← Chapters

မြူခိုးဒေသမှ အင်အားကြီး သုံးဖွဲ့ စုစည်းခြင်း

Vol. 66 Ch. 979

မြူခိုးဒေသမှ အင်အားကြီး သုံးဖွဲ့ စုစည်းခြင်း

Vol. 66 Ch. 979

မြူခိုးဒေသ။

တန်ခိုးရှင် တစ်သောင်းဂိုဏ်း။

ကျိဟုန်ဝမ်နှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ အကြီးအကဲအချို့သည် တောင်ထိပ်တွင် ရပ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်နေကြ၏။

ယခုအခါ မြူခိုးဒေသရှိ မြူခိုးအများအပြားသည် အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ မူလက မြူခိုးဒေသတွင် သုံးမီတာအောက်သာ မြင်နိုင်သော်လည်း ယခုအခါ မြူခိုးများ ရှင်းလင်းလာသည်နှင့်အမျှ ဆယ်မီတာကျော်အထိ အရှေ့ကို မြင်နိုင်ပြီ ဖြစ်၏။

မြူခိုးများ လုံးဝရှင်းလင်းလုနီးပါး ဖြစ်နေပြီး ယင်းက ကန့်သတ်ချက်များ မကြာခင် ပျောက်ကွယ်တော့မည်ကို ဆိုလိုသည်။

ရှနိုင်ငံတော်က ပြင်ဆင်ပြီးပြီလား ဆိုတာကို‌ တော့ ကျိဟုန်ဝမ် မသိနိုင်ပေ။ ယခင်က သူတို့၏ သခင်နှင့် စောစောစီးစီး တွေ့ဆုံနိုင်ရန် မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားစေဖို့ အမှန်တကယ် ဆန္ဒရှိခဲ့၏။

သို့သော်လည်း လတ်တလော နှစ်များအတွင်း လုချန်းသည် အချိန်နှင့်နေရာ ကြည့်မှန်မှတစ်ဆင့် သူနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့ပြီး ထျန်းချန်ကမ္ဘာ၏ အခြေအနေများကို အသိပေးခဲ့ရာ ထျန်းချန်ကမ္ဘာ၏ အင်အားသည် မြူခိုးဒေသမှ အင်အားစုများနှင့် ရင်ဆိုင်ရန် မလုံလောက်သေးကြောင်း ကျိဟုန်ဝမ်အား နားလည်စေခဲ့သည်။

အကယ်၍ မြူခိုးဒေသ၏ ကန့်သတ်ချက်များ အချိန်မတိုင်မီ ပျောက်ကွယ်သွားပါက ရှနိုင်ငံတော်သည် လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့၏ ကျူးကျော်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက

“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်တော့မယ်။ မင်းကြီးရဲ့ အင်အားက ဘယ်လောက်ထိ ပြန်ကောင်းလာပြီလဲဆိုတာ ကျွန်တော်တို့ မသိကြသေးဘူး။”

“ကျွန်တော်တို့ မခုခံနိုင်ဘူးဆိုရင် တခြားဂိုဏ်းနှစ်ခုကို နယ်မြေတချို့ ခွဲပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ မင်းကြီးရဲ့အင်အား ကောင်းလာတဲ့အခါမှ အဲဒီနယ်မြေတွေကို ပြန်သိမ်းယူလို့ ရတာပဲ။”

အကြီးအကဲ၏ စကားကို ကြားသောအခါ ကျိဟုန်ဝမ် အပါအဝင် အကြီးအကဲအားလုံးလည်း ဒါက အကောင်းဆုံး ချဉ်းကပ်မှုဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူတို့၏ သခင်၏အင်အားကောင်းလာလျှင် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းကို ချေမှုန်းနိုင်ပေလိမ့်မည်။ ထို့ကြောင့် ယခုလောလောဆယ်တွင် သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မလိုအပ်ပေ။

သို့သော် သူတို့၏ သခင် မည်သို့တွေးသည်ကိုမူ သူတို့ မသိကြချေ။ သူတို့၏ သခင်က ဤရှုံးနိမ့်မှုကို လက်ခံနိုင်မည်မဟုတ်ပေ။

