အပြင်စည်း ထိပ်တန်းတပည့် ၁၀ ဦး
Vol. 12 Ch. 166
"မြန်လွန်းတဲ့ နတ်ဆိုးသားရဲ... ဒါ လျှပ်ယွမ်ဂိုဏ်းရဲ့ မီးငှက်ကြီးပဲ..."
"လျှပ်ယွမ်ဂိုဏ်းက အကြီးအကဲတစ်ဦး ရောက်လာပြီ... အကြီးအကဲတွေကို အမြန်သွားပြောတော့..."
မီးငှက်ကြီး၏ ဟိန်းဟောက်သံက အနီးအနားရှိ အပြင်စည်းတပည့်များကို ဆူညံပွက်လောရိုက်စေသည်။
"ရှူး..."
လူရိပ်တစ်ခု ဂိုဏ်းဝင်ပေါက်ရှေ့သို့ ဆင်းသက်လာပြီး အပြင်စည်းအကြီးအကဲတစ်ဦးဖြစ်သူက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"ဘယ်သူလဲ..."
ဆွန်ယင်ယန်က မျက်လုံးတစ်ချက်လှည့်ကြည့်ပြီး မထီမဲ့မြင်ပြုဟန်ဖြင့် ပြောသည်။
"ငါ ဆွန်ယင်ယန်ကိုယ်တိုင်ရောက်လာတာ... အပြင်စည်းအကြီးအကဲ တစ်ဦးတည်းနဲ့ပဲ ဧည့်ခံမလို့လား... ဒါက ရွှမ်ယွမ်ဂိုဏ်းရဲ့ ဧည့်ဝတ်ကျေပွန်မှုလား..."
ထိုအပြင်စည်းအကြီးအကဲက ဒေါသတကြီးဖြင့် ပြန်ပြောသည်။
"အကြီးအကဲတွေအားလုံး ဧည့်ခန်းမကြီးမှာ စောင့်နေကြပြီ... ကျေးဇူးပြုပြီး ဝင်လာပါ..."
ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတို့သည် တစ်ဖက်နှင့်တစ်ဖက် ရန်ငြိုးဖွဲ့ထားပြီး မီးနှင့်ရေကဲ့သို့ မတည့်ကြချေ။
သို့သော် လျှပ်ယွမ်ဂိုဏ်းမှ အကြီးအကဲတစ်ဦး ကိုယ်တိုင်လာရောက်လည်ပတ်ခြင်းသည် ဂိုဏ်းစည်းကမ်းနှင့် ဂုဏ်သိက္ခာအရ ခမ်းနားစွာ ဧည့်ဝတ်ကျေရန် လိုအပ်သည်။
ခဏအကြာ လူတစ်စုသည် အပြင်စည်းသိုင်းပြိုင်ကွင်းနောက်ရှိ ဧည့်ခန်းမကြီးသို့ ရောက်ရှိလာသည်။
အပြင်စည်းအကြီးအကဲများအားလုံး စုံလင်စွာ ရောက်ရှိနေပြီး အဓိကထိုင်ခုံတွင် လော့ချန်၏ ဆရာဖြစ်သူ ချန်ရွှမ်က ထိုင်နေသည်။
အပြင်စည်းအကြီးအကဲချုပ်မရှိသဖြင့် သူ၏ရာထူးသည် အကြီးမြတ်ဆုံးဖြစ်သည်။
လူအုပ်သည် အိမ်ရှင်နှင့်ဧည့်သည်အလိုက် နေရာယူထိုင်ကြသည်။
ချန်ရွှမ်သည် ဆွန်ယင်ယန်နောက်တွင် လိုက်ပါလာသော လျှပ်ယွမ်ဂိုဏ်းတပည့်များကို သတိပြုမိပြီး မျက်ဝန်းများ အနည်းငယ်မှေးကျဉ်းသွားသည်။
