လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့ မဟာမိတ်ဖွဲ့ခြင်း
Vol. 66 Ch. 976
သူ၏လက်အောက်ငယ်သားထံမှ အဖြေကိုကြားသောအခါ လုယန်ဟွာ ခပ်ဟဟရယ်မောလိုက်သည်။ ထို့နောက်
“အနည်းဆုံးတော့ အဲ့ဒီမိန်းမ သူ့အခြေအနေသူ သိသားပဲ”
အစပိုင်းတွင် ယွမ်ချင်းရှု၏ ငြင်းဆန်မှုကို သူ အထင်လွဲခဲ့သည်။ သူမက သူ ထျန်းယွမ်ကမ္ဘာမှ ထွက်ခွာသွားပြီဖြစ်၍ ကြားဝင်စွက်ဖက်နိုင်တော့မည် မဟုတ်ဟု ယုံကြည်ကာ ခေါင်းမာနေသည်ဟု ထင်မှတ်ထားခဲ့၏။
ယခုမူ ယွမ်ရှန်ရှန်ကို ဖမ်းဆီးရန် ထျန်းချန်ကမ္ဘာသို့ ယွမ်ချင်းရှု ကိုယ်တိုင်သွားရန် စီစဉ်ထားပြိီဖြစ်သည်။
သို့သော်လည်း...
သူ ထျန်းချန်ကမ္ဘာ၏ တည်နေရာကို သိလိုခြင်းမှာ ယွမ်ရှန်ရှန်ကို ဖမ်းဆီးရန်အတွက်သက်သက် မဟုတ်ခဲ့ချေ။ သူ၏ တကယ့်ရည်ရွယ်ချက်မှာ သူ၏ နံပါတ်ကိုး ညီတော်အတွက် စမ်းသပ်မှုအခက်အခဲအချို့ကို တိုးမြှင့်ပေးရန် ဖြစ်သည်။ သူ့ကို ကောင်းစွာလေ့ကျင့်ပေးရန်အတွက် ထျန်းချန်ကမ္ဘာသို့ လူများစေလွှတ်ရန်လည်း သူ စီစဉ်ထားခဲ့သည်။
ဟုတ်ပါသည်။ ယွမ်ချင်းရှု ထျန်းချန်ကမ္ဘာသို့ ကိုယ်တိုင်သွားမည်ဖြစ်သောကြောင့် တည်နေရာကို မပေးအပ်လျှင်လည်း အရေးမကြီးတော့ပါ။
ယွမ်ချင်းရှုနှင့်အတူရှိသောလူများက သူတို့၏တည်နေရာကို အချိန်နှင့်တပြေးညီ ပြန်ပို့ပေးကြမည် ဖြစ်သည်။ ထိုအချိန်ကျမှ ယွမ်ချင်းရှု၏ နတ်လှေနောက်သို့ တိတ်တဆိတ်လိုက်ပါရန် တစ်စုံတစ်ယောက်ကို စေလွှတ်နိုင်ပေသည်။
ထိုသို့တွေးလိုက်သောအခါ လုယန်ဟွာ၏ နှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားသည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ညီတော် ကိုး။ အစ်ကို ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာလက်ဆောင်ကို မင်းကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။”
…….
