လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ဘယ်လောက်အထိ ကျင့်ကြံထားလဲ
Vol. 66 Ch. 984
ထိုအခိုက်အတန့်တွင် နတ်လှေ၏ ခန်းမဆောင်ကြီးသည် ကြောက်မက်ဖွယ် တိတ်ဆိတ်နေပြီး အရိုးခိုက်အောင် အေးစက်လျက်ရှိ၏။ လေထုသည် အလွန်အမင်း ဖိနှိပ်ထားသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။
လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများလည်း ယွမ်ချင်းရှု၏ သတိပေးချက်ကို နားလည်သဘောပေါက်သွားကြ၏။ အကယ်၍ သူတို့ သစ္စာဖောက်ဝံ့ပါက သူတို့၏ ကံကြမ္မာသည် ကျန်းတုန်းရွိီတို့နှင့် များစွာကွာခြားမည် မဟုတ်ပေ။
ယွမ်ချင်းရှု လူမသတ်သည်မှာ အချိန် အတော်ကြာပြီဖြစ်သောကြောင့် သူတို့အားလုံး မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်ကို သူမ မည်သို့ စတင်တည်ထောင်ခဲ့သည်ကို သူတို့ မေ့နေကြ၏။
သူမသည် လျှို့ဝှက်လဝန်းနန်းတော်ကို သတ်ဖြတ်ခြင်းများဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်၏။ သူမသည် မရေမတွက်နိုင်သော အင်အားစုများကို ချေမှုန်းခဲ့ပြီး မရေမတွက်နိုင်သော လူတို့ကို သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း လူသတ်နေစဉ် မျက်တောင်တစ်ချက် မခတ်တတ်သော ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာမဖြစ်သူ ယွမ်ချင်းရှု၏ ရှေ့မှောက်တွင် မဖြစ်စလောက် အကြံအစည်များ ကြံစည်ရန် သူတို့ သတ္တိရှိခဲ့ကြ၏။ ထိုသို့တွေးမိသောအခါ ခန်းမဆောင်အတွင်းရှိ အကြီးအကဲများ၏ မျက်နှာပေါ်တွင် ချွေးစေးများ အဆက်မပြတ် စီးကျလာလေသည်။
ထိုအချိန်တွင် ယွမ်ချင်းရှုက ရှိနေသူအားလုံးကို အေးစက်စွာ ကြည့်လိုက်ပြီးနောက်
“ဒီနေ့ကစပြီး အကြီးအကဲအားလုံး
တကိုယ်တည်း သီးသန့်ကျင့်ကြံရမယ်။
ထျန်းချန်ကမ္ဘာကို မရောက်မချင်း ဘယ်သူမှ ကိုယ့်ကျင့်ကြံအခန်းထဲက ထွက်မလာရဘူး။”
အကြီးအကဲအုပ်စုလည်း အလျင်အမြန်ပင် လက်ယှက် အရိုအသေပြုကာ
“ကျွန်တော်တို့ နန်းတော်သခင်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။”
ယွမ်ချင်းရှုက ဆက်ပြောလိုက်သည်။
“စုန့်ယွမ်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး သွားလို့ရပြီ။”
ထိုစကားကို ကြားသောအခါ အကြီးအကဲများ သက်ပြင်းချနိုင်သွားကြပြီး ခန်းမဆောင်ထဲမှ အလျင်အမြန် ထွက်ပြေးကြလေသည်။ ယွမ်ချင်းရှု စိတ်ပြောင်းသွားပြီး နမူနာပြရန် နောက်ထပ် လူအနည်းငယ် သတ်ပစ်မည်ကို သူတို့ စိုးရိမ်နေကြ၏။
အကြီးအကဲများ ထွက်သွားပြီးနောက် ယွမ်ချင်းရှုက သူမ၏ရှေ့မှ မုတ်ဆိတ်မွေးနှင့် လူကို ကြည့်လိုက်၏။ ထိုသူက လက်နှစ်ဖက်ကို ယှက်ကာ
“နန်းတော်သခင်။ ကျွန်တော့်ကို ဘာကိစ္စအတွက် ဆင့်ခေါ်တာလဲ သိပါရစေ။”
ယွမ်ချင်းရှုက ကြယ်တာရာမြေပုံစာလိပ်တစ်ခုကို ထုတ်ယူကာ စုန့်ယွမ်ထံသို့ ပစ်ပေးလိုက်သည်။
“နတ်လှေတစ်စင်းကို ယူပြီး ကြယ်တာရာမြေပုံပေါ်က အမှတ်အသားတွေအတိုင်း သွားလိုက်။ မင်းရဲ့ နတ်လှေပေါ်က တည်နေရာကို လုယန်ဟွာဆီ အချိန်မှန် အစီရင်ခံစာ ပို့ပေး။”