ထိုတပည့်များ၏ စွမ်းအားအဆင့်သည် မြင့်မားသည်ဟု မဆိုနိုင်သည့်တိုင် လူသာမန်ဘဝဖြတ်ကျော်အဆင့်သာရှိသော်လည်း အားလုံးသည် အလွန်ငယ်ရွယ်ပြီး သွေးစွမ်းအင်ကြီးမားလှသည်။ အသက်စွမ်းအင်သည် ထိန်းချုပ်မထားဘဲပင် သိသာထင်ရှားစွာ ခံစားရသည်။ မျက်ဝန်းများထဲတွင် ပြတ်သားသော ယုံကြည်မှုနှင့် အလားအလာကြီးမားမှုကို ဖော်ပြနေသည်။ ရွှမ်ယွမ်ဂိုဏ်း၏ တူညီသောအဆင့်ရှိတပည့်များထက် များစွာထူးချွန်လှသည်။
အခြားရွှမ်ယွမ်ဂိုဏ်းအကြီးအကဲများလည်း စိတ်ထဲတွင် သက်ပြင်းချကြသည်။
လူငယ်မျိုးဆက်တွင် လျှပ်ယွမ်ဂိုဏ်းတပည့်များသည် ရွှမ်ယွမ်ဂိုဏ်းထက် အဆင့်တစ်ဆင့်မြင့်မားနေသည်။
ဤသည်မှာ မတတ်သာသည့်ကိစ္စဖြစ်သည်။
လျှပ်ယွမ်ဂိုဏ်းသည် တဟုန်ထိုးတိုးတက်နေပြီး နေ့စဉ်ထွန်းကားလာကာ တာယွဲ့မင်းဆက်၏ ပထမဆုံးဂိုဏ်းအဖြစ် ရပ်တည်နေသည်။ ထူးချွန်သော ထက်မြက်သူများစွာသည် လျှပ်ယွမ်ဂိုဏ်းကို ရွေးချယ်ကြသည်။
ဤသို့ဆက်လက်ဖြစ်ပွားနေပါက ရွှမ်ယွမ်ဂိုဏ်းသည် တဖြည်းဖြည်း ယုတ်လျော့ပျက်စီးလာမည်သာ။
မထင်မရှားသက်ပြင်းတစ်ချက်ချလိုက်ပြီး ချန်ရွှမ်က ဖြတ်မေးလိုက်သည်။
"ဆွန်ယင်ယန်... ဒီတစ်ခေါက် ဘာကိစ္စရှိလို့ လာတာလဲ... တမင်လာရောက်လည်ပတ်ဖို့တော့ မဟုတ်ဘူးမလား..."
ဆွန်ယင်ယန်က မတုန်မလှုပ်နှင့် မထီမဲ့မြင်ပြုဟန်ဖြင့် ပြန်ပြောသည်။
"မင်းတို့ရဲ့ အပြင်စည်းအကြီးအကဲချုပ် ချင်ယွမ်လီကရော ဘယ်မှာလဲ... ဘာလို့ ငါ့ကို လာမတွေ့တာလဲ..."
ဒေါသထွက်လွယ်သော အကြီးအကဲတစ်ဦးက ချက်ချင်းအော်ဟစ်လိုက်သည်။
"ဆွန်ယင်ယန်... ပြောစရာရှိရင် မြန်မြန်ပြော... မပြောချင်ရင်လည်း ထွက်သွား... ဒီနေရာက မင်း အာဏာပြဖို့ နေရာမဟုတ်ဘူး..."
ဆွန်ယင်ယန်က ပြုံးလိုက်ပြီး ပြောသည်။
"ငါက အာဏာပြချင်ရင်လည်း ရွှမ်ယွမ်ဂိုဏ်းကို လာစရာမလိုဘူး..."
ထိုစကားကြောင့် ထိုင်ခုံနေရာရှိလူများအားလုံး ဒေါသတကြီး မျက်စောင်းထိုးကြည့်ကြသည်။
ချန်ရွှမ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောသည်။
"အကြီးအကဲချုပ်က အပြင်မှာ ကိစ္စရှိလို့ လတ်တလော ဂိုဏ်းမှာ မရှိဘူး... မင်းမှာ ဘာကိစ္စရှိလဲ... ရှင်းရှင်းပြောလိုက်စမ်းပါ..."
ဆွန်ယင်ယန်က လက်ဖက်ရည်တစ်ငုံသောက်ပြီးမှ ပြောသည်။
"ငါ ဒီတစ်ခေါက်လာတာ တခြားကိစ္စမဟုတ်ဘူး... လူငယ်တွေရဲ့ ကိစ္စလေးတစ်ခုအတွက်ပဲ..."
"လူငယ်တွေရဲ့ ကိစ္စလား..."
