ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၂၈)
Vol. 121 Ch. 1694
ပိုကေမှာ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်သည်။ ထိုလေပြင်းသစ်ရွက် နတ်ဆိုး ကျင့်ကြံသူမှာ အာဏာရှင်များထဲတွင် အမြန်ဆုံး ဖြစ်ကာ အဝေးတစ်နေရာမှပင် လက်ထဲရှိ လှံကို စုမေ့ထံ ထိုးသွင်းလိုက်၏။ အဝေးတစ်နေရာ ဆိုသော်လည်း လျှက်တစ်ပြက် အတွင်းမှာပင် အကွာအဝေးက ပြောင်းလဲ သွားသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် သူက စုမေ့ ရှေ့တွင် တိုက်ရိုက် ရောက်နေခဲ့ပြီး ဖြစ်ကာ နှလုံးသားကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။
ထန်...
ရုတ်တရက် လှံမှာ ဓားသွားတစ်ခုနှင့် ထိခတ်သွားသလိုမျိုး ပိုကေ ခံစားလိုက်ရ၏။ စုမေ့က လက်နှစ်ချောင်းတည်းဖြင့် ထိုလှံကို ဘေးသို့ ရိုက်ချကာ လမ်းကြောင်း လွှဲလိုက်ခြင်းပင်။
သို့သော်လည်း ပိုကေမှာ ထိုအရာကို မျှော်လင့် ထားခဲ့ပြီး ဖြစ်သည်။ သူက ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ကာ လမ်းကြောင်း ပြောင်းလဲရင်း ခြားနားသည့် အနေအထား တစ်ခုမှ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ထပ်မံ ဖော်ဆောင်လိုက်၏။
ထန်...
နောက်ထပ်တစ်ကြိမ် သူ၏ တိုက်ခိုက်မှုမှာလည်း ပိတ်ဆို့ ခံလိုက်ရပြန်သည်။ သို့သော်လည်း... ပိုကေ မရပ်တန့်ရဲချေ။ သူက အကြိမ်ကြိမ် ဆက်လက် လှည့်ပတ်နေကာ တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ် နေခဲ့၏။ ပြင်းထန်သည့် ထိုးသွင်းမှုများကြောင့် ပတ်ဝန်းကျင်ရှိ ပုံသေ အာကာသပင်လျှင် ပြင်းထန်စွာ လှုပ်ရှားစ ပြုလာခဲ့သည်။
ပိုကေ၏ တိုက်ခိုက်မှုတိုင်းက လှပသည်။ အပြစ်အနာအဆာ ကင်းသည်။ မျှတစွာ ချိန်ညှိထားသည်။ ထူးခြားသည်။ သို့သော်လည်း...
၀၉:၅၄...
“သူ မလှုပ်ရှားသေးဘူး...”
အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ပြီးနောက် ပိုကေ စိတ်ထဲတွင် အော်ဟစ်လိုက်မိ၏။ စုမေ့မှာ မူလ နေရာတွင်ပင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သ်ည။ သူမက နောက်ကို ခြေတစ်လှမ်းမျှ မဆုတ်သလို တိုက်ခိုက် ထိုးနှက်မှုများကြောင့် ဖိအားများနေသည့် ပုံလည်း မရချေ။ သူ ဖော်ထုတ်ခဲ့သည့် တိုက်ခိုက်မှု တစ်ခုချင်းစီက ဂြိုဟ်တစ်လုံးကိုပင် ဖျက်ဆီးနိုင်သော်လည်း သူမကတော့ တစ်ခုချင်စီကို ဘာမှ မဟုတ်သလို ကိုင်တွယ်နိုင်ခဲ့သည်။
ဝှစ်... ဝှစ်... ဝှစ်...
