ဆွမ်ဧကရာဇ်ရဲ့ အင်အားက ဘာမှမဟုတ်ပါလား
Vol. 66 Ch. 988
နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား ပေါ်ထွက်လာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့ ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ သို့သော် လုချန်း၏ အငွေ့အသက်ကို ကြောက်လန့်၍ အံ့အားသင့်ခြင်းတော့ မဟုတ်ပေ။
ထိုအမျိုးသားထံမှ မူလအစ ကမ္ဘာနယ်ပယ်အဆင့် အငွေ့အသက်ကိုသာ သူတို့ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။
ထိုသူက အမှန်တကယ်ကော ရှဧကရာဇ် ဖြစ်နိုင်ပါ့မလား။
နှစ်ဦးသား စိတ်ထဲတွင် ချိန်ဆနေစဉ်မှာပင် လုချန်းက
“မြူခိုးဒေသက မိတ်ဆွေများ။ ကျွန်တော့်ရဲ့ ထျန်းချန်တိုက်ကို လာရောက်လည်ပတ်မှု အတွက် ကြိုဆိုပါတယ်။”
ဟု နှုတ်ဆက်လိုက်သည်။
လုချန်း၏ စကားကို ကြားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့လည်း သူတို့၏ သံသယကို အတည်ပြုလိုက်ကြသည်။ ဤသူသည် အမှန်တကယ်ပင် ရှဧကရာဇ် ဖြစ်နေသည်။
ထိုအခိုက်တွင် သူတို့၏ စိတ်ထဲ၌ တူညီသောအတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဆွမ်ဧကရာဇ်ရဲ့ အင်အားက ဘာမှမဟုတ်ပါလား။
အကယ်၍ သူ၏ နတ်လှေကိုသာ လုယူနိုင်ခဲ့လျှင် ထျန်းချန်ကမ္ဘာမှ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပါလား။
သို့သော်လည်း...
စုဟန်ယန်၏ သတိပေးစကားကို ဟန်ယွမ်ခိုင် အလျင်အမြန် ပြန်တွေးမိသည်။ ဤဆွမ်ဧကရာဇ်၏ အနီးတွင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်မှ အစောင့်အရှောက်တစ်ဦး ရှိနေနိုင်သည်။
ထိုအဆင့် အစောင့်အရှောက်တစ်ဦး အမှန်တကယ် ရှိနေပါက ယင်ယန်နယ်ပယ် ကျင့်ကြံသူများစွာ ရှိသော သူတို့အုပ်စုအတွက်ပင် ရင်ဆိုင်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ထို့ပြင် ထိုအစောင့်အရှောက်၏ အင်အားအဆင့်အတိအကျကိုလည်း သူတို့ မသိကြပေ။
အကယ်၍ ဥပဒေနိယာမ အလုံးစုံ နယ်ပယ် ပထမအလွှာမျှသာ ဖြစ်ပါက သူတို့တွင် တိုက်ခိုက်ရန် အင်အား ရှိသေးသည်။ သို့သော် အကယ်၍ ဥပဒေနိယာမ အလုံးစုံ နယ်ပယ် နံပါတ်ငါး အလွှာအထက်မှ ကျင့်ကြံသူတစ်ဦး ဖြစ်ပါကမူ အခြေအနေ အလွန်ဆိုးရွားသွားပေလိမ့်မည်။
နတ်လှေကို လုယူလိုပါက ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ဤဆွမ်ဧကရာဇ်၏ နောက်ကွယ်မှ အစောင့်အရှောက်များ၏ အရေအတွက်နှင့် အင်အားကို စုံစမ်းရန် ဖြစ်သည်။
ယေဘုယျအားဖြင့် မျိုးရိုးကြီးများမှ ကျင့်ကြံသူများ အဆင့်နိမ့်ကမ္ဘာသို့ လေ့ကျင့်ရန် သွားရောက်လျှင် အစောင့်အရှောက်များစွာ ခေါ်ဆောင်သွားလေ့မရှိပေ။ အများဆုံး တစ်ဦးသာ ဖြစ်သည်။
