ရှုပ်ထွေးသွားသော စုဟန်ယန်
Vol. 66 Ch. 986
သူတို့၏ ဆုတ်ခွာရာလမ်း ပိတ်ဆို့ခံထားရပြီးဖြစ်ကြောင်း မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့ လုံးဝ မသိကြပေ။ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့၏ ဦးဆောင်မှုအောက်တွင် ထိုဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များ နဂါးနက်မြို့တော်ဆီသို့ အရူးအမူး ပျံသန်းနေကြဆဲ ဖြစ်၏။
မကြာမီတွင် ဟန်ယွမ်ခိုင်၏ မိုးပျံလှေသည် နဂါးနက်မြို့တော်၏ ကောင်းကင်ယံအထက်သို့ မောင်းနှင်သွား၏။ မြို့တော်မှ ရှစစ်သားများကို ရှင်းလင်းရန် သူ၏ အကြီးအကဲများအား အမိန့်ပေးရန် ပြင်ဆင်နေစဉ်မှာပင် မရေမတွက်နိုင်သော သံလုံးများ မြို့ထဲမှ ပျံတက်လာသည်။
ထိုသံလုံးများသည် မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာ၏။ သူ၏ တပည့်များထံမှ အစီရင်ခံစာများ ရရှိထားပြီးဖြစ်သောကြောင့် ၎င်းတို့သည် ရှနိုင်ငံတော်၏ အစွမ်းထက်လက်နက်များ ဖြစ်ကြောင်း ဟန်ယွမ်ခိုင် သိထားပြီးဖြစ်သည်။ ထိုလက်နက်များ၏ စွမ်းအားမှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး၏ ကိုယ်ကိုပင် ဖောက်ခွဲပစ်နိုင်သည်။
သို့သော် လက်နက်က အစွမ်းထက်သော်လည်း ဟန်ယွမ်ခိုင်ကတော့ စိုးရိမ်ခြင်း မရှိခဲ့ပေ။ ဟန်ယွမ်ခိုင် မပြောမီမှာပင် မြူခိုးမှော်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဓားစွမ်းအင် လှိုင်းများ အမြောက်ဆံများဆီသို့ ဦးတည်သွားခဲ့သည်။
နောက်တစ်ခဏတွင် အင်းကွက်အမြောက်ဆံများသည် ဓားစွမ်းအင်နှင့် တိုက်မိကာ ချက်ချင်း ပေါက်ကွဲသွားကြ၏။
ဓားစွမ်းအင် ထုတ်လွှတ်ခဲ့သူမှာ မူလအစ ကမ္ဘာနယ်ပယ်အဆင့်မှ ကျင့်စဉ်ကျင့်သူတစ်ဦး ဖြစ်၏။ ထိုအဆင့်ရှိ ကျင့်စဉ်ကျင့်သူတစ်ဦးအတွက် ဤအင်းကွက်အမြောက်ဆံများကို ခုခံကာကွယ်ခြင်းက အထူးတလည် ခက်ခဲခြင်း မရှိပေ။
ထိုအချိန်တွင် နဂါးနက်မြို့တော်မှ အင်းကွက်အမြောက်ဆံများ ပိုမို ပျံထွက်လာ၏။ ဟန်ယွမ်ခိုင်ထံ၌ အချိန်ဖြုန်းလိုစိတ်မရှိပေ။
ကျန်းဟုန်ရယ်က သူ၏ ဓားဖြင့် လိုက်မီလာနေသည်ကို သူ အာရုံခံမိနေသည်။ နဂါးနက်မြို့တော် တစ်ခုလုံးကို လျင်မြန်စွာ သိမ်းပိုက်ပြီး မြူခိုးမှော်ဂိုဏ်း၏ အလံကို စိုက်ထူရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဟန်ယွမ်ခိုင်က အကြီးအကဲများအား
“ခင်ဗျားတို့အားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားပြီး အောက်တန်းစားတွေကို အမြန်ဆုံး ရှင်းပစ်လိုက်။”
သူ၏ စကားဆုံးသည်နှင့် မြူခိုးမှော်ဂိုဏ်းမှ အကြီးအကဲများ မိုးပျံလှေပေါ်မှ ဆင်းသက်ကာ နဂါးနက်မြို့တော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားကြ၏။
သို့သော်လည်း သူတို့ နဂါးနက်မြို့တော်မှ စစ်သားများကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ရွှေရောင်သံချပ်ကာများ ဝတ်ဆင်ထားသော ပုံရိပ်များ မြို့ရိုးများအပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာ၏။
သူတို့၏ အငွေ့အသက်ကို ကြည့်ခြင်းအားဖြင့် သူတို့သည်လည်း အနည်းဆုံး မူလအစ ကမ္ဘာနယ်ပယ်အဆင့် အင်အားကို ပိုင်ဆိုင်ထားကြသည်။
