မြူခိုးမှော်ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်
Vol. 66 Ch. 989
စုဟန်ယန်၏ စကားကို ကြားသောအခါ ဟန်ယွမ်ခိုင်က
“သွားမယ် ဟုတ်လား။ အခု ငါတို့ ဘယ်ကို သွားနိုင်မှာလဲ”
ဟု ခါးခါးသီးသီး မေးလိုက်သည်။
“မြူခိုးဒေသကို ပြန်မလို့လား။ မြူခိုးဒေသက မကြာခင် ပြိုကျတော့မှာပဲ။ ငါ အဲ့ဒီမှာ သေရမယ့်နေ့ကို ထိုင်မစောင့်ချင်ဘူး။ ငါ ပြန်ရမယ်။ ငါတို့ရဲ့ ဆရာအတွက် လက်စားချေရမယ်။”
စကားပြောနေစဉ်မှာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ အရှိန်အဟုန်ဖြင့် တိုးပွားလာပြီး
“ကျိဟုန်ဝမ်က ယင်ယန်နယ်ပယ် အဆင့်တစ်ယောက်ပဲ။ သူ ဒီလောက်တောင် အားကောင်းနိုင်မယ်လို့ ငါ မယုံဘူး”
ဟု ကြွေးကြော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စုဟန်ယန် ဖန်တီးထားသော ခရမ်းရောင်မြူခိုးထဲမှ ဟန်ယွမ်ခိုင် ပြေးထွက်သွားသည်။ ဟန်ယွမ်ခိုင် ပြန်ပေါ်လာသည်ကို မြင်သောအခါ ကျိဟုန်ဝမ်လည်း တုံ့ဆိုင်းမနေတော့ပဲ လက်ဝါးတစ်ချက် ထပ်မံထုတ်လွှတ်လိုက်သည်။
ကောင်းကင်ချေမှုန်းလက်ဝါး....
ဟန်ယွမ်ခိုင်က သူ၏ ဓားကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ဓားထဲသို့ ထည့်သွင်းလိုက်သည်။
ကောင်းကင်ထိုးဖောက်ဓား....
နောက်တစ်ခဏတွင် ဧရာမဓားရိပ်ကြီးတစ်ခုသည် လေထဲတွင် တစ်ဖန်ပြန်လည် ပေါ်ထွက်လာပြီး ကျိဟုန်ဝမ်ဆီသို့ ထိုးစိုက်သွားသည်။ သို့သော် ကျိဟုန်ဝမ်၏ ကောင်းကင်ချေမှုန်းလက်ဝါးကို အသုံးပြုပြီးနောက် ဧရာမလက်ဝါးပုံရိပ်ယောင်တစ်ခုလည်း လေထဲတွင် ပေါ်ထွက်လာခဲ့သည်။
လက်ဝါးပုံရိပ်သည် ဓားရိပ်နှင့် တိုက်မိသောအခါ ဧရာမဓားကြီးသည် ယခင်ကကဲ့သို့ပင် ချက်ချင်း ကြေမွသွားခဲ့သည်။
ဟန်ယွမ်ခိုင် ယုံကြည်နိုင်စွမ်း မရှိတော့ပေ။ ဒါက သူ၏ အပြင်းထန်ဆုံး ဓားချက်ဖြစ်သော်လည်း ဤမျှ လွယ်ကူစွာ ချေဖျက်ခံလိုက်ရသည်။
ထိုအခိုက်တွင် ကျိဟုန်ဝမ်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို သူ ရုတ်တရက် ခံစားမိလိုက်ပြီး သူ၏ မျက်နှာလည်း သေလုမျောပါး ဖြူဖျော့သွားသည်။ တစ်ဆက်တည်းမှာပင် တန်ပြန်သက်ရောက်မှုကြောင့် တစ်ဖန် သွေးတစ်လုတ် ထပ်အန်လိုက်ရသည်။
အသက်တစ်ချက် ရှူပြီးနောက် သူသည် ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဥပဒေနိယာမ အလုံးစုံနယ်ပယ်။
ကျိဟုန်ဝမ်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်သည် ဥပဒေနိယာမ အလုံးစုံနယ်ပယ်မှ ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက် ဖြစ်နေသည်။
ကျိဟုန်ဝမ်က ဥပဒေနိယာမ အလုံးစုံနယ်ပယ်သို့ ဘယ်တုန်းက တက်လှမ်းသွားခဲ့သနည်း။ ယခင် မြူခိုးဒေသတွင် ယင်ယန်နယ်ပယ်၏ အငွေ့အသက်ကိုသာ သူပြသခဲ့သည် မဟုတ်ပါလား။