ပိုကေ၏နောက် အမြန်နှုန်းတွင် ဒုတိယချိတ်သည့် အာဏာရှင် သုံးဦးမှာ ပေရာဂဏန်းခန့် အကွာသို့ ရောက်ရှိလာကြ၏။ သူတို့က လက်ဟန် ချိပ်စည်းများကို ပုံဖော်ကာ စုမေ့ထံသို့ ဝိညာဉ် အစီအရင်များစွာ ပစ်လွှတ်လိုက်ရင်း အာရုံထွေပြားစေရန် ကြိုးပမ်း လိုက်သည်။ တစ်ချိန်တည်း၌ သူတို့မှာ ခန္ဓာကိုယ်ကို ဝန်းရံကာ ကြယ်တာရာ အကာအကွယ် အလွှာ များစွာကို တည်ဆောက် ထားကြ၏။ အလွန် တောက်ပသည့် အလင်းများအောက်တွင် သူတို့၏ ခန္ဓာကိုယ်များကိုပင် တွေ့မြင်ရန် ခဲယဉ်းလှပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
သူတို့၏ အစီအရင်များမှာ လေထုမှ တစ်ဆင့် လောင်ကြွမ်း၍ ပေါက်ကွဲ သွားကြလေရာ အာကာသပင်လျှင် ပုံပျက် သွားခဲ့လေ၏။ စုမေ့မှာ အကာအကွယ် အစီအရင်ကို ဖော်ထုတ်ခြင်း မပြုချေ။ ၎င်းတို့က သူမ၏ အသိစိတ် ပင်လယ်ကို ဦးတည်နေခြင်းဖြစ်သည်။
ပိုကေ၏ မျက်ဝန်းများမှာ ထူးခြားစွာပင် တောက်ပလာခဲ့၏။ သူက အစွမ်း အထက်ဆုံးသော ခွန်အားများကို ပေါင်းစည်းကာ ဝိညာဉ် ကျင့်စဉ် တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ သူ့ ထျန်းတျန် အတွင်းမှ လေနှလုံးသား ရည်ရွယ်ချက်နှင့် လေပြင်းမုန်တိုင်း လောက သင်္ကေတ မျိုးစေ့မှာလည်း ပေါင်းစပ် သွားကြ၏။ သူက သေမျိုး နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော်ရန် ကြိုးပမ်း နေခဲ့ပြီ ဖြစ်သည်။
“…”
ရုတ်တရက် ပိုကေမှာ နှလုံးသား အတွင်း နှိုင်းယှဉ်၍ မရနိုင်သည့် အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ ၎င်းက သူ့ကို ပြင်းထန်စွာ၊ တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ပြန်မလာနိုင်တော့မည့် ချောက်နက်ကြီး တစ်ခုဆီသို့ ဆွဲခေါ်သွားရန် ခြိမ်းခြောက် နေခဲ့သည်။
သူ၏ မျက်လုံးများမှာ ပေါက်ကွဲလုနီးပါး ပြူးထွက်လာ၏။ စုမေ့၏ လက်ချောင်းများမှ မဟူရာ အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်ကို သူ မြင်လိုက်ရသည်။ ၎င်းက ရုတ်ချည်း ဆန်သည်။ ချက်ချင်း နီးပါး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ထိုမဟူရာ အလင်းမှာ စူပါနိုဗာ တစ်ခု အလား လောကကို ဝါးမျိုနေသည်။ အမြင်အာရုံအားဖြင့် နှေးကွေးသယောင် ထင်ရသော်လည်း ၎င်းတို့မှာ ပုံမှန် မဟုတ်စွာ လျှင်မြန်နေကြောင်း ပိုကေ သိပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
မဟူရာ အလင်းများ ပျောက်ကွယ်သွားသည်နှင့် အမျှ အထပ်ထပ်သော ကြယ်တာရာ အကာအကွယ်များဖြင့် ဝန်းရံထားသည့် အာဏာရှင် သုံးဦး၏ အသက်ဇီဝိန်များမှာ ချုပ်ငြိမ်းသွားသည်ကို သူ အချိန်နှင့် တစ်ပြေးညီ ခံစားလိုက်ရသည်။
သူ နောက်သို့ ဆုတ်လိုက်ရာ ရင်းနှီးနေသယောင် ထင်ရသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ခန္ဓာကိုယ်တစ်ခု...