ချန်ရွှမ်က အနည်းငယ်အံ့သြသွားသည်။
မည်သည့်ကိစ္စမျိုးက မာနကြီးဝင့်ကြွားသော ဆွန်ယင်ယန်ကို ကိုယ်တိုင်လာရောက်စေခဲ့သည်မသိ။
ထိုအခါ ဆွန်ယင်ယန်ဘေးတွင်ထိုင်နေသော ဆွန်ချွမ်ဝူက ထရပ်လိုက်ပြီး မျက်ဝန်းများထဲတွင် ပြတ်သားသော အကြည့်များဖြင့် ပြောသည်။
"အကြီးအကဲများခင်ဗျာ... ယူယွဲ့ကရော ရှိရဲ့လား... သူ့ကို ထွက်လာပြီး ကျုပ်နဲ့ တစ်ပွဲထိုးပါစေ..."
ဆွန်ချွမ်ဝူသည် ဤတစ်ခေါက် ရွှမ်ယွမ်ဂိုဏ်းသို့ လော့ချန်အတွက် လာခြင်းမဟုတ်ပေ။
လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ အသုံးမကျသည့်သိုင်းဝိညာဉ်နိုးကြားသူတစ်ဦးကို သူ့မျက်စိထဲထည့်ရန်ပင် ထိုက်တန်မှုမရှိပေ။
သူ့နာမည်ကိုပင် မမှတ်ထားဖူးချေ...
သူလာခြင်းသည် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းဆယ်ဦးတပည့်ထဲမှ ဆဌမနေရာရှိ ယူယွဲ့အတွက်ဖြစ်သည်...။
သူတို့နှစ်ဦးသည် လွန်ခဲ့သောသုံးလတုန်းက တာဝန်တစ်ခုကြောင့် တစ်ကြိမ်ထိုးသတ်ခဲ့ကြဖူးသော်လည်း အနိုင်အရှုံးမဖြတ်နိုင်ခဲ့ပေ။
"ယူယွဲ့လား..."
ချန်ရွှမ်က ဘေးရှိ ပဉ္စမအကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်သည်။
ယူယွဲ့သည် ပဉ္စမအကြီးအကဲ၏ တပည့်ရင်းဖြစ်သည်။
ပဉ္စမအကြီးအကဲ မုယွမ်ယောက်မှာ အသက်ငါးဆယ်ခန့်ရှိပြီး ခန္ဓာကိုယ်အနည်းငယ်ဝနေကာ ဆိတ်ဦးချိုနှစ်ဖက်ထားရှိသူဖြစ်သည်။ သူက ဆွန်ချွမ်ဝူကို တစ်ချက်ကြည့်ပြီး ပြောသည်။
"ယူယွဲ့က တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်... အခုလောလောဆယ် အနှောင့်အယှက်ပေးလို့ မဖြစ်ဘူး..."
ဆွန်ချွမ်ဝူသည် ဒီတစ်ခေါက် အင်အားအပြည့်နှင့် လာရောက်ခြင်းဖြစ်သည်။ ပဉ္စမအကြီးအကဲသည် ယူယွဲ့အနိုင်ရဖို့ မသေချာသဖြင့် စိုးရိမ်နေသည်။
ထို့အပြင် ဆွန်ယင်ယန်ကိုယ်တိုင်ရောက်လာခြင်းသည် သာမန်ဖလှယ်ပြိုင်ဆိုင်မှုအတွက်သာ ဖြစ်မည်မဟုတ်ပေ။
ဆွန်ယင်ယန်က ပြုံးလိုက်ပြီး ပြောသည်။
"ငါ့သားက ငါတို့ဂိုဏ်းရဲ့ အပြင်စည်းဆယ်ဦးတပည့်ထဲမှာ ဆဌမနေရာရှိတယ်... ယူယွဲ့ကလည်း ရွှမ်ယွမ်ဂိုဏ်းရဲ့ အပြင်စည်းဆယ်ဦးတပည့်ထဲမှာ ဆဌမနေရာပဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ပြိုင်ဆိုင်လိုက်ရင် နှစ်ဦးစလုံးအတွက် အကျိုးရှိမှာပဲ... မုအကြီးအကဲ... ဘာလို့ ဒီလောက်တွန့်တိုနေရတာလဲ..."