ဤအခိုက်တွင် ဟန်ယွမ်ခိုင်၏ အကြည့်က ကျိဟုန်ဝမ် ဝတ်ဆင်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်သွားပြီး အဖြစ်မှန်ကို ချက်ချင်း နားလည်သွားသည်။ ထိုစိတ်ဝိညာဉ်ချပ်ဝတ်တန်ဆာကြောင့်ပင်ဖြစ်သည်။ ထိုအရာက ကျိဟုန်ဝမ်၏ အင်အားကို အဆမတန် မြှင့်တင်ပေးခဲ့သည်။
ထိုအခိုက်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အခြား ယင်ယန်နယ်ပယ် ကျင့်ကြံသူတစ်ဦး ကျိဟုန်ဝမ်၏ ဘေးတွင် ပေါ်လာပြီး အလားတူပင် ဥပဒေနိယာမ အလုံးစုံနယ်ပယ်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သို့သော် အနီးကပ် စစ်ဆေးကြည့်လျှင် သူတို့တွင် ထိုနယ်ပယ်၌သာ သီးသန့်ရှိသော ဖိနှိပ်အား မရှိသည်ကို ခံစားမိနိုင်၏။ သူတို့၏ အင်အားသည် ထိုအဆင့်သို့ ရောက်ရှိသော်လည်း ကျင့်ကြံမှုအခြေအနေကတော့ မရောက်ရှိသေးကြောင်းကို ဆိုလိုသည်။
သို့သော်လည်း ထိုအရာအားလုံး အရေးမကြီးတော့ပေ။ သူတို့၏ အင်အားသည် ယခု ဥပဒေနိယာမ အလုံးစုံနယ်ပယ်သို့ ရောက်ရှိနေသဖြင့် ယင်ယန်နယ်ပယ်မှ မည်သည့်ကျင့်ကြံသူကိုမဆို လွှမ်းမိုးအနိုင်ယူနိုင်ပေသည်။
ယခု မြူခိုးမှော်ဂိုဏ်းသည် အမှန်တကယ် အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။
ဟန်ယွမ်ခိုင် သူ၏ လက်ကို မြှောက်လိုက်ရာ ဝိညာဉ်ဓား သူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။ သူက အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်သည်။ ထို့နောက် သူ၏ ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး
“ကျုပ်ကို သတ်ဖို့ကတော့ အဲဒီလောက် မလွယ်ဘူး”
သူစကားပြောနေစဉ်အတွင်း ဟန်ယွမ်ခိုင်က သူ၏ ဓားကို သူ၏ ကိုယ်ထဲသို့ ရုတ်တရက် ပြန်ထိုးသွင်းလိုက်ရာ မြင်တွေ့လိုက်ရသူတိုင်း မှင်တက်သွားကြသည်။ လူအများစုက သူသည် အခြားသူများ၏ သတ်ဖြတ်ခြင်းကို မခံလိုသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ရန် ရွေးချယ်လိုက်သည်ဟု ထင်ခဲ့ကြသည်။ သူ၏ ဝမ်းဗိုက်ကို ဓားဖြင့်ထိုးပြီးနောက် သွေးများ ခန္ဓာကိုယ်ထဲမှ တရဟော ထွက်ကျလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထိုသွေးများသည် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးမြူခိုးများ လျင်မြန်စွာ ကျယ်ပြန့်လာကာ ခဏလေးအတွင်းမှာပင် မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေများကို ဝါးမျိုသွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို စုဟန်ယန် ချက်ချင်း ခံစားမိလိုက်ပြီး
“အစ်ကိုကြီး။ ခင်ဗျား ဘာလုပ်နေတာလဲ” ဟု အလျင်အမြန် အော်ဟစ်လိုက်သည်။
မျက်နှာအမူအရာမပြောင်းပဲ ဟန်ယွမ်ခိုင်က “ငါတို့ရဲ့ ကမ္ဘာကို ပြန်ချင်တယ်ဆိုရင် စတေးမှုတချို့ကတော့ လိုအပ်တာပေါ့။ စိတ်မပူပါနဲ့။ မြူခိုးမှော်ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်းတို့အားလုံးအတွက် ငါ လက်စားချေပေးမှာ သေချာတယ်။”