မြူခိုးဒေသ။
လင်ဟူဂိုဏ်း။
အစည်းအဝေးခန်းမ။
ခန်းမထဲတွင် မျက်နှာသစ်များစွာ ရှိနေ၏။ ယခင်က လင်ဟူဂိုဏ်းတွင် မူလအစကမ္ဘာ နယ်ပယ်အဆင့်ရှိ ကျင့်စဉ်ကျင့်သူများ ဤမျှလောက် မများခဲ့ပေ။ သို့သော် ယခုတွင်မူ သူတို့၏ အရေအတွက် ယခင်ကထက် နှစ်ဆတိုးလာခဲ့သည်။
ကျန်းဟုန်ရယ်က တက်ရောက်လာသူများကို ဝေ့ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ် အကြီးအကဲတစ်ဦးက မတ်တပ်ရပ်၍
“ဂိုဏ်းချုပ်။ အခု အင်အားကြီးသုံးဖွဲ့က မြူခိုးဒေသကို ခွဲဝေယူလိုက်ကြပြီ။ ကျွန်တော်တို့ နောက်တစ်ဆင့် ဘာလုပ်သင့်လဲ စဉ်းစားသင့်ပါပြီ။”
ထို့နောက်တွင် အခြားအကြီးအကဲတစ်ဦးကလည်း ထပ်ပြောလိုက်သည်။
“ဟုတ်ပါတယ် ဂိုဏ်းချုပ်။ လက်ရှိအခြေအနေကို ကြည့်ရရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ တန်ခိုးရှင်တစ်သောင်းဂိုဏ်း ဒါမှမဟုတ် မြူခိုးမှော်ဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ရမှာပဲ။ ဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။”
ထို့နောက် အကြီးအကဲအများအပြားက လင်ဟူဂိုဏ်းအနေနှင့် တစ်စုံတစ်ခု လုပ်ဆောင်သင့်ကြောင်း အကြံပြုကြသည်။
သူတို့သည် စကားများစွာ ပြောဆိုနေကြသော်လည်း သူတို့စကားများ၏ အနှစ်သာရကတော့ ဗလာနတ္ထိပင်။ မည်သူတစ်ဦးတစ်ယောက်မှ အတိအကျ ဘာလုပ်သင့်သည်ကို အကြံမပြုရဲပေ။ သူတို့အားလုံးသိသည့် တစ်ခုတည်းသာ အရာက လင်ဟူဂိုဏ်းသည် လက်ရှိတွင် အင်အားအနည်းဆုံးဖြစ်နေပြီး အချိန်မရွေး ချေမှုန်းခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟူသောအချက်ပင်။
ယခင်က သူတို့ အင်အားကြီးသုံးဖွဲ့သည် ခိုင်မာသော မဟာမိတ်ဖွဲ့ပြီး အင်အားငယ်များကို ရှင်းလင်းခဲ့သည် မဟုတ်ပါလား။
ယခု တန်ခိုးရှင်တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့အတွက် လင်ဟူဂိုဏ်းသည်လည်း အင်အားနည်း အဖွဲ့အစည်းဟု သတ်မှတ်လို့ရ၏။ သူတို့နှစ်ဖွဲ့ ထပ်မံပူးပေါင်း၍ လင်ဟူဂိုဏ်းကို ခွဲဝေယူဖို့က အလွန်ဖြစ်နိုင်ခြေရှိသည်။
အကြီးအကဲများ၏ စကားကိုကြားသောအခါ ကျန်းဟုန်ရယ်က အေးစက်စွာဖြင့်
“ခင်ဗျားတို့အားလုံး ကျွန်တော်တို့ရဲ့အခြေအနေက အရမ်းအန္တရာယ်များနေတာကို သတိထားမိကြမှတော့ ဖြေရှင်းချက်ကောင်းတစ်ခု ရှာကြပါလား။ အခု ခင်ဗျားတို့တစ်ယောက်ချင်းစီက တစ်ခုခုလုပ်ဖို့ပဲ ပြောနေကြတာ။ ဘယ်သူမှ အစီအစဉ်ကောင်းတစ်ခုနဲ့ ထွက်လာတာကို ကျွန်တော်မတွေ့ဘူး။”