ယွမ်ချင်းရှု၏ ရည်ရွယ်ချက်ကို စုန့်ယွမ် ချက်ချင်း သဘောပေါက်သွား၏။ သူမက လုယန်ဟွာကို အခြားတစ်နေရာသို့ လမ်းလွှဲခေါ်ဆောင်လိုခြင်း ဖြစ်သည်။
သူတို့၏ နန်းတော်သခင် အစပိုင်းတွင် သစ္စာဖောက် အကြီးအကဲများကို အဘယ်ကြောင့် အသက်ချမ်းသာပေးခဲ့သည်ကို ယခုမှ သူ နားလည်တော့သည်။ ယင်းမှာ လုယန်ဟွာ၏ အာရုံကို လွှဲရန် ဖြစ်သည်။
အကယ်၍ သူမသာ ထိုသစ္စာဖောက်များကို ချက်ချင်း သတ်ပစ်ခဲ့ပြီး လုယန်ဟွာထံ သတင်းစကား မပို့ခဲ့ပါက ယွမ်ချင်းရှုတွင် ယွမ်ရှန်ရှန်ကို လွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိဟု လုယန်ဟွာ ယူဆကာ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်သည်။
စာလိပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း စုန့်ယွမ်က ယွမ်ချင်းရှုကို အရိုအသေပြုလိုက်ရင်း
“စိတ်ချပါ နန်းတော်သခင်။ ကျွန်တော် ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်။”
ယွမ်ချင်းရှုက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖြည်းညင်းစွာ ထိုင်ချကာ သူမ၏ ပလ္လင်ပေါ်တွင် နေရာယူလိုက်သည်။ ထို့နောက် ခံစားချက်ကင်းမဲ့စွာဖြင့်
“သွားပြီး ပြင်ဆင်တော့”
“ဟုတ်ကဲ့ပါ နန်းတော်သခင်။”
ထို့နောက် စုန့်ယွမ် လှည့်ထွက်ကာ ခန်းမဆောင်ထဲမှ ထွက်ခွာသွားလေသည်။
ရက်အနည်းငယ်အကြာတွင် နတ်လှေတစ်စင်းသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် သန့်ရှင်းသော နဂါးနက် နယ်မြေတို့၏ နတ်လှေများဖြင့် ဖွဲ့စည်းထားသော အုပ်စုမှ ခွဲထွက်ကာ လားရာမတူသော အရပ်သို့ ပျံသန်းသွားသည်။
……
ထျန်းချန်ကမ္ဘာ။
မြူခိုးဒေသ။
ယနေ့တွင် မြူခိုးဒေသနှင့် ထျန်းချန်ကမ္ဘာတို့သည် လုံးဝနီးပါး ပေါင်းစပ်သွားပြီ ဖြစ်သည်။ သို့သော် နဂိုမြူခိုးထူသော နေရာများက အနည်းငယ် မတည်ငြိမ်သေးပေ။
အဓိက အင်အားစု သုံးခုသည် ကန့်သတ်ချက်၏ ရှေ့တွင် ရပ်စောင့်နေကြပြီး ထိုကန့်သတ်ချက် ပျောက်ကွယ်သွားရန်ကိုသာ စောင့်မျှော်နေကြ၏။ ဤကာလအတွင်း သူတို့သည် ထျန်းချန်ကမ္ဘာကို စုံစမ်းရန် ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူ အချို့ကို ဆက်တိုက် စေလွှတ်ခဲ့သည်။ သို့သော် ထိုတပည့်များအားလုံး မောင်းထုတ်ခြင်း ခံခဲ့ရသည်။
အခြားနည်းလမ်းမရှိသဖြင့် သူတို့လည်း ကန့်သတ်ချက် လုံးဝပျောက်ကွယ်သွားရန်ကိုသာ စောင့်ဆိုင်းနိုင်တော့၏။ အကယ်၍ သူတို့၏ ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများကို ဆက်လက်စေလွှတ်နေပါက သူတို့၏ ကိုယ်ပိုင်အင်အားကို လျော့ပါးစေမည်သာ ဖြစ်သည်။
ထျန်းချန်ကမ္ဘာကို ခွဲဝေယူပြီးသည်နှင့်အချင်းချင်း ယှဉ်ပြိုင်ရန်အတွက် ထိုကောင်းကင်လူသားအဆင့် တပည့်များကို အားကိုးရဦးမည် ဖြစ်၏။ ဂိုဏ်း၏ တပည့်များကို ပေါ့ပေါ့ဆဆ စတေး၍ မဖြစ်ပေ။