ဟုတ်ပါသည်။ ၎င်းမှာ လေ့ကျင့်ရေးထွက်သော ကျင့်ကြံသူအများစုအတွက်သာ မှန်သည်။ ပို၍ဂုဏ်အဆင့်ကြီးမားသော မျိုးရိုးမှ ဆင်းသက်လာသည့် အချို့သော သားတော်များကမူ အစောင့်အရှောက်များစွာ ခေါ်ဆောင်သွားတတ်ကြသည်။
ခဏခန့် စဉ်းစားပြီးနောက် ဟန်ယွမ်ခိုင်က ကျန်းဟုန်ရယ်ထံသို့ အာရုံဖြင့် ချက်ချင်း သတင်းစကား ပေးပို့လိုက်သည်။
“ဂိုဏ်းချုပ်ကျန်း။ ဒီဆွမ်ဧကရာဇ်က မူလအစ ကမ္ဘာနယ်ပယ်အဆင့်ပဲ ရှိတယ်။ ကျွန်တော်တို့ ပူးပေါင်းလိုက်ရင် သူ့ကို အလွယ်တကူ ဖမ်းနိုင်တယ်။ အဲဒီနောက် ကျွန်တော်တို့ ဂိုဏ်းနှစ်ခုက နတ်လှေကို သုံးပြီး ထျန်းချန်ကမ္ဘာကနေ ထွက်သွားလို့ရတယ်။ ဘယ်လိုထင်လဲ။”
ဟန်ယွမ်ခိုင်၏ အဆိုပြုချက်ကို ကြားပြီးနောက် ကျန်းဟုန်ရယ် ခဏခန့် စဉ်းစားလိုက်ပြီး လုချန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
ဤဆွမ်ဧကရာဇ်သည် တကယ်ကို ကြောက်စရာမကောင်းလှပေ။ အဓိက စဉ်းစားရမည်မှာ သူ၏ နောက်ကွယ်တွင် အစောင့်အရှောက်တစ်ဦး ရှိမရှိနှင့် ထိုအစောင့်အရှောက်၏ အင်အားမှာ မည်သို့ရှိသည်ကိုသာ ဖြစ်သည်။
အကယ်၍ အစောင့်အရှောက်များ မရှိပဲ မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူများသာ ရှိနေပါက ဆွမ်ဧကရာဇ်သည် သူတို့အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဖြစ်မည် မဟုတ်ပေ။ ကျန်းဟုန်ရယ် အနည်းငယ် စိတ်ယိမ်းယိုင်သွားသည်။
ဟန်ယွမ်ခိုင်က ဆက်လက်၍
“ဂိုဏ်းချုပ်ကျန်း။ ကျိဟုန်ဝမ် မကြာခင် ရောက်လာတော့မှာ။ ခင်ဗျား သူ့ကို ကျွန်တော့်အတွက် သွားတားဆီးပေးပါ။ ကျွန်တော်က ဆွမ်ဧကရာဇ်ကို ဖမ်းဖို့ ကြိုးစားမယ်။”
ဟန်ယွမ်ခိုင် စကားမဆုံးမီမှာပင် ကျန်းဟုန်ရယ်က နှာခေါင်းရှုံ့လိုက်သည်။ သူက အာရုံဖြင့်
“ဂိုဏ်းချုပ်ဟန်က တကယ်ပဲ ကစားကွက်ကောင်းကောင်း ကစားတာပဲ။ ကျွန်တော့်ကို ကျိဟုန်ဝမ်ကို သွားတားခိုင်းပြီး ခင်ဗျား နတ်လှေကို ရသွားတာနဲ့ ခင်ဗျားတို့ မြူခိုးမှော်ဂိုဏ်းက အဲဒါကိုသုံးပြီး ထျန်းချန်ကမ္ဘာကနေ တိုက်ရိုက် ထွက်သွားမှာ မဟုတ်လား။”
ကျန်းဟုန်ရယ်က
“ကျွန်တော် ဆွမ်ဧကရာဇ်ကို ရင်ဆိုင်မယ်။ ဂိုဏ်းချုပ်ဟန်က ကျိဟုန်ဝမ်ကို ရင်ဆိုင်ရင် ဘယ်လိုလဲ။”
ဟန်ယွမ်ခိုင်၏ မျက်နှာ မည်းမှောင်သွားပြီး အတော်လေး မကျေမနပ် ဖြစ်နေပုံရသည်။ ဤအမူအရာကို မြင်သောအခါ ကျန်းဟုန်ရယ်လည်း သူ၏ ခန့်မှန်းချက်ကို ပို၍ပင် သေချာသွားသည်။ ဟန်ယွမ်ခိုင်သည် နတ်လှေကို လုယူပြီးနောက် လင်ဟူဂိုဏ်းကို ပစ်ထားကာ ထွက်ခွာရန် ရည်ရွယ်ထားသည်မှာ သေချာသည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ဟန်ယွမ်ခိုင်က
