သာမန်လူတွေပါ
Vol. 66 Ch. 981
ကောင်းမင်ဟွေ ရှေ့ဆက်တိုးရန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်အချို့ စိတ်မရှည်ဖြစ်လာကြ၏။ ဤတစ်ကြိမ်တွင် ကောင်းမင်ဟွေသည် အဖွဲ့ကို တာဝန်ယူရသော ဦးဆောင်တပည့်ဖြစ်သော်လည်း မြူခိုးမှော်ဂိုဏ်းအတွင်း၌ ဂိုဏ်းဂဏကွဲများရှိနေသည်။ တပည့်များစွာက သူ့ကို လက်မခံချင်ကြပေ။
ထိုအခိုက်တွင် အခြားတပည့်တစ်ဦးက
“အစ်ကိုကောင်း။ ခင်ဗျား ကြောက်နေတယ်ဆိုရင် ကျွန်တော်တို့ရှေ့ကနေ သွားပြီးတော့ လမ်းရှင်းပေးလို့ရတယ်လေ။”
ထိုစကားတွင် သရော်လှောင်ပြောင်ခြင်းများ သိသိသာသာ ပါဝင်နေသည်။ သို့သော် ကောင်းမင်ဟွေကတော့ ထိုစကားကို စိတ်ဆိုးခြင်း မရှိပေ။
သူက နဂါးနက်မြို့၏ တံခါးများကို ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်၏။
“မြူခိုးဒေသက အဓိကအင်အားစုတွေက ညီညွတ်ခြင်းအဆင့်က တပည့်ထောင်ပေါင်းများစွာကို ထျန်းချန်ကမ္ဘာထဲကို စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ရှနိုင်ငံတော်က သူတို့ကို အလွယ်တကူ ချေမှုန်းပစ်ခဲ့တယ်။ ရှနိုင်ငံတော်မှာ ညီညွတ်ခြင်းအဆင့်က ကျင့်စဉ်ကျင့်သူတွေပဲ ရှိတယ်လို့တော့ ငါ မယုံဘူး။”
ထို့နောက် မြူခိုးမှော်ဂိုဏ်းမှ အခြားတပည့်တစ်ဦးက
“ညီညွတ်ခြင်းအဆင့် ကျင့်စဉ်ကျင့်သူတွေပဲ ရှိမှာမဟုတ်တာတော့ သေချာတာပေါ့။ ဟိုသာမန်လူတွေ ပြောကြတယ် မဟုတ်လား။ ရှနိုင်ငံတော်မှာ ပျံသန်းနိုင်တဲ့ လှေတွေလည်း ရှိတယ်တဲ့။ သူတို့က ကောင်းကင်လူသား စွမ်းအားရှင်တွေ ဖြစ်ဖို့များတယ်။”
“ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ။ ထျန်းချန်တိုက်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်က အခုမှ ပြန်ပြီး နိုးထလာတာ မဟုတ်လား။ ကောင်းကင်လူသား စွမ်းအားရှင်တချို့ ပေါ်လာခဲ့ရင်တောင် ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲ။ ဘာဖြစ်လို့ ကျွန်တော်တို့က သာမန် ရှနိုင်ငံကို ကြောက်နေရမှာလဲ။”
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ ယုံကြည်မှုက အခြေအမြစ်ရှိသည်။ သူတို့သည် ဤခရီးစဉ်တွင် လူပေါင်းသုံးရာခန့်ဖြင့် ထျန်းချန်တိုက်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး သူတို့အားလုံးသည် ကောင်းကင်လူသားအဆင့်တွင် ရှိကြသည်။
သာမန် လူသားနိုင်ငံတစ်ခုတွင် အများဆုံး ကောင်းကင်လူသား စွမ်းအားရှင် သုံးဦးမှ ငါးဦးအထိသာ ရှိနိုင်သည်။
ဤတစ်ကြိမ်တွင်မြူခိုးမှော်ဂိုဏ်းက ကောင်းကင်လူသား စွမ်းအားရှင် သုံးရာနီးပါးဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုအင်အားအနည်းငယ်ကို သူတို့ အဘယ်ကြောင့် ကြောက်ရမည်နည်း။
ကောင်းကင်လူသား စွမ်းအားရှင်များမဆိုထားနှင့် ရှနိုင်ငံတော်တွင် မူလအစကမ္ဘာ နယ်ပယ်အဆင့်မှ ကျင့်စဉ်ကျင့်သူများ ရှိနေလျှင်ပင် သူတို့နှင့် ယှဉ်ပြိုင်နိုင်ဖွယ်မရှိပေ။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ရှနိုင်ငံတော်ကို အလေးမထားဟန် တွေ့ရသောအခါ ကောင်းမင်ဟွေ၏ မျက်နှာသည် ညှိုးငယ်သွား၏။