ထို့နောက်တွင် အင်အားစု သုံးခုစလုံးမှ တပည့်များ စေလွှတ်ခြင်းကို တိတ်တဆိတ် သဘောတူကာ ရပ်တန့်လိုက်ကြသည်။
ထျန်းချန်တိုက်ကြီးဘက်ကို ကြည့်ရင်း ဟန်ယွမ်ခိုင်က
“ရှနိုင်ငံက တကယ်ပဲ ရင်ဆိုင်ရမလွယ်ဘူးနဲ့တူတယ်။”
ကျန်းဟုန်ရယ်က မှတ်ချက်ပြုလိုက်၏။
“ကိုင်တွယ်ရခက်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒါက သူတို့မှာ ကောင်းကင်လူသား စွမ်းအားရှင်တွေကို ထိခိုက်စေနိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်ထားလို့ပဲ။ ကန့်သတ်ချက် ပျောက်သွားတာနဲ့ ကျွန်တော်တို့ရဲ့ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတွေ ဝင်ရောက်သွားတဲ့အခါ ရှစစ်တပ်က အရေးပါတော့မှာ မဟုတ်ဘူး။”
ကောင်းကင်လူသားအဆင့်နှင့် မူလအစကမ္ဘာ နယ်ပယ်အဆင့်တို့၏ ကွာခြားချက်မှာ ကြီးမားလှသည်။ မူလအစကမ္ဘာ နယ်ပယ်အဆင့် တစ်ယောက်သည် ပြည်နယ်ငယ်တစ်ခုကို တစ်ဦးတည်း ဖျက်ဆီးနိုင်၏။
ရှနိုင်ငံတော် စစ်တပ်က ထိုလျှို့ဝှက်ဆန်းကြယ်သော လက်နက်များကို အသုံးပြုတိုက်ခိုက်လျှင်ပင် မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများကတော့ ၎င်းတို့ကို လွယ်ကူစွာ ရှောင်တိမ်းနိုင်သည်။
သူတို့သည် ရှောင်တိမ်းနိုင်ရုံသာမက ရှနိုင်ငံတော် စစ်တပ်၏ ရှေ့တန်းသို့ အလွယ်တကူ ရောက်ရှိနိုင်ပြီး သူတို့ ကိုင်ဆောင်ထားသော လက်နက်များကို ဖျက်ဆီးပစ်နိုင်၏။
သူတို့ ထျန်းချန်ကမ္ဘာသို့ စေလွှတ်ခဲ့သော တပည့်များ၏ အစောပိုင်း အစီရင်ခံမှုများအရ ရှနိုင်ငံ၏ လက်နက်များသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည်။ သို့သော် သူတို့၏ စစ်သားများမှာ သာမန်လူများသာဖြစ်ပြီး ညီညွတ်ခြင်းအဆင့်သို့ ရောက်ရှိသူပင် အနည်းငယ်သာ ရှိသည်ဟု ဆို၏။
ထိုသို့သော စစ်တပ်သည် ဤမျှ အစွမ်းထက်သော လက်နက်များကို ပိုင်ဆိုင်ထားလျှင်ပင် အဓိက အင်အားစု သုံးခု ဝင်ရောက်လာသည်နှင့် ထိုလက်နက်များကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဟန်ယွမ်ခိုင်က
“ရှနိုင်ငံက ကောင်းကင်လူသား စွမ်းအားရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ လက်နက်တွေ ဘယ်လိုများ ထုတ်လုပ်နိုင်ခဲ့လဲဆိုတာ ကျွန်တော် နည်းနည်းတော့ စပ်စုချင်သား။”
ယေဘုယျအားဖြင့် ထိုသို့သော အလွန်အမင်း အစွမ်းထက်သည့် လက်နက်များ ထုတ်လုပ်ရန်အတွက် များပြားလှသော အရင်းအမြစ်များ လိုအပ်၏။ သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအင် ပါးလွှာပြီး မကြာသေးမီကမှ စိတ်စွမ်းအင် ပြန်လည်ရှင်သန်လာသော ထျန်းချန်တိုက်တွင် ထိုမျှ များပြားလှသော ပစ္စည်းများ ပိုင်ဆိုင်နိုင်စရာအကြောင်း မရှိပေ။
ကျန်းဟုန်ရယ်က ခံစားချက်ကင်းမဲ့စွာဖြင့်
“ကန့်သတ်ချက် ပျောက်သွားတာနဲ့ အားလုံး ရှင်းသွားမှာပါ။”
ဟန်ယွမ်ခိုင်က ပြုံး၍
“ဂိုဏ်းချုပ်ကျန်း ပြောတာ မှန်ပါတယ်။ ကန့်သတ်ချက် ပျောက်သွားတာနဲ့ ကျွန်တော်ကတော့ အဲဒီလက်နက်တွေ ပြုလုပ်ခဲ့တဲ့သူကို ရှာပြီး စကားကောင်းကောင်း ပြောရမယ်။”