အင်အားကြီးသူများတွင် မာန ရှိတတ်ကြသည်။ အချို့သော အင်အားကြီး ပုဂ္ဂိုလ်များသည် သူတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ရမည့်အစား သေခြင်းရွေးချယ်ကြလိမ့်မည်။

ကျိဟုန်ဝမ် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေချိန်တွင် ရုတ်တရက် သူတို့၏ ပတ်ဝန်းကျင်၌ လှိုင်းဂယက်များ ခံစားလိုက်ရသည်။ အားလုံးက အာကာသ ပြိုကျတော့မည်ဟု ထင်နေစဉ်မှာပင် သူတို့၏ရှေ့တွင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ထိုသူမှာ လုချန်းဖြစ်ကြောင်း မြင်သောအခါ ကျိဟုန်ဝမ်နှင့် အကြီးအကဲများအလျင်အမြန် ဂါရဝပြုလိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

လုချန်းက ခပ်အေးအေးဟန်ဖြင့်

“ထုံးစံတွေ ထားလိုက်ပါ။”

ကျိဟုန်ဝမ်က ချက်ချင်း မေးလိုက်သည်။

“မင်းကြီး။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်တော့မှာပါ။ လင်ဟူဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းက လူတွေကလည်း ထျန်းချန်ထဲကို ဝင်ဖို့ ပြင်ဆင်ပြီးနေပါပြီ။”

လုချန်းက ခပ်အေးအေးပင်

“ ကျွန်တော်သိပြီးသားပါ။”

“ခင်ဗျားတို့ကို ကျွန်‌တော်ခေါ်လိုက်တာက အဓိကအားဖြင့် စိတ်ဝိညာဉ်ချပ်ဝတ် အစုံတစ်ထောင် ပြင်ဆင်ထားတယ်ဆိုတာ အသိပေးဖို့ပဲ။ ဒီချပ်ဝတ်တွေကို ဝတ်လိုက်ရင် ခင်ဗျားတို့ရဲ့ အင်အားက အဆင့်တစ်ဆင့်စာ တိုးမြင့်သွားလိမ့်မယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ အရည်ပျော်သွားတာနဲ့ ခင်ဗျားတို့ ရန်ခရိုင်ကို ချက်ချင်းလာခဲ့ရမယ်။”

“အဲဒီအချိန်ကျရင် ချပ်ဝတ်တွေကို တန်ခိုးရှင်တစ်သောင်းဂိုဏ်းက ကျင့်စဉ်ကျင့်သူတွေကို ခွဲဝေပေးမယ်။”

ထိုစကားကို ကြားသောအခါ ကျိဟုန်ဝမ်နှင့် အကြီးအကဲများ မှင်တက်သွားကြ၏။

စိတ်ဝိညာဉ်ချပ်ဝတ်လား။

ဘယ်လို စိတ်ဝိညာဉ်ချပ်ဝတ်မျိုးက ကျင့်စဉ်ကျင့်သူတစ်ဦး၏ အင်အားကို အဆင့်တစ်ဆင့်လုံး တိုးမြှင့်ပေးနိုင်သနည်း။

အင်အားကို တိုးမြှင့်ပေးနိုင်သော စိတ်ဝိညာဉ် ပစ္စည်းများအကြောင်းကို သူတို့ သဘာဝအတိုင်း သိကြသည်။ ကျင့်စဉ်လောကတွင် ထိုသို့သော ပစ္စည်းများစွာရှိ၏။ သို့သော် တစ်ဦးတစ်ယောက်၏ အင်အားကို အဆင့်တစ်ဆင့်လုံး တိုးမြှင့်ပေးနိုင်စွမ်းရှိသော အရာများကတော့ ရှားပါးလှသည်။

ထို့ပြင် သူတို့၏ သခင်က စိတ်ဝိညာဉ်ချပ်ဝတ် အစုံတစ်ထောင်ဟု ဆိုခဲ့သည်။ ဆယ်စုံမဟုတ်၊ တစ်ရာလည်းမဟုတ်ပဲ တစ်ထောင် ဖြစ်၏။