ရှနိုင်ငံတော် ထိုမျှ မရိုးရှင်းဟု သူ အမြဲယုံကြည်ခဲ့သည်။ သာမန် နိုင်ငံတစ်နိုင်ငံ အနေနှင့် စွမ်းအားရှင် ဂိုဏ်းတစ်ခုကို တိုက်ရိုက်ရင်ဆိုင်ဝံ့သည်မှာ အကြောင်းမဲ့တော့ မဟုတ်နိုင်ပေ။ သူတို့တွင် အားကိုးစရာ အင်အားတစ်စုံတစ်ရာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ရမည်။
သို့သော်လည်း ထိုအတိုင်းဖြစ်နေလျှင်ပင် မြူခိုးမှော်ဂိုဏ်းမှ စေလွှတ်လိုက်သော ရှေ့ပြေးတပ် အနေနှင့် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တက်ကြွစွာ ဖယ်ရှားပစ်ရမည်သာ ဖြစ်၏။
ထို့နောက် ကောင်းမင်ဟွေက
“ ဂိုဏ်းတူညီအစ်ကိုတွေ မစောင့်နိုင်တော့မှတော့ နဂါးနက်မြို့ထဲကို ဝင်ကြတာပေါ့။ ဒါပေမဲ့ လူတိုင်း တတ်နိုင်သလောက် သတိထားသင့်တယ်။ ရှနိုင်ငံတော်က မြို့အနီးအနားက လူတွေကို ကြိုတင်ပြီး ရွှေ့ပြောင်းထားတယ်ဆိုတော့ ယ နဂါးနက်မြို့ထဲမှာ ထောင်ချောက်တချို့ ထားခဲ့လောက်တယ်။”
ကောင်းမင်ဟွေ စကားဆုံးသည်နှင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များစွာလည်း နဂါးနက်မြို့တံခါးများဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြ၏။ သူတို့က ပျံသန်းနေရင်း
“အစ်ကိုကောင်း။ ကျွန်တော်တို့ ခင်ဗျားအတွက် လမ်းရှင်းပေးပါ့မယ်။ ခင်ဗျား ဒီမှာပဲ စောင့်နေလိုက်။”
မကြာမီပင် တပည့်များသည် မြို့တံခါးများသို့ ရောက်ရှိသွားပြီး မြို့ရိုးကို ကျော်၍ ပျံသန်းမည်ပြုစဉ် မြို့ရိုးပေါ်တွင် စစ်သားများစွာ ရှိနေနှင့်ပြီးဖြစ်သည်ကို ရုတ်တရက် တွေ့လိုက်ရ၏။
သို့သော်လည်း ကြောက်ရွံ့မည့်အစား ထိုတပည့်များက ဟက်တက်ပက်တက် ရယ်မောလိုက်ကြသည်။
“အစ်ကိုကောင်း ပြောတာ မှန်ပုံပဲ။ တကယ်ပဲ ထောင်ချောက်တွေ ရှိနေတာပဲ။”
“ဟား ဟား ဟား။ ဒါက ဘယ်လို ထောင်ချောက်မျိုးလဲ။”
“ညီညွတ်ခြင်းအဆင့်တောင် မရှိတဲ့ သာမန်လူတွေက ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ။”
စကားပြောနေစဉ်ပင် အခြားတပည့်များက မြို့ရိုးပေါ်ရှိ ရှနိုင်ငံတော် စစ်သားများကို တိုက်ခိုက်ရန်ပြင်လိုက်သည်။ ထိုစဉ်
‘ဒိုင်း’ ဟူသော ကျယ်လောင်သည့် အသံများစွာ ထွက်ပေါ်လာသည်။ ဓားပျံများဖြင့် ပျံသန်းနေဆဲဖြစ်သော မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရသည့်အလား တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကောင်းမင်ဟွေ ချက်ချင်း သတိကြီးစွာထားလိုက်ပြီး အော်ဟစ်လိုက်၏။
“ချောင်းမြောင်းတိုက်ခိုက်တာပဲ။ အားလုံး သတိထားကြ။”
ကောင်းမင်ဟွေ မျက်မှောင်ကြုတ်သွားသည်။ သူထင်ထားသည့်အတိုင်းပင် ရှနိုင်ငံတော်က ဤနေရာတွင် ချောင်းမြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်ထားသည်။
ရှနိုင်ငံတော်မှ လူများ မည်သို့သော မှော်လက်နက်မျိုးကို အသုံးပြုသည်ကို သူ အလွန် သိချင်နေမိသည်။ ၎င်းသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ချက်ချင်း မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