နောက်တစ်ခဏတွင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ထိုကျင့်စဉ်ကျင့်သူများက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့၏ မရေမတွက်နိုင်သော ဓားစွမ်းအင် လှိုင်းများသည် မြူခိုးမှော်ဂိုဏ်းမှ မူလအစ ကမ္ဘာနယ်ပယ်အဆင့် အကြီးအကဲများဆီသို့ ရောက်ရှိသွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ မျက်နှာ ချက်ချင်းမဲမှောင်သွား၏။
သူလုံးဝ နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထျန်းချန်တိုက်တွင် ဤမျှများပြားသော မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများ မည်သို့ ပိုင်ဆိုင်ထားသနည်း။
ထျန်းချန်တိုက်တွင် အများဆုံး မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ နှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိမည်ဖြစ်ပြီး သူတို့၏ အင်အားမှာလည်း မပြောပလောက်ဟု ဟန်ယွမ်ခိုင် ထင်မှတ်ထားခဲ့၏။
ယခုမူ နဂါးနက်မြို့တော်၏ မြို့ရိုးများပေါ်တွင် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ အမြောက်အမြား ရှိနေသည်။
မြူခိုးမှော်ဂိုဏ်း တစ်ခုလုံးတွင်ပင် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ လေးဆယ်ခန့်သာ ရှိသည်။
အောက်ကမ္ဘာတစ်ခု၊ အထူးသဖြင့် စိတ်ဝိညာဉ်စွမ်းအင် မကြာသေးမီကမှ ပြန်လည်ရှင်သန်လာသော ကမ္ဘာတစ်ခုက ဤမျှများပြားသော မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူများကို မည်သို့ မွေးထုတ်နိုင်မည်နည်း။
တစ်ခုခု မှားယွင်းနေသည်။
ဟန်ယွမ်ခိုင် ပြဿနာကို သဘောပေါက်သွားပြီ ဖြစ်သည်။ မကောင်းသော နိမိတ်တစ်ခုကို သူ ခံစားနေရသည်။
ထိုအခိုက်တွင် ရွှေဝါရောင် သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် နဂါးနက်မြို့တော်၏ မြို့ရိုးမျှော်စင်ပေါ်တွင် ပေါ်လာ၏။
ထိုအမျိုးသမီးကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ ဘေးတွင်ရှိသော စုဟန်ယန် ခဏခန့် မှင်တက်သွား၏။ ထိုအမျိုးသမီး၏ ပုံစံ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူမ၏ တပည့်ရင်း လီချင်ရို့ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် စုဟန်ယန် မှတ်မိလိုက်သည်။
စုဟန်ယန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး စိတ်ရှုပ်ထွေးသွား၏။
ဘာတွေ ဖြစ်နေတာလဲ....
လီချင်ရို့အား ပုန်းအောင်းဖို့ နေရာရှာခိုင်းပြီး လူရှေ့ ဘယ်တော့မှ ထပ်မထွက်လာဖို့ အကြောင်းကြားရန် လူလွှတ်ခဲ့ပြီးပြီ မဟုတ်လား။
လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ထံ သူမ၏ စာကို မရရှိခဲ့ခြင်း ဖြစ်နိုင်လား။ သို့မဟုတ် သူမ စေလွှတ်လိုက်သော တပည့်များက သူမကို သစ္စာဖောက်ပြီး အရာအားလုံးကို ဟန်ယွမ်ခိုင်ထံ တိုက်ရိုက် ပြောပြခဲ့သလား။ ထို့နောက် ဟန်ယွမ်ခိုင်က ထိုတပည့်များကို ရှင်းလင်းလိုက်သောကြောင့် သူမ ဘာမှမသိရတော့တာလား။
ဒါက ပြဿနာတစ်ခုဖြစ်သည်။
လီချင်ရို့ ဤနေရာတွင် ပေါ်လာခဲ့သည်ဖြစ်ရာ ဟန်ယွမ်ခိုင်ကလည်း သူမကို မှတ်မိနိုင်ခြေ မြင့်မားပြီး သူမကို ဖမ်းဆီးရန် ကြိုးစားမည်မှာ သေချာသည်။
ထိုသို့ တွေးမိသောအခါ စုဟန်ယန်က ချက်ချင်းပင်
“အစ်ကိုကြီး။ တစ်ခုခုတော့ မမှန်ဘူး။ ကျွန်မတို့ မြန်မြန် လှုပ်ရှားမှဖြစ်မယ်။”
ပြောရင်းဆိုရင်းပင် စုဟန်ယန် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
မြူခိုးအရိပ်အယောင်.....