ကျန်းဟုန်ရယ်၏ ဤစကားကြောင့် ခန်းမအတွင်းရှိ အကြီးအကဲများ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး မည်သူမှ ထပ်မံမပြောဆိုကြတော့ပေ။ အကြောင်းမှာ သူတို့ထံတွင် အမှန်တကယ်ပင် အစီအစဉ်ကောင်း မရှိသောကြောင့် ဖြစ်သည်။
ထိုအခိုက်တွင် အတွင်းစည်း ဘဏ္ဍာစိုးတစ်ဦးသည် ခန်းမအတွင်းသို့ အလျင်အမြန်ဝင်လာပြီး ကျန်းဟုန်ရယ်အား
“ဂိုဏ်းချုပ်။ မြူခိုးမှော်ဂိုဏ်းချုပ်က စာတစ်စောင် ပို့လိုက်ပါတယ်။”
ထို့နောက် ဘဏ္ဍာစိုးက သူကိုင်ထားသော စာကို ကမ်းပေးလိုက်၏။
ထိုအရာကို ကြားသောအခါ ကျန်းဟုန်ရယ် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဘဏ္ဍာစိုးလက်ထဲမှ စာလွှာ ချက်ချင်းပင် သူ၏လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။
ကျန်းဟုန်ရယ်လည်း စာကိုဖွင့်၍ အတွင်းမှအကြောင်းအရာများကို ဖတ်ရှုလိုက်သည်။
ထိုစဉ် အကြီးအကဲတစ်ဦးက စိတ်မရှည်စွာ မေးလိုက်သည်။
“ဂိုဏ်းချုပ်။ ဟန်ယွမ်ခိုင်က စာထဲမှာ ဘာပြောထားလဲ မေးလို့ရမလား။”
ကျန်းဟုန်ရယ်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။
“သူက တခြား ဘာပြောနိုင်ဦးမှာလဲ။ သူက ကျွန်တော့်ကို တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ရေးအတွက် ဆွေးနွေးဖို့ မြူခိုးမှော်ဂိုဏ်းကို လာစေချင်တာပဲ။”
ထိုစကားကိုကြားသောအခါ ခန်းမထဲရှိ အကြီးအကဲများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြ၏။ အကြောင်းမှာ မြူခိုးမှော်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခြင်းသည် ဂိုဏ်းကြီးနှစ်ခု၏ ချေမှုန်းခံရခြင်းကို ကြောက်ရွံ့စရာမလိုတော့ဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်သည်။
အကြီးအကဲတစ်ဦးက စတင်ပြောလိုက်သည်။
“ဂိုဏ်းချုပ်။ ဒါက သတင်းကောင်းပဲ။ ကျွန်တော်တို့ မြူခိုးမှော်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် ကျွန်တော်တို့ရဲ့ အရင်က စိုးရိမ်မှုတွေက...”
ထိုအကြီးအကဲ စကားမဆုံးမီမှာပင်
ကျန်းဟုန်ရယ်က ဖြတ်ပြောလိုက်သည်။
“ဒါ လုံးဝ သတင်းကောင်းမဟုတ်ဘူး။”
“ဟန်ယွမ်ခိုင်က ကျွန်တော့်ကို မြူခိုးမှော်ဂိုဏ်းကို ဖိတ်ခေါ်တာမှာ တခြားရည်ရွယ်ချက်တွေ မရှိဘူးလို့ ခင်ဗျားတို့ ဘယ်လိုသိလဲ။”
“ဒါက ထောင်ချောက်တစ်ခုဆိုရင်တော့ ကျွန်တော်အဲ့ဒီကို သွားတာနဲ့ ဘယ်တော့မှ ပြန်မလာနိုင်တော့မှာ သေချာတယ်။”