အကယ်၍ ပြိုင်ဘက်များက ကောင်းကင်လူသား စွမ်းအားရှင်များကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခြင်းအထိ အစွမ်းရှိသော အင်အားကို ပိုင်ဆိုင်ထားပါက အခြေအနေ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ ရှမင်းဆက်ကို သာမန်မင်းဆက်တစ်ခုအဖြစ် သူတို့ဆက်လက် ရှုမြင်၍ မရတော့ပေ။
ကောင်းမင်ဟွေ၏ သတိပေးသံ ထွက်ပေါ်လာသော်လည်း မြူခိုးမှော်ဂိုဏ်းမှ တပည့်များကတော့ ကြောက်လန့်သွားခြင်းမရှိပေ။ စိတ်လှုပ်ရှားစွာဖြင့် တပည့်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မြူခိုးမှော်ဂိုဏ်းက လူတွေကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ ဒီအောက်တန်းစားတွေကို အားလုံး ဝိုင်းပြီး ချေမှုန်းပစ်ကြစို့။”
စကားပြောနေစဉ်အတွင်း မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် ကောင်းမင်ဟွေ၏ သတိပေးစကားကို လုံးဝ လျစ်လျူရှုကာ နဂါးနက်မြို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြ၏။ ကောင်းမင်ဟွေသည် ခေါင်းဆောင်ဖြစ်သော်လည်း အာဏာ လုံးဝမရှိပေ။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ နဂါးနက်မြို့ဆီသို့ ပျံသန်းသွားကြစဉ် ခရာသံများ အထက်မှ ပဲ့တင်ထပ်လာသည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အင်းကွက်အမြောက်ကျည်များသည် ထိုကောင်းကင်လူသား စွမ်းအားရှင်များဆီသို့ ပျံသန်းလာကြသည်။
ကောင်းကင်လူသား စွမ်းအားရှင်အချို့က အမြောက်ကျည်များကို မြင်သောအခါ လှောင်ပြောင်နေကြဆဲဖြစ်သည်။
“သာမန်လူတွေက သာမန်လူတွေပါပဲ။ ငါတို့ကို တိုက်ခိုက်ဖို့ သံလုံးတွေပဲ သုံးတတ်ကြတယ်။”
“သူတို့က ငါတို့ကို သာမန်လူတွေလိုပဲ သံလုံးတွေနဲ့ သတ်လို့ရမယ်လို့ ထင်နေကြပုံပဲ။”
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ရှနိုင်ငံတော် စစ်သားများ ပစ်လွှတ်နေသည့်အရာကို ရယ်မောနေစဉ် ရုတ်တရက် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် လူအုပ်ကြားမှ မှိုပွင့်ပုံ မီးခိုးတန်းကြီးတစ်ခု တက်လာ၏။ ပေါက်ကွဲမှု ပတ်ဝန်းကျင်ရှိ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း သေဆုံးသူသေဆုံး ဒဏ်ရာရသူရ နှင့် အခြေအနေမလှ ဖြစ်သွားသည်။
ကောင်းကင်လူသား စွမ်းအားရှင်များ၏ ခန္ဓာကိုယ်များသည် အမှန်ပင် ကြံ့ခိုင်လှ၏။ အကယ်၍ သူတို့သည် ညီညွတ်ခြင်းအဆင့် ကျင့်စဉ်ကျင့်သူများသာ ဖြစ်ပါက အင်းကွက်အမြောက်ကျည် တိုက်ရိုက်ထိမှန်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားမှာ လုံးဝသေချာသည်။ သို့သော် မြူခိုးမှော်ဂိုဏ်းမှ တပည့်အချို့မှာမူ ကျည်ထိမှန်သည့်တိုင် အများဆုံး လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက် ပြတ်ထွက်သွားခြင်းသာ ရှိ၏။
ဟုတ်ပါသည်။ အင်းကွက်အမြောက်ကျည် တစ်တောင့်တည်းဖြင့် သူတို့ကို မသတ်နိုင်လျှင် နောက်ထပ် အနည်းငယ် ပိုသုံးရုံသာ ဖြစ်သည်။