ထူထပ်သော ခရမ်းရောင်မြူခိုးများသည် မြို့ရိုးမျှော်စင်ပေါ်ရှိ ရှန်ဟွေတပ်ရှိ ကျင့်စဉ်ကျင့်သူများဆီသို့ ချက်ချင်းပင် တိုးဝင်သွား၏။
ခရမ်းရောင်မြူခိုးများ ပျံထွက်သွားသောအခါ ဟန်ယွမ်ခိုင်၏ မြင်ကွင်းကို ပိတ်ဆို့သွားစေပြီး လီချင်ရို့၏ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
စုဟန်ယန်ကဲ့သို့ မဟုတ်ပဲ လီချင်ရို့နှင့် အချိန်များစွာ အတူမနေခဲ့ဖူးသောကြောင့် သူမကို တစ်ချက်ကြည့်ရုံဖြင့် ဟန်ယွမ်ခိုင် မမှတ်မိနိုင်ပေ။ ယခု စုဟန်ယန်က လီချင်ရို့ကို ဖုံးကွယ်ရန် ကြိုးစားနေသည်ကို သူ မသိပဲ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုသည်ဟုသာ ထင်နေဆဲ ဖြစ်၏။
ခရမ်းရောင်မြူခိုးများ နဂါးနက်မြို့တော်ကို ဖုံးလွှမ်းသွားသည်နှင့် မြို့ရိုးမျှော်စင်ပေါ်ရှိ ရှန်ဟွေတပ်ရှိ ကျင့်စဉ်ကျင့်သူများ၏ တိုက်ခိုက်မှု ရပ်တန့်သွား၏။
ထိုအချိန်တွင် စုဟန်ယန် မိုးပျံလှေပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ ပုံရိပ်သည် ခရမ်းရောင်မြူခိုးထဲသို့ ချက်ချင်း တိုးဝင်သွားပြီး မကြာမီတွင် လီချင်ရို့၏ နောက်တွင် ပေါ်လာ၏။
လီချင်ရို့ ဘာမှမလုပ်နိုင်မီမှာပင် စုဟန်ယန်၏ ချုပ်နှောင်ခြင်းကို သူမ ခံလိုက်ရသည်။ သို့သော် သူမ၏ ဆရာမ၏ တိုက်ကွက်ဖြစ်ကြောင်း ကောင်းစွာ သိသောကြောင့် လီချင်ရို့ ထိတ်လန့်ခြင်း မရှိခဲ့ပေ။
“ဆရာမ။ မတွေ့ရတာ ကြာပြီနော်။”
လီချင်ရို့၏ နှုတ်ဆက်စကားကို ကြားသောအခါ စုဟန်ယန်က အေးစက်စွာဖြင့်
“ငါ မင်းနဲ့ ကျန်းဝမ်ကို ပုန်းနေဖို့ လူလွှတ်ပြီး ပြောခိုင်းခဲ့တယ် မဟုတ်လား။ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။”
လီချင်ရို့က
ဆရာမ။ ကျွန်မရဲ့ ခင်ပွန်းက ဆရာမနဲ့ တွေ့ချင်လို့ပါ။”
ထိုစကားကို ကြားသောအခါ စုဟန်ယန် မှင်တက်သွား၏။
ခင်ပွန်း....
သူမ၏ တပည့် တစ်စုံတစ်ယောက်နှင့် လက်ထပ်ပြီးသွားပြီလား....
သူမ၏ ကျင့်ကြံမှုခရီး၌ အချစ်ရေးတွင် စောစီးစွာ မနစ်မြောရန် သူမ သတိမပေးခဲ့ဘူးလား.....
