← Chapters

နောက်ကွယ်တွင် လူတစ်ယောက်ရှိနိုင်သည်

Vol. 66 Ch. 982

နောက်ကွယ်တွင် လူတစ်ယောက်ရှိနိုင်သည်

Vol. 66 Ch. 982

မြူခိုးဒေသ၏ တားမြစ်ချက်က အပြီးတိုင်မပျောက်ကွယ်သေးပေ။ သို့သော် အဓိက အင်အားစု သုံးခုသည် ထိုအက်ကွဲကြောင်းရှေ့တွင် ဆက်လက်စောင့်ကြပ်နေကြပြီး ၎င်း လုံးဝပျောက်ကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

သူတို့ စောင့်ဆိုင်းနေစဉ်တွင် ကောင်းမင်ဟွေ သူ၏အဖွဲ့နှင့်အတူ ပြန်ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ထျန်းချန်တိုက်ထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သော မြူခိုးမှော်ဂိုဏ်းမှ တပည့်အုပ်စုဖြစ်ပြီး အားလုံးလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံပေါ်၏။

သူတို့ဂိုဏ်းမှ တပည့်များ ပြန်လာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ မျက်နှာ ချက်ချင်းပင် မဲမှောင်သွားသည်။ သူက ကောင်းမင်ဟွေနှင့် အခြားသူများ၏ ရှေ့သို့ ချက်ချင်း ပျံသန်းသွားပြီး

“ကောင်းမင်ဟွေ။ ဘာဖြစ်ခဲ့တာလဲ။ မင်းတို့ ဘာလို့ ပြန်လာကြတာလဲ။”

မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ပြန်လာသည်ကိုမြင်လျှင် ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်တို့လည်း ရှေ့သို့ထွက်လာကြပြီး အတိအကျ ဘာဖြစ်ခဲ့သည်ကို သိလိုစိတ်ဖြင့် နားစွင့်နေကြ၏။

ဟုတ်ပါသည်။ ရှနိုင်ငံတော်ဘက်မှ ကျိဟုန်ဝမ်ကတော့ အခြေအနေ မည်သို့ ဖြစ်နိုင်သည်ကို အခြေခံအားဖြင့် ခန့်မှန်းမိပြီးသား ဖြစ်သည်။

ဟန်ယွမ်ခိုင်၏ မေးခွန်းကို ကြားသောအခါ ကောင်းမင်ဟွေ အလျင်အမြန် ဒူးထောက်လိုက်ပြီး

“ဂိုဏ်းချုပ်။ ကျွန်တော် ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။”

“ကျွန်တော်တို့ ထျန်းချန်ထဲကို ရောက်ရောက်ချင်း မြို့တစ်မြို့မှာ ရှနိုင်ငံတော်ရဲ့ အလစ်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခုကို သုံးပြီး ကျွန်တော်တို့ရဲ့ ဂိုဏ်းတူညီအစ်ကို တစ်ရာကျော်ကို သတ်ခဲ့ပါတယ်။”

ထိုသတင်းကို ကြားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့ မှင်တက်သွားကြ၏။

ကျိဟုန်ဝမ်က တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး အလျင်အမြန် မေးလိုက်သည်။

“ကျုပ်တို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေရော ဘယ်လိုလဲ။ မင်းတို့ သူတို့ကို တွေ့ခဲ့လား။”

ကောင်းမင်ဟွေက

“ဂိုဏ်းချုပ်ကျိ။ ကျွန်တော်တို့ နဂါးနက်မြို့ကို ရောက်တဲ့အချိန်မှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။ ကျွန်တော်စိုးရိမ်တာက သူတို့အားလုံး...”

ကောင်းမင်ဟွေသည် သူ၏စကားကို အဆုံးမသတ်ခဲ့ပေ။

ကျိဟုန်ဝမ်၏ မျက်ခုံးများ ထိုအခိုက်တွင် တွန့်သွားပြီး သူ၏မျက်နှာအား အလွန်ကြည့်ရဆိုးသွားစေကာ အလွန်စိတ်မချမ်းမသာဖြစ်နေသော အမူအရာကို ပြသနေ၏။

ထို့နောက် ကျန်းဟုန်ရယ်က

“လူငယ်။ မင်းတို့ ပြန်လာတဲ့လမ်းမှာ ကျုပ်တို့ လင်ဟူဂိုဏ်းက တပည့်တွေကို တွေ့ခဲ့သေးလား။”