ထိုကဲ့သို့သော စိတ်ဝိညာဉ်ချပ်ဝတ် အစုံတစ်ထောင်ဖြင့်ဆိုလျှင် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းနှစ်ဂိုဏ်းပေါင်းလျှင်ပင် တန်ခိုးရှင်တစ်သောင်းဂိုဏ်း၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။

သူတို့၏ သခင်သည် ဤမျှများပြားသော စိတ်ဝိညာဉ်ချပ်ဝတ်များကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။ သူတို့များ နားကြားမှားသွားတာလား။

ထိုအခိုက်တွင် ကျိဟုန်ဝမ်က

“မင်းကြီး။ မင်းကြီးပြောတာက အဆင့်တစ်ဆင့်လုံး တိုးမြှင့်ပေးတယ်လို့ ဆိုလိုတာလား”

ဟု အတည်ပြုလိုက်သည်။

လုချန်းက

“ဟုတ်ပါတယ်။ ကောင်းကင်လူသားအဆင့်မှာရှိတဲ့သူတွေ ဒီချပ်ဝတ်ကို ဝတ်လိုက်ရင် သူတို့ရဲ့အင်အားက မူလအစကမ္ဘာ နယ်ပယ်အဆင့်ကို တက်သွားလိမ့်မယ်။ မူလအစကမ္ဘာ နယ်ပယ်အဆင့်မှာ ရှိတဲ့သူတွေက ဝတ်ဆင်ရင် ယင်ယန်နယ်ပယ်ကို ရောက်သွားလိမ့်မယ်။ ဒီအတိုင်းပဲ ဆက်သွားမှာပဲ။”

ထိုစကားများကြောင့် ကျိဟုန်ဝမ် အပါအဝင် အကြီးအကဲများ အလွန် မှင်တက်သွားကြ၏။ အမှန်တကယ်ပင် အဆင့်တစ်ဆင့်လုံး တိုးမြှင့်ပေးခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ကျိဟုန်ဝမ်နှင့် အကြီးအကဲ ယုချန်ချင်တို့ ဤချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်နှင့် သူတို့၏ အင်အားသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ ထိုသို့ဖြစ်ပါက မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့က သူတို့အား မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ထို့ပြင် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတွင် မူလအစကမ္ဘာ နယ်ပယ်အဆင့်ရှိ အကြီးအကဲ ဆယ်ဦးရှိ၏။ သူတို့လည်း ချပ်ဝတ်များကို ဝတ်ဆင်လိုက်ပါက သူတို့၏ အင်အားသည် ယင်ယန်နယ်ပယ်အဆင့်သို့ တက်သွားနိုင်သည်။

လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းနှစ်ခုပေါင်းလျှင်ပင် ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ သုံးဦးသာ ရှိသည်။ ထိုအချိန်တွင် ကျိဟုန်ဝမ်နှင့် အကြီးအကဲ ယုချန်ချင်တို့ ဝင်ရောက်တိုက်ခိုက်ရန်ပင် မလိုအပ်ပဲ ထိုအကြီးအကဲ ဆယ်ဦးတည်းဖြင့် လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းကို ချေမှုန်းနိုင်ပေသည်။

ဤအချက်ကို နားလည်သွားသောအခါ ကျိဟုန်ဝမ်တို့ လုံးဝ စိတ်အေးသွားကြ၏။

ထိုအချိန်တွင် လုချန်းက

“ကောင်းပြီ။ လောလောဆယ် ဒီလောက်ပဲ ပြောကြရအောင်။”

သူ၏ စကားသံဆုံးသည်နှင့် လုချန်း၏ ပုံရိပ်သည် ထိုနေရာတွင်ပင် ပျောက်ကွယ်သွား၏။ မြူခိုးဒေသ၏ ကန့်သတ်ချက်များ မကြာမီ ပျောက်ကွယ်တော့မည် ဖြစ်သည်။ ဤအချိန်တွင် လုချန်းအနေနှင့် သူ၏ အင်အားကို ချွေတာရန် လိုအပ်ပြီး စိတ်ဝိညာဉ် စွမ်းအား အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ရတော့မည်ဖြစ်သည်။

