အဆုံးသတ်သင့်ပြီ
Vol. 66 Ch. 990
[အမည် : စုဟန်ယန်]
[အချက်အလက်: ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏ ဆရာမ။ သူမသည် ပိရှကမ္ဘာမှ မြူခိုးမှော်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။ ဟန်ယွမ်ခိုင်၏ အကောက်ကြံမှုကြောင့် သူမ၏ဆရာ မတရားစွပ်စွဲခံရပြီး ဂိုဏ်း၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။ သူတို့၏ ဆရာမျိုးဆက် တပည့်များအားလုံးလည်း ဝိုင်းပယ်ခြင်း ခံခဲ့ရ၏။ နတ်ဆိုးများကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ခုတွင် ဟန်ယွမ်ခိုင်သည် နတ်ဆိုးများနှင့် လျှို့ဝှက်ပူးပေါင်းခဲ့သည်။ သူက စစ်ဆင်ရေးအချက်အလက်များကို ပေါက်ကြားစေခဲ့သောကြောင့် သူမ၏ဆရာ နတ်ဆိုးများလက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ဟန်ယွမ်ခိုင်က ဂိုဏ်းမှ ကယ်ဆယ်ရေးမပို့သဖြင့် ဆရာ သေဆုံးရသည်ဟု အခြားတပည့်များကို လှည့်ဖြားခဲ့သည်။ သူ၏သွေးထိုးမှုကြောင့် တပည့်အများအပြားသည် ဂိုဏ်းမှခွဲထွက်ကာ မြူခိုးမှော်ဂိုဏ်းအသစ်ကို တည်ထောင်ခဲ့ကြသည်။ အာကာသဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် ဂိုဏ်းအသစ်သည် မြူခိုးဒေသထဲသို့ ကျရောက်ခဲ့ရသည်။ ယခု စုဟန်ယန်သည် ဟန်ယွမ်ခိုင်၏ သရုပ်မှန်ကို သိရှိသွားပြီး သူနှင့် အပြီးတိုင် ပြတ်စဲရန် စီစဉ်နေသည်။]
[ရမှတ်: ၉၉]
[နှစ်သက်မှု: ၆၀]
စုဟန်ယန်၏ အချက်အလက်များကို မြင်သောအခါ လုချန်း၏ မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာသည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏ ဆရာမသည် ရမှတ် ၉၉ မှတ် အမှန်တကယ်ပင် ရှိနေသည်။
ရမှတ် ကိုးဆယ်အထက်ရှိသော အမျိုးသမီးကို သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။
ယခုအခါ သားသမီးရခြင်းမှတစ်ဆင့် ဆုလာဘ်များ မရနိုင်တော့သည့်အတွက် သူ၏ ဇနီးအသစ်နှင့် ပထမဆုံးအကြိမ် ရင်းနှီးခြင်းမှတစ်ဆင့်သာ ဆုလာဘ်ကောင်း များ ရရှိနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် သူ၏ ဇနီးမယားများနှင့် စိတ်ဝိညာဉ်ခြင်းပေါင်းစည်းခြင်းမှလည်း စနစ်ဆုလာဘ်များ ရရှိနိုင်သည်။ သို့သော် ထိုဆုလာဘ်များမှာ ဆေးလုံးများသာဖြစ်ပြီး သူ့အတွက် အသုံးမဝင်ပေ။ ယခင်က ရဖူးသော ဆေးလုံးများအားလုံးကို သူ၏ ဇနီးများနှင့် သားသမီးများအား ပေးခဲ့ပြီး ဖြစ်သည်။
စုဟန်ယန်၏ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ကို ကြည့်ရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ခပ်တင်းတင်း ကော့တက်သွားသည်။ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏ ဆရာမကို ထိခိုက်စေ၍ မဖြစ်ပေ။
ချက်ချင်းပင် လုချန်းက ကျိဟုန်ဝမ်ထံသို့ အာရုံဖြင့် သတင်းစကား ပို့လိုက်သည်။
“ဂိုဏ်းချုပ်ကျိ။ သွေးဆာနည်းဗျူဟာကို ဖျက်ဆီးပြီး စုဟန်ယန်ကို ကာကွယ်ဖို့ နည်းလမ်းရှာပါ။”
လုချန်း၏ သတင်းစကားကို ကြားသောအခါ ကျိဟုန်ဝမ်လည်း ခဏမျှပင် မတွန့်ဆုတ်ပဲ အကြီးအကဲနှင့်အတူ တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။
ကောင်းကင်ဖျက်လက်ဝါး....