အမြောက်ကျည်များသည် ကောင်းကင်မှ မိုးကဲ့သို့ ဆက်လက်၍ ရွာကျလာပြီး မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ရှိနေသော နေရာတစ်ဝိုက် မှိုပွင့်ပုံ မီးလုံးကြီးများ ဖုံးလွှမ်းသွား၏။ သူတို့၏ ဂိုဏ်းတူညီအစ်ကိုများ အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ နောက်ဆုံးတွင် ကြောက်လန့်သွားကြသည်။
ထိုစဉ် ကောင်းမင်ဟွေက အရေးတကြီး အော်ဟစ်လိုက်သည်။
“ဆုတ်။ ချက်ချင်း ဆုတ်ကြ။”
ရှနိုင်ငံတော်သည် ဤမျှ ကြီးမားသော စွမ်းအားရှိသည့် လက်နက်များကို ပိုင်ဆိုင်ထား၏။ ၎င်းသည် သာမန် နိုင်ငံတစ်ခု အမှန်တကယ် မဟုတ်ပေ။ သူတို့ကို ရင်ဆိုင်ရန် ရေရှည်အစီအစဉ်တစ်ခု ရေးဆွဲရမည်ဖြစ်ပြီး ဤအကြောင်းအရာကို ဂိုဏ်းသို့ ချက်ချင်း သတင်းပို့ရမည် ဖြစ်သည်။
ကောင်းမင်ဟွေ၏ စကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း ဆက်လက်၍ ခုခံခြင်း မပြုတော့ပဲ ကြောက်လန့်တကြားဖြင့် မြူခိုးဒေသဘက်သို့ ဓားပျံများဖြင့် အလျင်အမြန် ပျံသန်းသွားကြ၏။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ မြူခိုးဒေသသို့ ပြန်လည် ထွက်ပြေးကြစဉ် နဂါးနက်မြို့သို့ လာနေသော လင်ဟူဂိုဏ်းမှ တပည့်များနှင့် တွေ့ဆုံမိကြ၏။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို မြင်သောအခါ လင်ဟူဂိုဏ်းမှ တပည့်များ အံ့အားသင့်သွားကြသည်။ အိမ်ပျောက်နေသော ခွေးများကဲ့သို့ ထွက်ပြေးနေသော မြူခိုးမှော်ဂိုဏ်းမှ တပည့်များကို မည်သူက ဤသို့သော သနားစရာကောင်းသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်ကို သူတို့ သိချင်နေကြသည်။
လင်ဟူဂိုဏ်း၏ ဦးဆောင်တပည့် လျှံချီရန်က ကောင်းမင်ဟွေထံ ချက်ချင်း ချဉ်းကပ်သွားပြီး သူ၏လမ်းကို ပိတ်ဆို့ကာ မေးလိုက်သည်။
“ကောင်းမင်ဟွေ။ ခင်ဗျား ဘာလို့ ပြန်လာတာလဲ။ ရှေ့မှာ ဘာဖြစ်ခဲ့လို့လဲ။”
လျှံချီရန် မသင်္ကာမဖြစ်ပဲ မနေနိုင်ပေ။ ဖြစ်နိုင်သည်မှာ ထျန်းချန်တိုက်သို့ ပထမဆုံး ဝင်ရောက်ခဲ့သော တန်ခိုးရှင်တစ်သောင်းဂိုဏ်းမှ တပည့်များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။
ကောင်းမင်ဟွေက လျှံချီရန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အစက ရှနိုင်ငံတော်၏ အခြေအနေကို သူ့တို့အား အသိပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ လင်ဟူဂိုဏ်းလည်း ပြင်းထန်သော သင်ခန်းစာတစ်ခု ရစေရန် သူ မျှော်လင့်ခဲ့သည်။ သို့သော် ခဏခန့် စဉ်းစားပြီးနောက် ကောင်းမင်ဟွေက
“လျှံချီရန်။ ရှနိုင်ငံတော်က အရမ်း အင်အားကြီးတယ်။ ကျွန်တော်တို့ သူတို့ကို မယှဉ်နိုင်ဘူး။ ခင်ဗျားနဲ့ လင်ဟူဂိုဏ်းကို ချက်ချင်း ဆုတ်ခွာဖို့ အကြံပေးတယ်။ ပြီးတော့ ထျန်းချန်တိုက်ရဲ့ အခြေအနေကို ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ဆီ သတင်းပို့လိုက်ပါ။”
စကားဆုံးသည်နှင့် ကောင်းမင်ဟွေလည်း လျှံချီရမ်ကို ရှောင်ကွင်းကာ မြူခိုးဒေသသို့ ဆက်လက် ပျံသန်း ဆုတ်ခွာသွား၏။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို ကြည့်ရင်း လင်ဟူဂိုဏ်းမှ တပည့်များ နေရာတွင်ပင် မှင်တက်၍ ရပ်နေကြသည်။
သာမန်သူသား နိုင်ငံတစ်ခုပဲ မဟုတ်လား....