“ဂိုဏ်းချုပ်ကျန်းက ကျွန်တော့်ကို မယုံကြည်မှတော့ ခင်ဗျားပဲ ဆွမ်ဧကရာဇ်ကို သွားရင်ဆိုင်လိုက်ပါ။ ကျွန်တော် ခင်ဗျားအတွက် ကျိဟုန်ဝမ်ကို တားဆီးပေးမယ်။”
“တစ်ခုခုဖြစ်လာရင်တော့ နောက်မှ ခင်ဗျားရဲ့ ရွေးချယ်မှုအတွက် နောင်တမရနဲ့ပေါ့။”
ကျန်းဟုန်ရယ် သူ့ဘာသာ ရယ်မောလိုက်သည်။ ဟန်ယွမ်ခိုင်၏ စကားများကို သူ အလေးအနက်မထားပေ။ ဟန်ယွမ်ခိုင်က သူ၏ ရွေးချယ်မှုကို ပြောင်းလဲစေရန် တမင်သက်သက် ဉာဏ်ဆင်နေသည်ဟုသာ ယူဆလိုက်သည်။
သူကတော့ ဆုံးဖြတ်ချက် လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ သူ၏ လင်ဟူဂိုဏ်းမှ ယင်ယန်နယ်ပယ် ကျင့်ကြံသူနှစ်ဦးဖြင့် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးကို မဖမ်းနိုင်ဟု သူ မယုံကြည်ပေ။
သို့သော် ဤနတ်လှေကတော့ အနည်းငယ် ဒုက္ခပေးနိုင်၏။ နတ်လှေပေါ်တွင် နည်းဗျူဟာ ပုံစံများ ရှိနေပြီး ဆွမ်ဧကရာဇ်ကို ဝင်ရောက်ဖမ်းဆီးရန် နတ်လှေ၏ ကာကွယ်ရေးများကို ချိုးဖျက်ရမည် ဖြစ်သည်။
သို့သော် ဤအရာများသည် ကျန်းဟုန်ရယ်၏ အမြင်တွင် သိပ်မခက်ခဲလှပေ။ ယင်ယန်နယ်ပယ် အဆင့်တစ်ဦးဖြစ်သော ကျိဟုန်ဝမ်နှင့် တိုက်ရိုက် ရင်ဆိုင်ရခြင်းထက်မူ သေချာပေါက် ပိုကောင်းသည်။
မကြာမီ မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့အကြား တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ဖြစ်ပြီး နှစ်ဖက်စလုံး အပြင်းအထန် ဒဏ်ရာရကြမည်မှာ သေချာသည်။ ဤအကြောင်းကို တွေးမိရုံဖြင့် ကျန်းဟုန်ရယ်၏ မျက်နှာ ပြုံးယောင်သန်းလာသည်။
သို့သော် နှစ်ဖက်စလုံး လှုပ်ရှားရန် ပြင်ဆင်နေကြစဉ်မှာပင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲများကို ဦးဆောင်ကာ နဂါးနက်မြို့တော်၏ ကောင်းကင်ယံထက်သို့
ကျိဟုန်ဝမ်တစ်ယောက် ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။
ကျိဟုန်ဝမ်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“ဂိုဏ်းချုပ်ကျိ။ ခင်ဗျားက ကိုယ့်ကိုယ်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ ခင်ဗျားက ကျွန်တော်တို့အားလုံးကို ကစားနေခဲ့တာကိုး။”
ကျိဟုန်ဝမ်က အေးစက်စက်လေသံဖြင့် “ဂိုဏ်းချုပ်ဟန်။ အခု ခင်ဗျားတို့ အဝိုင်းခံထားရပြီ။ အခု လက်နက်ချမယ်ဆိုရင် ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ရှိနေနိုင်သေးတယ်။ ခင်ဗျား ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ သေလမ်းတစ်လမ်းပဲ ကျန်တော့တယ်။ မြူခိုးဒေသမှာ အတူနေခဲ့ကြတဲ့ နှစ်ပေါင်းများစွာကို ထောက်ထားပြီး မင်းကြီးဆီမှာ အမြန်ဆုံး လက်နက်ချဖို့ ကျွန်တော် ခင်ဗျားကို အကြံပေးချင်တယ်။”