စုဟန်ယန် ထိုသို့ တွေးနေစဉ်မှာပင် လီချင်ရို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်သည် ကောင်းကင်လူသားအဆင့်ကို ကျော်လွန်သွားပြီး မူလအစကမ္ဘာ နယ်ပယ်အဆင့်သို့ နီးကပ်နေပြီဖြစ်ကြောင်း သူမ အာရုံခံမိလိုက်၏။
ဒါက…
စုဟန်ယန်သည် အနည်းငယ် မှင်တက်သွား၏။
စုဟန်ယန်က စူးစမ်းစွာဖြင့်
“မင်းရဲ့ ချစ်သူ ဟုတ်လား။ သူက ဘယ်သူလဲ။”
သို့သော် သူမ၏ တပည့် လက်ထပ်သွားသည်ဟူသော အချက်ကို စုဟန်ယန် လျင်မြန်စွာ လက်ခံလိုက်၏။ လီချင်ရို့သည် အောက်ကမ္ဘာမှဖြစ်သောကြောင့် အမြင်ကျဉ်းမြောင်းပြီး လက်ထပ်ခြင်းကို ရွေးချယ်ခြင်းက သာမန်ပင် ဖြစ်သည်။
ယခု စုဟန်ယန် အစပ်စုချင်ဆုံး ဖြစ်နေသည်က လီချင်ရို့၏ ခင်ပွန်း ဖြစ်၏။
သူက ဘယ်သူလဲ...
ပြီးတော့ ဘာကြောင့် သူမကို ဆွဲဆောင်နိုင်ရတာလဲ....
လီချင်ရို့က
“ကျွန်မရဲ့ ခင်ပွန်းက ဆွမ်ဧကရာဇ်ပါ။”
ဒါက…
စုဟန်ယန်၏ လှပသော မျက်နှာ ဖြူဖျော့သွား၏။
မြူခိုးမှော်ဂိုဏ်းက ရှင်းလင်းရန် ကြံစည်ထားသော “ရုပ်သေးရုပ် ဧကရာဇ်” က သူမ တပည့်၏ ခင်ပွန်းဖြစ်နေလိမ့်မည်ဟု သူမ မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။
အခု ဘယ်လိုလုပ်မလဲ။
လီချင်ရို့က ဆက်လက်၍
“ကျွန်မရဲ့ ခင်ပွန်းက ဒီကမ္ဘာက မဟုတ်ပါဘူး။ သူက အတွေ့အကြုံရဖို့အတွက် တခြား ကျင့်စဉ်ကမ္ဘာတစ်ခုကနေ ထျန်းချန်ကမ္ဘာကို ရောက်လာတာပါ။”
“ပြီးတော့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းကလည်း သူ့ရဲ့ အင်အားစုပါပဲ။”
ထိုစကားကြောင့် စုဟန်ယန်၏ မျက်နှာ ပို၍ပင် ဖြူဖျော့သွား၏။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းက…
တကယ်တော့…
နဂါးနက်မြို့တော်ကို ပထမဆုံး သိမ်းပိုက်နိုင်သူက မြို့ကို ပိုင်ဆိုင်မည်ဟု အစောပိုင်းက ကျိဟုန်ဝမ် အဘယ်ကြောင့် အဆိုပြုခဲ့သည်ကို စုဟန်ယန် ချက်ချင်း သဘောပေါက်သွား၏။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် တမင်တကာ နောက်ကျကျန်နေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့၏ ဆုတ်ခွာရာလမ်းကို လုံးဝ ပိတ်ဆို့ရန် ဖြစ်သည်။
စုဟန်ယန် ပထမဆုံး တွေးမိလိုက်သည်က
ဟန်ယွမ်ခိုင်အား ဆုတ်ခွာဖို့ အရေးတကြီး အကြောင်းကြားရန် ဖြစ်၏။
စုဟန်ယန် တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ သူမ၏ ဆရာမ အကျပ်ရိုက်နေမည်ကို လီချင်ရို့ သဘောပေါက်လိုက်၏။ မြူခိုးမှော်ဂိုဏ်းသည် စုဟန်ယန်နှင့် ဟန်ယွမ်ခိုင်တို့ အတူတကွ တည်ထောင်ခဲ့သော ဂိုဏ်းဖြစ်သောကြောင့် သူမ ၎င်းကို လုံးဝ စွန့်ပစ်ရန် ဝန်လေးနေပေလိမ့်မည်။
ထို့နောက် လီချင်ရို့က ဆက်လက်၍