ကောင်းကင်မှ သက်ဆင်းလာသော ကြီးမားသည့် လက်ဝါးသည် ဟန်ယွမ်ခိုင်ကို တည့်တည့်ချိန်ရွယ်နေသည်။
ဤလက်ဝါးကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ မျက်လုံးများ နီရဲလာပြီး ကျယ်လောင်စွာ ရယ်မောကာ
“ဒီတိုက်ကွက်က ကျုပ်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ ရှိတော့မှာ မဟုတ်ဘူး”
ချက်ချင်းပင် ဟန်ယွမ်ခိုင်က သွေးဆာနည်းဗျူဟာ ပုံစံ၏ လည်ပတ်မှုကို အရှိန်မြှင့်လိုက်သည်။ မြူခိုးမှော်ဂိုဏ်း၏ တပည့်များသည် သွေးမှုန်များအဖြစ် တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားကြပြီး
ဟန်ယွမ်ခိုင်၏ စွမ်းအားကို ဖြည့်တင်းပေးနေသည်။
ထိုအချိန်၌ စုဟန်ယန်၏ ခန္ဓာကိုယ်ထဲတွင် လည်း အရိုးထိအောင် နာကျင်မှုကို ခံစားနေရသည်။ သူမသည် သွေးဆာနည်းဗျူဟာ ပုံစံ၏ လွှမ်းမိုးမှုကို တွန်းလှန်ရန် စိတ်ဝိညာဉ်စွမ်းအားဖြင့် အစွမ်းကုန် ကြိုးစားရုန်းကန် နေရ၏။
ဟန်ယွမ်ခိုင်က စုဟန်ယန်ကို လျစ်လျူရှုပြီး
“သွေးဆာဓား စုစည်းလိုက်”
နောက်တစ်ခဏတွင် ကြီးမားသော သွေးနီရောင် ဓားကြီးတစ်လက် သွေးဆာနည်းဗျူဟာ ပုံစံကြီးအတွင်းမှ လျင်မြန်စွာ ပေါ်ထွက်လာပြီးနောက် ကောင်းကင်ယံရှိ ဧရာမလက်ဝါးဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ယခုတစ်ကြိမ်တွင် ဟန်ယွမ်ခိုင်၏ သွေးဓား မကွဲကြေသွားတော့ပေ။ ထိုအစား ကျိဟုန်ဝမ်၏ ကောင်းကင်ဖျက်လက်ဝါးကို ထိုဓားက ဖျက်ဆီးပစ်လိုက်သည်။ လက်ဝါးပုံရိပ်သည် ဓားဖြင့် ထိုးဖောက်ခံခဲ့ရပြီး ကျိဟုန်ဝမ်သည်လည်း တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရကာ သွေးများ အန်ထုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ဘေးရှိ အကြီးအကဲလည်း သွေးစိမ်းတစ်ပွက် အန်ထုတ်လိုက်ပြီး နှစ်ဦးစလုံး အကြီးအကျယ် ဒဏ်ရာရရှိခဲ့ကြသည်။
ဟန်ယွမ်ခိုင်၏ ဓားက ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်စွမ်းအားသို့ ရောက်နေသည်မှာ ရှင်းလင်းသည်။
ဟင်....