လုချန်း၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် အကြီးအကဲ ယုချန်ချင်က ကျိဟုန်ဝမ်အား ချက်ချင်းပင်

“ဂိုဏ်းချုပ်။ မင်းကြီးက စိတ်ဝိညာဉ်ချပ်ဝတ်တွေ ပြင်ဆင်ပြီးပြီဆိုတော့ ကျွန်တော်တို့လည်း အမြန်ဆုံး ပြင်ဆင်ရမယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်သွားတာနဲ့ ကျွန်တော်တို့ ချက်ချင်း ထျန်းချန်ကမ္ဘာကို သွားကြမယ်။”

ထို့နောက် ကျိဟုန်ဝမ်က အင်းကွက်တစ်ခုကို ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းလိုက်ပြီး

“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်တော့မယ်။ အပြင်မှာ လေ့ကျင့်နေတဲ့ တန်ခိုးရှင်တစ်သောင်းဂိုဏ်းရဲ့ တပည့်အားလုံး ချက်ချင်းပြန်လာရမယ်။ ကျင့်စဉ်စခန်းဝင်နေတဲ့သူတွေလည်း ကျင့်စဉ်စခန်းကို အဆုံးသတ်ပြီး ထျန်းချန်ကို သွားဖို့ ပြင်ဆင်ကြပါ။”

ကျိဟုန်ဝမ်၏ အသံသည် တန်ခိုးရှင်တစ်သောင်းဂိုဏ်း တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ကျိဟုန်ဝမ်၏ အမိန့်ကို ကြားသောအခါ တပည့်များ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။ နောက်ဆုံးတွင် သူတို့ ဤမတည်ငြိမ်သော နေရာမှ ထွက်ခွာနိုင်ပြီ ဖြစ်သည်။

မကြာမီ တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ တပည့်များသည် မိုးပျံလှေများဖြင့် အသင့်ဖြစ်နေကြပြီး မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည်နှင့် ထျန်းချန်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်။

တန်ခိုးရှင်တစ်သောင်းဂိုဏ်းကဲ့သို့ပင် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့သည်လည်း ပြင်ဆင်ပြီး ဖြစ်ကြသည်။ အင်အားကြီး သုံးဖွဲ့သည် ကန့်သတ်ချက်၏ ကနဦး အက်ကွဲကြောင်းနေရာတွင် တစ်ဖန်ပြန်၍ စုရုံးမိကြပြန်သည်။

ကန့်သတ်ချက် ပျောက်ကွယ်မှုသည် ထိုအက်ကွဲကြောင်းမှ သေချာပေါက် စတင်မည်ဖြစ်သည်။ ထိုနေရာကို စောင့်ကြပ်ထားခြင်းဖြင့် ကန့်သတ်ချက် စတင်ပျောက်ကွယ်သည်နှင့် ထျန်းချန်သို့ အမြန်ဆုံးနှုန်းဖြင့် ဝင်ရောက်နိုင်မည် ဖြစ်၏။

ထျန်းချန်သို့ အရင်ဝင်ရောက်နိုင်သူသည် နယ်မြေများ ပိုမိုသိမ်းပိုက်၍ ရနိုင်သည်။ ယခုအခါ အင်အားကြီးသုံးဖွဲ့ ဟန်ချက်ညီနေသောကြောင့် မည်သူမှ အခြားအင်အားစုတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအတွင်း အပြည့်အဝ တိုက်ခိုက်ရန် မဝံ့ရဲကြပေ။

နယ်မြေကို အရင်သိမ်းပိုက်နိုင်သူက ထိုနယ်မြေကို ပိုင်ဆိုင်မည်ဖြစ်သည်။ အကယ်၍ အဖွဲ့တစ်ဖွဲ့က အခြားအင်အားစု၏ နယ်မြေကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် ကြိုးစားပါက အခြားအင်အားစုနှစ်ခု၏ ပူးပေါင်းတိုက်ခိုက်မှုကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်၏။