သူ၏ အသံဆုံးသည်နှင့် ဟိန်းဟောက်သံတစ်ချက် ဆက်ထုတ်လိုက်သည်
“သွေးဆာနည်းဗျူဟာပုံစံ ပေါ်ထွက်လော့။”
ဧရာမ ပုံစံကြီးတစ်ခုသည် မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေအောက်တွင် ဖြစ်ပေါ်လာပြီး နောက်တစ်ခဏတွင် မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ပုံစံအတွင်းမှ အော်ဟစ်သံများလည်း မရပ်မနား ထွက်ပေါ်နေသည်။
ရှုံးနိမ့်တော့မည့် အရိပ်အယောင်မြင်သည်နှင့် ဟန်ယွမ်ခိုင် ပါးနပ်စွာဆုတ်ခွာလိမ့်မည်ဟု စုဟန်ယန် ထင်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ရက်စက်သည့် နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆုတ်ခွာမည့်အစား သူက ဥပဒေနိယာမ အလုံးစုံနယ်ပယ်သို့ အတင်းအကျပ် မြင့်တင်ရန်အတွက် နတ်ဆိုးကျင့်စဉ်တစ်ခုဖြစ်သော သွေးဆာနည်းဗျူဟာ ပုံစံကို အသုံးချရန် ရွေးချယ်ခဲ့သည်။
စုဟန်ယန်၏ စိတ်အာရုံများ လုံးဝဝေဝါးသွားခဲ့သည်။ တစ်ချိန်က သူမကို ကာကွယ်ပေးခဲ့သော သူမ၏ အစ်ကိုကြီး အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။
သတိပြန်ဝင်လာသောအခါ သူမက
“အစ်ကိုကြီး ရှင် ရူးသွားပြီလား။”
ဟန်ယွမ်ခိုင်က မျက်နှာအမူအရာမပြောင်းပဲ
“ငါ မရူးဘူး။ ငါတို့ရဲ့ ဆရာအတွက် လက်စားချေဖို့နဲ့ အင်အားကြီးမားလာဖို့ဆိုရင် စိတ်ပျော့လို့ မရဘူး။”
“စိတ်မပူပါနဲ့ ညီမလေး။ မြူခိုးမှော်ဂိုဏ်းကို ငါတို့ရဲ့ ဆရာအတွက် ကျိန်းသေလက်စားချေမယ်။ ငါတို့ ခံခဲ့ရတဲ့ အရှက်တရားတွေကို ဆေးကြောပစ်မယ်။”
သူမ၏ ငွေရောင်သွားများဖြင့် စုဟန်ယန် အံကြိတ်လိုက်သည်။ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ကြောင်း သူမ လုံးဝနားလည်လိုက်သည်။ သူမ ဟန်ယွမ်ခိုင်ကို မည်သည့်နည်းနှင့်မဆို တားဆီးရမည် ဖြစ်သည်။
သူမ ယခု ဟန်ယွမ်ခိုင်၏ ပင်ကိုစရိုက်အစစ်အမှန်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ သူက သူတို့၏ ဆရာအတွက် လက်စားချေမည်ဟု ဆိုသော်လည်း သူ၏ လုပ်ရပ်များသည် သူတို့၏ မူလဂိုဏ်းမှ လုပ်ရပ်များထက်ပင် ပိုမို ယုတ်ညံ့သည်။
မူလ မြူခိုးမှော်ဂိုဏ်းသည် ၎င်း၏ တပည့်များကို ယခုကဲ့သို့ ဘယ်သောအခါကမှ သတ်ဖြတ်ခဲ့ခြင်းမရှိသလို နတ်ဆိုးကျင့်စဉ်ဖြစ်သည့် သွေးဆာနည်းဗျူဟာပုံစံ ကိုလည်း ဘယ်သောအခါကမှ အသုံးမပြုခဲ့ပေ။ ယခု ဟန်ယွမ်ခိုင်သည် သူ၏ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရန်အတွက် မြူခိုးမှော်ဂိုဏ်းမှ လူတိုင်းကို စတေးရန်ပင် ဆန္ဒရှိနေသည်။
ထို့နောက် စုဟန်ယန်သည် သူမ၏ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ထုတ်လွှတ်ကာ ဟန်ယွမ်ခိုင်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်သည်။
အရိပ်ယောင်မြူခိုး.....
