← Chapters

ညီညွတ်ခြင်းအဆင့် ကျင့်စဉ်ကျင့်သူအချို့သာ ရှိနိုင်သည်

Vol. 66 Ch. 980

ညီညွတ်ခြင်းအဆင့် ကျင့်စဉ်ကျင့်သူအချို့သာ ရှိနိုင်သည်

Vol. 66 Ch. 980

ဩဇာအာဏာ သက်ရောက်ရာ နယ်ပယ်များကို ခွဲဝေရန် အတူတကွ စားပွဲဝိုင်းထိုင်ဆွေးနွေးခြင်းသည် သဘောတူညီမှု ရရှိရန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်သည်။ အထူးသဖြင့် အင်အားနည်းသော ဘက်အတွက် ပို၍ပင် အကျိုးမရှိပေ။

ယခုအခါ လင်ဟူဂိုဏ်းတွင် ယင်ယန်အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦး ပိုရှိလာသည်။ သူတို့၏ ယင်ယန်အဆင့် အဖွဲ့ဝင် အရေအတွက်သည် မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်းတို့နှင့် တူညီသွားသော်လည်း သူတို့၏ အလုံးစုံအင်အားမှာမူ ထိုဂိုဏ်းနှစ်ခုထက် နည်းပါးနေဆဲ ဖြစ်၏။

သူတို့ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်ပြီးသည်နှင့်အာဏာ သက်ရောက်ရာ နယ်ပယ်များကို ခွဲဝေရန် ဆွေးနွေးကြသည့်အခါ ဖြစ်ပေါ်လာမည့် အခြေအနေက ရှင်းလင်းနေသည်။ ထိုဂိုဏ်းနှစ်ခု ပူးပေါင်းကာ လင်ဟူဂိုဏ်း၏ နယ်ပယ်ကို သိသိသာသာ လျှော့ချပစ်မည်ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် နည်းပါးသော ဒေသများကိုသာ သူတို့အား ခွဲဝေပေးဖွယ်ရှိသည်။

နယ်မြေများကို ထိုင်၍ ခွဲဝေမည့်အစား ကိုယ်တိုင် သိမ်းပိုက်ခြင်းက စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသော မြေနေရာများ ပိုမိုရရှိနိုင်စရာ ရှိသည်။

သူတို့၏ အလုံးစုံအင်အားသည် အခြားဂိုဏ်းနှစ်ခုလောက် မကြီးမားသော်လည်း လင်ဟူဂိုဏ်းတွင် တပည့်များစွာ ရှိ‌သေး၏။ ထို့ကြောင့် မြို့များ ပိုမိုသိမ်းပိုက်ရန်မှာ သူတို့အတွက် သိပ်မခက်ခဲလှပေ။

ကျန်းဟုန်ရယ်က စားပွဲဝိုင်းထိုင်၍ နယ်မြေခွဲဝေရန် စိတ်မပါသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က

“ဂိုဏ်းချုပ်ကျန်း။ အခု မြူခိုးဒေသမှာ ကျွန်တော်တို့ဂိုဏ်းသုံးဂိုဏ်းပဲ ကျန်တော့တာ။ ကျွန်တော်တို့ဂိုဏ်းနှစ်ဖွဲ့ စလုံးက နယ် မြေတွေကို ချစ်ကြည်ရင်းနှီးစွာ ခွဲဝေဖို့ ဆုံးဖြတ်ထားကြတာတောင် လင်ဟူဂိုဏ်းက သဘောမတူတာကတော့ နည်းနည်း မသင့်တော်ဘူးလို့ မထင်ဘူးလား။”

ဟန်ယွမ်ခိုင်၏ စကားကို ကြားသောအခါ ကျန်းဟုန်ရယ်၏ မျက်ခုံးများ တွန့်သွားသည်။ ဟန်ယွမ်ခိုင်၏ စကားသံထဲမှ ခြိမ်းခြောက် လိုသော အဓိပ္ပာယ်ကို သူ ဖမ်းမိလိုက်၏။ အကယ်၍ လင်ဟူဂိုဏ်းက သဘောမတူပါက တန်ခိုးရှင်တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့သည် လင်ဟူဂိုဏ်းအား သူတို့၏ အစီအစဉ်များတွင် ထည့်သွင်းတော့မည် မဟုတ်ပေ။