ဤအရာကို မြင်သောအခါ လုချန်း၏ မျက်နှာအမူအရာသည် အနည်းငယ် မဲမှောင်သွားသည်။ ဂိုဏ်းချုပ်ကျိသည် ရှန်ဟွေချပ်ဝတ်ကို ဝတ်ထားသဖြင့် ယင်ယန်အဆင့်မှ ဟန်ယွမ်ခိုင်ကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် သွေးဆာနည်းဗျူဟာပုံစံကို အသုံးပြုပြီးနောက် ဟန်ယွမ်ခိုင်၏ အင်အား ဤမျှ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သို့သော် လုချန်းရှေ့တွင် သွေးဆာနည်းဗျူဟာပုံစံကို အသုံးပြုမိခြင်းက ဟန်ယွမ်ခိုင်အတွက် အလွန်ကံဆိုးသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုအရာက သေခြင်းတရားကို တောင်းဆိုခြင်းသာ ဖြစ်သည်။
လုချန်းသည် လက်ရှိတွင် လှုပ်ရှားရန် ဆုံးဖြတ်ရခြင်း မရှိသေးသော်လည်း သူ့အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကတော့ လှုပ်ခါနေပြီဖြစ်သည်။ သူသည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ခဲ့ပြီး နတ်ဆိုးနှင်အလံကို ပိုင်ဆိုင်ထားသည်။
မည်သည့် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်မှ နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူမျိုးဖြစ်စေ၊ သူ့ရှေ့မှောက်၌ ကောင်းကင်နတ်ဆိုးတစ်ပါးပင် ရှိနေပါစေ မည်သည့် အားသာချက်ကိုမှ ရရှိမည် မဟုတ်ပေ။
ဤအချိန်၌ သူ၏ကံကြမ္မာ အဆုံးသတ်ခံလိုက်ရပြီဖြစ်ကြောင်း ဟန်ယွမ်ခိုင် သတိမမူမိသေးပေ။
ဂိုဏ်းချုပ်ကျိနှင့် အကြီးအကဲတို့ နှစ်ဦးလုံး ပြင်းထန်စွာ ဒဏ်ရာသွားသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင် အလွန်ဝမ်းမြောက်သွားသည်။ ထျန်းချန်ကမ္ဘာ၌ သူ့ကို ယှဉ်ပြိုင်နိုင်သူ မရှိတော့ဟု ယုံကြည်နေသည်။
သူ၏ ခန္ဓာကိုယ်က နတ်လှေ၏ အမြင့်သို့ ပျံတက်သွားပြီး လှေပေါ်ရှိ လုချန်းကို ကြည့်ကာ နှာခေါင်းရှုံ့လျက်
“ဆွမ်ဧကရာဇ်။ ခင်ဗျားမှာ ကျန်နေသေးတဲ့ အကြံအစည်တွေရှိရင် အခုပဲ ထုတ်သုံးလိုက်ပါ”
ဟု စိန်ခေါ်လိုက်သည်။
လုချန်းက ခပ်အေးအေး အမူအယာဖြင့်
“ကျွန်တော် နည်းနည်းတော့ သိချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေက မြူခိုးမှော်ဂိုဏ်းကို ဂိုဏ်းကွဲအောင်လုပ်ဖို့ ခင်ဗျား ဘာလို့ ဒီလောက် အားထုတ်ခဲ့ရတာလဲ။ ခင်ဗျားရဲ့ဆရာက ခင်ဗျားကို ပညာတွေ သင်ကြားပေးခဲ့ပေမဲ့ ခင်ဗျားကတော့ ကျေးဇူးကန်းပြီး သစ္စာဖောက်ခဲ့တယ်။ နတ်ဆိုးတွေနဲ့ လျှို့ဝှက်ပေါင်းစည်းပြီး ခင်ဗျားရဲ့ဆရာကို သေစေခဲ့တယ်။ ပြီးတော့ အပြစ်ကို တခြားတပည့်တွေအပေါ် လွှဲချခဲ့တယ်။ ဆရာကို သစ္စာဖောက်ပြီး မျိုးရိုးကို ချောက်ချတဲ့ ခင်ဗျားလိုလူက ကောင်းကောင်းမွန်မွန် အဆုံးသတ်ရမှာ မဟုတ်ဘူး။”
လုချန်း၏ စကားများကို ကြားသောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်ရှိနေသေးသော မြူခိုးမှော်ဂိုဏ်းမှ တပည့်များအားလုံး ဇဝေဇဝါဖြစ်သွားကြသည်။
ဘာ....