နောက်ကျမှ လုယူ၍ မဖြစ်နိုင်သောကြောင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ထျန်းချန်သို့ ဝင်ရောက်သည်နှင့် တတ်နိုင်သမျှ မြေနေရာများများ သိမ်းပိုက်ရန်သာ ဖြစ်သည်။

ဤအချိန်တွင် ကန့်သတ်ချက် အက်ကွဲကြောင်း ပတ်လည်၌ အရွယ်အစား ကြီးငယ်မတူသော မိုးပျံလှေ ဒါဇင်ပေါင်းများစွာဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်၏။

ဟန်ယွမ်ခိုင်က မိုးပျံလှေ၏ ဦးပိုင်းတွင်ရပ်လျက် အဝေးရှိ ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်ကို ကြည့်ကာ ပြုံးလျက်

“ဂိုဏ်းချုပ်ကျိ၊ ဂိုဏ်းချုပ်ကျန်း မတွေ့တာ အတော်ကြာပြီပဲ။”

အင်အားကြီးသုံးဖွဲ့သည် မြူခိုးဒေသကို ခွဲဝေယူပြီးကတည်းက ယနေ့တိုင်အောင် ပြန်မတွေ့ဖြစ်ကြတော့ပေ။

ကျိဟုန်ဝမ်ကလည်း ပြုံးလျက် တုံ့ပြန်လိုက်သည်။

“ဟုတ်ပါတယ်။ မတွေ့ဖြစ်တာ အတော်ကြာပြီပဲ။”

“ဂိုဏ်းချုပ်ဟန်က နှစ်ပေါင်းများစွာ ကျင့်စဉ်စခန်းဝင်နေတော့ အခု ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်က ဘယ်နယ်ပယ်ကို ရောက်သွားပြီလဲ မသိဘူး။”

ဟန်ယွမ်ခိုင်က ခပ်အေးအေးပင်

“နှစ်အနည်းငယ်လောက် စခန်းဝင်တာပဲ။ ကျင့်စဉ်က ဘယ်လောက်တိုးတက်နိုင်မှာမို့လို့လဲ။ အရင်အတိုင်းပဲ။ ယင်ယန်နယ်ပယ်မှာပဲ ရှိသေးတယ်။”

“ဂိုဏ်းချုပ်ကျိက ဒီမေးခွန်းကို မေးတယ်ဆို တော့ ဂိုဏ်းချုပ်ကျိက ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို ရောက်သွားလို့များလား။”

ကျိဟုန်ဝမ်က

“ဂိုဏ်းချုပ်ဟန်က နောက်နေတာပဲ။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို ရောက်ဖို့က အဲဒီလောက် မလွယ်ပါဘူး။”

ထို့နောက် ဟန်ယွမ်ခိုင်က ကျန်းဟုန်ရယ်ဘက်သို့ လှည့်ကာ

“ဂိုဏ်းချုပ်ကျန်း။ မနေ့ညက ကြားတာက ခင်ဗျားရဲ့ လင်ဟူဂိုဏ်းမှာ ယင်ယန်နယ်ပယ်အဆင့် တစ်ယောက် ထပ်တိုးလာတယ်ဆို။ ဂုဏ်ယူပါတယ်။”

ထိုစကားကို ကြားသောအခါ ကျန်းဟုန်ရယ်၏ မျက်နှာ ချက်ချင်းပင် မဲမှောင်သွား၏။ ဟန်ယွမ်ခိုင်၏ ဂုဏ်ပြုစကားက သူ့ကို မပျော်ရွှင်စေခဲ့ပေ။

လင်ဟူဂိုဏ်းတွင် ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦး ထပ်တိုးလာသည့် သတင်းက အလွန်လျှို့ဝှက်သည်။ အဓိက အကြီးအကဲအနည်းငယ်သာ သိကြသော်လည်း ဟန်ယွမ်ခိုင်က ယခု ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။