ဒီလောက် ကြောက်စရာကောင်းပါ့မလား။
မြူခိုးဒေသ၏ ထိပ်တန်းအင်အားစုဖြစ်သော မြူခိုးမှော်ဂိုဏ်းက အောက်ကမ္ဘာတစ်ခုမှ မင်းဆက်တစ်ခုကို တကယ် ကြောက်ရွံ့နေတာလား။
ထိုအခိုက်တွင် တပည့်တစ်ဦး လျှံချီရန်ထံ ချဉ်းကပ်လာပြီး
“အစ်ကိုလျှံ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”
လျှံချီရန်က ချက်ချင်း အဖြေမပေးပဲ အတွေးထဲ ဆက်လက်နစ်မြောနေသည်။
ထို့နောက် အခြားတပည့်တစ်ဦးက “ကျွန်တော်ထင်တာတော့ မြူခိုးမှော်ဂိုဏ်းက ကောင်တွေ သရုပ်ဆောင်နေတာပဲ။ သူတို့က ကျွန်တော်တို့ကို ထျန်းချန်တိုက်ထဲ
နက်နက်ရှိုင်းရှိုင်း မဝင်စေချင်တာ သေချာတယ်။”
“ဟုတ်တယ်။ မြူခိုးဒေသရဲ့ နံပါတ်တစ် အင်အားစုက အောက်မ္ဘာတစ်ခုရဲ့ မင်းဆက်တစ်ခုကြောင့် ကြောက်ပြီး ထွက်ပြေးတယ်ဆိုတာ ရယ်စရာကောင်းလိုက်တာ။”
“အစ်ကိုလျှံ။ နဂါးနက်မြို့ကို အမြန်သွားကြရအောင်။ အဲဒီ နေရာက မြူခိုးဒေသနဲ့ အနီးဆုံးပဲ။ စိတ်ဝိညာဉ်စွမ်းအင်လည်း အထူထပ်ဆုံးမြို့ပဲ။ နဂါးနက်မြို့ကို ကျွန်တော်တို့ သိမ်းပိုက်လိုက်ရင် နောက်ပိုင်း နယ်မြေတွေ ခွဲဝေတဲ့အခါ အသုံးဝင်လိမ့်မယ်။”
လျှံချီရန် ခဏခန့် စဉ်းစားကြည့်လိုက်ပြီး အကျိုးအကြောင်း ဆီလျော်သည်ဟု ယူဆလိုက်၏။ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ဤမျှ ကြောက်လန့်သင့်သည်ဟု သူလည်း မထင်ခဲ့ပေ။
ထို့နောက် သူက
“ရှေ့ဆက်ချီတက်ကြ”
စကားဆုံးသည်နှင့် လျှံချီရန်လည်း လင်ဟူဂိုဏ်းမှ တပည့်များကို နဂါးနက်မြို့ဆီသို့ ဦးဆောင်သွား၏။ နဂါးနက်မြို့ရောက်ရှိသောအခါ မြို့တံခါးအပြင်ဘက်တွင် ကောင်းကင်လူသား စွမ်းအားရှင်များ၏ အလောင်း တစ်ရာကျော်ကို တွေ့ရှိခဲ့သည်။ သူတို့၏ အဝတ်အစားများအရ မြူခိုးမှော်ဂိုဏ်းမှ တပည့်များဖြစ်ကြောင်း ခွဲခြားသိရှိနိုင်၏။
ထိုမြင်ကွင်းကို မြင်သောအခါ လင်ဟူဂိုဏ်းမှ တပည့်များ တုန်လှုပ်သွားကြသည်။
သူတို့က ကောင်းမင်ဟွေက လိမ်ညာနေသည်ဟု ယူဆခဲ့သော်လည်း နဂါးနက်မြို့တွင် ကောင်းကင်လူသား စွမ်းအားရှင်များကို သတ်ဖြတ်နိုင်သည့် အင်အားစုတစ်ခု အမှန်တကယ် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
မြေပြင်ပေါ်ရှိ ချိုင့်ခွက်များကို မြင်သောအခါ လင်ဟူဂိုဏ်းမှ တပည့်များ၏ ကျောရိုးထဲမှ စိမ့်ခနဲ ခံစားလိုက်ရသည်။