ထိုဂိုဏ်းနှစ်ဂိုဏ်း ပူးပေါင်းကာ ထျန်းချန်ကို တစ်ဝက်စီ ခွဲခြမ်းပစ်မည် ဖြစ်သည်။

ထိုအခိုက်တွင် ဟန်ယွမ်ခိုင်က ဆက်လက်၍

“ဂိုဏ်းချုပ်ကျန်း။ ခင်ဗျား ဘာကို စိုးရိမ်နေလဲ ကျွန်တော်သိပါတယ်။ ဒီလိုလုပ်ပါလား။ ထျန်းချန်ထဲကို ဝင်ပြီးရင် နယ်မြေတွေကို မခွဲဝေခင် တပည့်တွေ အရင်လွှတ်ကြမယ်။ အခြေအနေကို ထောက်လှမ်းပြီး အင်အားစုတိုင်းက စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့မြေနေရာ ဝေစုတစ်ခုစီ ရအောင် သေချာလုပ်ကြမယ်။”

ဟန်ယွမ်ခိုင်က ထိုသို့ဆိုသော်လည်း ကျန်းဟုန်ရယ် သူ့စကားကို မယုံကြည်ခဲ့ပေ။ မြူခိုးဒေသတွင် အင်အားအကြီးဆုံးဖြစ်သော မြူခိုးမှော်ဂိုဏ်းက နယ်မြေကို သူတို့နှင့် တန်းတူညီမျှ ခွဲဝေရန် သဘောတူမည်မဟုတ်ပေ။

ကျန်းဟုန်ရယ်၏ စိတ်ထဲ မလိုလားသော်လည်း လက်ရှိတွင် ပိုကောင်းသော ဖြေရှင်းနည်း ရှိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင်တစ်သောင်းဂိုဏ်း နှစ်ဂိုဏ်းစလုံးက ဤနယ်မြေခွဲဝေနည်းကို သဘောတူထားသောကြောင့် ဖြစ်၏။

သူ၏ တပည့်များကို ထျန်းချန်ကမ္ဘာရှိ နယ်မြေများ သိမ်းပိုက်ရန် စေလွှတ်လျှင်ပင် ထိုဂိုဏ်းနှစ်ခု ပူးပေါင်းကာ လင်ဟူဂိုဏ်းကို ဖိအားပေးကြလိမ့်မည်။ သူတို့ သိမ်းပိုက်ထားသော နယ်မြေကို စွန့်လွှတ်ရန် အတင်းအကျပ် တောင်းဆိုကြမည် ဖြစ်သည်။

ထို့ကြောင့် ယခုလောလောဆယ်တွင် ထိုဂိုဏ်းနှစ်ခု၏ ဦးဆောင်မှုနောက်သို့သာ လိုက်နိုင်မည်ဖြစ်သည်။

ကျန်းဟုန်ရယ် တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေစဉ်မှာပင် ကျိဟုန်ဝမ်က

“ဂိုဏ်းချုပ်ကျန်း။ အကယ်၍ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာဂိုဏ်းတွေက တပည့်တွေကို ထျန်းချန်ကမ္ဘာမှာ နယ်မြေတွေ သိမ်းပိုက်ခိုင်းမယ်ဆိုရင် ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်။ အင်အားကြီး သုံးဖွဲ့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ဂိုဏ်းတွေက တပည့် ဘယ်လောက်များများ သေဆုံးသွားမလဲဆိုတာ မသိနိုင်ဘူး။”

“ခင်ဗျားရဲ့ လင်ဟူဂိုဏ်း တပည့်တွေ ပျက်စီးသွားတာကို တကယ်ပဲ မြင်ချင်လို့လား။”

ထို့နောက် ကျန်းဟုန်ရယ်က

“ကောင်းပါပြီ။ ကျွန်တော် သဘောတူတယ်။”

ကျန်းဟုန်ရယ် သဘောတူလိုက်သည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

“ကောင်းပြီ။ ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။”

ဟန်ယွမ်ခိုင်၏ စကားသံဆုံးသည်နှင့် မြူခိုးဒေသရှိ မြူခိုးများ လျင်မြန်စွာ အရည်ပျော်စပြုလာ၏။ ထျန်းချန်ကမ္ဘာက ထိုမြူခိုးများကို စုပ်ယူလိုက်သကဲ့သို့ပင်။

ရှိနေသူအားလုံးသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ မြူခိုးများကို စုပ်ယူခြင်းသည် ကန့်သတ်ချက်များ ပျောက်ကွယ်တော့မည်ကို ဆိုလိုပြီး မကြာမီ သူတို့ ထျန်းချန်တိုက်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

ခဏအကြာတွင် မြူခိုးဒေသ၏ အာကာသ လှုပ်ခတ်လာသည်။ ထို့နောက် နေရာအချို့တွင် ဝဲဂယက်များ ပေါ်လာကာ အင်အားကြီး သုံးဖွဲ့မှ တပည့်များကို စုပ်ယူသွား၏။ ထိုအခိုက်တွင် မြူခိုးဒေသတစ်ခုလုံး အလွန်အမင်း မတည်မငြိမ် ဖြစ်လာခဲ့သည်။

လှုပ်ခတ်မှုများ အဆုံးသတ်သွားသောအခါ လူတိုင်း၏ မျက်စိရှေ့တွင် တိုက်ကြီးတစ်ခု ပေါ်လာသည်။ ယခုအခါ ထျန်းချန်တိုက်၏ မြို့များကို မျက်စိဖြင့် တိုက်ရိုက် မြင်နိုင်ပြီ ဖြစ်သည်။

ချက်ချင်းပင် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။

“ကောင်းလိုက်တာ။ ကန့်သတ်ချက်က နောက်ဆုံးတော့ ပျောက်သွားပြီ။”

“အာကာသ လှိုင်းဂယက်ထဲ ပါသွားမှာကို ကြောက်စရာမလိုတော့ဘူး။”

“မြန်မြန် ဝင်ကြစို့။”

…….

ထို့နောက် အင်အားကြီး သုံးဖွဲ့၏ မိုးပျံလှေများ ထျန်းချန်တိုက်ဘက်သို့ ပျံသန်းသွားကြသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် မိုးပျံလှေများသည် စွမ်းအားတစ်ခု၏ ချုပ်တည်းမှုကို ခံလိုက်ရသကဲ့သို့ ရှေ့သို့ မပျံသန်းနိုင်တော့ပေ။

သူတို့သည် ထျန်းချန်ကမ္ဘာ၏ မြို့များကို ရှင်းလင်းစွာ မြင်နေရသော်လည်း ထိုနေရာသို့ တိုက်ရိုက် မပျံသန်းနိုင်ခဲ့ပေ။ ယင်းမှာ လူတိုင်း၏ ခေါင်းပေါ်သို့ ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

“ကြည့်စမ်း။ တန်ခိုးရှင်တစ်သောင်းဂိုဏ်းက တပည့်တွေ ဟိုဘက်ကို ရောက်သွားကြပြီ။”

တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ တပည့်များသည် လုချန်း၏ ချပ်ဝတ်များကို လက်ခံရယူရန် ရန်ခရိုင်သို့ သွားရမည် ဖြစ်သည်။ မိုးပျံလှေများ ရှေ့သို့ မရွေ့နိုင်သည်ကို တွေ့သောအခါ တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ လူများလည်း လှေပေါ်မှ ဆင်းကာ လူချည်းသက်သက် ထျန်းချန်တိုက်သို့ ဝင်သွားကြခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်မှသာ ထျန်းချန်တိုက်ထဲ သူတို့လွယ်ကူစွာဝင်ရောက်နိုင်ခဲ့သည်။

တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ တပည့်များ လူချည်းသက်သက် သွားရောက်နိုင်သည်ကို မြင်သောအခါ အခြားအင်အားစုများမှ တပည့်များသည်လည်း မိုးပျံလှေများပေါ်မှ အလျင်အမြန် ခုန်ချကာ ထျန်းချန်တိုက်သို့ ဝင်ကြတော့သည်။

သို့သော် ထိုအချိန်မှာပင် တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ မူလအစကမ္ဘာ နယ်ပယ်အဆင့်ရှိ အကြီးအကဲတစ်ဦးသည် ရုတ်တရက် မမြင်ရသော အရာတစ်ခုနှင့် ဆောင့်မိသွားပြီး ထျန်းချန်တိုက်သို့ မရောက်ရှိနိုင်ခဲ့ပေ။

တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ တပည့်အားလုံး ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသွားကြသော်လည်း သူတစ်ဦးတည်းသာ မရောက်နိုင်ခဲ့သောကြောင့် ထိုအကြီးအကဲ ချက်ချင်းပင် နားမလည်နိုင် ဖြစ်သွား၏။