ကောင်းမင်ဟွေက

“တွေ့ခဲ့ပါတယ်။ ရှေ့မှာ အန္တရာယ်ရှိတယ်လို့ ကျွန်တော် သူတို့ကို သတိပေးခဲ့ပြီး ရှေ့ဆက်မသွားဖို့ ပြောခဲ့ပေမဲ့ သူတို့က မယုံခဲ့ကြဘူး။ သူတို့က နဂါးနက်မြို့ကို သွားဖို့ပဲ စိတ်အားထက်သန်နေခဲ့ကြတယ်။ အခုဆိုရင် သူတို့လည်း ရှနိုင်ငံတော်က စစ်သားတွေနဲ့ တိုက်ပွဲဖြစ်နေလောက်ပါပြီ။ ရလဒ်ကတော့ ကျွန်တော်လည်း မသိပါဘူး။”

ဤအခိုက်တွင် ဟန်ယွမ်ခိုင်၊ ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့အားလုံး တိတ်ဆိတ်သွားကြ၏။

ဤသို့သော အောက်ကမ္ဘာတစ်ခုတွင် ကောင်းကင်လူသား စွမ်းအားရှင်များစွာကို အနိုင်ယူနိုင်သည့် အင်အားစုတစ်ခု ရှိနေလိမ့်မည်ဟု ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။

ကံကောင်းသည်မှာ လက်ရှိအတားအဆီးသည် ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများကို အသွားအပြန် ဖြတ်သန်းခွင့်ပြုနေခြင်းပင် ဖြစ်၏။ အကယ်၍ ယခင်ကဲ့သို့ ဝင်ခွင့်သာရှိပြီး ထွက်ခွင့်မရှိပါက သူတို့ ဤအမှန်တရားကို ဘယ်တော့မှ သိနိုင်ကြမည်မဟုတ်ပေ။

မဲမှောင်သော မျက်နှာဖြင့် ဟန်ယွမ်ခိုင်က

“ဒါဆို မင်းပြောချင်တာက ကျုပ်တို့ရဲ့ အဓိကအင်အားစုတွေက အစပိုင်းမှာ စေလွှတ်ခဲ့တဲ့ ညီညွတ်ခြင်းအဆင့် တပည့်တွေအားလုံး အသတ်ခံလိုက်ရပြီလို့ ဆိုလိုတာလား။”

ကောင်းမင်ဟွေက

“ထျန်းချန် ဒေသခံတွေဆီက ကျွန်တော်တို့ စုံစမ်းမေးမြန်းခဲ့တဲ့ အချက်အလက်တွေအရတော့ အဲ့ဒီအတိုင်းပါပဲ။”

“ထျန်းချန်မှာ ရှနိုင်ငံတော်ဆိုတာ ရှိပြီး နှစ်အနည်းငယ်အတွင်းမှာပဲ အခြားနိုင်ငံအားလုံးကို အနိုင်ယူခဲ့ပြီး ထျန်းချန်တိုက်ကြီး တစ်ခုလုံးကို စုစည်းခဲ့ပါတယ်။ ရှဧကရာဇ်က ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ရဲ့ အင်အားရှိတယ်လို့ ပြောကြပြီး သူ့မှာ မိုးပျံလှေကြီးတစ်စင်းလည်း ရှိပါတယ်။”

ဟန်ယွမ်ခိုင် တိတ်ဆိတ်သွားပြန်၏။

မူလက ၎င်းကို အောက်ကမ္ဘာတစ်ခုဟုသာ သူတို့ ထင်ခဲ့ကြသည်။ ကန့်သတ်ချက်များ ပြီးသွားပြီးနောက် ထျန်းချန်ကမ္ဘာတစ်ခုလုံးကို တိုက်ရိုက်ခွဲဝေကာ သူတို့၏ နယ်မြေများကို သတ်မှတ်နိုင်မည်ဟု ထင်ခဲ့ကြသည်။

ယခုမူ သူတို့သည် အရာရာကို အလွန်အမင်း ရိုးရှင်းစွာ တွေးထင်ခဲ့မိပုံရ၏။

ထိုအခိုက်တွင် ကျိဟုန်ဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကျုပ်ရဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေကို သတ်ရဲတယ်ပေါ့။ ရှနိုင်ငံတော်လို့ခေါ်တဲ့ အင်အားစု ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျုပ် ရအောင်ချေမှုန်းပစ်မယ်။”