ဆွန်ချွမ်ဝူက မထီမဲ့မြင်ပြုဟန်ဖြင့် ပြောသည်။
"ရှုံးမှာကြောက်နေတာလား... ဒီလောက်ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်နဲ့ကတော့ ရွှမ်ယွမ်ဂိုဏ်းက တဖြည်းဖြည်း ယုတ်လျော့လာတာ မဆန်းပါဘူး..."
"မင်းကွာ မိုက်မဲလွန်းတယ်..."
ပဉ္စမအကြီးအကဲသည် သည်းခံစိတ်ရှိသူဖြစ်သော်လည်း ဆွန်ချွမ်ဝူ၏ စကားကြောင့် မျက်နှာရဲတင်းလာပြီး တဟုန်ထိုး ထရပ်လိုက်သည်။
"ဆရာ... သူ့စိန်ခေါ်မှုကို လက်ခံလိုက်ပါ..."
ထိုအခါတွင် ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
လူငယ်တစ်ဦး၏ ရုပ်သွင်သည် ခန်းမကြီးထဲသို့ ဝင်ရောက်လာသည်။
ထိုလူငယ်သည် အသက်တစ်ဆယ့်ခြောက်ခုနှစ်နှစ်ခန့်ရှိပြီး ကိုယ်လုံးကိုယ်ပေါက် သန်မာထွားကျိုင်းကာ မျက်နှာသည် ဓားဖြင့်ထွင်းထုထားသကဲ့သို့ ပြတ်သားသည်။ လက်နှစ်ဖက်သည် ဒူးထိအောင် ရှည်လျားပြီး လှမ်းလျှောက်လာသည့် ခြေလှမ်းများသည် သိမ်မွေ့သပ်ရပ်သည်။ သူသည် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းဆယ်ဦးတပည့်ထဲမှ ဆဌမနေရာရှိ ယူယွဲ့ပင်ဖြစ်သည်...။
ယူယွဲ့က ဆွန်ချွမ်ဝူကို ကြည့်လိုက်ရင်း မျက်ဝန်းများထဲတွင် ထူးကဲသော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာပြီး အေးစက်စွာ ပြောသည်။
"ဆွန်ချွမ်ဝူ... မင်းငါ့ကို လာမစိန်ခေါ်ရင်တောင် ငါကမင်းကို စိန်ခေါ်မယ်... လွန်ခဲ့တဲ့ သုံးလက တစ်ပွဲထိုးခဲ့တာ အခုဆို အနိုင်အရှုံးဖြတ်ဖို့ အချိန်ရောက်ပြီ... ဒီနေ့ မင်းသေချာပေါက် ရှုံးမှာ..."
ဆွန်ချွမ်ဝူက မထီမဲ့မြင်ပြုဟန်ဖြင့် ပြုံးလိုက်ပြီး ပြောသည်။
"သုံးလတုန်းကဆို မင်းမှာ ငါ့ကိုအနိုင်ယူဖို့ အခွင့်အရေးနည်းနည်းလောက်တော့ ရှိခဲ့သေးတယ်... ဒါပေမဲ့ မင်းအခွင့်အရေးကို မယူခဲ့ဘူးလေ..."
"ဟုန်း..."
စကားပြောနေရင်းမှာပင် ဆွန်ချွမ်ဝူ၏ ခန္ဓာကိုယ်မှ အံ့အားသင့်ဖွယ် ချီစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
အားကြီးမားလှသော ဖိအားတစ်ခုသည် လေးမျက်နှာအနှံ့ပျံ့နှံ့သွားပြီး ခန်းမကြီးထဲတွင် မုန်တိုင်းတစ်ခုကဲ့သို့ လေပြင်းများ တိုက်ခတ်သွားသည်။
"ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်... ဘယ်လောက်အင်အားကြီးလိုက်တဲ့ အရှိန်အဟုန်လဲ..."
ချန်ရွှမ်အပါအဝင် အကြီးအကဲများသည် မျက်ခုံးများအနည်းငယ်တွန့်သွားသည်။
ယူယွဲ့၏ မျက်ဝန်းများလည်း ပို၍တည်ကြည်လာသော်လည်း အကြောက်တရားဟူ၍ မရှိပေ။
"တိုးတက်လာတာ မင်းတစ်ယောက်တည်းတော့ မဟုတ်ဘူး..."
"ဝုန်း..."