ထို့နောက် သူ၏ ရှေ့ကို လက်လှမ်း၍ စမ်းကြည့်သောအခါ သူ၏ လမ်းကို ပိတ်ဆို့နေသော မမြင်ရသည့် နံရံတစ်ခု အမှန်ပင် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သူက ချက်ချင်း သတင်းပို့လိုက်သည်။

“ဂိုဏ်းချုပ်။ ကန့်သတ်ချက်က အကုန် မပျောက်သေးဘူးထင်တယ်။”

ထိုသို့ကြားသောအခါ ကျိဟုန်ဝမ်၊ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့သည် ထိုအကြီးအကဲထံ အပြေးအလွှား သွားကြသည်။ သူတို့ကိုယ်တိုင်လည်း ထျန်းချန်တိုက်ထဲ သွားရန် ကြိုးစားကြသော်လည်း မမြင်ရသော နံရံတစ်ခုက သူတို့ကိုလည်း တွန်းထုတ်လိုက်သည်။

သူတို့ ဖြတ်ကျော်နိုင်ခြင်း မရှိသော်လည်း သူတို့၏ သက်ဆိုင်ရာ အင်အားစုများမှ ကောင်းကင်လူသားအဆင့်ရှိ တပည့်များကတော့ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ခဲ့ကြသည်။ ထိုအတားအဆီးက ကောင်းကင်လူသား အဆင့်အထက် အင်အားကြီးသူများကို ဝင်ရောက်ခြင်းမှ တားမြစ်ထားကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။

ဟန်ယွမ်ခိုင်က ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်တို့အား

“ဂိုဏ်းချုပ်ကျိ၊ ဂိုဏ်းချုပ်ကျန်း၊ ဒီအတားအဆီးက ပျောက်ကွယ်တော့မှာပါ။ ကျွန်တော်တို့ အတူတူ ပူးပေါင်းပြီး ဖောက်ခွဲလိုက်ကြရင် မကောင်းဘူးလား။”

ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်က တညီတညွတ်တည်းပင်

“ကောင်းပြီ။”

ထျန်းချန်တိုက်၏ မြေနှင့် မြို့များကို မြင်နိုင်သော်လည်း ဖြတ်မကျော်နိုင်သောအခါ သူတို့ မည်သို့ ကျေနပ်နိုင်မည်နည်း။

အတားအဆီးသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသောကြောင့် ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများ တစ်ချိန်တည်း တိုက်ခိုက်ပါက ယင်းကို တိုက်ရိုက် ဖောက်ထွင်းနိုင်မည့် အခွင့်အရေး ရှိနိုင်သည်။

ထို့နောက် အင်အားကြီး သုံးဖွဲ့မှ ယင်ယန်နယ်ပယ်အဆင့်များ တစ်ပြိုင်နက်တည်း လှုပ်ရှားကာ သူတို့၏ ရှေ့မှ အတားအဆီးကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော် သူတို့ အတားအဆီးကို ထိလိုက်သည်နှင့် မြူခိုးဒေသတစ်ခုလုံး ပြင်းထန်စွာ မတည်မငြိမ် ဖြစ်လာကာ အာကာသ အက်ကွဲကြောင်းများနှင့် ဝဲဂယက်များ ပိုမိုများပြားစွာ ပေါ်ပေါက်လာခဲ့၏။

ဟန်ယွမ်ခိုင်က ချက်ချင်းပင်

“ရပ်ကြ။ အားလုံး ရပ်ကြ။”

ယင်ယန်အဆင့် ကျင့်စဉ်ကျင့်သူများလည်း ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားပြီး ချက်ချင်း ရပ်တန့်လိုက်ကြသည်။

သူတို့၏ တိုက်ခိုက်မှုကို ရပ်လိုက်သောအခါ မြူခိုးဒေသ အမှန်ပင် ငြိမ်သက်သွားပြီး ဝဲဂယက်များနှင့် အက်ကွဲကြောင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ဟန်ယွမ်ခိုင်က

“ဒီအတားအဆီးနဲ့ မြူခိုးဒေသရဲ့ တည်ငြိမ်မှုက ဆက်စပ်နေပုံပဲ။ ကျွန်တော်တို့ ဒီအတားအဆီးကို တိုက်ခိုက်ရင် မြူခိုးဒေသက ပြိုကျသွားနိုင်ခြေ ရှိတယ်။”