“ဒါဟာ အောက်ကမ္ဘာတစ်ခုပဲလေ။ သူတို့ အရမ်း အစွမ်းထက်နေရင်တောင် အများဆုံး မူလအစကမ္ဘာ နယ်ပယ်အဆင့်က ကျင့်စဉ်ကျင့်သူတွေကိုပဲ မွေးထုတ်ပေးနိုင်မှာပဲ။”

ကျိဟုန်ဝမ် ထိုသို့ပြောသည်ကို ကြားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့၏ မျက်နှာများ ချက်ချင်း ပေါ့ပါးသွားကြ၏။

မှန်ပါသည်။ ထျန်းချန်သည် နိယာမများ မပြည့်စုံသော နေရာတစ်ခုသာဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထမလာမီကဆိုလျှင် ကောင်းကင်လူသား စွမ်းအားရှင်များပင် ရှားပါးလောက်သည်။

ထိုကဲ့သို့သော လောကတစ်ခုတွင် အများဆုံးအားဖြင့် မူလအစကမ္ဘာ နယ်ပယ်အဆင့်မှ ကျင့်စဉ်ကျင့်သူ တစ်ဦး သို့မဟုတ် နှစ်ဦးသာ ပေါ်ပေါက်နိုင်သည်။

ရှနိုင်ငံတော်သည် သာမန်လူသား တိုင်းပြည်တစ်ခုသာဖြစ်၍ ကြောက်စရာမလိုပေ။

ထိုအချိန်တွင် ဟန်ယွမ်ခိုင်က ကောင်းမင်ဟွေအား

“ကောင်းမင်ဟွေ။ မင်း ထျန်းချန်တိုက်ထဲကို ဝင်သွားပြီးနောက် ရှနိုင်ငံတော်နဲ့ ပတ်သက်ပြီး သိခဲ့ရသမျှ အားလုံးကို ကျုပ်တို့ကို ပြောပြ။”

ကောင်းမင်ဟွေက ချက်ချင်းပင်

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

“ရှနိုင်ငံတော်ရဲ့ လက်ရှိဧကရာဇ်က အသက် နှစ်ဆယ်ကျော်ပဲ ရှိပါသေးတယ်...”

ထို့နောက် ကောင်းမင်ဟွေလည်း သူတို့ ရရှိခဲ့သော သတင်းအချက်အလက်များကို ဟန်ယွမ်ခိုင်နှင့် အခြားသူများအား ပြန်လည်ပြောပြခဲ့၏။

ကောင်းမင်ဟွေထံမှ လုချန်း၏ ဘဝဇာတ်ကြောင်း အပြည့်အစုံကို ကြားပြီးနောက် ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့၏ မျက်နှာများတွင် စဉ်းစားတွေးတောနေသော အမူအရာများ ပေါ်လာသည်။

ဤအချိန်တွင် ဟန်ယွမ်ခိုင်က

“အောက်ကမ္ဘာတစ်ခုက စွန့်ပစ်ခံမင်းသားတစ်ယောက်... ဧကရာဇ် ဘယ်လိုမှ မဖြစ်နိုင်တဲ့သူက သူ့ရဲ့ နယ်မြေကို သွားပြီးနောက် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အင်အား ကြီးလာခဲ့တယ်။ သူ့နောက်ကွယ်မှာ လူတစ်ယောက်ရှိပုံရတယ်။”

ကျန်းဟုန်ရယ်က

“ရှနိုင်ငံတော်က သာမန်လူတွေ ပြောကြတာက သူတို့ဆီမှာ တန်ခိုးရှင်တစ်ပါးရှိတယ်တဲ့။ ဖြစ်နိုင်တာက တခြားကမ္ဘာက ကျင့်စဉ်ကျင့်သူတစ်ယောက် ထျန်းချန်ကမ္ဘာထဲကို ဝင်ရောက်လာပြီး ကူညီလို့ ဆွမ်ဧကရာဇ်က သူ့ရဲ့အကူအညီနဲ့ ဒီလောက်မြန်မြန် ထွန်းတောက်လာတာ ဖြစ်နိုင်တယ်။”