လျှံချီရန်လည်း သတိပြန်ဝင်လာပြီး
“တစ်ခုခု မှားနေပြီ။ ချက်ချင်း ဆုတ်ခွာကြ။”
လျှံချီရန်၏ စကားမဆုံးမီပင် အပြာရောင်တောက်နေသော အင်းကွက်အမြောက်ကျည်များသည် သူတို့ခေါင်းပေါ်မှ ဝီခနဲ ပျံသန်းသွားကြသည်။ ထို့နောက် လူအုပ်ကြားတွင် မှိုပွင့်ပုံ မီးလုံးကြီးများ ပေါက်ကွဲသွား၏။ ပေါက်ကွဲမှုများကြောင့် လင်ဟူဂိုဏ်း တပည့်အုပ်စုအတွင်း သေဆုံးဒဏ်ရာရခြင်းများ ဖြစ်သွားသည်။
ဤမြင်ကွင်းကို မျက်မြင်ကြုံတွေ့ပြီးနောက် လင်ဟူဂိုဏ်းမှ တပည့်များလည်း နဂါးနက်မြို့မှ မြူခိုးဒေသဘက်သို့ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
လျှံချီရန်လည်း အခြေအနေကို ချက်ချင်း နားလည်သွားသည်။ မြူခိုးမှော်ဂိုဏ်း၏ လှည့်ကွက်တစ်ခုဟု သူတို့ကို ယုံကြည်သွားစေရန် ကောင်းမင်ဟွေက တမင်တကာ လုပ်သွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကောင်းမင်ဟွေသာ နဂါးနက်မြို့ရှိ အန္တရာယ်ကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ပါက သူတို့ သတိထားမိကြမှာ သေချာသည်။
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ထွက်ပြေးသွားပြီး မည်သည့်အန္တရာယ် အကြောင်းမှ မပြောပြခဲ့ခြင်းက သူတို့ ဒုက္ခရောက်သည်ကို မြင်လိုသောကြောင့်ဟု သံသယဝင်မိကြမည် ဖြစ်သည်။ သူက အေးစက်စွာ ပြောလိုက်သည်။
“ကောင်းမင်ဟွေ။ ကောင်းမင်ဟွေ။ တော်တော် ကောက်ကျစ်တဲ့ကောင်။”
ထိုအခိုက်တွင် တပည့်တစ်ဦးက
“အစ်ကိုလျှံ။ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”
ယခု နဂါးနက်မြို့ကို ရှနိုင်ငံတော်က သိမ်းပိုက်ထားဆဲဖြစ်သည်။ သူတို့တွင် ကောင်းကင်လူသား စွမ်းအားရှင်များကို သတ်ဖြတ်နိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားသည်ကို ထည့်သွင်းစဉ်းစားပါက ရှနိုင်ငံတော်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခြင်းက အန္တရာယ်များလှသည်။
ခဏခန့် စဉ်းစားပြီးနောက် လျှံချီရန်က
“အရင်ဆုံး မြူခိုးဒေသကို ပြန်ပြီး အကြောင်းစုံကို ဂိုဏ်းချုပ်ကို ပြောပြကြမယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့။”