သူတို့တွင် အတားအဆီးကို ဖျက်ဆီးရန် အင်အားမရှိခြင်း မဟုတ်ပေ။ ဤဒေသက အလွန် အထိမခံ ဖြစ်နေသောကြောင့် ဖြစ်သည်။ အတားအဆီးသည် မြူခိုးဒေသနှင့် ချိတ်ဆက်နေပြီး အင်အားကြီးများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို မခံနိုင်ပေ။

အကယ်၍ အတားအဆီးကို ဖျက်ဆီးရန် သူတို့ စိတ်ပိုင်းဖြတ်ထားပါက မြူခိုးဒေသ၏ အာကာသ တစ်ခုလုံး ပြိုကျသွားနိုင်သည်။ ထိုအခါ သူတို့အားလုံး အာကာသ စီးကြောင်းများ၏ ဖရိုဖရဲ အခြေအနေထဲသို့ တိုက်ပါသွားကြလိမ့်မည်။

ထိုအခိုက်တွင် ကျိဟုန်ဝမ်က သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်ကာ သူ၏ ရှေ့မှ အတားအဆီးကို ခံစားကြည့်ပြီးနောက်

“ဒီအတားအဆီးက ကျွန်‌တော်တို့ မဖျက်ဆီးရင်တောင် သိပ်ကြာကြာ ခံမှာမဟုတ်ပါဘူး။ စောင့်ကြတာပေါ့။”

ကျန်းဟုန်ရယ်လည်း သက်ပြင်းချကာ

“အခု ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။”

ထျန်းချန်တိုက်ထဲ ဝင်ရတော့မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများသာ ဝင်ရောက်နိုင်ခဲ့သည်။

ထိုစဉ် ဟန်ယွမ်ခိုင်က

“အဆင်ပြေပါတယ်။ ကျွန်တော်တို့ အင်အားစုသုံးခုရဲ့ တပည့်တွေကို ထျန်းချန်ကမ္ဘာရဲ့ အခြေအနေနဲ့ ကြိုတင် ရင်းနှီးအောင် လုပ်ခိုင်းလိုက်ကြတာပေါ့။ အတားအဆီး ပျောက်ကွယ်သွားတဲ့နေ့က ကျွန်တော်တို့ နယ်မြေတွေ ခွဲဝေမယ့်နေ့ပဲ ဖြစ်လိမ့်မယ်။”

အင်အားကြီး သုံးဖွဲ့မှ အကြီးအကဲများလည်း ယခု‌တော့ စောင့်ဆိုင်းရန်မှတစ်ပါး အခြားမရှိသောကြောင့် သက်ပြင်းချရုံသာ တတ်နိုင်ကြတော့သည်။

သူတို့ ဆက်လက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။ အတားအဆီး၏ အခြေအနေအရ တစ်လအတွင်း သူ့အလိုလို ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဤကျင့်စဉ်ကျင့်သူများအတွက် တစ်လ စောင့်ဆိုင်းခြင်းက သည်းမခံနိုင်စရာ မဟုတ်‌ပေ။

……..

နေ့ဝက်ခန့် ကြာပြီးနောက်။

မြူခိုးမှော်ဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သော ကောင်းမင်ဟွေသည် အခြားတပည့်များနှင့်အတူ နဂါးနက်မြို့ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ လာရာလမ်းတွင် ဒေသခံများထံမှ ရှနိုင်ငံတော်အကြောင်း သူတို့ စုံစမ်းပြီး ဖြစ်၏။

လုချန်းသည် နဂါးနက်မြို့မှ သာမန်ပြည်သူများကို ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားခဲ့သော်လည်း အများစုက ထွက်ခွာချင်စိတ် မရှိကြသေးပေ။ ထွက်ခွာရန် မလိုလားသူများသည် မူလ နဂါးနက်ပြည်နယ်၏ နိုင်ငံသားများ မဟုတ်ကြပဲ နောက်ပိုင်းမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။

သူတို့ ထိုနေရာတွင် နေထိုင်ရန် ရွေးချယ်ရသည့် အကြောင်းရင်းမှာ ရှနိုင်ငံတော်၏ အနာဂါတ်အပေါ် အကောင်းမြင်စိတ် မရှိသောကြောင့် ဖြစ်သည်။ ရှနိုင်ငံတော် သည် ပျက်သုန်းရန် ကံကြမ္မာပါလာသည်ဟု သူတို့ ယူဆကြသည်။ ထို့ကြောင့် မြူခိုးဒေသမှ ကျူးကျော်သူများအတွက် လမ်းပြအဖြစ် ဆောင်ရွက်ရန်အတွက် ဤနေရာတွင်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်၏။