“ နောက်ပြီး လင်ဟူဂိုဏ်းက မြူခိုးမှော်ဂိုဏ်းနဲ့ပူးပေါင်းပြီး တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို ချေမှုန်းလိုက်ရင်တောင် မြူခိုးမှော်ဂိုဏ်းက လင်ဟူဂိုဏ်းကို နောက်တစ်ဆင့် လှည့်တိုက်လာနိုင်ခြေ အရမ်းများတယ်။ ပြီးတော့ တန်ခိုးရှင်တစ်သောင်းဂိုဏ်းရဲ့ အဟန့်အတား မရှိတော့ရင် လင်ဟူဂိုဏ်းကို မြူခိုးမှော်ဂိုဏ်းက ချေမှုန်းဖို့ ပိုလွယ်သွားလိမ့်မယ်။”
ကျန်းဟုန်ရယ်သည် လူမိုက်တစ်ဦး မဟုတ်ပေ။ မြူခိုးမှော်ဂိုဏ်း၏ ရည်မှန်းချက်ကို သူ ရှင်းလင်းစွာ နားလည်၏။ ဟန်ယွမ်ခိုင် မည်မျှလောက် ရည်မှန်းချက်ကြီးမားသည်ကိုလည်း သူကောင်းစွာ သိထားသည်။
အစပိုင်းတွင် သူလည်း တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို ရင်ဆိုင်ရန် မြူခိုးမှော်ဂိုဏ်းနှင့် ပူးပေါင်းဖို့ စဉ်းစားခဲ့သေးသည်။ သို့သော် မြူခိုးဒေသရှိ အင်အားစုဖွဲ့စည်းပုံ ပြောင်းလဲလာသည်နှင့်အမျှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
ဟန်ယွမ်ခိုင်၏ အသုံးချခံဖြစ်ရန် သူ မလိုလားပေ။
ကျန်းဟုန်ရယ် ပြောသည်ကို ကြားသောအခါ ခန်းမအတွင်းရှိ အကြီးအကဲများ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားကြပြန်သည်။
တကယ်တော့ တန်ခိုးရှင်တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့ တိတ်တဆိတ် မဟာမိတ်ဖွဲ့ထားပြီးသား ဟုတ်မဟုတ်ကို မည်သူမှ သေချာမပြောနိုင်ပေ။ အကယ်၍ သူတို့၏ ဂိုဏ်းချုပ် ယခုအချိန်တွင် ဟန်ယွမ်ခိုင်နှင့် မဟာမိတ်ဖွဲ့ရေး ဆွေးနွေးရန် သွားရောက်ပါက သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်ခြေ အလွန်များသည်။
မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့သည် အင်အားကြီးမဟာမိတ်တစ်ခု ဖွဲ့စည်းထားသော်လည်း လင်ဟူဂိုဏ်းတွင်လည်း အတော်အသင့် အင်အားရှိ၏။ အထူးသဖြင့် ဂိုဏ်း၏ တောင်တံခါး နည်းဗျူဟာ ပုံစံနှင့်ဆိုလျှင် ဂိုဏ်းကြီးနှစ်ခုပေါင်း တိုက်ခိုက်လျှင်ပင် ဖောက်ထွင်းရန်မလွယ်ပေ။
သို့သော် ဂိုဏ်းချုပ် ကျန်းဟုန်ရယ် ချေမှုန်းခံရပါက လင်ဟူဂိုဏ်း သူ့အလိုလို ပြိုလဲသွားမည်ဖြစ်သည်။
လင်ဟူဂိုဏ်းတွင် ယင်ယန်နယ်ပယ်အဆင့်ရှိ အင်အားကြီး ကျင့်စဉ်ကျင့်သူမှာ ကျန်းဟုန်ရယ် တစ်ဦးတည်းသာရှိသည်။ မူလအစကမ္ဘာ နယ်ပယ် နဝမအဆင့်ရှိ အခြားအင်အားကြီး ကျင့်စဉ်ကျင့်သူများမှာ အခြားအင်အားစုများမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ လင်ဟူဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်တွင်လည်း သူတို့၏ သစ္စာစောင့်သိမှုကို အပြည့်အဝယုံကြည်၍ မရသေးပေ။