သူတို့၏ သခင်မကို ဟန်ယွမ်ခိုင်က သတ်လိုက်တာလား။
ဘာတွေဖြစ်နေတာလဲ။
ဒီ ဆွမ်ဧကရာဇ်က မြူခိုးမှော်ဂိုဏ်းရဲ့ အတွင်းရေးတွေကို ဘယ်လိုများ သိနေရတာလဲ။
အထူးသဖြင့် စုဟန်ယန်ဖြစ်သည်။ သူမ ဟန်ယွမ်ခိုင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူတို့၏ ဆရာသေဆုံးခြင်းက ဟန်ယွမ်ခိုင်၏ လက်ချက်ဟု သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
နှစ်ပေါင်းများစွာအတွင်း ဟန်ယွမ်ခိုင် တဖြည်းဖြည်း စိတ်ဓာတ်ညံ့လာသည်ကို သူမ မြင်ခဲ့ရသည်။ သူ၏ ဆရာသေဆုံးခဲ့ရသည့် စိတ်ဒဏ်ရာကြောင့် သူ၏အပြုအမူများ ရက်စက်လာပြီး နတ်ဆိုးဆန်လာသည်ဟု သူမ ထင်ခဲ့သည်။
သို့သော် ယခု ဆွမ်ဧကရာဇ်က ဟန်ယွမ်ခိုင် အစကတည်းက နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သည်ဟု ပြောနေသည်။
ဟုတ်ပါသည်။ ဆွမ်ဧကရာဇ် ဒါတွေကို ဘယ်လိုသိခဲ့လဲဆိုတာကို သူမလည်း သိချင်မိသည်။ သို့သော် ထိုအချက်ထက် သူပြောနေသည်များ အမှန်ဟုတ်မဟုတ်ကို သူမ ပို၍သိချင်နေမိသည်။
ဤအချိန်၌ ဟန်ယွမ်ခိုင်ကိုယ်တိုင်လည်း လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ သူသည် အလွန်ဂရုတစိုက်နှင့် သတိထားခဲ့ပြီး သူ၏ လုပ်ဆောင်ချက်များသည် ဟာကွက်မရှိသဖြင့် မည်သူမှလည်း သိနိုင်မည် မဟုတ်ဟု အမြဲယုံကြည် ခဲ့သည်။ သို့သော် သူသည် ပိရှကမ္ဘာတွင် အဖော်ထုတ်မခံရပဲ ထျန်းချန်ကမ္ဘာတွင် အဖော်ထုတ်ခံခဲ့ရသည်။
ဟန်ယွမ်ခိုင်က လုချန်းကို စူးစူးရဲရဲကြည့်ကာ
“ခင်ဗျား ဘယ်သူလဲ။ ဒီကိစ္စတွေကို ဘယ်လိုသိတာလဲ။”
သူ၏ တုံ့ပြန်မှုကို မြင်သောအခါ စုဟန်ယန်နှင့် မူလ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဟန်ယွမ်ခိုင်သည် မြူခိုးမှော်ဂိုဏ်း၏ သစ္စာဖောက် တကယ် ဖြစ်နေပုံရသည်။ သူတို့သည် သူ၏ စကားများကို ယုံကြည်ခဲ့ကြပြီး ဂိုဏ်းအသစ်တစ်ခု တည်ထောင်ရန်ပင် သူ့နောက်သို့ လိုက်ခဲ့ကြသည်။
ဟန်ယွမ်ခိုင် နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ဦးဟု ယခုမှ သူတို့သိလိုက်ရခြင်းဖြစ်သည်။
လုချန်းက ပြုံးပြပြီး
“ ကျွန်တော်ဘယ်သူလဲဆိုတာ ခင်ဗျားသိဖို့ မလိုအပ်ဘူး။ ကျွန်တော့်ရှေ့မှာ ခင်ဗျား ဖွက်ထားလို့ရတဲ့ လျှို့ဝှက်ချက်မရှိဘူးဆိုတာကိုပဲ နားလည်ထားဖို့ပဲ လိုတယ်။”
ဟန်ယွမ်ခိုင်က နှာခေါင်းရှုံ့ကာ
“ဟန်ဆောင်တာတွေ ရပ်လိုက်စမ်း။ မင်း ဘယ်လိုသိလဲဆိုတာ ကျုပ် မသိပေမဲ့ မင်းကို ဖမ်းမိတာနဲ့ ဝိညာဉ်ရှာဖွေမှု လုပ်လိုက်ရင် သိနိုင်မှာပဲ”
ဟု အေးစက်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီး လုချန်းကို တိုက်ခိုက်ရန်