ယင်းက လင်ဟူဂိုဏ်းတွင် သစ္စာဖောက်တစ်ဦး ရှိနေသည်ဟု ဆိုလိုပေသည်။ ထိုသူ မည်သူဖြစ်နိုင်သနည်း။

ကျန်းဟုန်ရယ်၏ စိတ်ညစ်နေသော မျက်နှာကို မြင်သောအခါ ကျိဟုန်ဝမ် ခပ်ရေးရေး ပြုံးလိုက်သည်။ အကယ်၍ ယခင်ကသာ ဖြစ်ပါက လင်ဟူဂိုဏ်းတွင် ယင်ယန်နယ်ပယ်အဆင့်တစ်ဦး ထပ်တိုးလာသည်ဟု ကြားလျှင် သူ စိတ်မကောင်းဖြစ်ကောင်း ဖြစ်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြိုင်ဘက်များ ဖြစ်ကြသောကြောင့် ဖြစ်၏။

သို့သော် ယခုမူ မတူတော့ပေ။ သူတို့ဂိုဏ်းနှစ်ခုတွင် ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ ငါးဦးစီ ထပ်တိုးလာလျှင်လည်း တန်ခိုးရှင်တစ်သောင်းဂိုဏ်းက ကြောက်ရွံ့မည်မဟုတ်ပေ။

မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည်နှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းသည် ယင်ယန်နယ်ပယ်အဆင့် အင်အားရှိသော ကျင့်စဉ်ကျင့်သူ ဆယ်ဦး ရရှိမည်ဖြစ်သည်။ စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် အားဖြည့်ထားသူများသည် ယင်ယန်နယ်ပယ်အဆင့် အစစ်များလောက် အစွမ်းမထက်သော်လည်း သူတို့ဘက်က အရေအတွက်က အလွန်များလှသည်။

ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ ဆယ်ဦးသည် ယင်ယန်နယ်ပယ် ပထမအလွှာ၏ အင်အားကိုသာ ရသည်ဆိုလျှင်ပင် မှန်ကန်သော နည်းဗျူဟာ ပုံစံအောက်တွင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦးကို ကောင်းကောင်းဒုက္ခပေးနိုင်သည်။ ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများအတွက်ဆို ဆိုဖွယ်ရာပင် မရှိတော့ပေ။

ထိုအခိုက်တွင် ကျန်းဟုန်ရယ်က

“ဂိုဏ်းချုပ်ဟန်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်တော့မယ်။ ထျန်းချန်ကို ဝင်ပြီးတဲ့နောက် ကျွန်တော်တို့တပည့်တွေကြားမှာ ပဋိပက္ခမဖြစ်အောင် ကြိုတင် သဘောတူညီချက်တစ်ခု လုပ်ထားသင့်တယ် ထင်တယ်။”

ဟန်ယွမ်ခိုင်က

“အိုး။ ဘယ်လို သဘောတူညီချက်မျိုးလဲ။”

ကျန်းဟုန်ရယ်က

“မြို့တွေကို အမှတ်အသားအဖြစ် သတ်မှတ်မယ်။ ဥပမာ မြို့တစ်မြို့ကို အရင်သိမ်းပိုက်နိုင်တဲ့သူက အဲ့ဒီမြို့ ပတ်ဝန်းကျင်က မြေတွေကို ပိုင်ဆိုင်မယ်။”

ဟန်ယွမ်ခိုင်က

“ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ကို ဂိုဏ်းချုပ်ကျိက ဘယ်လိုထင်လဲ မသိဘူး။”

ကျန်းဟုန်ရယ်က မြို့များကို အမှတ်အသားအဖြစ် သုံးရန် ပြောခဲ့သော်လည်း မြို့တစ်မြို့၏ ပတ်ဝန်းကျင် မည်မျှအကွာအဝေးအထိ ပိုင်ဆိုင်ခွင့်ရမည်ကို အတိအကျ မဖော်ပြခဲ့ပေ။ သူတို့ ထျန်းချန်သို့ ဝင်ရောက်ပြီးသည်နှင့် အခြားအင်အားစုများက မြို့တစ်မြို့ကို သိမ်းပိုက်ထားလျှင်ပင် အကယ်၍ ထိုမြို့ပတ်ဝန်းကျင်မြေက မဟာဗျူဟာအရ အရေးပါပါက မြူခိုးမှော်ဂိုဏ်းက ယင်းကို အငြင်းပွားနိုင်သေးသည်။