ကျန်းဟုန်ရယ်သာ မရှိတော့ပါက ထိုကျင့်စဉ်ကျင့်သူများသည် အာဏာနှင့် စည်းစိမ်ကို သိမ်းပိုက်ရန် မလွဲမသွေ ကြိုးပမ်းကြမည်သာဖြစ်သည်။ မည်သူမှ တစ်ဦးတစ်ယောက်ကို လက်အောက်ခံမည် မဟုတ်ပေ။ တောင်တံခါး နည်းဗျူဟာ ပုံစံရှိနေလျှင်ပင် ဂိုဏ်းနှစ်ခု တိုက်ခိုက်လာသောအခါ လင်ဟူဂိုဏ်းတစ်ခုလုံး စည်းလုံးညီညွတ်စွာ ခုခံနိုင်မည် မဟုတ်ချေ။
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ ဟန်ယွမ်ခိုင်က လင်ဟူဂိုဏ်းကို ကိုယ်တိုင်သိမ်းပိုက်လိုခြင်း ဖြစ်သည်။
အကယ်၍ ကျန်းဟုန်ရယ်သာ မြူခိုးမှော်ဂိုဏ်း၏ နယ်မြေသို့ သွားရောက်ခဲ့ပါက မြူခိုးမှော်ဂိုဏ်း၏ အင်အားနှင့်ဆိုလျှင် သူ့ကို ထိန်းသိမ်းထားရန် အခက်အခဲရှိမည် မဟုတ်ပေ။
ဂိုဏ်းခေါင်းဆောင်ကို ချေမှုန်းပြီးသည်နှင့် လင်ဟူဂိုဏ်း၏ တပည့်များကို လက်နက်ချရန် ဟန်ယွမ်ခိုင် ကိုယ်တိုင် ရောက်လာမည်ဖြစ်သည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင် သေဆုံးသွားပါက လင်ဟူဂိုဏ်း၏ တပည့်များလည်း မြူခိုးမှော်ဂိုဏ်းထံ လက်နက်ချဖွယ်ရှိသည်။
ဤနည်းဖြင့် မြူခိုးမှော်ဂိုဏ်းက လင်ဟူဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ကျန်းဟုန်ရယ် မြူခိုးမှော်ဂိုဏ်းသို့ မသွားသင့်ပေ။ မြူခိုးမှော်ဂိုဏ်းအား တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို တိုက်ခိုက်ရာ၌ ကူညီခြင်းအားလည်း မပြုလုပ်ရပေ။
ထိုအချိန်တွင် အစည်းအဝေးခန်းမ အလွန်အမင်း တင်းမာနေပြီး လူတို့၏ အသက်ရှူသံများကိုပင် ကြားနေရသည်။
အချိန်မည်မျှကြာသွားသည်မသိ အကြီးအကဲတစ်ဦးက နောက်ဆုံးတွင် မေးလိုက်သည်။
“ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
ကျန်းဟုန်ရယ်သည် လင်ဟူဂိုဏ်းတစ်ခုလုံး၏ ဒေါက်တိုင်ဖြစ်၏။ ယခုအခြေအနေတွင်တော့ သူ အစီအစဉ်ကောင်းတစ်ခု စဉ်းစားပေးလိမ့်မည်ဟုသာ အားလုံးမျှော်လင့်နိုင်ကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ကျန်းဟုန်ရယ်၏ မျက်နှာ ပြေလျော့သွားသည်။
“ကျွန်တော် နည်းလမ်းတစ်ခု တွေးမိပြီ။”
လူတိုင်းက မေးတော့မည်အပြုတွင် ကျန်းဟုန်ရယ်က
“နောက်ရက်အနည်းငယ်နေရင် ခင်ဗျားတို့ သိလာလိမ့်မယ်။”
……..