၎င်းမှာ ရေကန်ပေါ်သို့ ပြုတ်ကျနေသည်။ ၎င်းအား အာရုံစိုက် ကြည့်လိုက်ရာ ခေါင်းမရှိသည်ကို သတိပြု လိုက်မိသည်။ ရုတ်တရက်... အမြင်အာရုံက မှောင်မိုက်လာသလို ပိုကေ ခံစားလိုက်ရ၏။ မဟူရာ ဓားအလင်းမှာ သူ၏ အမြင်အာရုံကို ကျူးကျော် ဝင်ရောက် လာနေသည်။ ထို့နောက်တွင်တော့...။
ရှေ့သို့ တိုးဝင်လာနေဆဲ ဖြစ်သည့် အာဏာရှင်များမှာ ပိုကေ ခေါင်းဖြတ်ခံလိုက်ရသည်ကို တွေ့မြင်ရသော်လည်း ရပ်တန့်ခြင်း မရှိခဲ့ကြချေ။ သူတို့က ကြောက်ရွံ့စိတ် ကင်းမဲ့စွာပင် ရှေ့ကို ဆက်လက် တိုးလာခဲ့ကြလေ၏။
ပိုကေနှင့် အခြား အာဏာရှင် သုံးဦး သေဆုံးသွားခြင်းမှာ မျှော်လင့်ထားသည့် အတိုင်းအတာ အတွင်း၌ ရှိနေပေသည်။ သူတို့ ယခုလောက် ကြာကြာ ရှင်သန်နိုင်ခဲ့ခြင်းကပင် ချီးကျူးဖွယ်ရာ ဖြစ်ပေသည်။
ရွှယ်ရီဖေးမှာ ထူးခြားသည့် လက်ဟန် မုဒြာ တစ်ခုကို ဖော်ဆောင်ထား၏။ သူမ၏ မျက်လုံးများမှာ နတ်ဆိုးဆန်ဆန် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။
“သူက ငါ့ယောက်ျားနဲ့ မတူဘူး ဆိုပေမဲ့ သတ်တဲ့ပုံချင်းကတော့ တော်တော်လေး ဆင်တယ်...”
သူက စိတ်ထဲမှ တွေးလိုက်မိ၏။ တစ်ချိန်တုန်းက ဝေ့ဝူယင်မှာလည်း ဟွမ်ရီကောင်းအား ခေါင်းဖြတ် သတ်ဖြတ်ကာ ကိုယ်ပိုင် အာဏာစက်ကို ပြသခဲ့သည်။ ထိုဖြစ်ရပ်က မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အလွန်ပင် ကျော်ကြားကာ မှတ်တမ်း ပုံရိပ်များက ယနေ့တိုင် ကျင့်ကြံသူများ အကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်၏ ဆေဘာဓားထက်တွင် အနန္တ ဧကရာဇ်ဂိုဏ်း၏ ယခင် မဟာ မင်းသား (လုံချန်) သေဆုံးသွားခဲ့သည့် မြင်ကွင်းကိုလည်း ရွှယ်ရီဖေး မြင်တွေ့ဖူးသည်။
နှိုင်းယှဉ်ကြည့်ရပါက စုမေ့၏ ဆေဘာမှာ ဝေ့ဝူယင် ကဲ့သို့ပင် ထက်မြက်ပေသည်။
“ကွန်မန်ဒါပိုက သူ့ရဲ့ အမြန်နှုန်းကို သုံးပြီး ဒီလောက် ကြာကြာ အသက်ရှင်နိုင်ခဲ့တယ်... ဒါပေမဲ့ အတွင်းအား စွမ်းအင် စီးဆင်းမှုနဲ့ အာရုံ စူးစိုက်မှု ပြောင်လဲသွားတာက မဆိုသလောက် ဟာကွက်လေးကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ချက်ချင်း ဖမ်းဆုပ်ခံခဲ့ရတယ်... အဲဒီအတွက် တန်ဖိုးက အသက်ပဲ...”
ရွှယ်ရီဖေး မှတ်ချက်ချလိုက်၏။ အာဏာရှင် ဒုတိယ တပ်ရင်း၏ ကွန်မန်ဒါမှာ အားနည်းသည့် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ချေ။ ပုံမှန်မဟုတ်သည်က စုမေ့ ဖြစ်သည်။ သူမက လုံးဝကို ပုံမှန် မဟုတ်ပါချေ။
တရှန်း၏ လက်ချောင်းများထံမှ ဆုပ်ကိုင်မှုက ပိုမို တင်းကြပ်လာလေရာ ကြေးနီရောင် စစ်သုံးတူကြီးမှာ အာကာသ တုန်ခါသံများကိုပင် ထုတ်လွှတ် လာခဲ့လေသည်။ ပိုကေ ခေါင်းဖြတ်သတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရခြင်းက သူမ၏ နှလုံးသားကို နာကျင်စေသည်။ သွေးသားများကို ဆူပွက်စေသည်။ မိန်းကလေး၏ မျက်လုံးများမှာ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များနှင့် အဆပေါင်းများစွာ လောင်ကြွမ်း လာခဲ့လေ၏။
တရှန်းတစ်ယောက် ချက်ချင်းပင် စုမေ့ထံသို့ တိုးဝင်ကာ တိုက်ခိုက်ချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ပုံမှန် မဟုတ်စွာပင် သူမ စိတ်ရှည် နေခဲ့သည်။ စုမေ့မှာ သူမ ပေါ့ပေါ့ဆဆ ရင်ဆိုင်နိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ပါချေ။ တစ်ချက် လွဲချော်သည်နှင့် ပိုကေနောက်ကို လိုက်သွားရလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းတွင် အမြန်ဆုံးသော အာဏာရှင်များမှာ စုမေ့ထံသို့ တိုးဝင် နေကြပြီ ဖြစ်သည်။ အချို့မှာ တာလတ် အကွာအဝေးမှ ဝိညာဉ် အစီအရင်များကို ထုတ်ဖော် တိုက်ခိုက် နေကြသလို အချို့မှာလည်း အနီးနားသို့ ရောက်မှ လျှင်မြန်သည့် အသေသတ် တိုက်ကွက်များကို ဖော်ဆောင် နေကြ၏။
ဘုန်း... ဘုန်း... ဘုန်း...