ကျန်းဟုန်ရယ်၏ စကားကို ကြားသောအခါ မြူခိုးဒေသ၏ တားမြစ်ချက် ခဏတာ ကျိုးပေါက်သွားစဉ်က ထျန်းချန်တိုက်သို့ ဝင်ရောက်ခဲ့သော စုဟန်ယန်ကို ဟန်ယွမ်ခိုင် ချက်ချင်း သတိရသွား၏။

စုဟန်ယန် ထျန်းချန်တိုက်သို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် အခြားကျင့်စဉ်ကျင့်သူများလည်း ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ဆွမ်ဧကရာဇ်၏ နောက်ကွယ်တွင် ကျင့်စဉ်ကျင့်သူတစ်ဦး၏ အကူအညီရှိနေခြင်းမှာ အဆန်းမဟုတ်ပေ။

ထို့ကြောင့် ဆွမ်ဧကရာဇ်သည် ရုပ်သေးရုပ် တစ်ရုပ်မျှသာဖြစ်ပြီး ရှနိုင်ငံတော်တစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်နေသူမှာ ဧကရာဇ်၏ နောက်ကွယ်မှ ကျင့်စဉ်ကျင့်သူသာ ဖြစ်သည်ကိုလည်း ညွှန်ပြနေ၏။

ဤအချက်ကို သိရှိသွားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့လည်း လုချန်းနှင့် ရှနိုင်ငံတော်ကို ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ် မယူဆကြတော့ပေ။ သူတို့၏ အမြင်တွင် တားမြစ်ချက်များ ပိုမိုပျောက်ကွယ်သွားပြီး မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်နိုင်သည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်၏။ ထို့နောက် သူတို့ ရှနိုင်ငံတော်တစ်ခုလုံးကို အလွယ်တကူ ဖြိုလှဲနိုင်မည် ဖြစ်သည်။

ယခုမှစ၍ စောင့်ကြည့်ရုံသာ ရှိတော့သည်။

……..

တစ်ချိန်တည်းတွင်။

နဂါးနက်မြို့အထက်၌။

ဖေးဟုန်နတ်လှေပေါ်ရှိ လုချန်းသည် မြူခိုးဒေသရှိရာဘက်သို့ စိုက်ကြည့်နေ၏။ မြူခိုးဒေသ၏ မြူခိုးများသည် လုံးဝ ကွယ်ပျောက်သွားပြီဖြစ်ပြီး ယခု ထျန်းချန်တိုက်ဘက်မှ တိုက်ရိုက် မြင်တွေ့နိုင်ပြီ ဖြစ်သည်။

မြူခိုးဒေသသည် သူ ထင်ထားသကဲ့သို့ ကန္တာရဒေသတစ်ခု မဟုတ်ပေ။ နေရာတိုင်းတွင် သစ်တောများရှိပြီး ရှုခင်းများက ကြည့်၍ကောင်းသည်။

သို့သော်လည်း ရံဖန်ရံခါတွင် အာကာသ အက်ကွဲကြောင်းများ သို့မဟုတ် ဝဲဂယက်များ ရှိတတ်ပြီး ထိုအက်ကွဲကြောင်းများကို ထျန်းချန်ကမ္ဘာမှပင် မြင်တွေ့နိုင်၏။

လုချန်း သူ့ဘာသာ ရေရွတ်လိုက်သည်။ “မြူခိုးဒေသက တော်တော်လေး အန္တရာယ်များပုံပဲ။ သူ့ရဲ့ အင်အားစုတွေက ထျန်းချန်တိုက်ထဲကို ဝင်ချင်နေကြတာ အံ့ဩစရာမရှိဘူး။”

မြူခိုးဒေသရှိ အာကာသသည် အလွန်မတည်ငြိမ်ပေ။ မျက်စိဖြင့်ပင် မြင်နိုင်သော ဝဲဂယက်များ ရှိ၏။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး နေထိုင်ပါက အိပ်နေစဉ်အတွင်းပင် ဝဲဂယက်ထဲသို့ တိုက်ပါသွားပြီး အပိုင်းပိုင်းအစစ စုတ်ဖြဲခံရနိုင်သည်။

မြူခိုးဒေသနှင့် နှိုင်းယှဉ်လျှင် ထျန်းချန်ကမ္ဘာရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပါးလွှာသော်လည်း ဘေးကင်းလုံခြုံ၏။