ယူယွဲ့က ခြေလှမ်းတစ်လှမ်းရှေ့သို့ တက်လိုက်ရင်း သူ၏ခန္ဓာကိုယ်သည် အနည်းငယ်မြင့်တက်သွားပြီး သန်မာထွားကျိုင်းသော အရှိန်အဟုန်များသည် လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ဆွန်ချွမ်ဝူ၏ ဖိအားကို ခုခံလိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များသည် လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံလိုက်ရင်း အရှိန်အဟုန်များသည် တန်ပြန်တိုက်ကာ ခန်းမကြီးထဲတွင် လေထုလှိုင်းများ ဖြစ်ပေါ်စေသည်။
အခြေအနေသည် ဤသို့ရောက်ရှိလာပြီဖြစ်သဖြင့် ရွေးချယ်စရာမရှိတော့ပေ။
ချန်ရွှမ်က ပြောလိုက်သည်။
"ဖလှယ်ပြိုင်ဆိုင်မှုဖြစ်တယ်ဆိုရင် အဆုံးအဖြတ်ပေးဖို့သာ လုပ်ပါ... သိုင်းပြိုင်ကွင်းကို သွားကြစို့..."
လူအုပ်သည် ချက်ချင်းထွက်ခွာပြီး သိုင်းပြိုင်ကွင်းသို့ ဦးတည်သွားကြသည်။
ဤသတင်းသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ အပြင်စည်းတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။
နှစ်ဦးစလုံးက လျှပ်ယွမ်ဂိုဏ်းနှင့် ရွှမ်ယွမ်ဂိုဏ်းမှ အပြင်စည်းထိပ်တန်းတပည့်ဆယ်ဦးဝင်များ ဖြစ်ကြသည်။
ဤသည်မှာ ဂိုဏ်းနှစ်ခု၏ လူငယ်မျိုးဆက်၏ အထွတ်အထိပ် ထိပ်တိုက်ရင်ဆိုင်မှုပင်...
ဤသို့သော ထိုးသတ်ပွဲမျိုးသည် ပုံမှန်နေ့များတွင် တွေ့ရခဲသည်။
သတင်းကြားသည်နှင့် အပြင်စည်းတပည့်များစွာသည် သိုင်းပြိုင်ကွင်းသို့ အပြေးအလွှားရောက်လာကြပြီး ယန်ချီကပင် အလျင်စလို ရောက်လာသည်။
လူအများ၏ အာရုံစူးစိုက်မှုအောက်တွင် ဆွန်ချွမ်ဝူနှင့် ယူယွဲ့တို့သည် စင်ပေါ်သို့ တက်ရောက်ပြီး မျက်နှာချင်းဆိုင် ရပ်တည်ကြသည်။
"ဓားကို ဆွဲထုတ်လိုက်စမ်း..."
ယူယွဲ့က ဆွန်ချွမ်ဝူကို စူးစိုက်ကြည့်ရင်း မျက်ဝန်းများထဲတွင် စွမ်းအင်အလင်းတန်းများ ပြင်းထန်လှသည်။ တိုက်လိုစိတ်များသည် မိုးကောင်းကင်ထိ တဟုန်ထိုးတက်သွားသည်။
ဆွန်ချွမ်ဝူက ယူယွဲ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ငါဓားဆွဲလိုက်ရင် မင်းမှာ ထိုးထွက်ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး... ဒါဆို ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ..."
ထိုစကားကြားသည်နှင့် ယူယွဲ့၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး မထီမဲ့မြင်ပြုဟန်ဖြင့် အေးစက်စွာ ရယ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ... သုံးလပဲကွာသွားတာ... မင်းက ပိုပြီး ဝင့်ကြွားလာတာပဲ... မင်းဓားမဆွဲဘူးဆိုရင်တော့ ငါကမင်းကို သေချာပေါက် ဆွဲထုတ်ခိုင်းမှာ..."
"ဟုန်း..."
စကားသံထွက်ပေါ်လာသည်နှင့်အမျှ ယူယွဲ့၏ နောက်ကျောမှ အနီရောင်မီးလျှံများသည် မိုးကောင်းကင်ထိ တဟုန်ထိုးထွက်ပေါ်လာသည်။ ၎င်းသည် မီးလျှံများဖြင့် ဖုံးလွှမ်းနေသော မီးလျှံသွေးဝံပုလွေတစ်ကောင်ဖြစ်ပြီး ကြယ်ခုနှစ်ပွင့်သည် တောက်ပထွန်းလင်းနေသည်။
"ငါ့လက်သီးတစ်ချက်ကို ခံလိုက်စမ်း... ထူးခြားတဲ့မီးလျှံဘုန်းတန်ခိုးလက်သီးစွမ်းရည်..."