ထိုလူနှစ်ဦး၏ စကားကို ကြားပြီးနောက် ကျိဟုန်ဝမ်က

“ဘာလို့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်အောင် လုပ်ရမှာလဲ။ ထျန်းချန်ကမ္ဘာရဲ့ အခြေအနေကို ကျွန်တော်တို့ ခုထိ မသိသေးဘူး။ ထျန်းချန်ကမ္ဘာထဲကို ဝင်ပြီး အခြေအနေတွေနဲ့ ရင်းနှီးသွားတဲ့အထိ စောင့်ပြီးမှ အေးအေးဆေးဆေး ဆွေးနွေးပြီး ပိုင်နက်နယ်မြေတွေ ခွဲဝေကြတာက မကောင်းဘူးလား။”

ဤသို့ကြားသောအခါ ဟန်ယွမ်ခိုင်က ပြုံးလျက်

“ဂိုဏ်းချုပ်ကျိက အချက်ကောင်းတစ်ခုကို ပြောလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် အခု မြူခိုးဒေသမှာ ကျွန်တော်တို့ အင်အားကြီးသုံးဖွဲ့ပဲ ကျန်တော့တာလေ။ အစတုန်းကလည်း ကျွန်တော်တို့ ဒီလိုပဲ သဘောတူခဲ့ကြတာပဲ။”

သူတို့ မြူခိုးဒေသရှိ အခြားအင်အားစုများကို တိုက်ခိုက်ခဲ့စဉ်က ထျန်းချန်ကမ္ဘာကို ခွဲဝေယူရန် သဘောတူခဲ့ကြသည်။

ဟုတ်ပါသည်ယ ထိုအချိန်က သူတို့ တစ်ဦးစီတွင် ကိုယ်ပိုင်လျှို့ဝှက်အကြံအစည်များ ရှိခဲ့ကြသော်လည်း အင်အားကြီးသုံးဖွဲ့၏ အင်အားပိုမို ကြီးမားအားကောင်းလာသည်နှင့်အမျှ အင်အားချိန်ခွင်လျှာ အသစ်တစ်ခု ဖြစ်ပေါ်လာပြီး သူတို့၏ လျှို့ဝှက်အကြံအစည်များထဲမှ တစ်ခုကိုမှ အကောင်အထည် မဖော်နိုင်ခဲ့ပေ။

ယခုအထိ အင်အားကြီးသုံးဖွဲ့လုံး တည်ရှိနေသေးသောကြောင့် သူတို့ အတူတကွ စားပွဲဝိုင်းထိုင်ပြီး ယခင် သဘောတူညီထားသည့်အတိုင်း ပိုင်နက်နယ်မြေများ ခွဲဝေလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ကျန်းဟုန်ရယ်က

“ကျွန်တော်လည်း ထျန်းချန်ရဲ့ မြေတွေကို အေးအေးချမ်းချမ်း ခွဲဝေဖို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ထျန်းချန်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အခုမှ ပြန်လည်နိုးထလာတာဖြစ်ပြီး နေရာဒေသအလိုက် စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ကွဲပြားနေတယ်။ အချိန်တန်တဲ့အခါ ကျွန်တော်တို့ရဲ့ နယ်မြေပိုင်နက်တွေကို လုံးဝ တရားမျှတစွာ ခွဲဝေနိုင်လိမ့်မယ်လို့ ယုံဖို့ခက်တယ်။”

“အဲဒီလိုသာဆိုရင်တော့ ကိုယ့်စွမ်းရည်ကိုယ်ကိုးတာပဲ ကောင်းလိမ့်မယ်။”

All Chapters