ကောင်းမင်ဟွေသည် နဂါးနက်မြို့ အပြင်ဘက်တွင် ရပ်လျက် အနီးအနားရှိ မြို့များကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။ ထို့နောက် တပည့်တစ်ဦးက

“အစ်ကိုကောင်း။ ထျန်းချန်မှာ အများဆုံးရှိမှ ညီညွတ်ခြင်းအဆင့် ကျင့်စဉ်ကျင့်သူတွေလောက်ပဲ ရှိတာ။ ကျွန်တော်တို့ ကြောက်စရာမလိုဘူး မဟုတ်လား။”

ထျန်းချန်တိုက်၏ လမ်းပြများထံမှ ရရှိသော သတင်းအချက်အလက်များဖြင့် ထိုနေရာ၏ အခြေအနေကို အခြေခံနားလည်မှု တစ်ချို့ ရှိနေကြပြီ ဖြစ်သည်။

ထျန်းချန်တိုက်၏ ရှဧကရာဇ်သည် အစွမ်းအစ အနည်းငယ် ရှိပုံရ၏။ ယခင်က စေလွှတ်ခဲ့သော လူများသည် ရှနိုင်ငံတော် လက်ချက်ဖြင့် အားလုံး ချေမှုန်းခံခဲ့ရပြီး ရှဧကရာဇ်တွင် မိုးပျံးလှေတစ်စင်းလည်း ရှိပုံရသည်။

သာမန်လောကီမင်းဆက်တစ်ခုက မိုးပျံလှေတစ်စင်း ပိုင်ဆိုင်သည်ဟု ကြားသောအခါ ကောင်းမင်ဟွေ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်က သူတို့တွင် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် များစွာ ရှိနေကြောင်း ညွှန်ပြနေသောကြောင့် ဖြစ်၏။

ထိုသတင်းကြောင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များ အံ့အားသင့်ခဲ့ကြသော်လည်း ရှနိုင်ငံတော်ကို အလေးအနက် မထားကြသေးပေ။

သူတို့၏ အမြင်တွင် ရှနိုင်ငံတော်က သူတို့၏ ညီညွတ်ခြင်းအဆင့် တပည့်များကို ချေမှုန်းခဲ့သောကြောင့် သူတို့လည်း ရှနိုင်ငံတော် နန်းမြို့တော်သို့ တိုက်ရိုက်သွားပြီး ရှဧကရာဇ်ကို သတ်ဖြတ်ခြင်းဖြင့် ထိုတပည့်များအတွက် လက်စားချေသင့်သည်ဟု သူတို့ ယူဆကြသည်။

ဟုတ်ပါသည်။ ဒါက မြူခိုးမှော်ဂိုဏ်း တပည့်အများစု၏ အတွေး ဖြစ်သည်။ သို့သော် ထျန်းချန်တိုက်‌ရှိ မြူခိုးမှော်ဂိုဏ်း အဖွဲ့ကို ဦးဆောင်လာသော အဓိက ခေါင်းဆောင်ဖြစ်သည့် ကောင်းမင်ဟွေတွင်မူ မတူညီသော အမြင်ရှိသည်။ သူ စရောက်လာကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု စိတ်ထဲ အလိုလို ခံစားနေရ၏။

ရှနိုင်ငံတော်က သူတို့ ထင်သလောက် မရိုးရှင်းဟု သူ အမြဲ ခံစားနေရသည်။

အကယ်၍သာ သာမန်လူသား မင်းဆက်တစ်ခုသာ ဖြစ်ပါက ဂိုဏ်းတပည့်များ ရောက်ရှိလာသည်ဟု ကြားလျှင် သူတို့၏ ပထမဆုံး လုပ်ဆောင်ချက်က ချက်ချင်း ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သင့်သည်။ သူတို့ဘက်က ချစ်ကြည်ရေးလိုလားသော အပြုအမှုများ ထုတ်ပြသင့်သည်။

သို့သော် ရှနိုင်ငံတော်က ထိုသို့ မလုပ်သည့်အပြင် မြူခိုးဒေသမှ စေလွှတ်သော တပည့်အားလုံးကို သတ်ဖြတ်ခဲ့သည်။

All Chapters