ခရမ်းရောင် မြူခိုးများ သူမနှင့် ဟန်ယွမ်ခိုင် တို့ ပတ်ဝန်းကျင်ကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။ မကြာမီတွင် ခရမ်းရောင် မြူခိုးထဲတွင် စုဟန်ယန်နှင့် ခွဲမရအောင် တူညီသော ပုံရိပ်များ ပေါ်ပေါက်လာသည။
လုပ်ကြံသတ်ဖြတ်ခြင်းသည် ထိုအရိပ်ယောင်မြူခိုး ကျင့်စဉ်၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်။ သူမ စောနက နှစ်ကြိမ် အသုံးပြုခဲ့သော်သော်လည်း ၎င်း၏ စွမ်းရည်အပြည့်အဝကို အသုံးမပြုခဲ့ပေ။
ခရမ်းရောင် ပုံရိပ်ယောင်များကို မြင်သောအခါ ဟန်ယွမ်ခိုင်က နှာခေါင်းရှုံ့လိုက်ပြီး
“ညီမလေး။ တစ်နေ့နေ့မှာ မင်းက ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။”
ခရမ်းရောင်မြူခိုးအတွင်းမှ စုဟန်ယန်၏ အေးစက်သော အသံက
“ရှင်ကသာ မြူခိုးမှော်ဂိုဏ်းကို သစ္စာဖောက်ခဲ့တာ။”
သူမ၏ စကားသံများ ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သော ခရမ်းရောင် ပုံရိပ်ယောင်များ ဟန်ယွမ်ခိုင်၏ ရှေ့တွင် ပေါ်လာပြီး သူတို့၏ ဓားများက တစ်ပြိုင်နက်တည်း သူ့ထံသို့ ထိုးစိုက်လာကြသည်။
ဟန်ယွမ်ခိုင်က အေးဆေးစွာဖြင့်
“ညီမလေး။ မင်း ငါ့ကို အထင်သေးလွန်းတယ်။ သွေးဆာ ပုံစံထဲမှာ ငါက လူတိုင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တယ်။”
သူပြောနေစဉ်မှာပင် သူ၏ အငွေ့အသက်များ အားပြင်းစွာ ပေါက်ကွဲထွက်လာပြီး ခရမ်းရောင် ပုံရိပ်ယောင်များကို ချက်ချင်း ကွဲလွင့်သွားစေသည်။ ထို့နောက် သူ၏ လက်ကို မြှောက်လိုက်ပြီး သွေးနီရောင် ဓားစွမ်းအင်များစွာကို ခရမ်းရောင်မြူခိုးအတွင်းမှ လားရာအနှံ့ဆီသို့ ပျံသန်းစေလိုက်သည်။
နောက်တစ်ခဏတွင် ခရမ်းရောင်မြူခိုးများ ကွဲလွင့်သွားပြီး စုဟန်ယန်၏ ပုံရိပ် ပေါ်ထွက်လာသည်။ သူမက သူမ၏ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး သွေးနီရောင် ဓားစွမ်းအင်ကို တားဆီးလိုက်သည်။
တစ်ချိန်တည်းတွင်။
လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲများကြားမှ တိုက်ပွဲသည်လည်း အဆုံးသတ်လုနီးပါး ဖြစ်နေသည်။ လင်ဟူဂိုဏ်းတွင် ယခုအခါ ယင်ယန်နယ်ပယ် ကျင့်ကြံသူနှစ်ဦးသာ ကျန်ရှိတော့ပြီး သူတို့၏ မူလအစကမ္ဘာ နယ်ပယ်အဆင့် အကြီးအကဲများကတော့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ ဆယ်ဦး၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ပြီး ဖြစ်သည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ ဆယ်ဦး၏ ဝန်းရံခံထားသည်ကို မြင်သောအခါ ကျန်းဟုန်ရယ်လည်း သွေးဆာနည်းဗျူဟာပုံစံကို အသုံးပြုနေသော ဟန်ယွမ်ခိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သဘောပေါက်သည်။
ထို့နောက် သူက
“ကျွန်တော် လက်နက်ချပါတယ် မင်းကြီး။ ကျွန်တော်တို့ လင်ဟူဂိုဏ်းက ရှနိုင်ငံတော်ရဲ့ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။”