ထိုစကားကို ကြားသောအခါ ကျန်းဟုန်ရယ်၏ မျက်ခုံးများ တွန့်သွား၏။
အကယ်၍ ဟန်ယွမ်ခိုင်သာ ထိုလက်နက်များကို ပြုလုပ်ခဲ့သောသူကို ရရှိသွားပါက မြူခိုးမှော်ဂိုဏ်း၏ အင်အား အလွန်တိုးတက်လာမည် မဟုတ်ပါလား။
အနာဂတ်တွင် မြူခိုးမှော်ဂိုဏ်းသည် လင်ဟူဂိုဏ်းကို ယှဉ်ပြိုင်ရန် ထိုလက်နက်များကို အသုံးပြုလာနိုင်သည်။
ဤလက်နက်များကို သာမန်လူများ ကိုင်တွယ်ပါက အခြားအင်အားစုများမှ အလွယ်တကူ ခိုးယူနိုင်သော်လည်း ကောင်းကင်လူသားအဆင့် တပည့်များ အသုံးပြုမည်ဆိုပါက ထိုသို့ လွယ်ကူစွာ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။
သာမန်လူများပင် ထိုလက်နက်များကို သုံပြီး ဤမျှကြီးမားသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသာ ကိုင်တွယ်ပါက မည်သို့ ဖြစ်မည်မှန်း မသေချာပေ။
ပိုမိုကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်မှာလား....
မည်သို့ပင်ဖြစ်စေ ဟန်ယွမ်ခိုင် ထိုလက်နက်လုပ်သူကို မရရှိစေရပေ။
ကျန်းဟုန်ရယ် ထိုသို့ တွေးနေစဉ်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်တစ်စု ထျန်းချန်ဘက်မှ မြူခိုးဒေသသို့ ဒယိမ်းဒယိုင်ဖြင့် ပြန်ရောက်လာကြ၏။
သူတို့၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်များကို မြင်သောအခါ ကျိဟုန်ဝမ်က လျင်မြန်စွာ ချဉ်းကပ်သွားပြီး
“ဘယ်လိုနေလဲ”
ဟု ဟန်ဆောင်မေးမြန်းလိုက်သည်။
ခေါင်းဆောင်လာသော တပည့်က
“ဂိုဏ်းချုပ်။ ကျွန်တော်တို့ ရှနိုင်ငံတော် စစ်တပ်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ခဲ့ပေမဲ့ မမျှော်လင့်ပဲ သူတို့ကို ကာကွယ်ပေးနေတဲ့ မူလအစ ကမ္ဘာအဆင့် ပညာရှင်တွေ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ လုံးဝ အနားကပ်လို့မရခဲ့ဘူး။”
ထိုစကားကို ကြားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ် နှစ်ဦးစလုံး ခဏခန့် မှင်တက်သွားကြ၏။
ထို့နောက် ကျန်းဟုန်ရယ် သတိပြန်ဝင်လာပြီး
“ကြည့်ရတာ ရှနိုင်ငံတော် စစ်တပ်ကို အနိုင်ယူဖို့ မူလအစ ကမ္ဘာအဆင့် ကျင့်စဉ်ကျင့်သူတစ်ယောက် ဝင်ပါမှ ဖြစ်မယ်ထင်တယ်။ အခုတော့ ကန့်သတ်ချက်တွေ မြန်မြန် ပျောက်ကွယ်သွားဖို့ပဲ မျှော်လင့်နိုင်တော့တယ်။”
ကျိဟုန်ဝမ်က သက်ပြင်းချကာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်အနည်းငယ်ကို ပြော၏။
“မင်းတို့အားလုံး ကုသဖို့အတွက် မိုးပျံလှေပေါ် ပြန်တက်ကြတော့။”
“ဟုတ်ကဲ့။”
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ထိုတပည့်များ မိုးပျံလှေပေါ် ပြန်သွားပြီးနောက် ကျိဟုန်ဝမ်လည်း အကြောင်းပြချက်တစ်ခုရှာကာ နတ်လှေပေါ်သို့ ပြန်သွားသည်။
အခန်းတစ်ခန်းတွင် ခုနက တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များနှင့် ကျိဟုန်ဝမ်တို့ ထပ်မံတွေ့ဆုံကြ၏။