ဒေါသအမျက်ထွက်နေရင်း ယူယွဲ့သည် သူ၏ တိုက်ခိုက်စွမ်းအားကို အထွတ်အထိပ်သို့ ရုတ်တရက်မြှင့်တင်လိုက်ပြီး ထိုးထွက်လိုက်သည့်အချက်သည် အဆုံးအဖြတ်ပေးနိုင်သော အပြင်းအထန်ရိုက်ချက်ဖြစ်သည်။
"ဘုန်း..."
စင်ပေါ်ရှိ လေထုသည် မီးလျှံအက်ကွဲရာတစ်ခုအဖြစ် ဖြတ်ထိုးခံလိုက်ရပြီး ထိုအက်ကွဲရာသည် တစ်မီတာအကျယ်ရှိကာ ဆွန်ချွမ်ဝူဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စင်ကိုပြုလုပ်ထားသော အပြာရောင်ကျောက်သားများပင် မီးလျှံဖြင့် လောင်ကျွမ်းကာ အက်ကွဲသွားသည်။
ဆွန်ချွမ်ဝူ၏ မျက်ဝန်းများသည် အနည်းငယ်မှေးကျဉ်းသွားသော်လည်း ဓားကို မဆွဲထုတ်ဘဲ ညာလက်ပေါ်တွင် အပြာရောင်စွမ်းအင်တစ်ခုဖုံးလွှမ်းလာပြီး အနီးတစ်ဝိုက်ရှိ အပူချိန်သည် ရုတ်တရက်ကျဆင်းသွားသည်။ ထို့နောက် လက်ဖဝါးတစ်ချက်ရိုက်ချလိုက်သည်။
"ဘုန်း..."
စွမ်းအင်နှစ်ခုထိတွေ့လိုက်သည်နှင့် စင်တစ်ခုလုံးသည် ရေခဲမီးနှစ်ရောင်ဖြင့် ဖုံးလွှမ်းထားသော ဖောက်ထွင်းမြင်နိုင်သည့် စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက်...
"ဘုန်း..."
ဖောက်ထွင်းမြင်နိုင်သော စက်လုံးသည် ပေါက်ကွဲသွားပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် မြေပြင်ကို အပေါက်ပေါင်းများစွာ ဖြစ်ပေါ်စေသည်...။
"ဒုန်း... ဒုန်း... ဒုန်း..."
ဆွန်ချွမ်ဝူသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီးမှ ကိုယ်လုံးကို ထိန်းထားနိုင်သည်။
"ဟေး..."
ယူယွဲ့သည် သာလွန်အနိုင်ရထားသည်ကို မြင်လိုက်ရသဖြင့် ရွှမ်ယွမ်ဂိုဏ်းတပည့်များစွာက အားကျလျှက် အော်ဟစ်အားပေးကြသည်။
ယူယွဲ့၏ ဝတ်ရုံသည် လေထဲတွင် လွင့်ပျံလှုပ်ရှားနေပြီး ဆွန်ချွမ်ဝူကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ပြောသည်။
"ဒီသုံးလအတွင်း မင်းလည်း ဘာမှတိုးတက်မလာဘူးပဲ... ဒီတစ်ပွဲမှာ မင်းသေချာပေါက် ရှုံးမှာ..."
"ဟုတ်လား..."
ဆွန်ချွမ်ဝူက မထီမဲ့မြင်ပြုဟန်ဖြင့် ပြုံးလိုက်ပြီး အသက်ကို နက်နက်ရှိုက်သွင်းလိုက်သည်။ ညာလက်ကို ဓားလက်ကိုင်ပေါ်တင်လိုက်သည်။
"ဝုန်း..."
ဓားကို အိမ်ထဲမှ မဆွဲထုတ်သေးသည့်တိုင် ပြတ်သားထက်မြတ်သော အရှိန်အဟုန်တစ်ခုသည် ပျံ့နှံ့ထွက်ပေါ်လာပြီး နေရာထိုင်ခုံရှိ အပြင်စည်းတပည့်များစွာသည် မထိန်းနိုင်ဘဲ တစ်ချက်ချမ်းစိမ့်သွားကြသည်...။