ရက်အနည်းငယ်ကြာပြီးနောက်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်း။
အစည်းအဝေးခန်းမတွင် ကျိဟုန်ဝမ်သည် စာတစ်စောင်ကို ကိုင်လျက် အတွင်းမှစာသားများကို အလေးအနက်ထား ဖတ်ရှုနေသည်။
စာကိုဖတ်ပြီးနောက် ကျိဟုန်ဝမ်၏ နှုတ်ခမ်းများ အနည်းငယ်အပေါ်သို့ ကွေးတက်သွားသည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကြည့်ရတာ ဟန်ယွမ်ခိုင်ရဲ့ အစီအစဉ်က ပျက်သွားလောက်ပြီ။ ကျန်းဟုန်ရယ်က လုံးဝမိုက်မဲတာတော့ မဟုတ်ဘူးပဲ။”
ကျိဟုန်ဝမ် ကိုင်ထားသောစာသည် ကျန်းဟုန်ရယ် ကိုယ်တိုင်ရေးသားခဲ့သောစာ ဖြစ်သည်။ ထိုစာထဲတွင် မြူခိုးမှော်ဂိုဏ်းက တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို ဖျက်ဆီးရန် လင်ဟူဂိုဏ်းကို မည်သို့ဆွဲဆောင်နေကြောင်း ရှင်းပြထားသည်။
ကျန်းဟုန်ရယ်၏ ဤလုပ်ရပ်နောက်ကွယ်တွင် လေးနက်သော အဓိပ္ပါယ်တစ်ခုပါနေသည်။ မြူခိုးမှော်ဂိုဏ်းနှင့် ပူးပေါင်း၍ တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို သူတို့ ဖျက်ဆီးနိုင်ခဲ့သော်လည်း ထိုသို့မပြုလုပ်ခဲ့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ ဒါက သူ၏ ဖြောင့်မတ်မှန်ကန်မှုကို ပြသခြင်းပင်။
အကယ်၍ အနာဂတ်တွင် တန်ခိုးရှင်တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့ လင်ဟူဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ရန် ပူးပေါင်းပါက တန်ခိုးရှင်တစ်သောင်းဂိုဏ်းအနေနှင့် ကျေးဇူးကန်းရာ ကျသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျန်းဟုန်ရယ်က ဟန်ယွမ်ခိုင်၏ ကြီးမားသော ရည်မှန်းချက်ကို ကျိဟုန်ဝမ်အား သတိပေးနေခြင်းလည်း ဖြစ်သည်။ မြူခိုးမှော်ဂိုဏ်း၏ နောက်ဆုံးပန်းတိုင်မှာ မြူခိုးဒေသရှိ အင်အားစုအားလုံးကို ဖယ်ရှားပစ်ရန်ဖြစ်ကြောင်း သူက သတိပေးလိုက်သည်။
မြူခိုးဒေသရှိ အင်အားစုအားလုံးကို ဖယ်ရှားပြီးသောအခါ မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပွင့်သွားသည်နှင့် ထျန်းချန်ကမ္ဘာတစ်ခုလုံးအား မြူခိုးမှော်ဂိုဏ်း တစ်ခုတည်းသာ ပိုင်ဆိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ထည့်သွင်းစဉ်းစားရမည့် အင်အားကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကျန်းဟုန်ရယ်က စာထဲတွင် သူတို့ ဟန်ယွမ်ခိုင်၏ အင်အားကို မြင်တွေ့ပြီးဖြစ်ကြောင်းလည်း အထူးသတိပေးထား၏။ အကယ်၍ တန်ခိုးရှင်တစ်သောင်းဂိုဏ်း သို့မဟုတ် လင်ဟူဂိုဏ်းတို့က မြူခိုးမှော်ဂိုဏ်းနှင့် တစ်ဖွဲ့ချင်း ရင်ဆိုင်ရပါက ယှဉ်ပြိုင်ရန် လုံလောက်သော အင်အားမရှိနိုင်ပေ။
သို့ဖြစ်၍ လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့သည် မြူခိုးမှော်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ရန် ပူးပေါင်းသင့်သည်။ သို့သော် ဤမဟာမိတ်ဖွဲ့ခြင်းသည် ခုခံကာကွယ်ရန်အတွက်သာဖြစ်ပြီး မြူခိုးမှော်ဂိုဏ်းကို ဖျက်ဆီးရန် မဟုတ်ပေ။