ထိုစကားကို ကြားသောအခါ ဟန်ယွမ်ခိုင်က ဟားတိုက်ရယ်မောလိုက်ပြီး
“ဟားဟားဟား။ တော်တော် ရယ်စရာကောင်းတာပဲ။ ကျွန်တော်က ဘယ်သူ့ကိုမှ ဦးညွှတ်တတ်တဲ့ အကျင့်မရှိဘူး။”
သူပြောနေစဉ်မှာပင် သူ၏ လက်ထဲမှ ဓားသည် လေထဲသို့ ပျံတက်သွားပြီး ၎င်း၏ ပတ်ပတ်လည်တွင် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လာသည်။
ဟန်ယွမ်ခိုင် လှုပ်ရှားတော့မည်ကို မြင်သောအခါ ကျန်းဟုန်ရယ်လည်း အသင့်ပြင်လိုက်သည်။ ဟန်ယွမ်ခိုင်နှင့် ကျိဟုန်ဝမ်တို့ တိုက်ခိုက်သည်နှင့် သူက ချက်ချင်း နတ်လှေဆီသို့ ပြေးဝင်ကာ ရှဧကရာဇ်ကို ဖမ်းဆီးရန် ကြိုးစားမည်ဖြစ်သည်။
ခဏအကြာတွင် ဟန်ယွမ်ခိုင်က မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်ချက် ပြုလိုက်သည်။
“လေမိုးကြိုးဓား”
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော မိုးကြိုးများ ကောင်းကင်မှ ကျဆင်းလာသည်။ ၎င်းတို့အလယ်တွင် ဧရာမဓားရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ လင်းလက်နေသည်။
ကျိဟုန်ဝမ်က
“ဂိုဏ်းချုပ်ဟန်က အကျိုးအကြောင်းမသိ ခေါင်းမာနေမှတော့ ကျွန်တော့်ကို သက်ညှာမှုမရှိဘူးလို့ အပြစ်မတင်နဲ့။”
စကားပြောနေစဉ်မှာပင် ကျိဟုန်ဝမ်၏ ခန္ဓာကိုယ်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအားများ တိုးပွားလာပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဒီရေအလား စီးဝင်သွားသည်။ ထို့နောက်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်စုံ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။
ကျိဟုန်ဝမ်နှင့် ဟန်ယွမ်ခိုင်တို့ တိုက်ခိုက်နေသည်ကို မြင်သောအခါ ကျန်းဟုန်ရယ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
အခွင့်အရေးကောင်းပဲ...
ချက်ချင်းဆိုသလိုပင် ကျန်းဟုန်ရယ်သည် သူ၏အကြီးအကဲများကို ဦးဆောင်ကာ လုချန်းရှိရာ နတ်လှေဆီသို့ ပြေးဝင်သွားသည်။ သို့သော် သူတို့သည် နတ်လှေသို့ မရောက်မီမှာပင် ကျင့်ကြံသူ ဆယ်ဦး သူတို့၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ကျန်းဟုန်ရယ်သည် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ သတိပြန်ဝင်လာပြီး သူတို့ကို မှတ်မိလိုက်သည်။ ထိုသူများမှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲများဖြစ်ကြပြီး သူတို့အားလုံးတွင် မူလအစကမ္ဘာ နယ်ပယ်အဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်ထားကြသည်။
မူလအစကမ္ဘာ နယ်ပယ်အဆင့် ဆယ်ဦးလောက်နှင့် သူ့ကိုရင်ဆိုင်မလိုလား....