ဤဆိုးရွားသော အခြေအနေတွင် သေခြင်းမှလွဲ၍ လက်နက်ချခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ အရင်ဆုံး လက်နက်ချပြီး နောက်ပိုင်းတွင် ဆွမ်ဧကရာဇ်ထံ နီးကပ်ရန် နည်းလမ်းရှာဖွေနိုင်မည်ဖြစ်မည်။ ထို့နောက်မှ ဆွမ်ဧကရာဇ်ကို ထိန်းချုပ်ကာ နတ်လှေကို အသုံးပြု၍ ထျန်းချန်ကမ္ဘာမှ လွတ်မြောက်ရန် အခွင့်အရေး မြင်ရမည်ဖြစ်သည်။
ကျန်းဟုန်ရယ်၏ စကားကို ကြားသောအခါ လုချန်း သူ၏ သစ္စာစောင့်သိမှုကို ကြည့်လိုက်သည်။ ၎င်းမှာ တိုးမလာသည့်အပြင် အနုတ်လက္ခဏာသို့ပင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အနုတ်လက္ခဏာ သစ္စာစောင့်သိမှုဆိုသည်မှာ မုန်းတီးခြင်းကို ဆိုလိုသည်။ အနုတ်လက္ခဏာ ပိုများလေလေ ထိုလူက သူ့ကို ပို၍ မုန်းတီးလေလေ ဖြစ်သည်။
လုချန်း ညင်သာစွာ တစ်ချက်ရယ်မောလိုက်သည်။ အစပိုင်းတွင် သူတို့ကို သိမ်းသွင်းရန် အကြံအစည် အမှန်တကယ် ရှိခဲ့သော်လည်း ယခုမူ တစ်ဦးက နတ်ဆိုးကျင့်စဉ်များကို အသုံးပြုနေပြီး အခြားတစ်ဦးမှာမူ အပေါ်ယံတွင် လက်နက်ချသော်လည်း နောက်ကွယ်တွင် အကြံအစည်များ ဖုံးကွယ်ထားသည်။
ထိုသို့သော လူများသည် ထားရှိခြင်းက အသုံးမဝင်ပေ။ သူတို့ ယာယီ လက်နက်ချလျှင်ပင် နောက်ပိုင်းတွင် ဒုက္ခသာ ပေးလိမ့်မည်။ သူတို့ကို ဖြေရှင်းလိုက်ခြင်းက ပိုကောင်းသည်။ ဤအထက်ပိုင်း အုပ်ချုပ်သူများကို ဖြေရှင်းပြီးနောက်မှသာ လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ရှနိုင်ငံတော်ထံ သဘာဝအတိုင်း လက်နက်ချကြလိမ့်မည်။
ထိုသို့ စိတ်ထဲတွင် တွေးလျက် လုချန်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲများအား အေးစက်စွာဖြင့်
“သူ့ကို သတ်လိုက်”
ဟု အမိန့်ပေးလိုက်သည်။
ထိုစကားကြောင့် ကျန်းဟုန်ရယ်၏ နှလုံးတစ်ချက် ခုန်သွားသည်။ သူသည် ယင်ယန်နယ်ပယ် အဆင့်တစ်ယောက်ဖြစ်ပြီး သူ လက်နက်ချပါက သူ၏ တန်ဖိုးကို ထောက်ထား၍ ဆွမ်ဧကရာဇ်က သူ့ကို အခက်တွေ့အောင် လုပ်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။
ကျန်းဟုန်ရယ် ထွက်ပြေးရန် ပြင်ဆင်နေစဉ် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ အကြီးအကဲ ဆယ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကျန်းဟုန်ရယ်နှင့် လင်ဟူဂိုဏ်းမှ ယင်ယန်နယ်ပယ်အဆင့် ကျင့်ကြံသူတို့ မလွတ်မြောက်မီမှာပင် သူတို့နှစ်ဦးစလုံး၏ ရင်ဘတ်များ ဝိညာဉ်ဓားများစွာဖြင့် ထိုးဖောက်ခံလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များလည်း ကောင်းကင်မှ ပြုတ်ကျသွားသည်။ သူတို့၏ ဂိုဏ်းချုပ် သေဆုံးသွားသည်ကို မြင်သောအခါ လင်ဟူဂိုဏ်းမှ ကျန်ရှိသော တပည့်များလည်း နောက်ထပ် တုံ့ဆိုင်းမနေပဲ လက်နက်ချရန် ရွေးချယ်လိုက်ကြသည်။
လင်ဟူဂိုဏ်းကို ဖြေရှင်းပြီးနောက် လုချန်း စုဟန်ယန်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုရင်း သူ၏ အာရုံကို မြူခိုးမှော်ဂိုဏ်းဘက်သို့ လှည့်လိုက်သည်။