“ဆရာမ။ ထျန်းချန်တိုက်မှာ အနည်းဆုံး မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူ သုံးရာလောက် ရှိတယ်။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်က ကျင့်စဉ်ကျင့်သူတွေလည်း ရှိနေတယ်။ မြူခိုးမှော်ဂိုဏ်းက ရှနိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။”
“ဆရာမ ကျွန်မနဲ့ လိုက်ခဲ့ပါ။ ဆွမ်ဧကရာဇ်က ကျွန်မရဲ့ ခင်ပွန်းဖြစ်သလို ကျန်းဝမ်ရဲ့ ခင်ပွန်းလည်း ဟုတ်ပါတယ်။ ကျန်းဝမ်က ဆွမ်ဧကရာဇ်အတွက် ကလေးတစ်ယောက်တောင် မွေးပေးခဲ့ပြီးပါပြီ။”
“ဆရာမ ဂိုဏ်းချုပ်ရဲ့ နည်းလမ်းတွေကို သဘောမတူခဲ့တာ ကြာပေမဲ့ သွားစရာနေရာ မရှိလို့ မြူခိုးမှော်ဂိုဏ်းမှာပဲ နေခဲ့ရတယ်ဆိုတာကို တပည့် သိပါတယ်။”
“အစက ဆရာမ ထျန်းချန်တိုက်ကို လာခဲ့တာ မြူခိုးမှော်ဂိုဏ်းကနေ လွတ်မြောက်ချင်လို့ မဟုတ်လား။ အဲဒီတုန်းက ထျန်းချန်တိုက်မှာ စိတ်ဝိညာဉ်စွမ်းအင် မရှိလို့သာ မဟုတ်ရင် ဆရာမ မြူခိုးဒေသကို ပြန်သွားမှာ မဟုတ်ပါဘူး။”
လီချင်ရို့က ထိုသို့သော နည်းလမ်းဖြင့် ဖျောင်းဖျသောအခ စုဟန်ယန် အနည်းငယ် စိတ်ယိမ်းယိုင်သွားသည်။
တကယ်တော့ သူမ၏ စိတ်နှလုံး ကြေမွနေခဲ့ပြီဖြစ်သည်။
မြူခိုးမှော်ဂိုဏ်းသည် အစကတည်းက သူမ ပါဝင်ထူထောင်ခဲ့သော ဂိုဏ်းဖြစ်၏။ သူမနှင့် ဟန်ယွမ်ခိုင်တို့တွင် စံနမူနာများ ကွဲပြားနေသော်လည်း မြူခိုးမှော်ဂိုဏ်းကို ဖျက်ဆီးရန် ပြင်ပလူများနှင့် ပူးပေါင်းဖို့တော့ မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ သူမထံ၌ ဂိုဏ်းအပေါ် နက်ရှိုင်းသော ခံစားချက်များ ရှိ၏။
ခဏခန့် စဉ်းစားပြီးနောက် စုဟန်ယန် သက်ပြင်းချကာ လီချင်ရို့အား
“ချင်ရို့။ မင်း ပြန်သွားတော့။ ငါ မြူခိုးမှော်ဂိုဏ်းကို စွန့်ခွာလို့မရဘူး။”
“မြူခိုးမှော်ဂိုဏ်းက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ဟန်နဲ့ ငါ အတူတကွ တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ။”
စုဟန်ယန်၏ စကားကို ကြားသောအခါ လီချင်ရို့ သက်ပြင်းချလိုက်၏။ သူမ၏ ဆရာမထိုသို့ ပြောလိမ့်မည်ကို သူမ သိပြီးသား ဖြစ်သည်။
“ကျွန်မ ဆရာမရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ဒါပေမဲ့ စိတ်ချပါ။ ဆွမ်ဧကရာဇ်က မြူခိုးမှော်ဂိုဏ်းကို ဖျက်ဆီးခဲ့ရင်တောင် သူ ဆရာမကိုတော့ ဘာမှလုပ်မှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားသောအခါ စုဟန်ယန်၏ စိတ်နှလုံးထဲ၌ မရေရာသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ လီချင်ရို့က သူမအတွက် အကောင်းဆုံး ဖြစ်စေချင်သည်ကို သူမ သိ၏။
လီချင်ရို့ ပြန်သွားပြီးနောက် ဆွမ်ဧကရာဇ်အား သူမကို မထိခိုက်စေဖို့ ဖျောင်းဖျရန်အတွက် အဖိုးအခတစ်ခု ပေးဆပ်ရမည်ဖြစ်သည်။
တစ်ဖက်တွင် သူမ၏ တပည့်နှစ်ဦး ရှိပြီး အခြားတစ်ဖက်တွင်မူ သူမ တည်ထောင်ခဲ့သော ဂိုဏ်း ရှိ၏။ သူမ၏ နှလုံးသားသည် ဆုံးဖြတ်ရန် အမှန်တကယ် ရုန်းကန်နေရသည်။