သူ၏ ဘေးတွင် မူလအစ ကမ္ဘာနယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိနေသည့်အပြင် ယင်ယန်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ရှိနေသည်။ ယင်ယန်နယ်ပယ်မှ နှစ်ဦးတည်းဖြင့်ပင် ထိုအကြီးအကဲ ဆယ်ဦးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပေသည်။
ကျန်းဟုန်ရယ်လည်း အချိန်ဖြုန်းမနေတော့ပဲ ချက်ချင်း အရေးယူဆောင်ရွက်လိုက်သည်။
“နေလကြိုးခုနစ်ချက်လက်သိုင်း”
နောက်တစ်ခဏတွင် နေနှင့်လ၏ ပုံရိပ်ယောင်များသည် ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး ကြီးမားသော လက်ချောင်းခုနစ်ချောင်း ကောင်းကင်မှ ကျဆင်းလာကာ ထိုအကြီးအကဲ ဆယ်ဦးကို တိုက်ရိုက် ဦးတည်လိုက်သည်။
ဤမြင်ကွင်းကို မြင်သော်လည်း ထိုအကြီးအကဲ ဆယ်ဦးက နောက်ဆုတ်မသွားသည့်အပြင် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများပင် ပေါ်လာသေးသည်။ သူတို့ လုံးဝ မကြောက်ရွံ့သည့်အလားပင်။
သူတို့၏ အေးဆေးသော အမူအရာကို သတိပြုမိသောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ကျန်းဟုန်ရယ် ခပ်ရေးရေး ခံစားလိုက်ရသည်။ ထိုအချိန်တွင် အကြီးအကဲတိုင်း၏ ခန္ဓာကိုယ်များပေါ်တွင် ရွှေရောင်ချပ်ဝတ်တစ်စုံစီ ပေါ်ထွက်လာပြီး သူတို့၏ အငွေ့အသက်များ ချက်ချင်းပင် ထိုးတက်သွားခဲ့သည်။
မကြာမီပင် သူတို့ထံမှ ယင်ယန်နယ်ပယ်၏ အငွေ့အသက်ကို ကျန်းဟုန်ရယ် ခံစားမိလိုက်သည်။
သူခဏခန့် မှင်တက်သွားသည်။
ယင်ယန်နယ်ပယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
သူတို့ ခုနကမှ မူလအစကမ္ဘာ နယ်ပယ်အဆင့်ပဲ ရှိခဲ့တာ မဟုတ်လား....
ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ယင်ယန်နယ်ပယ်ကို ဘယ်လိုလုပ် ဝင်ရောက်သွားနိုင်မှာလဲ။
မဟုတ်သေးဘူး… သူတို့က သူတို့ရဲ့ အဆင့်ကို ဖုံးကွယ်ထားခဲ့တာလား။
ကျန်းဟုန်ရယ် စိတ်အာရုံလွင့်နေစဉ်မှာပင် အကြီးအကဲ ဆယ်ဦး အတူတကွ လှုပ်ရှားလိုက်ကြပြီး သူ၏ နေလကြိုးခုနစ်ချက်လက်သိုင်းကို လွယ်လွယ်ကူကူ ချိုးဖျက်လိုက်ကြသည်။
ကောင်းကင်ယံမှ နေနှင့်လ၏ ပုံရိပ်ယောင်များ ကြေမွသွားသည်ကို မြင်သောအခါ ကျန်းဟုန်ရယ် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ လင်ဟူဂိုဏ်းတွင် ယင်ယန်နယ်ပယ် အဆင့်ကျင့်ကြံသူနှစ်ဦးသာ ရှိသည်။ ယင်ယန်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဦး၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။
ကြည့်ရသည်မှာ သူတို့၏ ကံကြမ္မာ ယနေ့ အလွန်ဆိုးရွားနေပုံရသည်။
အခြားတစ်နေရာတွင်။
ဟန်ယွမ်ခိုင်၏ လေမိုးကြိုးဓားသည် ကျိဟုန်ဝမ်၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည် အပြုတွင် ကျိဟုန်ဝမ်က လက်ဝါးတစ်ချက်ဖြင့် ရိုက်ခတ်လိုက်ရာ ကောင်းကင်ယံမှ ဧရာမဓားရိပ်ကြီးအား အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့သည်။
ဟန်ယွမ်ခိုင်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ တန်ပြန်သက်ရောက်မှုကို ခံစားနေရသည်မှာ ထင်ရှားသည်။
ကျိဟုန်ဝမ် ဆက်လက်တိုက်ခိုက်တော့မည် အပြုတွင် ဟန်ယွမ်ခိုင်၏ ရှေ့သို့ စုဟန်ယန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
“အရိပ်ယောင်မြူခိုး။”
နောက်တစ်ခဏတွင် ခရမ်းရောင်မြူခိုးတစ်ခုသည် သူတို့၏ အထက်မှ လေထုကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ စုဟန်ယန်သည် ဟန်ယွမ်ခိုင်၏ ဘေးသို့ အပြေးအလွှား ရောက်သွားပြီး
“အစ်ကိုကြီး။ အခု မသွားရင် ကျွန်မတို့မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”