ကျန်းဟုန်ရယ်၏ စာမှတစ်ဆင့် ကျိဟုန်ဝမ်သည်လည်း သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။ ကျန်းဟုန်ရယ်က လင်ဟူဂိုဏ်း၏ လွတ်လပ်မှုကို ထိန်းသိမ်းထားလိုပြီး ဂိုဏ်းကြီးနှစ်ခုကြားတွင် ကြားခံအဖြစ် ဆောင်ရွက်လိုသည်။
မည်သည့်ဘက်က ပိုအားကောင်းသည်ဖြစ်စေ လင်ဟူဂိုဏ်းက အတော်အတန် အားနည်းသောဘက်သို့ ယိမ်းယိုင်ကာ မြူခိုးဒေသတွင် တည်ငြိမ်မှုကို ထိန်းသိမ်းမည်ဖြစ်သည်။
သူတို့ ထျန်းချန်သို့ ဝင်ရောက်သောအခါ လင်ဟူဂိုဏ်းသည် ဤချိန်ခွင်လျှာညှိသည့် နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနိုင်ပြီး အင်အားကြီးသုံးဖွဲ့ကြားရှိ ချိန်ခွင်လျှာကို အမှန်တကယ် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
မြူခိုးမှော်ဂိုဏ်းသည် အင်အားကြီးမားသော်လည်း တန်ခိုးရှင်တစ်သောင်းဂိုဏ်းနှင့် လင်ဟူဂိုဏ်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ချေမှုန်းနိုင်သည်အထိတော့ မဟုတ်သေးပေ။ လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့ ပိုမိုနီးကပ်လာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်လည်း မဆင်မခြင် ပြုလုပ်ဝံ့မည် မဟုတ်ချေ။
ကျန်းဟုန်ရယ်၏ အဆိုပြုချက်အား ကျိဟုန်ဝမ်အနေနှင့် ငြင်းပယ်ရန် အကြောင်းမရှိပါ။ သူ့အတွက် မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပွင့်လာသည်အထိ ဆက်လက်အချိန်ဆွဲရန် လိုအပ်သည်။ ထို့နောက် တန်ခိုးရှင်တစ်သောင်းဂိုဏ်းသည် ထျန်းချန်သို့ ဝင်ရောက်ကာ သူတို့၏ သခင်နှင့် ပြန်လည်ပေါင်းစည်းနိုင်မည်ဖြစ်သည်။
ထို့နောက် ကျိဟုန်ဝမ်က ကျန်းဟုန်ရယ်ထံသို့ စာတစ်စောင်ပြန်ရေးလိုက်ပြီး လင်ဟူဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူကြောင်း ဖော်ပြခဲ့သည်။
ဟုတ်ပါသည်။ ဤမဟာမိတ်ဖွဲ့ခြင်းသည် အပေါ်ယံသာဖြစ်ပြီး အခြားအဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်ရန် ပူးပေါင်းခြင်း မဟုတ်ပေ။ ယခု အဓိကရည်ရွယ်ချက်က သူတို့၏နီးကပ်မှုကို မြူခိုးမှော်ဂိုဏ်းအား ပြသရန်အတွက်သာ ဖြစ်သည်။
ဂိုဏ်းကြီးနှစ်ခု မဟာမိတ်ဖွဲ့ခြင်းသည် မြူခိုးမှော်ဂိုဏ်းနှင့် ဟန်ယွမ်ခိုင်တို့အား သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်သည်။ သူတို့၏ ပူးပေါင်းအင်အားက မြူခိုးမှော်ဂိုဏ်းထက် သာလွန်သောကြောင့် မဆင်မခြင် ပြုလုပ်ခြင်း သို့မဟုတ် မလျော်ကန်သော ရည်မှန်းချက်များ မထားရှိသင့်ကြောင်း သတိပေးခြင်း ဖြစ်သည်။
မကြာမီတွင် လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့ မဟာမိတ်ဖွဲ့လိုက်သည့်သတင်းသည့် သတင်း မြူခိုးဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့ မဟာမိတ်ဖွဲ့လိုက်သည်ကို ကြားသောအခါ ဟန်ယွမ်ခိုင် မအံ့သြခဲ့ပေ။ သူတို့နှစ်ဖွဲ့ မဟာမိတ်ဖွဲ့ခြင်းကို သူ ကြိုတင်မျှော်လင့်ထားခဲ့ ပုံရသည်။