ကျိဟုန်ဝမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ အခန်းတစ်ခုလုံးတွင် စိတ်အာရုံကို ပိတ်ဆို့နိုင်သော ပုံစံတစ်ခုကို တည်ဆောက်လိုက်၏။
ထိုအခိုက်အတန့်တွင် တပည့်များက စုပေါင်း၍ အရိုအသေပြုကာ
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။”
ကျိဟုန်ဝမ်က
“မင်းကြီးက မင်းတို့ကို ဒီတစ်ခေါက် တစ်ခုခု ယူလာခိုင်းလိုက်မှာ သေချာတယ်။”
ထိုစကားကို ကြားသောအခါ တပည့်များလည်း သူတို့ ဝတ်ဆင်ထားသော ရှန်ဟွေ သံချပ်ဝတ်စုံများကို အလျင်အမြန် ချွတ်လိုက်ကြပြီး ကျိဟုန်ဝမ်အား
“ဂိုဏ်းချုပ်။ ဒါက ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအတွက် မင်းကြီးက ပေးခိုင်းလိုက်တဲ့ ရှန်ဟွေ သံချပ်ဝတ်စုံတွေပါ။”
ထိုစကားကို ကြားသောအခါ ကျိဟုန်ဝမ်၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွား၏။ သူမျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ မင်းကြီးသည် သူတို့အတွက် ရှန်ဟွေ သံချပ်ဝတ်စုံများကို ကြိုတင် ပေးအပ်ခဲ့သည်။
ထိုသို့ဆိုလျှင် ပိတ်ပင်မှု ရုတ်သိမ်းသွားသည်နှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ရှနိုင်ငံတော်စစ်တပ်တို့သည် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့ကို ဝိုင်းရံနိုင်မည်ဖြစ်သည်။ ထို့နောက် ဤအဓိက အင်အားစု နှစ်ခုကို တစ်ကြိမ်တည်းနှင့် အပြီးတိုင် ချေမှုန်းနိုင်မည် ဖြစ်သည်။
ကျိဟုန်ဝမ် ဆက်မတွေးတော့ပဲ ချက်ချင်းပင် တပည့်၏လက်ထဲမှ သံချပ်ဝတ်စုံကို ယူ၍ ဝတ်ဆင်လိုက်၏။
သံချပ်ဝတ်စုံ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ တိုးပွားလာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။ သူတို့၏ မင်းကြီး ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။
ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်၏ စွမ်းအားကို ရရှိခါစဖြစ်သော ကျိဟုန်ဝမ် ထိုစွမ်းအားကို ချက်ချင်း စမ်းသပ်ကြည့်လိုသည်။ သို့သော် အဆုံးတွင် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်၏။ အမှားအယွင်းမရှိသော အစီအစဉ်တစ်ခု ဖြစ်စေရန် ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည်အထိ သူ စောင့်ဆိုင်းရမည်ဖြစ်သည်။
ထို့နောက် ကျိဟုန်ဝမ်က တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အခြားအကြီးအကဲများကို စုရုံးကာ ရှန်ဟွေ သံချပ်ဝတ်စုံများ ဖြန့်ဝေပေးလိုက်၏။
သူတို့ သံချပ်ဝတ်စုံများကို လက်ခံရရှိသည့်အခိုက်တွင် အကြီးအကဲများလည်း အဓိက အင်အားစု နှစ်ခုကို ချက်ချင်း တိုက်ခိုက်လိုစိတ်များ ပေါက်ပေါက်လာခဲ့သည်။ သို့သော် သူတို့ စိတ်လိုက်မာန်ပါ မပြုမူခဲ့ကြပေ။
မြူခိုးဒေသ၏ အာကာသသည် ယုံကြည်စိတ်ချရခြင်း မရှိပေ။ သတိမထားပဲ လှုပ်ရှားလိုက်ပါက မြူခိုးဒေသ၏ အာကာသတစ်ခုလုံး ပြိုကျသွားနိုင်ပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်းလည်း ထိခိုက်နစ်နာမည် ဖြစ်သည်။
