ဓာကိုယ်များက မမြင်နိုင်သည့် ဝိညာဉ်များ၊ ကြောက်စရာ နတ်ဆိုးကြီးများ၊ တောက်ပ လင်းလက်နေသည့် အော်ရာများနှင့် မှောင်မိုက်သည့် အရိပ်များ အဖြစ် ပြောင်းလဲကာ နယ်မြေပေါင်းများစွာကို လျှပ်တစ်ပြက် အတွင်းမှာပင် ဖြတ်ကျော် ရွေ့လျား လာကြသည်။ သူတို့ထဲမှ မည်သူမှ မနှေးပါချေ။
စုမေ့က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်၏။ သူမက လက်လွတ်နေသည့် လက်တစ်ဖက်မှ လက်ညိုးနှင့် လက်ခလည်ကို ဆန့်ထုတ်လိုက်သည်။ မဟူရာ အလင်း တစ်ခုမှာ သူမ၏ လက်ချောင်းများ ပတ်လည်တွင် လင်းလက်လာကာ ထက်မြက်သည့် ဓားသွားတစ်ခုကို ပုံဖော်လိုက်၏။ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည့် ဓားဟောက်သံ တစ်ချက် ထွက်ပေါ်လာခဲ့၏။ အာဏာရှင်များမှာ ရှုထောင့်ပေါင်းစုံ အထက်အောက်မှ တိုက်ခိုက်လာကြချိန်တွင် ပိုကေမှာ ရှေ့ဆုံးမှ နေ၍ စုမေ့၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားခဲ့လေ၏။
“အဆင့်ပြင်ထား...”
ဒုတိယမြောက် မဟာ အသွင်ပြောင်းခြင်း အတွင်း ဝင်ရောက်လိုက်ခြင်းနှင့် အတူ ဝူပိုင်ကျိုး၏ အင်ပါယာ ကောင်းကင်အော်ရာမှာ ပေါက်ကွဲ ထွက်လာဲ့၏။ သူမ၏ မျက်လုံးများက ကြယ်အလင်းများနှင့် ပြည့်နှက်နေကာ အသက်ရှူလိုက်တိုင်း ရောင်စုံကြယ်များ ပြည့်နှက်နေသည့် မီးခိုးများ ထွက်ပေါ်လာနေခဲ့သည်။ မိန်းကလေးမှာ လှံကို မြဲမြံစွာ စွဲကိုင်ထား၏။ သူမ၏ ကိုယ်နေဟန်ထားက ပျော့ပျောင်းလှကာ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။
“သွား...”
ရွှယ်ရီဖေးက အားနူကို ရင်ခွင်ထဲမှ ထုတ်လိုက်သည်။ နဂါးမှာ မြေကြီးအတွင်း နက်ရှိုင်းစွာ တူးဝင်သွားကာ ငွေရောင် အလင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့၏။ နဂါး နတ်မိမယ်၏ မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပနေကာ သူမ၏ နှလုံးသားမှလည်း နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် အတူ ခုန်ပေါက် နေခဲ့သည်။
ယောင်ဟုန်ရီက လေးကို မြှောက်လိုက်၏။ ရွှေဖုန်းပေါင်၏ မီးတောက်မီးလျှံ အဖြစ် ပြောင်းလဲ နေသည့် ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွားခဲ့သည်။
ကျန်လူများအားလုံးမှာ အသင့်ပြင်ဆင်ထားကြ၏။ သူတို့ စောင့်ဆိုင်း နေကြသည်။ မည်သည့်အရာကို စောင့်ဆိုင်း နေသနည်း။
ရွှမ်း...
***