လုချန်း မြူခိုးဒေသကို ငေးမောကြည့်နေစဉ် ပိုင်ချင်းချင်း သူ့ထံ ချဉ်းကပ်လာပြီး

“မင်းကြီး။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေ ရောက်လာပါပြီ။”

ယခု ပိုင်ချင်းချင်းသည် ကလေးတစ်ယောက် ရရှိထားပြီးဖြစ်သော်လည်း လုချန်း သွားလေရာ လိုက်ပါနေဆဲ ဖြစ်၏။ သူမ၏ ကလေးကို ချူးယုချင်၏ စောင့်ရှောက်မှုအောက်တွင် ထားခဲ့သည်။

ဟုတ်ပါသည်။ လုချန်းသည် အချိန်အများစုကို ရန်ခရိုင်တွင် ကုန်ဆုံးသောကြောင့် သူမ၏ ကလေးကို နေ့တိုင်းနီးပါး တွေ့နိုင်သည်။

ပိုင်ချင်းချင်းနှင့် သူမ၏ ကလေးကြားတွင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ မရှိခဲ့ပေ။ ချစ်ခြင်းမေတ္တာနှင့် ပြည့်နှက်နေသော နန်းတော်အတွင်း၌ ကြီးပြင်းလာသော လုချန်း၏ ကလေးများသည် အလွန် သိတတ်ပြီး ဒုက္ခမပေးကြပေ။

ထိုစဉ် လုချန်း ပိုင်ချင်းချင်းကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ရွှေရောင်ရှန်ဟွေ သံချပ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး ၎င်းသည် သူမ၏ ခန္ဓာကိုယ်နှင့် တင်းကြပ်စွာ ကပ်နေကာ ကောက်ကြောင်းများကို ပေါ်လွင်စေသည်။

လုချန်းက ပြုံးလျက်

“ပိုင်။ မင်း အဲဒီ ရှန်ဟွေ သံချပ်ဝတ်စုံနဲ့ တော်တော်လိုက်တယ်။ ကိုယ့်ကိုတောင် စိတ်ယိုင်လာစေတယ်။”

ထိုစကားများကို ကြားသောအခါ ပိုင်ချင်းချင်း၏ ဖြူဖွေးသော ပါးပြင်များတွင် အနီရောင်သန်းသွား၏။

“မင်း... မင်းကြီး၊ အလိုရှိတယ်ဆိုရင် ကျွန်မ ညကျရင် ပြုစုပါ့မယ်။”

ပိုင်ချင်းချင်းသည် အပြင်တွင် ရှိနေစဉ် မိမိကိုယ်ကို အမြဲတမ်း “ကျွန်မ” ဟု သုံးနှုန်းပြီး သူမ၏ ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်မှသာ “ချစ်သူ” ဟု သုံးနှုန်း၏။

လုချန်းက တစ်ချက်ပြုံးလိုက်ပြီး ပိုင်ချင်းချင်းကို ဆက်လက်၍ မနောက်ပြောင်တော့ပဲ

“တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေကို သွားတွေ့ကြရအောင်။”

ထိုစကားများနှင့်အတူ လုချန်းလည်း

ဖေးဟုန်နတ်လှေ၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်၏။

……

ထိုအခိုက်တွင် ဖေးဟုန်နတ်လှေပေါ်သို့ ပျံတက်လာသော တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များလည်း ဤမျှကြီးမားသော နတ်လှေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ ၎င်း၏ ခံ့ညားထည်ဝါမှုကြောင့် မှင်တက်သွားကြ၏။

တပည့်များအားလုံးသည် သူတို့၏ ဧကရာဇ်အကြောင်းကို သိချင်နေကြပြီး ဤမျှ ကြီးမားသော နတ်လှေကို ပိုင်ဆိုင်နိုင်သူမှာ မည်သူဖြစ်သည်ကို သိလိုစိတ် ပြင်းပြနေကြသည်။

မကြာမီပင် လူငယ်တစ်ဦးသည် အားလုံး၏ ရှေ့မှောက်သို့ ပေါ်လာသည်။ လုချန်းကို မြင်ဖူးသော တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များက သူ့အား ချက်ချင်း ဂါရဝပြုလိုက်ကြသည်။