ဟန်ယွမ်ခိုင် ပြင်ဆင်လိုက်သည်။ ထိုအချိန်၌ သူနှင့် မလှမ်းမကမ်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟန်ယွမ်ခိုင်။ ကျွန်မတို့ရဲ့ ဆရာကို ရှင်တကယ် သတ်ခဲ့တာလား”
ဟန်ယွမ်ခိုင် အောက်သို့ ငုံ့ကြည့်လိုက်ရာ
သွေးဆာနည်းဗျူဟာ ပုံစံအတွင်း ရုန်းကန်နေရဆဲဖြစ်သော စုဟန်ယန်ကို မြင်လိုက်ရသည်။ သူက ပေါ့ပေါ့ပါးပါး ရယ်မောကာ
“ငါလုပ်ခဲ့ရင်ရော ဘာဖြစ်လဲ။ မင်းတို့အားလုံး မကြာခင် သေတော့မှာပဲ။ ဒါကြောင့် ပြောပြလိုက်တာက ဘာမှ ထိခိုက်မှုမရှိဘူး။”
“မူလ မြူခိုးမှော်ဂိုဏ်းနဲ့ မင်းတို့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ငါလှုံ့ဆော်ပေးခဲ့လို့ပဲ။ ငါ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ မြူခိုးမှော်ဂိုဏ်းကို ခွဲထုတ်ပြီး သူတို့ရဲ့ အင်အားကို အားနည်းအောင် လုပ်ဖို့ပဲ။”
“ဒါပေမဲ့ ငါဖန်တီးခဲ့တဲ့ မြူခိုးမှော်ဂိုဏ်းက ဒီကမ္ဘာထဲ ကျသွားတာကတော့ တကယ် နှမြောစရာပဲ။ ဒီလိုသာ မဖြစ်ခဲ့ရင် မူလ မြူခိုးမှော်ဂိုဏ်းက တပည့်တွေ ပိုပြီး ထွက်ခွာလာပြီး ငါ့ဂိုဏ်းထဲကို ဝင်လာနိုင်တယ်။”
ဟန်ယွမ်ခိုင်၏ စကားများကို ကြားသောအခါ မူလ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ ခန္ဓာကိုယ်များလည်း အမျက်ဒေါသများ တောက်လောင်လာတော့သည်။
“ဟန်ယွမ်ခိုင်။ ခင်ဗျားကို ကျုပ်တို့ ဒီလောက်ကြာအောင် ယုံခဲ့ကြတာ။!”
“ဟန်ယွမ်ခိုင်။ ခင်ဗျားက တိရစ္ဆာန်ထက်တောင် ဆိုးတာပဲ။”
“ဟန်ယွမ်ခိုင်။ ခင်ဗျားလို နတ်ဆိုးက ကောင်းကောင်းမွန်မွန် သေရမှာ မဟုတ်ဘူး။”
မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ ကျိန်ဆဲသံများကို နားထောင်ရင်း ဟန်ယွမ်ခိုင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒေါသထွက်ကြစမ်း။ ဆက်ပြီး ဒေါသထွက်ကြ။ မင်းတို့ ပိုဒေါသထွက်လေ ငါ ပိုပြီး အင်အားကြီးလေပဲ။”
နတ်ဆိုးကျင့်စဉ်ကျင့်သူများသည် ၎င်းတို့၏ ကျင့်စဉ်အတွက် လူသားတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ လိုအပ်သည်။ ထို့ပြင် သွေးဆာနည်းဗျူဟာပုံစံ ဤနေရာတွင် ရှိနေသဖြင့် ပေးဆပ်ရသူ ပိုများမလေလေ ပို၍ ထိရောက်လေလေ ဖြစ်သည်။
ကျယ်လောင်စွာ ရယ်မောပြီးနောက် ဟန်ယွမ်ခိုင်၏ သွေးနီရောင် အကြည့်က လုချန်းအပေါ် စူးစိုက်သွားပြီးနောက်
“ကောင်းပြီ။ ဒီကိစ္စအားလုံးကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”
ဟု အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်သည်။
“အမှန်ပဲ။ ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။”