လျှပ်တစ်ပြက် အတွင်းမှာပင် ပုံရိပ် လေးခုမှာ ထူးခြားသော လက်နက်များကို ကိုင်ဆောင်ရင်း ရေမျက်နှာပြင်ထက်၌ ရပ်နေသည့် စုမေ့ကို တိုက်ခိုက် နေကြပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ အခြား ပုံရိပ် သုံးခုမှာလည်း လက်ဟန် ချိပ်စည်းများကို တစ်ခုပြီး တစ်ခု ဖော်ဆောင်ရင်း ဝိညာဉ် တိုက်ခိုက်မှုများကို ပစ်လွှတ် နေကြ၏။ တိုက်ခိုက်မှုများက စုံလင်လှကာ မီးတောက်နေသည့် သံကြိုးများမှ အစ... စိမ်းပြာရောင် ဂျိုးငှက်များ အလယ် အစိမ်းရောင် မြူခိုးများ အဆုံး အထိ စုံလင်လှပေသည်။ ခမ်းနားထည်ဝါသည့် အလင်းတန်းများမှာ ထိုတိုက်ခိုက်မှုများနှင့် အတူ လိုက်ပါနေကာ စုမေ့ကို အတိအကျပင် ပစ်မှတ်ထား နေကြ၏။
စုမေ့မှာ ရွေ့လျားခြင်း မပြုပါချေ။ လက်ချောင်းများကိုသာ ဓားအဖြစ် လွှဲယမ်း လိုက်၏။ သူမ၏ လှုပ်ရှားမှုများက ရိုးရှင်းသည်။ ထင်သာမြင်သာ ရှိသည်။ တိကျသည်။
ဘုန်း...
လက်တစ်ဖက်ကို လွှဲလိုက်ခြင်းက စုမေ့၏ ပတ်လည်တွင် ဝန်းရံကာ ချုပ်နှောင်ရန် ကြိုပမ်းနေသည့် မီးတောက်လောင်နေသော အဖြူရောင် သံကြိုးများကို ပြတ်တောက်သွားစေခဲ့သည်။ စိမ်းပြာရောင် ဂျိုးငှက်များကို လေထုထဲတွင်ပင် ပျက်စီး သွားစေခဲ့သည်။ အစိမ်းရောင် မြူခိုးများကို လွင့်ပါး သွားစေခဲ့၏။
အာဏာရှင်များမှာ အံများကို တင်းတင်းကြိတ် လိုက်ကြသည်။ သို့သော်လည်း သူတို့ထဲမှ မည်သူမှ ကြောက်လန့်ခြင်း မရှိကြချေ။ သူတို့က အာဏာရှင်များ ဖြစ်ကြကာ ရန်သူနှင့် ရင်ဆိုင်ရာတွင် ဘယ်တော့မှ မကြောက်ကြချေ။
သူတို့ရှေ့၌ ရပ်နေသူက အလွန် ဆိုးရွားစွာ အစွမ်းထက်သည့် မကောင်းဆိုးဝါး စောင့်ကြပ်သူ ဖြစ်စေ.... အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ဖြစ်စေ... အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ပုံရိပ် နှလုံးသားထဲတွင် ရှိနေသရွေ့ ကြောက်ရွံ့ခြင်းက သူတို့ကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။
ရေကန်...
အာဏာရှင်များမှာ တစ်ပြိုင်နက်တည်းလိုပင် နည်းဗျူဟာများကို ပြောင်းလဲလိုက်ကြ၏။ သူတို့က ရေကန်ကို ပစ်မှတ်ထားလိုက်သည်။
သူတို့၏ ရည်မှန်းချက်မှာ ရိုးရှင်းသည်။
စုမေ့ကို လှုပ်ရှားစေရန် အတွက်ပင်...။
***