ထျန်းချန်တိုက်ထဲသို့ ဝင်ရောက်ပြီးသည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းပေမည်။
အချိန်သည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ မြူခိုးဒေသရှိ ကန့်သတ်ချက်များ အားနည်းလာသည်။ ထိုအချိန်တွင် ရှနိုင်ငံတော်ဘက်ကလည်း အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။
……
နဂါးနက်မြို့တော် အထက်၌။
ဖေးဟုန် နတ်လှေပေါ်ရှိ သူ၏ အိပ်ခန်းထဲ၌ လုချန်း တရားထိုင်နေစဉ် ရွှေရောင် ရှန်ဟွေ သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော ပိုင်ချင်းချင်း အခန်းထဲသို့ ဝင်လာ၏။
“မင်းကြီး… မင်းကြီးက ကျွန်မကို ခေါ်တယ်ဆိုလို့…”
ပိုင်ချင်းချင်း စကားပြောနေစဉ် သူမ၏ အေးစက်သော မျက်နှာပေါ်တွင် နီမြန်းသော အရောင်တစ်ခု ပေါ်လာပြီး သူမအား အနည်းငယ် ရှက်သွေးဖြာနေသည့်ပုံ ပေါက်စေ၏။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများကို ဖွင့်ကာ
“မကြာသေးခင်က ကိုယ့်အာရုံက မြူခိုးဒေသကိုပဲ စိုက်နေမိတော့ မင်းကို လစ်လျူရှုထားသလို ဖြစ်သွားတယ်။ ဒီကိုလာ။ မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ဘယ်လောက်အထိ ကျင့်ကြံထားလဲ ကိုယ်ကြည့်ရအောင်။”
“ဟုတ်ကဲ့ပါ မင်းကြီး။”
ပြောရင်းဆိုရင်းပင် သူမ၏ ရှန်ဟွေ သံချပ်ဝတ်စုံကို တက်ကြွစွာ ချွတ်လိုက်ပြီး လုချန်းထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ သူမ သူ၏အနားသို့ ရောက်သောအခါ လုချန်းက သူမ၏ လက်ကို ဆွဲကိုင်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
လုချန်း၏ ရင်ခွင်ထဲသို့ ကျရောက်သွားသည်နှင့် သူမ၏ စိတ်ခံစားချက်များ လှုပ်ရှားသွား၏။ သူမ၏ လက်က အလိုအလျောက်ပင် လုချန်း၏ ရင်ဘတ်ပေါ်သို့ ရောက်သွားပြီး သူ၏ အဝတ်အစားများကို ဖြေလျှော့ပေးလိုက်သည်။
ထိုသို့သော ကိစ္စရပ်များအတွက် လုချန်းတွင် နောက်ဆုတ်လိုစိတ် အမြဲတစေ မရှိခဲ့ပေ။ သူက ပိုင်ချင်းချင်းကို လှဲချလိုက်ပြီးနောက် ကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်၏။
မကြာမီတွင် ရေခဲမင်းသမီး ပိုင်ချင်းချင်း အသွင်ပြောင်းသွားပြီး လုချန်း ယူဆောင်လာပေးသော ပျော်ရွှင်မှုထဲတွင် နစ်မြောသွားလေသည်။
အချိန်မည်မျှကြာသွားသည်မသိ ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ပင်လယ် တစ်ဟုန်ထိုး ကျယ်ပြန့်လာ၏။
ကောင်းကင်လူသားအဆင့်သို့ အဆင့်တက်သွားသည်ကို ခံစားမိသောအခါ ပိုင်ချင်းချင်း အနည်းငယ် မှင်သက်သွား၏။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်လာရန် ကောင်းကင်ဘုံလမ်းစဉ်၏ စမ်းသပ်မှုကို ခံယူရမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ တိုက်ရိုက် အဆင့်တက်သွားလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုအခိုက်တွင် အခန်းအပြင်ဘက်မှ အစေခံတစ်ဦးက
“မင်းကြီး။ ကန့်သတ်ချက် ပျောက်သွားပါပြီ။”