ထိုတပည့် ဂါရဝပြုသည်ကို မြင်သောအခါ အခြားသူများလည်း လိုက်ပြုလိုက်ကြသည်။

“တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ မင်းကြီးကို ဂါရဝပြုပါတယ်။ အသက်ရှည်ပါစေ။”

လုချန်းက

“အားလုံး ထကြပါ”

ဤသို့ပြောပြီးနောက် လုချန်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ ဦးဆောင်တပည့် ကို ကြည့်ကာ မေးလိုက်သည်။

“ဒီတစ်ခေါက် တန်ခိုးရှင် တစ်သောင်းဂိုဏ်းက ကောင်းကင်လူသားအဆင့်က တပည့် ဘယ်နှစ်ယောက် ခေါ်လာခဲ့လဲ။”

တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ ခေါင်းဆောင်တပည့်ဖြစ်သူ ဝေထျန်းဟွာက ချက်ချင်းပင်

“မင်းကြီး။ စုစုပေါင်း ကောင်းကင်လူသား စွမ်းအားရှင် သုံးရာပါ။ အရမ်းများများ စေလွှတ်ရင် လင်ဟူဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းက သံသယဝင်လာနိုင်တယ်လို့ ဂိုဏ်းချုပ်က ပြောပါတယ်။”

လုချန်းက

“သုံးရာဆိုရင် လုံလောက်ပါတယ်”

“တားမြစ်ချက် လုံးဝပျောက်ကွယ်သွားပြီးတဲ့နောက် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ သုံးရာကို တွေ့ရင် မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းက လူတွေရဲ့ မျက်နှာထား ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်မိတယ်။”

လုချန်း၏ စကားကို ကြားသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များလည်း နားမလည်နိုင်သော အမူအရာများ ဖြစ်သွားကြသည်။

မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ သုံးရာလား။ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ သုံးရာ မည်သည့်နေရာမှ ရောက်လာမည်နည်း။

ပေါက်ကြားမှုမှ ကာကွယ်ရန်အတွက် ထျန်းချန်သို့ ဝင်ရောက်လာသော တပည့်များအား စိတ်ဝိညာဉ် သံချပ်ဝတ်စုံများ ရရှိမည်ဖြစ်ကြောင်း ကျိဟုန်ဝမ်က အသိမပေးထားခဲ့ပေ။ ရန်ခရိုင်သို့ တိုက်ရိုက်သွားကာ ဆွမ်ဧကရာဇ်ကို ရှာဖွေရန်သာ မှာကြားခဲ့သည်။

သို့သော် ရန်ခရိုင်သို့ပင် မသွားရပဲ နဂါးနက်မြို့၌ ဆွမ်ဧကရာဇ်နှင့် ချက်ချင်း တွေ့ဆုံရမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ထိုအခိုက်တွင် လုချန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပနေသော ရွှေရောင် သံချပ်ဝတ်စုံ သုံးရာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များအားလုံး၏ ရှေ့မှောက်တွင် ပေါ်လာသည်။

လုချန်းက

“ဒီ စိတ်ဝိညာဉ် သံချပ်ဝတ်စုံတွေကို ရှန်ဟွေ သံချပ်ဝတ်စုံလို့ ခေါ်တယ်။ ဝတ်ဆင်ပြီးတာနဲ့ ယင်ယန်နယ်ပယ်အဆင့် စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ အင်အားကိုလည်း မူလအစကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတွေနဲ့ တန်းတူဖြစ်အောင် မြှင့်တင်ပေးနိုင်တယ်။”

ထိုစကားကို ကြားသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ မှင်တက်သွားကြ၏။

ယင်ယန်နယ်ပယ်အဆင့်များ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ပြီး သူတို့၏ အင်အားကိုလည်း မူလအစကမ္ဘာ နယ်ပယ်အဆင့်သို့ မြှင့်တင်ပေးနိုင်တယ်တဲ့လား။

ဤသံချပ်ဝတ်စုံများသည် အနည်းဆုံး မြေအဆင့် စိတ်ဝိညာဉ် သံချပ်ဝတ်စုံများ ဖြစ်ရမည်။

မြေအဆင့် စိတ်ဝိညာဉ် သံချပ်ဝတ်စုံ သုံးရာကို ဤမျှ အလွယ်တကူ ထုတ်ပေးနိုင်သော သူတို့၏ ဧကရာဇ်က အမှန်တကယ် မည်သူဖြစ်သနည်း။

All Chapters